← Chapters

မိတ်ဆွေဟောင်းကြီး

Vol. 36 Ch. 499

မိတ်ဆွေဟောင်းကြီး

Vol. 36 Ch. 499

ခရမ်းမိုးသည် သည်းထန်စွာ ရွာသွန်းလျက်ရှိပေ၏။

နှစ်ဝက်ကြာသော် အနောက်ပိုင်းသဲကန္တာရမြောက်ပိုင်းရှိ ကန်အားလုံးမှာ အတူတကွ ပေါင်းဆုံ၍ ခရမ်းရောင်ပင်လယ်ကြီးတစ်စင်း ဖြစ်လာခဲ့လေပြီ။ ပင်လယ်ကြီးသည် သက်ရှိသတ္တဝါမှန်သမျှကို သုတ်သင်ရှင်းလင်းပြီး စိတ်ဝိညာဉ်စွမ်းအင်အလုံးစုံကိုလည်း ဖြတ်တောက်ထား၏။

မြောက်ပိုင်းမှာ.... ယခုတွင် ကမ္ဘာသစ်မိစ္ဆာတစ်ကောင်တစ်‌မြီးမှ မရှိတော့ပေ။ မည်သည့်အရာမှ အသက်မရှိတော့ခြင်းဖြစ်သည်။ မပြောင်းရွှေ့ဘဲ နေရစ်ခဲ့သော မျိုးနွယ်စုတိုင်းမှာလည်း ပင်လယ်၏အောက်ခြေ‌တွင် မြှုပ်နှံခံထားရလေပြီ။

ခရမ်းရောင်ပင်လယ်ကြီးက အနောက်ပိုင်းသဲကန္တာရမြောက်ပိုင်းတစ်ခုလုံးကို ဖုံးလွှမ်းနေပြီး ရေမျက်နှာပြင်အောက်တွင် တောင်ထိပ်များကို မြင်သည်ဆိုရုံကလေး မြင်ရ၏။

ယခုတွင် မြောက်ပိုင်းသည် ပင်လယ်တစ်စင်းဖြစ်လာခဲ့၍ အနောက်ပိုင်းသဲကန္တာရပျက်သုဉ်းခြင်းကပ်ဘေးသည် ၎င်း၏ စစ်မှန်သော ကြောက်မက်ဖွယ်ရာအသွင်ကြီးအား ထုတ်ဖော်ပြသနေလေတော့သည်။ ကြီးမားသောလှိုင်းလုံးများက တဝုန်းဝုန်း အုံကြွသောင်းကျန်းရင်း အလယ်ပိုင်းနှင့် မြောက်ပိုင်းကို ပိုင်းခြားထားသော တောင်တန်းများအား ရိုက်ခတ်ဖျက်စီးနေ၏။ တောင်များပြိုကျသွားသောအခါ ခရမ်းရောင်ပင်လယ်ကြီးသည် အရှေ့၊ ‌အနောက်နှင့် အလယ်ပိုင်းဒေသများသို့ ကျူးကျော်ဝင်ရောက်လာတော့သည်။

ခရမ်းရောင်ပင်လယ်ကြီး ကျူးကျော်လာသဖြင့် အရှေ့၊ အနောက်နှင့် အလယ်ပိုင်းဒေသများရှိ ကန်များ စုပေါင်းလာ‌သည်။ ပင်လယ်ရေများသည် တစတစ များပြားလာပြီး ကြောက်စရာအမြန်နှုန်းကြီးဖြင့် မြင့်တက်လာနေ၏။

ပင်လယ်ကြီး၏ အနေအထားနှင့် ကျူးကျော်လာမှုမှာ ပြောင်းရွှေ့နေသော မျိုးနွယ်စုများအား ကျောကော့အောင် တရွှမ်းရွှမ်း ချနေသော ကြာပွတ်ကြီးအလားပင်။ သူတို့မှာ မြန်မြန်သွားနေရပြီး လုယက်မှုများလည်း ပိုမိုသောင်းကျန်းလာသည်။

