မှောင်ရိပ်ကယ်သမ်း
Vol. 36 Ch. 500
ဓားနက်သုံးလက်သည် ကျီးနတ်မင်းမျိုးနွယ်စုစဉ်းစားနိုင်စွမ်းထက် ကျော်လွန်သော နည်းလမ်းတစ်ခုကို သုံးရင်း ရင်သပ်ရှုမောဖွယ်ရာ အမြန်နှုန်းဖြင့် ရွေ့လျားလာသည်။ ၎င်းတို့ကား လေကိုခွင်း၍ ကျီးနတ်မင်းမျိုးနွယ်စု မှော်သင်္ဘောကြီး၏လမ်းကြောင်းတည့်တည့်တွင် ပေါ်လာခဲ့လေပြီ။
ကျီးနတ်မင်းမျိုးနွယ်စု၏ ဧရာမလေသင်္ဘောကြီး တုံ့ခနဲ ရပ်သွားသည်။ အကြည့်စူးစူးရဲရဲ ထောင်ပေါင်းများစွာက ဓားနက်သုံးလက်အပေါ် ကျရောက်လာ၏။ နှစ်ဖက်လုံးကား တစ်လက်မပင်မရွေ့ဘဲ တစ်ဖက်ကို တစ်ဖက် မျက်နှာချင်းဆိုင်နေကြသည်။
ခရမ်းမိုးသည် တဖြောက်ဖြောက် ရွာနေပြီး လေတစ်ချက်က သုတ်သင်ခြင်းစွမ်းအားကို ဆောင်ယူသယ်လျက် တိုးဝှေ့တိုက်ခတ်သွားလေ၏။ အရိုးစိမ့်သော အအေးဓာတ်က လူတိုင်းကို ဖိစီးနှိပ်စက်လိုက်သော်လည်း ဤမျိုးနွယ်စုနှစ်စုလုံး၏ အသတ်အဖြတ်စိတ်ဆန္ဒနှင့်ယဥ်လျှင် အအေးဓာတ်မှာ မှေးမှိန်သွားလေသည်။
ဓားနက်သုံးလက်ကို မြင်သောအခါ ကျီးနတ်မင်းမျိုးနွယ်ဝင်များ မျက်လုံးပြူးသွားကြသည်။ လူတစ်သောင်းကျော်မှာ အလိုလို ထရပ်မိသွားကြ၏။ သူတို့သည် မြောက်မြားသော တိုက်ပွဲများကို ရင်ဆိုင်ခဲ့ရသဖြင့် သေခြင်းဆိုသည်မှာ သူတို့နှင့် ယဉ်ပါးနေလေပြီ။ ရေခဲသမျှ အေးစက်သောအကြည့်များနှင့်အတူ အသတ်အဖြတ်စိတ်ဆန္ဒများ ပေါက်ကွဲထွက်လာသည်။
ဘယ်သူမှ စကားမပြော။ ခေါ်သံလည်းမရှိ။ တိမ်တိုက်များနှင့် လေအပေါ်တွင်ပင် သက်ရောက်နိုင်ပုံရသော တိတ်ဆိတ်နေမှုနှင့် အသတ်အဖြတ်စိတ်ဆန္ဒတို့သာ ရှိသည်။
ဤကဲ့သို့ တုန်လှုပ်ဖွယ်ရာမြင်ကွင်းကြီးအရ မည်သည့်မျိုးနွယ်စုတွင်မှ သဘောစေတနာကောင်းကောင်း ရှိမနေကြောင်း သိသာထင်ရှား၏။
ကျီးနတ်မင်းမျိုးနွယ်ဝင်များ၏ အသတ်အဖြတ်စိတ်ဆန္ဒများ တဟုန်းဟုန်း တောက်လောင်လာသည်နှင့် ဓားနက်သုံးလက်အပေါ်ရှိ တိမ်ကောင်းကင်မျိုးနွယ်ကျင့်ကြံသူရှစ်ထောင်၏ မျက်လုံးများထဲတွင် စူးရှတောက်ပနေသောအလင်းရောင်များ ထွက်ပေါ်လာ၏။ ဤလူများသည် ဓားအိမ်မှ မထုတ်ရသေးသော ဓားများနှင့်တူပြီး သူတို့၏ သတ်ဖြတ်လိုစိတ်အဟုန်က ကောင်းကင်ယံအထိ ထိုးတက်လျက်ရှိ၏။
