← Chapters

သူတော်ကောင်းတရား

Vol. 36 Ch. 501

သူတော်ကောင်းတရား

Vol. 36 Ch. 501

ကျိုးဒယ်ခွန်က ခေါင်းမော့ပြီး မျက်မှောင်ကြုတ်သွားသည်။ "မှောင်လာပြီ မန်ဟိုရေ...ဒီလောက်ပဲ ပြောကြတာပေါ့။ မင်းတော့ ဒုက္ခရောက်နေပြီ။ တိမ်ကောင်းကင်မျိုးနွယ်စုက ဟိုနှစ်တုန်းက အဆိပ်ငါးသွယ်မျိုးနွယ်စုနဲ့ ပတ်သက်တဲ့ မတော်တဆမှုကြောင့် တိုက်ပွဲဝင်မျိုးနွယ်စုကို လွှတ်လိုက်တာ။ ပြီးဝောာ့ မိစ္ဆာစိတ်ဝိညာဉ်ကိစ္စလည်း ပါတယ်"

"တိမ်ကောင်းကင်" ဆိုသော စကားလုံးများအား ကြားသောအခါ မန်ဟို့မျက်လုံးများထဲတွင် အေးစက်သောအလင်းရောင်တစ်ခု ပေါ်လာ၏။ သူက ဘာမှမပြောပေ။

"ကံကောင်းစွာနဲ့ ဒီအဖွဲ့ခေါင်းဆောင်က တိုက်တိုက်ဆိုင်ဆိုင် ငါဖြစ်နေတာမလို့ မင်း စိတ်ပူစရာမလိုဘူး။ ငါ့ညီကို လက်ဖျားနဲ့တောင် အထိမခံဘူး စိတ်ချ" သူက ရင်ဘတ်ကို အားတက်တရော ပုတ်လိုက်သည်။ ကျိုးဒယ်ခွန်မှာ မငယ်တော့သော်လည်း ဘဝ၏အလှည့်အပြောင်းများကြောင့် သက်တောင့်သက်သာ နေထိုင်ခဲ့ရ၍ အသက်အရွယ်ထက် ပိုနုနေလေသည်။

"ဆိုစမ်းပါဦး အစ်ကိုကြီးမှာ ကိုယ်လုပ်တော် ဘယ်နှယောက် ရှိနေပြီတုံး" မန်ဟိုက ရယ်လိုက်သည်။

"သိပ်မများပါဘူးကွာ သိပ်မများဘူး။ ပြီးခဲ့တဲ့လက ရှစ်ယောက်‌မြောက်ရခဲ့တယ် ဟဲဟဲ" ကျိုးဒယ်ခွန်၏မျက်နှာမှာ နီမြန်းနေပြီး ခြောက်ကပ်ကပ် ရယ်လေသည်။ "ထားပါ အဲ့ဒီအကြောင်းတွေက ပြောနေစရာမလိုပါဘူး။ ကြည့် ညီလေး ... ငါတို့နှစ်ယောက် နည်းနည်းပါးပါး ဟန်ဆောင်ကြရအောင်" သူက ခေါင်းငုံ့ပြီး မန်ဟို့ကို ရှင်းပြတော့သည်။ မန်ဟို မျက်လုံးပြူးသွားပြီး မပြုံးချင်ပြုံးချင် ပြုံးလိုက်သည်။

"တကယ်ပဲ ... ကောင်းပါ့မလား" သူက ချီတုံချတုံဖြစ်လျက် မေးသည်။

"မပူနဲ့ အစ်ကိုကြီးစကားသာ နားထောင်လိုက်" ကျိုးဒယ်ခွန်မှာ အတည်ပေါက်ကြီး ပြောနေသဖြင့် မန်ဟိုမှာ ခေါင်းညိတ်ရုံမှတစ်ပါး အခြားမတတ်နိုင်ပေ။

အချိန်အနည်းငယ်ကြာသော် ....