သေဆုံးမှုနှင့်ဒဏ်ရာရမှုကား ... ရေတွက်၍ပင်မနိုင်ပေ။

‌စိတ်ဝိညာဉ်စွမ်းအင်ဖြတ်တောက်ခံရခြင်းမှာ အလယ်ပိုင်းသို့ ကူးစက်လာပြီး အရှေ့ပိုင်းနှင့်အနောက်ပိုင်းအတွင်းသို့ ဝင်ရောက်သွားလေသည်။ တောင်ပိုင်းမှတစ်ပါး ကျန်နေရာတိုင်းတွင် စိတ်ဝိညာဉ်စွမ်းအင်များ ရှားပါးသထက်ရှားပါးလာလေပြီ။

စိတ်ဝိညာဉ်စွမ်းအင်ပြတ်လပ်မှုကြောင့် ကျင့်ကြံသူများမှာ ကျင့်ကြံအဆင့်ကျဆင်းကာ သေမင်း၏ခံတွင်းသို့ သက်ဆင်းကြရလေသည်။ ထိုထိုသောသေဆုံးမှုများက မျိုးနွယ်စုများ၏ ကိုးကွယ်ရာ အရုပ်ဘိုးဘေးကြီးများအား အားနည်းလာစေ၏။

ကိုးကွယ်ရာဘိုးဘေးကြီးများ၏ အားနည်းမှုက တစ်ဖန် မျိုးနွယ်ဝင်များကို အားနည်းစေပြန်သည်။ သို့နှင့် သေဆုံးသွားလိုက်ကြ၊ အားနည်းသွားလိုက်ကြနှင့် ရုန်းထွက်မရအောင် သံသရာလည်နေကြတော့၏။

နှစ်ဝက်ကာလအတွင်း ကျီးနတ်မင်းမျိုးနွယ်စုသည် သင်္ဘောပျံကြီးကို စီးလျက် အနောက်ပိုင်းသဲကန္တာရအလယ်ပိုင်းကို ကျော်ဖြတ်သွားနေကြသည်။ သူတို့သည် အင်အားတောင့်တင်းသောမျိုးနွယ်စုများဖြင့် တိုက်ပွဲများအား အလီလီ ဆင်နွှဲခဲ့ရ၏။

ရှုံးနိမ့်မှုတိုင်းက မျိုးနွယ်စုတစ်စုလုံး၏ပျက်စီးခြင်းကို ကိုယ်စားပြုသည်။ သို့သော် တိုက်ပွဲများကား ရှောင်လွှဲမရသည်သာ။

အကြောင်းမူ ကျီးနတ်မင်းမျိုးနွယ်စုတွင် အခြားမျိုးနွယ်စုများ မရှိမဖြစ် လိုအပ်နေသော ယာဉ်ပျံတစ်စင်းရှိသည့်အပြင် မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင်ကိုလည်း ပိုင်ဆိုင်ထားသေး၏။ မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျန်မျိုးနွယ်စုများမှာ လော‌ဘဇောကပ်ကုန်ကြသည်။ မန်ဟိုပင်လျှင် ဤအခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်နေရလေသည်။

နှစ်ဝက်အတောအတွင်း မန်ဟို့၏ကမ္ဘာသစ်မိစ္ဆာအုပ်သည် လမ်းတစ်လျှောက်လုံး အင်အားဖြည့်တင်းလာခဲ့သည့်တိုင် ခုနစ်သောင်းအထိ လျော့ကျသွားခဲ့သည်။ သို့သော် ဤခုနစ်သောင်းသော ကမ္ဘာသစ်မိစ္ဆာများသည် မယုံနိုင်လောက်အောင် အစွမ်းထက်လေ၏။

မျိုးနွယ်ဝင်များမှာမူ ရှစ်ထောင်ရှိသည်။ သို့သော် ထိုမျိုးနွယ်ဝင်ရှစ်ထောင်သည် ခက်ခဲကြမ်းတမ်းသောတိုက်ပွဲများ၏ ဝါရင့်လက်ရွေးစင် စစ်သည်တော်များပင်။

နှစ်ဝက်အတောအတွင်း မန်ဟို ဒဏ်ရာပြင်းပြင်းထန်ထန် နှစ်ကြိမ်ရခဲ့သည်။ သို့သော် ဖြေးဖြေးမှန်မှန် အားထုတ်ခြင်းဖြင့် သူသည် သူ၏အရုပ်စွမ်းအားကို ပို၍သန့်စင်အောင် လုပ်နိုင်သွား၏။ ထိုမျှသာမက သူ၏မိစ္ဆာချီထိန်းချုပ်နိုင်စွမ်းမှာလည်း နောက်တစ်ဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