ဤဓားအိမ်မှ မထုတ်ရသေးသော ဓားရှစ်ထောင်၏ အသတ်အဖြတ်စိတ်ဆန္ဒများ ပေါက်ကွဲထွက်လာဖြင့် တိမ်တိုက်များ ဆူပွက်၍ လေပြင်းများ တိုက်ခတ်လာကာ လှိုင်းများထလာ၏။ ဤအခိုက်အတန့်တွင် တစ်ဦးတစ်ယောက်ချင်းစီ၏ နဖူးများအပေါ်၌ ဓားနက်အရုပ်များ ထင်းလင်းမြင်သာလာသည်။ ဓားနက်များက တဖျပ်ဖျပ် လင်းလက်နေရာ ပြိုင်ဘက်ကင်းအရုပ်စွမ်းအားတချို့အား ပိုင်ဆိုင်ထားကြောင်း သိသာလေသည်။
ဤမျိုးနွယ်စုနှစ်စု၏ အနေအထားအရ လက်ရည်တူမည့်ပုံပင်။
တစ်စုသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးတစ်ဦးနှင့် အနောက်ပိုင်းသဲကန္တာရမျိုးနွယ်စုကြီးတစ်စုမှ ကျော်ကြားသော တိုက်ပွဲဝင်မျိုးနွယ်စုတစ်စုဖြစ်သည်။ ၎င်းမှာ တိမ်ကောင်းကင်မျိုးနွယ်စုကြီး၏ အရန်မျိုးနွယ်စုလေးတစ်စုအနေသာ ရှိသော်လည်း အတိုက်အခိုက်စွမ်းရည်အရာ၌ ပင်မမျိုးနွယ်စုကြီးပင်လျှင် သူတို့ကို လေးစားရလေသည်။
တစ်ဖက်မျိုးနွယ်စုကတော့ မရေမတွက်နိုင်သော တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့ပြီး သေခြင်းနှင့်ရှင်ခြင်းကို အဖန်တလဲလဲ ရင်ဆိုင်ခဲ့ရသည်။ သူတို့သည် အမြဲတစေ စစ်တိုက်ရုန်းကန်ရင်း စဉ်ဆက်မပြတ် ပြောင်းလဲလာခဲ့၍ သူတို့၏သွေးများပင်လျှင် သံမဏိကဲ့သို့ မာကြောလာခဲ့ပြီဖြစ်သည်။
ဤအခိုက်အတန့်တွင် မျိုးနွယ်စုနှစ်စုသည် တစ်စု၏ သတိဝိရီယရှိမှုနှင့် အင်အားကိုတစ်စု ခံစားလိုက်ကြရ၏။ တိမ်ကောင်းကင်မျိုးနွယ်စု၏ အရန်တိုက်ပွဲဝင်မျိုးနွယ်စုမှ ကျင့်ကြံသူရှစ်ထောင်မှာ မျိုးနွယ်စုတစ်စုလုံး၏ ရှစ်ဆယ်ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ယခုအချိန်တွင် သူတို့သည် ကျီးနတ်မင်းမျိုးနွယ်ဝင်များ၏ တိုက်ခိုက်လိုသည့်စိတ်ဆန္ဒကို သိသိသာသာ မြင်နေရ၏။ ၎င်းမှာ သူတို့ တွေ့လေ့တွေ့ထရှိသော အရာမဟုတ်ပေ။
ကျိုးဒယ်ခွန်၏ ဘေးတွင် ထိုင်နေသော သက်လတ်ပိုင်းလူနှစ်ယောက်မှာ ကျီးနတ်မင်းမျိုးနွယ်စုကို မြင်ပြီး သူတို့၏သတိဝီရိယရှိမှုကို ခံစားလိုက်ရသောအခါ လေးနက်သွားသောအရိပ်အယောင်များ သူတို့၏မျက်နှာများကို စိုးမိုးသွား၏။
"ကျီးနတ်မင်းမျိုးနွယ်စုတစ်စုလုံးမှာ ထပ်တူညီနေတဲ့ စိတ်ဆန္ဒရှိနေပါလား။ အဲ့ဒါက စစ်မှန်တဲ့အဆီအနှစ်ဖြစ်တဲ့အထိကို သန့်စင်နေတဲ့ အသတ်အဖြတ်စိတ်ဆန္ဒပဲ"