"ဒီတော့ မင်းတို့က မျိုးနွယ်စုတစ်ထောင်ကျော်ကို ဖိနှိပ်နင်းခြေရင်း ထွန်းတောက်လာတဲ့ ကျီးနတ်မင်းမျိုးနွယ်စုပေါ့။ မင်းတို့က မျိုးနွယ်စုအကြီးကြီးတွေကိုတောင် ဖင်တုန်အောင် ကြောက်စေနိုင်တဲ့ အနောက်ပိုင်းသဲကန္တာရမြောက်ပိုင်းရဲ့ အစွမ်းထက်ဆုံးအင်အားစုဖြစ်ပါပေတယ်

"ငါ့အ‌နေနဲ့ နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲ လေးစားမိတယ်။ ငါတို့ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ရင် အထိအခိုက် အကျအဆုံးများမှာ မလွဲဧကန်ပဲ။ ငါ ကျိုးဒယ်ခွန် သွေးချောင်းစီးတာ မမြင်ချင်ဘူး။ ပြီးတော့ ငါ့နာမည်မှာ ပါရှိတဲ့ ဒယ်ဆိုတဲ့ စာလုံးက 'သူတော်ကောင်းတရား' လို့ အဓိပ္ပာယ်ရတယ်။ ဒါ့ကြောင့် သူတော်ကောင်းတရားကို လက်ကိုင်ထားပြီး မင်းတို့ အညံ့ခံအောင်လုပ်မယ်

"ဆယ်နှစ်အတွင်း ငါ ကျိုးဒယ်ခွန် သူတော်ကောင်းတရားလက်ကိုင်ထားပြီး မင်းတို့ကို အညံ့ခံအောင် လုပ်မယ်" ကျိုးဒယ်ခွန်၏အသံကြီးသည် အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်လာသဖြင့် တစ်ယောက်မကျန် ကြားလိုက်ကြရ၏။ ကျီးနတ်မင်းမျိုးနွယ်စု၏တုံ့ပြန်မှုက အူတူတူဖြစ်သွားသော တိုက်ပွဲဝင်မျိုးနွယ်စုနှင့်ယှဉ်လျှင် တော်သေးလေသည်။

သူတို့သည် ကျိုးဒယ်ခွန်အကြောင်း ကောင်းကောင်းမကြားဖူးသော်လည်း မျိုးနွယ်စုကြီးတစ်စုဖြစ်၍ သတင်းမျိုးစုံ ကြားခဲ့ဖူး၏။ ကျိုးဒယ်ဒွန်ကတော့ မည်သည့်နေရာမှကြည့်ကြည့်၊ သူတော်ကောင်းတရားနှင့် သူတစ်ပါးအား အနိုင်ရနိုင်သည့်လူစားမျိုး ဟုတ်ပုံမရပေ။

တိုက်ပွဲဝင်မျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာကြီးမှာ သူတကာထက် မျက်လုံးကြီးပြူးနေသည်။ သူတို့မှာ ကြောင်တိ‌ကြောင်တောင် ဖြစ်နေပြီး ကျိုးဒယ်ခွန်တစ်ယောက် ဘာလုပ်ဖို့ ကြိုးစားနေသည်လဲ ‌မတွေးတတ်တော့ချေ။

အပေါ်မှ ပျံဆင်းလာပြီးနောက် ကျိုးဒယ်ခွန်နှင့် မန်ဟိုက လူချင်းခွဲလိုက်ကြသည်။ မန်ဟိုမှာ အနေရခက်နေသော ခံစားချက်ကို ဖိနှိပ်ရင်း လက်နှစ်ဖက်ယှက်ကာ ကျိုးဒယ်ခွန်ကို ဦးညွတ်အရိုအသေပေးလိုက်၏။

"ဒီတော့ ခင်ဗျားက တိမ်ကောင်းကင်မျိုးနွယ်စုရဲ့ ကိုယ်လုပ်တော်ရှစ်ဦးပိုင်ရှင်၊ နာမည်ကြီး ဆေးဝါးတာအိုမဟာအကြီးအကဲ ကျိုးဒယ်ခွန် ဖြစ်နေတာကိုး။ တကယ်ပဲ လေးစားမိပါတယ်ခင်ဗျာ။ သိပ်ကောင်းတယ် ကျုပ် ခင်ဗျားရဲ့ လောင်းကြေးကို လက်ခံတယ်။ ကျုပ်ကို အညံ့ခံအောင်လုပ်ဖို့အတွက် ခင်ဗျားကို အချိန်ဆယ်နှစ်ပေးပါ့မယ်" မန်ဟို့မှာ ပြောလေပြောလေ၊ အနေရခက်လာလေဖြစ်သည်။ သူက ခြောက်ကပ်ကပ် ချောင်းဟန့်ရင်း လေသင်္ဘောဆီသို့ ပြန်လာ၏။