ထိုသို့သော သေရေးရှင်ရေးအခြေအနေများတွင်သာ အတိုက်အခိုက်စွမ်းရည်ကို မြှင့်တင်နိုင်သည်မဟုတ်ပါလော။ ထို့အပြင် ဤကာလအတောအတွင်း မန်ဟိုသည် ခရမ်းမိုးနှင့်ပတ်သက်သော ဉာဏ်အလင်းအား ဆက်လက်ရှာ‌ဖွေနေခဲ့၏။ တိုးတက်မှုက နှေးသော်လည်း ရလဒ်များက တဖြေးဖြေး ပိုမိုကောင်းမွန်လာသည်။

ခရမ်းမိုးက ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအင်ကို ဖြတ်တောက်ထားသည့်အတွက် မန်ဟို့၏တစ်ပန်းသာမှုမှာ ပို၍သိသာထင်ရှားလာသည်။ သူ့မှာ မိုးကောင်းကင်မှ တားမြစ်ထားသော စဦးချီဖွဲ့စည်းမှုအဆင့်များသို့ ရောက်ရှိခဲ့ကတည်းက စိတ်ဝိညာဉ်စွမ်းအင်ကို မစုပ်ယူနိုင်ခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် သူ့အတွက် အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်ခြင်းဖြစ်ပေသည်။

မန်ဟိုသည် လောလောဆယ်တွင် သ‌င်္ဘောပျံကြီး၏ ဦးထိပ်တွင် ရပ်နေ၏။ သူ့မျက်နှာမှာ ‌ဖြူဖပ်ဖြူလျော်နေပြီး ခန္ဓာကိုယ်မှာလည်း အတော်လေး ပိန်ချုံးနေသည်။ တိုက်ခိုက်‌သတ်ဖြတ်ခဲ့ရသော နှစ်များက သူ့ကို အမှန်တကယ် ပြောင်းလဲစေခဲ့လေပြီ။ သူသည် အဝေးကို ငေးကြည့်နေရင်း သက်ပြင်းချလိုက်၏။ "အနောက်ပိုင်းသဲကန္တာရမှာ စိတ်ဝိညာဉ်စွမ်းအင်တစ်စက်မှ မကျန်တော့တဲ့နေ့က ငါ အမှန်တကယ် အမြင့်ရောက်သွားမယ့်နေ့ပဲ"

နှစ်ဝက်အတွင်း မှတ်ကျောက်တင်ထိုက်သော ဖြစ်ရပ်ကြီးသုံးခု ဖြစ်ပွားခဲ့သည်။ အနောက်ပိုင်းသဲကန္တာရတွင် မိစ္ဆာစိတ်ဝိညာဉ်သုံးကောင်ပေါ်လာခြင်းဖြစ်သည်။ ၎င်းက မျိုးနွယ်စုများကို ချက်ချင်း ဆွဲဆောင်ကာ တိုက်ခိုက်လုယက်မှုများ ဆူပူအုံကြွသွားစေသည်။

မိစ္ဆာစိတ်ဝိညာဉ်‌တစ်ကောင်ပေါ်လာလျှင် ဘာဖြစ်မည်လဲ မန်ဟို ကောင်းကောင်းသိသည်။ ယင်းကြောင့်သာ တိုက်ပွဲခရီးလမ်းတစ်လျှောက်တွင် သူ ဒဏ်ရာအကြီးအကျယ်ရခဲ့ခြင်းပင်။

သို့သော် ဤမိစ္ဆာစိတ်ဝိညာဉ်ပေါ်လာခြင်းက မန်ဟိုနှင့် ကျီးနတ်မင်းမျိုးနွယ်စုဝင်များအပေါ် နှိပ်စက်နေသော ဖိအားတချို့ ပေါ့သွားစေလေသည်။ သူတို့မှာ ဘက်ပေါင်းစုံမှ အတိုက်ခိုက်မခံရတော့သဖြင့် အင်အားတောင့်သထက် တောင့်လာကြ၏။