"ဒီလိုဟာမျိုးကို မျိုးနွယ်စုကြီးတွေရဲ့ လက်ရွေးစင်မျိုးနွယ်ဝင်တွေမှာပဲ မြင်ရလေ့ရှိတာ။ ကျီးနတ်မင်းမျိုးနွယ်စုမှာ ဒီလိုအငွေ့အသက်မျိုး ရှိနေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ"
သူတို့နှစ်ယောက်သာမဟုတ် ။ ကျန်ရှိသောမျိုးနွယ်ဝင်များလည်း ထိုနည်းတူ တုံ့ပြန်ကြသည်။
ကျီးနတ်မင်းမျိုးနွယ်စုနှင့် တိုက်ပွဲဝင်မျိုးနွယ်စုနှစ်စုလုံးကို တူညီသောစကားလုံးများဖြင့် ဖော်ပြနိုင်သည်။ စကားနည်း ၊ သွေးအေးပြီး ရက်စက်သော။
အရှေ့တည့်တည့်တွင် တိုက်ပွဲဝင်မျိုးနွယ်စု ပေါ်လာသည့် တစ်ချိန်တည်းမှာပင် ကျီးနတ်မင်းမျိုးနွယ်စုသည် ထိုသူများမှာ အတိတ်တွင် ရင်ဆိုင်ခဲ့ရသောရန်သူများနှင့်မတူကြောင်း မြင်လိုက်ရ၏။ သူတို့ထံမှ ဖိအားသည် ကျီးနတ်မင်းမျိုးနွယ်ဝင်များ၏မျက်လုံးထဲရှိ တိုက်ခိုက်လိုစိတ်များအား ပြင်းပြစူးရှသွားစေသည်။
ယခု ကျီးနတ်မင်းမျိုးနွယ်စုတွင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ (၁၃)ယောက် ရှိနေပြီဖြစ်သည်။ ရှစ်စုမဟာမိတ်အဖွဲ့မှ အိုးယွန်ဇီနှင့် ကျန်ငါးယောက်အပြင် ပြီးခဲ့သောစစ်ပွဲများအတောအတွင်း ကျီးနတ်မျိုးနွယ်စုသည် အတန်ငယ် ထပ်မံစုစည်းနိုင်ခဲ့၏။
အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ (၁၃)ယောက်အနက် နှစ်ယောက်က အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်ဖြစ်ပြီး ငါးယောက်က အလယ်အလတ်အဆင့်ဖြစ်ကာ ကျန်ခြောက်ယောက်မှာ အစောပိုင်းအဆင့်ဖြစ်၏။ ဤကဲ့သို့ အင်အားမျိုးက ကျီးနတ်မင်းမျိုးနွယ်စုကို အလယ်အလတ်မျိုးနွယ်စုနှင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးမရှိသော အကြီးစားမျိုးနွယ်စုအကြား၌ ရပ်တည်စေသည်။
တိုင်ပွဲဝင်မျိုးနွယ်စုအနေဖြင့် ဤအခြင်းအရာအားလုံးကို မြင်တွေ့ရ၏။ ကျီးနတ်မင်းမျိုးနွယ်စု၏အင်အားမှာ သူတို့ထင်ထားသည်ထက် ကျော်လွန်လေသည်။ ဤတိုက်ပွဲကား... အလွန်တရာ ရက်စက်ပြင်းထန်ပြီး ခါးသီးပေတော့မည်။
အဖွဲ့နှစ်ဖွဲ့ မျက်နှာချင်းဆိုင်နေစဉ် တိတ်ဆိတ်မှုက ကြီးစိုးနေ၏။ နှစ်ဖက်လုံးမှ အသတ်အဖြတ်စိတ်ဆန္ဒတို့သည် တစ်ခုကိုတစ်ခု ဝင်တိုက်သွားရာ ပတ်ဝန်းကျင်တစ်ခုလုံးရှိ ချီများကို ဖရိုဖရဲဖြစ်သွားစေသည်။ နှစ်ဖွဲ့အကြား တင်းမာနေသည့်အချိန် မန်ဟိုမှာ ဓားနက်ကြီး၏အလယ်တည့်တည့်တွင် အကျအနထိုင်နေသော ကျိုးဒယ်ခွန်ကို တွေ့လိုက်ရသဖြင့် သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာကြီး ပေါ်လာတော့သည်။