သူ အခုလေးတင် ပြောလိုက်သော စကားလုံးများက ကျီးနတ်မင်းမျိုးနွယ်ဝင်များကို မျက်လုံးပြူးသွားစေသည်။ သူတို့၏ ‌အရုပ်‌ဘိုးဘေးကြီးထံမှ ထိုစကားများ ထွက်လာသည်မှာ အလွန်ထူးဆန်းလှ၏။ သူတို့အတွက် သူတို့၏အရုပ်ဘိုးဘေးကြီးမှာ မျက်တောင်မခတ်ဘဲ သတ်ဖြတ်နိုင်သူပင်။ သူ့လိုလူက ဘယ်လိုနည်းနှင့် ထိုသို့ပြောနိုင်မည်နည်း။

"သိပ်ကောင်းတယ်" ကျိုးဒယ်ခွန်က ‌တက်ကြွနေသော ကြက်ဖကြီးလို အော်ရင်း ဓားနက်ကြီးအပေါ် ပြန်ဆင်းသက်လိုက်သည်။ သူသည် အင်္ကျီလက်စကို ခါပြီး ခိုင်မာပြတ်သားသောအသံကြီးဖြင့် ဆက်ပြော၏။ "ကံဆိုးစွာတာက အရှုံးအနိုင် ပြတ်သားဖို့ လိုတာပဲ။ အဲ့ဒါကြောင့်သာမဟုတ်ရင် ငါတို့နှစ်ယောက် အလ္လာပသလ္လာပပြောရင်း သေချာပေါက် သွေးသောက်ညီအစ်ကိုတွေ ဖြစ်လာလိမ့်မှာ...." သူ၏မျက်နှာထားအရ အမှန်တကယ် နှမြောတသဖြစ်နေဟန်ပင်။

"ငါ မင်းကို တကယ် လေးစားတယ်" သူက အထက်စီးဆန်စွာ ပြောသည်။ "မင်းကြည့်ရတာ သူတော်ကောင်းတရားနဲ့ ငါ မင်းကို ဘယ်လို အနိုင်ယူမလဲဆိုတာ ကြည့်ချင်နေပုံပဲ။ သိပ်ကောင်းတယ် ဆက်သွားဆက်သွား။ ဒီနေ့ကစပြီး သုံးရက်နေရင် ငါ မင်းကို မှီလိမ့်မယ်။ ဒါက သူ‌ကောင်းတရား လက်ကိုင်ဆွဲရင်း မင်းကို အညံ့ခံအောင်လုပ်မယ့် ငါ့ရဲ့ပထမဆုံးခြေလှမ်းနဲ့ ငါ့ကတိပဲ" သူ့ဘေးရှိ ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာကြီးတို့၏မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြသည်။

"မဟာအကြီးအကဲကျိုး၊ အဲ့ဒီလိုလုပ်လို့မဖြစ်ဘူးလေ။ သူတို့ကို အလွှတ်ပေးလိုက်ရင် ဘယ်နားလိုက်ရှာရမလဲ ဘယ်သူသိမှာတုံးလို့"

"ဘာလဲ ငါ သူတော်ကောင်းတရားနဲ့ အညံ့ခံအောင် လုပ်မှာကို မင်းတို့က တားဖို့ ကြိုးစားနေတာလား" ကျိုးဒယ်ခွန်က စိန်းစိန်းဝါးဝါးကြည့်ရင်း ပြောသည်။

မန်ဟိုက ချောင်းဟန့်ပြီး တစ်မျိုးတစ်မည်ဖြစ်နေသော မျက်နှာထားဖြင့် ကျိုးဒယ်ခွန်ကို ကြည့်သည်။ သူသည် ကျိုးဒယ်ခွန် သူ့ကို သင်ပေးခဲ့သောစကားများကို ပြန်တွေးမိသော်လည်း ပါးစပ်မှ ပြောမထွက်ပေ။ သူက ချောင်းထပ်ဟန့်ပြီး ဘာမှထပ်မပြောတော့။ ကျီးနတ်မင်းမျိုးနွယ်စု၏ လေသင်္ဘောကြီးသည် ချက်ချင်း အဝေးသို့ ထွက်သွားခဲ့လေပြီ။