လဝက်ခန့်ကြာ‌သော် ဓားသဖွယ် ယာဉ်ပျံသုံးစင်း လေကို ခွင်းလာကြသည်။

၎င်းတို့သည် နက်‌ပြောင်နေပြီး လှုပ်ရှားသက်ဝင်နေသော အေးစက်စက်အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ ဤဓားပျံတစ်စင်းစီသည် မီတာထောင်ပေါင်းများစွာ ရှည်လျားပြီး တင်ပျဉ်ခွေထိုင်နေကြသော အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူများဖြင့် ပြည့်နှက်နေ၏။

သူတို့၏မျက်နှာထားများမှာ တည်နေပြီး မျက်လုံးပိတ်လျက် တရားထိုင်နေကြလေသည်။ ရံဖန်ရံခါ တချို့က မျက်လုံးများ ဖွင့်တတ်ပြီး စူးရှထက်မြက်သောအလင်းရောင်ကို မြင်ရမည်ဖြစ်သည်။

အံဩဖွယ်ကောင်းစွာနှင့် ဤကျင့်ကြံသူများ၏ အရုပ်ဆေးမင်ကြောင်အားလုံးမှာ ဓားများပင်။

လွန်စွာကြီးမားပေသော အနက်ရောင်ဓားပျံကြီးများနှင့် လက်နက်အရုပ်ဆေးမင်ကြောင်များမှာ အနောက်ပိုင်းသဲကန္တာရတွင် မြင်ရလေ့မရှိပေ။ အမှန်အားဖြင့် အနောက်ပိုင်းသဲကန္တာရ၏ နယ်‌မြေတစ်ခွင်လုံးတွင်မှ ဓားနက်အရုပ်ပိုင်ဆိုင်သော မျိုးနွယ်စုတစ်စုတည်းသာ ရှိလေ၏.... ဤမျိုးနွယ်စုသည် တိမ်ကောင်းကင်မျိုးနွယ်စုဖြစ်ချေသည်။

သူတို့တွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးတစ်ဦးရှိပြီး အနောက်ပိုင်းသဲကန္တာရ၏အလယ်ပိုင်းတွင် အင်အားအကြီးဆုံးမျိုးနွယ်စုဖြစ်သည်။ အဆိပ်ငါးသွယ်မျိုးနွယ်စုသည် ဤမျိုးနွယ်စု၏ အရန်အဖွဲ့ခွဲဖြစ်ခွင့်ရခဲ့သော်လည်း သံတမန်ပင် ရောက်မလာမီ သူတို့မှာ ကျီးနတ်မင်းမျိုးနွယ်စုငါးစု၏ အမြစ်ဖြုတ်ဖယ်ရှားခြင်းခံခဲ့ရလေသည်။

အနက်ရောင်ဓားပျံကြီးသုံးလက်အနက် တစ်လက်က ရှေ့ဆုံးမှ ပျံသန်းနေ၏။ ဓားထိပ်ဖျားတွင် တင်ပျဉ်ခွေထိုင်နေသူမှာ အဘိုးကြီးတစ်ဦးဖြစ်သည်။ မျိုးနွယ်ဝင်များနည်းတူ မဟုတ်ဘဲ သူက ဝတ်ဖြူစင်ကြယ်ကို ဝတ်ဆင်ထား၏။ သူ့တွင် တန်ခိုးရှင်တစ်ဦး၏ဟိတ်ဟန်ရှိပြီး မာနကြီးသောအမူအရာက သူ့မျက်နှာကို ဖုံးလွှမ်းနေချေသည်။ သူ့၏ဘေးတစ်ဖက်တစ်ချက်စီတွင် အရိပ်အကဲကြည့်ရင်း မျက်နှာလိုမျက်နှာရပြုံးနေသော သတ်လတ်ပိုင်းလူနှစ်ယောက် ရှိသည်။