ကျိုးဒယ်ခွန်၏မျက်လုံးများမှာလည်း မန်ဟို့ကို မြင်သောအခါ ပြူးထွက်သွားလေ၏။
သူတို့နှစ်ယောက်သည် မီတာပေါင်းများစွာ ဝေးကွာသော်လည်း အကြည့်များက ချက်ချင်း ဆုံသွားသည်။ သူတို့၏မျက်နှာများအပေါ်၌ ခပ်ယဲ့ယဲ့အပြုံးများ ဖြစ်ထွန်းလာရန် တခဏသာ ကြာလိုက်လေသည်။
မှန်ပါသည်၊ တိုက်ပွဲဝင်မျိုးနွယ်စု နတ်ဆရာကြီးမှာတော့ ကျိုးဒယ်ခွန်နှင့် မန်ဟို တစ်ယောက်နှင့်တစ်ယောက် ကြည့်နေသည်ကို သတိမထားမိပေ။ ဖိစီးနေသော အခြေအနေကား အထွတ်အထိပ်သို့ ရောက်သွားခဲ့လေပြီ။ သူက ရုတ်တရက် ပါးစပ်ဟပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။ "သတ်ပစ်"
သို့သော် သူ့အနောက်ရှိ တိုက်ပွဲဝင်မျိုးနွယ်ဝင်များနှင့် ကျီးနတ်မင်းမျိုးနွယ်ဝင်များ ညာသံပေးပြီး ချီတက်တော့မည့်အချိန်မှာပင် ကျိုးဒယ်ခွန်က ရုတ်တရက် ထခုန်ပြီး တိုက်ပွဲဝင်မျိုးနွယ်စုနတ်ဆရာကြီး၏ ငယ်ထိပ်ကို ဖြန်းခနဲ ရိုက်ချလိုက်သည်။
"ပိတ်ထားစမ်း" ကျိုးဒယ်ခွန်က ဒေါသတကြီး ငေါက်သည်။ "တိုက်ဖို့ ငါပြောလား ဟမ်။ အားလုံးပဲ နောက်ဆုတ်ကြ။ လခွမ်းတဲ့မှ။ ပင်မမျိုးနွယ်စုက သူတို့ကို အညံ့ခံအောင် သိမ်းသွင်းဖို့ အမိန့်ပေးခဲ့တာကွ။ ငါ တစ်ခွန်းတောင် မဟရသေးဘူး၊ မင်းတို့ကောင်တွေက သတ်မယ်တကဲကဲ လုပ်နေပြီ" တိုက်ပွဲဝင်မျိုးနွယ်ဝင်များအားလုံးကို သူ့ကို သွေးအေးသောမျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကြသည်။ ဤအရေးပါသော အခိုက်အတန့်တွင် သူတို့၏အသတ်အဖြတ်စိတ်ဆန္ဒများမှာ အပြင်းအထန် အုံ့ကြွနေပြီး သူတို့၏အကြည့်စူးစူးများကား အရာရာတိုင်းကို တစစီစုတ်ဖြဲပစ်ရန် လုံလောက်လေသည်။ ကျိုးဒယ်ခွန်မှာ သွေးတက်ချင်သွား၏။ သို့သော် သူ့မျက်လုံးများပြူးလာရန် တခဏသာ ကြာလိုက်သည်။
"အာခံချင်တာလား" သူ့အသံက ရေခဲတမျှ အေးစက်နေ၏။
တိုက်ပွဲဝင်မျိုးနွယ်စုနတ်ဆရာကြီးမှာ သောင်းကျန်းတော့မည့်မျက်နှာပေးဖြင့် မော့ကြည့်သည်။ စောစောက ရိုက်ချက်မှာ အားမပါသော်လည်း မျိုးနွယ်ဝင်အားလုံး၏ ရှေ့မှောက်တွင်ဖြစ်ခဲ့၍ အတော်လေး ရှက်စရာကောင်းလေသည်။ သို့သော် ကျိုးဒယ်ခွန်၏ အဆင့်အတန်းကို တွေးမိသောအခါ သူက ဘာမှမလုပ်ပေ။ တိုက်ပွဲဝင်မျိုးနွယ်စုခေါင်းကိုင်ဖခင်က ရှေ့တစ်လှမ်းတက်ပြီး တစ်ဖက်မျိုးနွယ်စုကို စိန်းစိန်းဝါးဝါး ကြည့်သည်။ သူက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်ရာ သူတို့အားလုံးကို တိတ်ဆိတ်စွာ နောက်ဆုတ်သွားစေ၏။