"မဟာအကြီးအကဲကျိုး" တိုက်ပွဲဝင်မျိုးနွယ်စုခေါင်းကိုင်ဖခင်က စိုးရိမ်တကြီး အော်သည်။ ကျီးနတ်မင်းမျိုးနွယ်စု ပျံထွက်သွားစဉ် ကျိုးဒယ်ခွန်၏အမူအရာမှာ မောက်မာထောင်လွှားနေ၏။ ခေါင်းကိုင်ဖခင်မှာ မလှုပ်မယှက်ရပ်နေရုံမှတစ်ပါး မတတ်နိုင်ပေ။

"ငါတို့ တိမ်ကောင်းကင်မျိုးနွယ်စုကို ယုံကြည်ဖို့ လိုအပ်တယ်။ သူတော်ကောင်းတရားနဲ့ သူတို့ကို အညံ့ခံအောင် လုပ်မယ်" ကျိုးဒယ်ခွန်မှာ သက်ပြင်းခိုးချလိုက်သည်။ သူ့မှာ စောစောက မန်ဟို့ကို ပြန်တုံ့ပြန်ရန် စကားများပင် ပြင်နေခဲ့လေသည်။

"ဒါမဲ့ ကျုပ်တို့ စစ်ဆင်ရေးက မျိုးနွယ်စုကို ဖျက်စီးပစ်ဖို့လေ...." နတ်ဆရာကြီးက ဒေါသတကြီး ပြောသည်။

"မဟုတ်မှ မင်း တိမ်ကောင်းကင်မျိုးနွယ်စုကို မယုံကြည်တာလား" ကျိုးဒယ်ခွန်က မာမာထန်ထန် ပြန်ဖြေသည်။ "ဒါမှမဟုတ် ငါ့ကို မယုံကြည်တာလား ဟမ်" ရာထူးအဆင့်အတန်းအရ သူသည် မည်သူမဆိုထက် လွန်စွာမြင့်မားပြီး ဤတပ်ဖွဲ့၏ စစ်သေနာပတိလည်း ဖြစ်သည်။ ခေါင်းကိုင်ဖခင်သာ တစ်ဖတ်သတ်လှုပ်ရှားခဲ့လျှင် ကျိုးဒယ်ခွန်အနေဖြင့် သူ့ကို တိုင်တန်းနိုင်လေသည်။ ထို့နောက် တစ်မျိုးနွယ်စုလုံး ဒုက္ခရောက်သွားပေလိမ့်မည်။

ကျိုးဒယ်ခွန်၏ ရိုးရှင်းသောတုံ့ပြန်မှုက တိုက်ပွဲဝင်မျိုးနွယ်စုခေါင်းကိုင်ဖခင်နှင့် နတ်ဆရာကြီးကို ပါးစပ်ပေါက်ပိတ်သွားစေသည်။ ဤသို့ဖြင့် သုံးရက်နားခဲ့ရလေသည်။

သုံးရက်ကြာသော် ဓားနက်များသည် နောက်တစ်ကြိမ် လေကို ခွင်းသွားကြ၏။

ရက်အနည်းငယ်ကြာသော် ဓားနက်ကြီးသုံးလက်သည် အမြင်ဆုံးအရှိန်ဖြင့် မန်ဟိုတို့ဆီ ဦးတည်လာကြသည်။ ကျိုးဒယ်ခွန်က ဟိန်းဟောက်လိုက်၏။ "ကဲ တွေ့ကြပြန်ပြီ။ ကျီးနတ်မင်းမျိုးနွယ်စု အညံ့ခံမလား အညံ့မခံဘူးလား"

အသတ်အဖြတ်စိတ်ဆန္ဒသည် ကျီးနတ်မင်းမျိုးနွယ်စုထံမှ တလိပ်လိပ်အုံကြွလာ၏။ တိုက်ပွဲ အချိန်မ‌ရွေး ဖြစ်တော့မည်ဟု သူတို့ခံစားရလေသည်။

တိုက်ပွဲဝင်မျိုးနွယ်စုလည်း ထိုနည်းတူပင်။ သူတို့သည် ဒေါသများကို ချုပ်တည်းနေရ၍ သူတို့အသတ်အဖြတ်စိတ်ဆန္ဒမှာ ကောင်းကင်ယံသို့တိုင် ရိုက်ခတ်လျက်ရှိ၏။

မန်ဟိုက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းပြီးနောက် ကျိုးဒယ်ခွန် သင်ထားသည့်အတိုင်း အော်လိုက်သည်။

"အညံ့မခံဘူး....."