"ဘယ်လောက်ကြာဦးမလဲ" တန်ခိုးရှင်အဘိုးအိုက အေးစက်စက် မေးသည်။ သူ၏မျက်နှာအမူအရာနှင့် စိတ်နေသဘောထားနှစ်မျိုးလုံးမှာ မောက်မာဝင့်ကြွားမှုကို ဆောင်ကြဉ်းနေ၏။ မင်းမျိုးနွယ်တစ်ဦးကဲ့သို့ ရာထူးအဆင့်အတန်းတစ်ခု ပိုင်ဆိုင်ထားခဲ့သော နှစ်ပေါင်းများစွာက သူ၏ပင်ကိုယ်စရိုက်အပေါ် အရောင်ဆိုးခဲ့သည့်ပုံပင်။

အထူးသဖြင့် သူ၏ တန်ခိုးရှင်ဆန်သော အရှိန်အဝါ။ တိမ်ကောင်းကင်မျိုးနွယ်ဝင်တိုင်း ရိုသေလေးစားစွာဖြင့် သူ့ကို ကြည့်လိုက်ကြသည်။

သူ့ဘေးတွင် ထိုင်နေသော သတ်လတ်ပိုင်းလူတစ်ယောက်က ပြန်ဖြေသည်။ "မဟာအကြီးအကဲကျိုး၊ ဝမ်းမြောက်ဝမ်းသာနဲ့ လျှောက်လှဲပါရစေ။ ကျုပ်တို့ အဲ့ဒီရွံစရာကောင်းတဲ့ ကျီးနတ်မင်းမျိုးနွယ်စုဆီ ငါးရက်အတွင်း ရောက်လောက်ပါတယ်။ မဟာအကြီးအကဲကျိုး၊ တိုက်ပွဲဝင်အဖွဲ့ရဲ့ စစ်ဗျူဟာနည်းနာပိုင်း ညွှန်ကြားပေးဖို့ အကြီးအကဲကိုလွှတ်လိုက်တာ ပင်မမျိုးနွယ်စုအနေနဲ့ ဂုဏ်ယူစရာပါပဲခင်ဗျာ"

တိမ်ကောင်းကင်မျိုးနွယ်စုသည် အကြီးစားမျိုးနွယ်စုကြီးတစ်စုဖြစ်ပြီး အရန်မျိုးနွယ်စု (၁၃)စုကို စီမံကွပ်ကဲလေသည်။ ဤအနက်ရောင်ဓားပျံများအပေါ်က ကျင့်ကြံသူများမှာ တိုက်ပွဲဝင်မျိုးနွယ်စုတစ်စုမှ ဖြစ်၏။ တန်ခိုးရှင်ပုံစံနှင့် အဘိုးကြီးကတော့ မန်ဟိုသာ ဤနေရာတွင်ရှိလျှင် သူ့‌မျက်နှာအပေါ်၌ ထူးဆန်းသောအမူအရာကြီး ပေါ်လာမှာ အသေအချာပင်။ ဤလူကား ကျိုးဒယ်ခွန်ဖြစ်သည်ဟု သူ ဒက်ခနဲ မှတ်မိသွား‌ပေမည်။

ကျိုးဒယ်ခွန် ၊ ဇီယွင်ဂိုဏ်း အရှေ့ဆေးဝါးအဖွဲ့၏ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်။ ကျိုးဒယ်ခွန်၏ဘဝကား...အတော်လေး ထူးခြားသည်။ သူသည် ဟိုနေရာရောက်လိုက်၊ သည်နေရာ‌ရောက်လိုက်နှင့် တခြားဆေးပေါင်းဖိုဘုရင်များဆိုပါက ခေါင်းမွှေးထောင်သွားလိမ့်မည့် အရာများကို ကြုံ‌တွေ့ခဲ့ရလေသည်။

သူ့မှာ အဖမ်းခံရပြီး အနက်ရောင်နယ်မြေသို့ ခေါ်ဆောင်သွားခံရကာ ‌နောက်ဆုံးတွင် အေးခဲနှင်းမျိုးနွယ်စု၏ ဂုဏ်‌ထူးဆောင်ဧည့်သည်တစ်ယောက်ဖြစ်လာခဲ့၏။ ကိုယ်လုပ်တော်မောင်းမမိဿံ တစ်ပွေ့တစ်ပိုက်ကြီးဖြင့် ‌သန့်စင်နှင်းမြို့တော်၏ ဆေးဝါးတာအိုမဟာအကြီးအကဲရာထူးကို ပိုင်ဆိုင်ခဲ့သည်။ သူ၏ဂုဏ်သတင်းသည် အနက်ရောင်နယ်‌မြေတစ်ခွင်၌ နှစ်ယောက်မရှိသော ဆေးဝါးပညာရှင်အဖြစ် ကျော်ကြားသည်အထိ ကြီးထွားလာခဲ့ချေသည်။