တိုက်ပွဲဝင်မျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်မှာ ဒေါပွနေသော်လည်း မျက်နှာပေါ်တွင်တော့ မပြသပေ။ အနည်းဆုံးတော့ သိသိသာသာကြီးမဟုတ်။ သူက အတန်ငယ် ပျက်ယွင်းနေသောမျက်နှာထားဖြင့် ပြောသည်။ "မဟာအကြီးအကဲကျိုး ကျေးဇူးပြုပြီး မိန့်ကြားပါ"
တိုက်ပွဲဝင်မျိုးနွယ်စု တိုက်ခိုက်ရန် ပြင်လိုက်သည့်တစ်ချိန်တည်းမှာပင် ကျီးနတ်မင်းမျိုးနွယ်ဝင်များလည်း အားမာန်အပြည့်ဖြင့် ပြေးတက်ခါနီးဖြစ်ခဲ့သည်။ သို့သော် တိုက်ပွဲဝင်မျိုးနွယ်စုနှင့်မတူ၊ မန်ဟို ပြောလိုက်သည်နှင့် သူတို့အားလုံး ချက်ချင်း နောက်ဆုတ်သွားကြ၏။
ဤအခြင်းအရာက တိုက်ပွဲဝင်မျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာကြီး၏ အာရုံကို ဆွဲဆောင်ကာ တုန်လှုပ်သွားစေသည်။ သူတို့က အချင်းချင်းကြည့်ပြီး အတွေးနက်သွားကြသည်။
ကျီးနတ်မင်းမျိုးနွယ်စုမှာ ကြောက်ခမန်းလိလိ အင်အားအထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူတို့သိလိုက်လေသည်။
မန်ဟိုက ထရပ်ပြီး သူ့ခန္ဓာကိုယ်က ရိပ်ခနဲ ဖြစ်သွား၏။ ဤဖြစ်ရပ်က တိုက်ပွဲဝင်မျိုးနွယ်စုကို နိုးကြားသွားစေသည်။ ကျိုးဒယ်ခွန်က အေးစက်စက်နှာတစ်ချက် မှုတ်လိုက်သည်။ သူသည် မောက်မာဝင်ကြွားသောဟန်ဖြင့် ဓားနက်ကြီးမှ ထွက်ခွာကာ မန်ဟို့ဆီ ဦးတည်သွား၏။
သူတို့နှစ်ယောက်သည် လေပေါ် ပျံတက်သွားရင်း သေးငယ်သောအစက်လေးနှစ်စက် ဖြစ်သွားလေပြီ။
အောက်ရှိ မျိုးနွယ်စုနှစ်စုမှ တစ်ဖက်ကို တစ်ဖက် အစိမ်းလိုက်ဝါးစားတော့မတတ် ကြည့်နေကြသော်လည်း တုတ်တုတ်မှမလှုပ်ပေ။။
အပေါ်တွင် မန်ဟိုနှင့် ကျိုးဒယ်ခွန်မှာ အစက်သေးသေးလေးများဖြစ်နေပြီး အောက်ရှိမျိုးနွယ်ဝင်များအတွက် သူတို့ဘာပြောနေသည်လဲ မကြားရပေ။ မန်ဟိုက ကျိုးဒယ်ခွန်ကိုကြည့်ကာ ခပ်ယဲ့ယဲ့ပြုံးလိုက်၏။ ထို့နောက် လက်နှစ်ဖက်ယှက်၍ အရိုအသေပေးသည်။
"အစ်ကိုကြီးကျိုး" သူက စသလို နောက်သလို ပြောသည်။ "ဒီလောက် နှစ်တွေကြာခဲ့တာတောင် အစ်ကိုကြီးက အိုကေစိုပြေနေပါလား"