ထို့နောက်တွင်တော့... ထပ်အဖမ်းခံခဲ့ရပြန်သည်။ သူ့မှာ အနောက်ပိုင်းသဲကန္တာရတွင် ဘောလုံးလေးလို ဟိုလှိမ့်သည်လှိမ့်ဖြစ်ခဲ့ရ၏။ သည်နှစ်များအတွင်း သူ မည်သည်တို့ကြုံတွေ့ခဲ့ရသည်လဲ ဘယ်သူမှ မသိနိုင်ပေ။ သို့သော် ယခုအခိုက်အတန့်တွင် သူကား တိမ်ကောင်းကင်မျိုးနွယ်စုကြီး၏ အဖွဲ့ဝင်တစ်ဦးဖြစ်နေခဲ့လေပြီ။ အလွန်တရာမြင့်မားသော အဆင့်အတန်းတစ်ခုကို သိမ်းပိုက်ထားသည်မှာလည်း သိသာ၏။

ကျယ်ပြောလှသော ဤကမ္ဘာတွင် မည်သည့်နေရာသို့သွားသွား၊ ဆေးဖော်စပ်နိုင်သောအစွမ်းအစက သင့်ကို ထူးခြားအံ့ဖွယ်ရာများ ကြုံတွေ့စေနိုင်၏....

ကျိုးဒယ်ခွန် ခေါင်းညိတ်လိုက်စဉ် မောက်မာထောင်လွှားနေသောအမူအရာက သူ့မျက်နှာကို ဖုံးလွှမ်းသွားသည်။ တကယ်တော့ ဤခရီးကို ဦးဆောင်ရန် သူကိုယ်တိုင် တောင်းဆိုခဲ့ခြင်းဖြစ်လေသည်။ ပြီးခဲ့သောနှစ်များအတွင်း မျိုးနွယ်စုတွင် နေရထိုင်ရသည်မှာ အတော်လေး ငြီးငွေ့စရာကောင်းခဲ့၏။ သူ့မှာ အပြင်ထွက်ပြီး အညောင်းပြေအညာပြေ ခြေဆန့်ချင်ခဲ့လေသည်။ ကံကောင်းချင်တော့ တိမ်ကောင်းကင်မျိုးနွယ်စုက ကျီးနတ်မင်းမျိုးနွယ်စုကို အမြစ်ဖြုတ်ရန် တိုက်ပွဲဝင်မျိုးနွယ်စုအား စစ်ဆင်ရေးတစ်ခု ပေးအပ်ခဲ့၏။ ထိုသို့ပြုလုပ်ရသည့် ‌အကြောင်းရင်းတစ်ခုမှာ တိမ်ကောင်းကင်မျိုးနွယ်စုသည် အဆိပ်ငါးသွယ်မျိုးနွယ်စုနှင့် သဘောတူညီချက်တစ်ခု လုပ်ခဲ့သော်လည်း လမ်းတွင် ကျီးနတ်မင်းမျိုးနွယ်စု၏ သုတ်သင်ခြင်းခံလိုက်သောကြောင့်ပင်။ စစ်မက်ရေးရာအရ အခြားသူများအား ကြီးစိုးနိုင်သည့် အာဏာကို ထိန်းသိမ်းရန်အလို့ငှာ သူတို့အနေဖြင့် ကျီးနတ်မင်းမျိုးနွယ်စုကို အရှင်းဖယ်ရှားပစ်ရပေမည်။ နောက်တစ်ချက်က မိစ္ဆာစိတ်ဝိညာဉ်နှင့် ပတ်သက်သည်။

ထို့ကြောင့် ကျိုးဒယ်ခွန်က တာဝန်ကို လက်ခံလိုက်သည်။ သူသည် ပင်မမျိုးနွယ်စု၏ ကိုယ်စားပြုအနေဖြင့် စစ်‌ဗျူဟာနည်းနာပိုင်းကို ကွပ်ကဲပေမည်။ သို့ဖြစ်၍ သူ ဤနေရာသို့ ရောက်လာခဲ့ခြင်းပင်။ သူ၏ ရာထူးအဆင့်အတန်းနှင့် တိမ်ကောင်းကင်မျိုးနွယ်စု၏ဩဇာအာဏာကြောင့် သူသည် လက်ရှိပျက်သုဉ်းခြင်းကပ်ဘေးထဲဝယ် အတော်‌လေး ဘေးအန္တရာယ်ကင်းလေသည်။

သူက ထိုအချက်ကို ကောင်းကောင်းသိသလို၊ သူ့ဘေးတစ်ဖက်တစ်ချက်စီတွင် ထိုင်နေသော တိုက်ပွဲဝင်မျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာကြီးလည်း ထိုနည်းတူပင်။ သူတို့အတွက် ဤနေရာသို့ လာရောက်ရသည့် စစ်ဆင်ရေးမှာ ဒုတိယသာဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ မျိုးနွယ်စု၌ မြင့်မားသောရာထူးရှိသည့် ကျိုးဒယ်ခွန်းအား မျက်နှာလုပ်ရန် ဖြစ်၏။

မိစ္ဆာစိတ်ဝိညာဉ်များအတွက်မူ မန်ဟိုသိသည်မှာ ပြီးခဲ့သည့်နှစ်ဝက်အတွင်း သုံးကောင်ပေါ်လာခဲ့သည်ဟုသာ ဖြစ်၏။ သို့သော် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများရှိသည့် မျိုးနွယ်စုများ၌ ပို၍တိကျသော သတင်းများ ရှိလေသည်။ သူတို့သည် ပြီးခဲ့သည့်နှစ်ဝက်အတွင်း သုံးကောင်တင်မဟုတ်ဘဲ ငါးကောင်ပေါ်လာခဲ့ကြောင်း သိကြ၏။

အနက်ရောင်နယ်မြေရှိ ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့သည် မိစ္ဆာစိတ်ဝိညာဉ်ငါးကောင်နှင့်ပတ်သက်ပြီး ဘာမှမလုပ်ပေ။ ထိုအစား မျိုးနွယ်စုများမှာ ၎င်းတို့အား တိုက်ခိုက်လုယက်‌နေကြရ၏။ နောက်ဆုံးတွင် ၎င်းတို့သုံးကောင်ကို စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများနှင့်မျိုးနွယ်စုများက ရရှိသွားပြီးနောက် ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့ဖြင့် စေ့စပ်ဆွေးနွေးကာ အပေးအယူလုပ်ခဲ့ကြလေသည်။

တိမ်ကောင်းကင်မျိုးနွယ်စုသည် မိစ္ဆာစိတ်ဝိညာဉ်ရရှိသွားသော မျိုးနွယ်စုများထဲက တစ်စုဖြစ်၏။ အခြားနှစ်ကောင်ကို စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်‌ ခေါင်းဆောင်ကြီးများမရှိသော မျိုးနွယ်စုကြီးနှစ်စုမှ ရရှိသွားခဲ့သည်။ ကျန်မျိုးနွယ်စုများမှာ ၎င်းတို့နှင့်ပတ်သက်ပြီး စုံစမ်းရန် သူလျှိုများလွှတ်ကြသော်လည်း သူတို့မှာ အကြီးစားမျိုးနွယ်စုကြီးများ ဖြစ်သည့်အတွက် ဘာမှမလုပ်ရဲကြပေ။

စိတ်ဝိညာဉ်ခွဲထွက်ခြင်း‌အဆင့်ခေါင်းဆောင်ကြီးများရှိသည့် မျိုးနွယ်စုများအတွက် မိစ္ဆာစိတ်ဝိညာဉ်မှာ သိပ်အရေးမပါချေ။ သူတို့အနေဖြင့် ရှိရှိမရှိရှိ အနက်ရောင်နယ်မြေသို့ အကြွင်းမဲ့ဝင်ရောက်နိုင်သည်။ ထို့ကြောင့် တစ်ကောင်လေးရဖို့အတွက် အချိန်ကုန်လူပင်ပန်းမခံကြတော့ပေ။