ကျိုးဒယ်ခွန်မှာ အတန်ငယ် ရှက်နေပြီး တမ်းတမ်းသသ ဖြစ်နေဟန်ဖြင့် လည်ချောင်းရှင်းလိုက်သည်။ သူက မန်ဟို့ကို ပြန်ကြည့်၏။ "တောင်ပိုင်းဒေသမှာ ကွဲကွာခဲ့ရတဲ့ အဲ့ဒီနှစ်တွေနောက်ပိုင်း ငါတို့ဂိုဏ်းတူ ညီအစ်ကိုနှစ်ယောက် ပြန်တွေ့ရလိမ့်မယ်လို့ ထင်တောင်မထင်မိဘူးကွာ" သူက အတိတ်ကို လွမ်းဆွတ်နေလျက် သက်ပြင်းချလိုက်သည်။
မန်ဟိုလည်း သက်ပြင်းဖွဖွ ချလိုက်မိ၏။ သူ့မှာ အတိတ်က အဖြစ်အပျက်များကို ပြန်မတွေးမိဘဲ မနေပေ။ သူသည် ကျိုးဒယ်ခွန် အနက်ရောင်နယ်မြေကျင့်ကြံသူများနှင့် ပက်ပင်းတိုးပြီး ကွဲကွာသွားခဲ့သော ချင်းလော်ဂိုဏ်းမှ အပြန်ခရီးကို သတိရမိသည်။ ထိုသို့ကွဲကွာပြီးနောက်ပိုင်း အနက်ရောင်နယ်မြေတွင် ပြန်ဆုံကာ အနောက်ပိုင်းသဲကန္တာရတွင်လည်း ကြုံကြိုက်ရဦးမည်ဟု တစ်ခါမှ မထင်ခဲ့ပေ။
"ဒီတော့ အနက်ရောင်နယ်မြေက အဲ့ဒီဆေးဝါးပညာရှင်က တကယ်ပဲ မင်းလား" ကျိုးဒယ်ခွန်က မချိပြုံးပြုံးရင်း မေးသည်။ ထိုဖြစ်ရပ်ပြီးနောက် ဆေးဖော်ရာ၌ ဆရာတစ်ဆူပမာ ကျွမ်းကျင်နိုင်သူမှာ ယခု သူ့အရှေ့ရှိကောင်လေးသာ ဖြစ်နိုင်ကြောင်း သူ သဘောပေါက်ခဲ့လေသည်။
ကျိုးဒယ်ခွန်သည် အနက်ရောင်နယ်မြေ၊ သန့်စင်နှင်းမြို့တော်မှာတုန်းက မန်ဟို သူ၏ဂုဏ်သတင်းထိခိုက်မှာစိုး၍ တမင်အလျှော့ပေးခဲ့သည်ကို ပြန်တွေးမိသောအခါ ကျေးဇူးတင်ခဲ့မိလေသည်။ ထိုကျေးဇူးတင်စိတ်က သူ၏မိတ်ဆွေသံယောဇဉ်နှင့် ပေါင်းစည်းသွားပြီး နွေးထွေးမှုအား မွေးဖွားပေးလိုက်၏။
အနောက်ပိုင်းသဲကန္တာရတွင် မန်ဟိုက တကယ်တမ်း ကျိုးဒယ်ခွန်၏တစ်ဦးတည်းသော မိသားစုဖြစ်သည်ဟု ဆိုနိုင်သည်။
မန်ဟိုလည်ူ ကျိုးဒယ်ခွန်ကို ကြည့်ရင်း တောင်ပိုင်းဒေသအကြောင်း တွေးနေမိ၏။ သူ့ဆရာ၊ ချူယွီယန်နှင့် ဇီယွင်ဂိုဏ်းကမိတ်ဆွေများ။ တောင်ပိုင်းဒေသရှိ သူ၏ရင်းနှီးသောအပေါင်းအသင်းအားလုံး။ ဖက်တီးနှင့် ချန်ဖန်း။
ထို့နောက်.... ရှုချင်။
သူတို့၏မျက်နှာများသည် သူ့စိတ်ထဲတွင် နည်းနည်းလေးမှ ဝေဝါးခြင်းမရှိဘဲ ထင်ရှားပြတ်သားစွာ လွင့်မျောနေ၏။ ထိုမျက်နှာများကို မြင်သောအခါ သူ သဘောပေါက်လိုက်သည်.... သူ အိမ်ကို လွမ်းသည်။
သို့သော် သူ့အိမ်ဖြစ်ခဲ့သည့် ကျိုးပြည်….. တောင်ပိုင်းဒေသမှ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာခဲ့လေပြီ။
မန်ဟိုနှင့် ကျိုးဒယ်ခွန်မှာ သက်ပြင်းချရင်း ထွေရာလေးပါး ပြောနေကြသည်။ တစ်ခါတရံ သူတို့နှစ်ယောက် ပြုံးတတ်၊ရယ်တတ်ကြပြီး တစ်ခါတလေ စိတ်လှုပ်ရှားပြီး တက်ကြွလာတတ်သည်။ အတိတ်တုန်းက နှစ်များကို ပြန်တမ်းတရင်း မန်ဟိုမှာ ခံစားရလေ့မရှိခဲ့သော ခံစားချက်များဖြင့် ပြည့်သျှံနေတော့၏။ ကျိုးဒယ်ခွန်လည်း ထိုနည်းတူပင်။
မန်ဟို သူရင်ဆိုင်ခဲ့ရသော ကြမ်းတမ်းလှသည့် အခက်အခဲများကို ပြန်ပြောပြသောအခါ ကျိုးဒယ်ခွန်မှာ အံ့အားသင့်သွား၏။ ကျိုးဒယ်ခွန်အတွက် မန်ဟို့၏ဘဝမှာ သည်းထိတ်ရင်ဖို စွန့်စားခန်းကြီးတစ်ခုအလားပင်။ မန်ဟို့အတွက်မူ ကျိုးဒယ်ခွန်၏အတွေ့အကြုံများအား နားထောင်ရင် သူ့နည်းတူ ထူးခြားဆန်းပြားသည်ဟု တွေးနေမိ၏။
ကျိုးဒယ်ခွန်၏ဇာတ်လမ်းကို နားဆင်ပြီးနောက် မန်ဟိုက ခပ်ပြုံးပြုံးဖြင့် ပြောသည်။ "ဒီတော့ အစ်ကိုကြီးက နတ်ဆရာကြီးနဲ့ အဆင့်တူတဲ့ .... တိမ်ကောင်းကင်ပင်မမျိုးနွယ်စုရဲ့ ဆေးဝါးဝာာအိုအကြီးအကဲပေါ့လေ... တိမ်ကောင်းကင်မျိုးနွယ်စုမှာ အစ်ကိုကြီးကျိုးကတော့ ဩဇာညောင်းနေမှာပဲ...တကယ်ဗျာ ကျုပ်ဖြင့် မလေးစားဘဲ မနေနိုင်ဘူး "
ကျိုးဒယ်ခွန်က သူ့ကိုယ်သူ အတော်လေးကျေနပ်နေသံကြီးဖြင့် ရယ်သည်။
သူတို့နှစ်ယောက်သား အချိန်လေးနာရီလုံးကုန်သွားခဲ့သည်ကို သတိပင်မထားမိကြပေ။ နှစ်ယောက်သား အတိတ်အကြောင်း စမြုံပြန်နေစဉ် အောက်ရှိ မျိုးနွယ်စုနှစ်စုမှာ စောင့်နေရ၏။
ကျီးနတ်မင်းမျိုးနွယ်စုမှာ ဣန္ဒြေမပျက်ပေ။ မန်ဟိုသည် သူတို့၏ကိုးကွယ်ရာ အရုပ်ဘိုးဘေးကြီးဖြစ်ပြီး သူတို့မှာ သူ့ကို ပြင်းပြင်းပြပြ သစ္စာရှိ၏။ သည့်ထက်ကြာကြာ စောင့်ရလျှင်တောင်မှ သူတို့ ဘယ်လိုမှမနေပေ။
တိုက်ပွဲဝင်မျိုးနွယ်စုကတော့ အတန်ငယ် ကွဲပြားသည်။ သူတို့သည် စကားတစ်ခွန်းမှ မပြောဘဲ စောင့်နေကြ၏။ ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာကြီးမှာ သံသယဝင်နေသောအကြည့်များ ဖလှယ်လိုက်ကြသည်။ သူတို့က ကျိုးဒယ်ခွန်နှင့် မန်ဟိုဖြစ်သော အစက်လေးနှစ်စက်ကို မော့ကြည့်လိုက်၏။ ကျိုးဒယ်ခွန်အတွက် ရန်သူကို အညံ့ခံခိုင်းရန် ဘာကြောင့်လေးနာရီကြာနေသည်လဲ သူတို့နားမလည်နိုင်ပေ။ ယခုတွင် ကောင်းကင်မှာ မှောင်ရိပ်သမ်းစပြုနေလေပြီ....
***