နောက်ဆုံးတွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်‌ခေါင်းဆောင်ကြီးများမရှိသော မျိုးနွယ်စုကြီးနှစ်စုမှာ သူတို့ရရှိထားသော မိစ္ဆာစိတ်ဝိညာဉ်များကို ဆုပ်ကိုင်ပြီး အနက်ရောင်နယ်မြေသို့ ဝင်ခွင့်ရသွားကြလေ၏။

"မဟာအကြီးအကဲကျိုး" သူ့ဘေးတွင် ထိုင်နေသော သက်လတ်ပိုင်းလူက အရိပ်အကဲကြည့်ရင်း ပြောသည်။ "ဒီခရီးမှာ အကြီးအကဲလိုအပ်တာရှိရင် ပြောနော် အားမနာနဲ့။ ကျုပ်တို့ ခင်ဗျားလိုချင်တာမှန်သမျှ ဖြည့်‌ဆည်းပေးမယ်"

"ဟုတ်တယ် မဟာအကြီးအကဲကျိုး။ ပျက်သုဉ်းခြင်းကပ်ဘေးကြားမှာ တိုက်ပွဲတွေက ကသောင်းကနင်းဖြစ်နေတာ။ မျိုးနွယ်စုတွေအများကြီး ပြောင်းရွှေ့နေကြတာဆိုတော့ ရတနာတွေလည်း ပေါသောနေတာပဲ။ ကြိုက်တာတစ်ခုခုရှိရင် ပြောနော် ကျုပ်တို့ ယူပေးမယ်"

ကျိုးဒယ်ခွန်က နှစ်ထောင်းအားရစွာဖြင့် တဟားဟား ရယ်လိုက်သည်။ သူ့မှာ သူ့ဘဝခရီးနှင့် ၎င်းမည်မျှ ထူးခြားဆန်းပြားခဲ့ပုံကို တွေးရင်း ခံစားချက်အပြည့်ဖြင့် သက်ပြင်းခဏခဏ ချနေခဲ့မိလေသည်။

"ကျုပ် တကယ်လိုအပ်တာရှိရင် အားမနာတမ်းပြောပါ့မယ်။ သိပ်ကောင်းတယ်။ ကဲ အခုမြန်မြန် ဆက်သွားကြတာပေါ့။ ကျီးနတ်မင်းမျိုးနွယ်ရဲ့ မိစ္ဆာစိတ်ဝိညာဉ်ကို ကျုပ် တကယ် စိတ်ဝင်စားမိတယ်" ထိုသို့ပြောပြီး ကျိုးဒယ်ခွန်က မျက်လုံးများပိတ်သွား၏။

သူ့ဘေးရှိ လူနှစ်ယောက်က ဘာမှ ထပ်မပြောတော့ပေ။ ဓားနက်သုံးလက်ကား မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ပျံသန်းနေရင်း မန်ဟိုနှင့် ကျီးနတ်မင်းမျိုးနွယ်စုဖြင့် နီးသထက်နီးလာတော့သည်။

အချိန်များ ကုန်ဆုံးသွားပြီး မကြာခင် ငါးရက်ကြာခဲ့ပြီဖြစ်သည်။ ယနေ့တွင်လည်း ခရမ်းမိုးမှာ ထုံးစံအတိုင်း ရွာမြဲရွာဆဲပင်။ အောက်ဖက်၌ မြစ်များ၊ ကန်များကို မြင်နိုင်၏။ ကောင်းကင်နှင့်မြေကြီး၏စိတ်ဝိညာဉ်စွမ်းအင်များမှာလည်း လျော့နည်းလာသည်။ နေဝင်ဖျိုးဖျအချိန်သို့ ရောက်သည့်အခါတွင်တော့.... အနောက်ပိုင်းသဲကန္တာရအလယ်ပိုင်း၏အပေါ်ထက် လေထဲတွင် ကျီးနတ်မင်းမျိုးနွယ်စုနှင့် အဆိပ်ငါးသွယ်မျိုးနွယ်စုနှစ်စု ဆုံတွေ့ကြလေပြီ။

***

All Chapters