"ဟားဟားဟား ထင်ပါတယ်။ အညံ့ခံလိုက်ရင်သာ မူမမှန်တာ။ သိပ်ကောင်းတယ်။ ဒီတစ်ခေါက် ငါ မင်းကို ခုနစ်ရက် အကြောပေးထားမယ်။ သူတော်ကောင်းတရားဆိုတာ အဲ့ဒါကွ မှတ်ထား" ကျိုးဒယ်ခွန်၏ တင်စီးသောစကားလုံးများက မန်ဟို့ကို ခပ်ယဲ့ယဲ့အပြုံးတစ်ခုဖြင့် လှည့်ကြည့်မိလိုက်စေသည်။ လေသင်္ဘောကြီးသည် အဝေးသို့ ထွက်သွားပြန်လေ၏။

ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာကြီးမှာ ဒေါသပုန်ထသွား၏။ ဟိန်းဟောက်ပြီး ကျီးနတ်မင်းမျိုးနွယ်စုလမ်းကို ပိတ်ရန် တဟုန်ထိုး ထွက်သွားကြသော တိုက်ပွဲ၀င်မျိုးနွယ်၀င် တစ်ချို့ပင်လျှင် ရှိသည်။

" နောက်ဆုတ်ကြစမ်း " ကျိုးဒယ်ခွန်က လှမ်းငေါက်သည်။ " မင်းတို့တကယ်ပဲမျိုးနွယ်စုကို ပုန်ကန်တော့မလို့လား "

ကျိုးဒယ်ခွန်၏ ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံကြီးက တိုက်ပွဲ၀င်မျိုးနွယ်၀င်များကို တုံ့ခနဲ ရပ်သွားစေသည်။ ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာကြီးက ကျိုးဒယ်ခွန်ကို မျက်ထောင့်နီကြီးများဖြင့် လှည့်ကြည့်၏။

ကျိုးဒယ်ခွန်က အေးစက်စက် နှာတစ်ချက်မှုတ်ပြီးနောက် မေးကိုမော့ထားသည်။ သူ၏အမူအရာက ဤသို့ပြောနေ၏။ " မင်းတို့ငါ့ကို လက်ဖျားနဲ့တောင် ထိလို့ရမယ်ထင်နေလား " သူက ၀တ်ရုံကို ဖြည်းညင်းစွာလှပ်ရင်း မျိုးနွယ်စုအကြီးအကဲတစ်ဦး၏ အမိန့်ဆွဲပြားကို လှစ်ဟပြလိုက်သည်။ ထိုအရာကိုမြင်သော် ခေါင်းကိုင်ဖခင်နှင့်နတ်ဆရာကြီးမှာ ဒေါသများကို မြိုသိပ်ပြီး ခေါင်းငုံ့ရုံမှတစ်ပါး မတတ်နိုင်ကြပေ။

ဤသို့ဖြင့် သုံးလသည် တဖြည်းဖြည်း ကုန်ဆုံးသွား၏။

" မင်းအညံ့ခံပြီးလား "

" အညံ့ခံဖို့ အဆင်သင့် မဖြစ်သေးဘူးမလား"

" ပြောစရာမလိုပါဘူး။ မင်းတို့ အညံ့ခံမှာ မဟုတ်တာ ငါသိတယ်။ အရေးမကြီးဘူး "

သုံးလအတွင်း တိုက်ပွဲ၀င်မျိုးနွယ်စု လိုက်မှီသွားတိုင်း ကျိုးဒယ်ခွန်က ကျီးနတ်မင်းမျိုးနွယ်စုကို လွှတ်ပေးရန် ဆင်ခြေဆင်လက်မျိုးစုံ ပြောတတ်လေသည်။ မကြာမီ ဓားနက်သုံးလက်မှာ အကြီးစားမျိုးနွယ်စုကြီးတစ်ခုမှ စေလွှတ်ခြင်းခံခဲ့ရသည့်တိုင် အရင်းအမြစ်များ ကုန်ခမ်းလာတော့သည်။ သူတို့၏ အမြန်နှုန်းမှာ ကျီးနတ်မင်းမျိုးနွယ်စုကို မကြာခင် လိုက်မှီတော့မည်မဟုတ်သည့် အတိုင်းအတာအထိ တဖြည်းဖြည်း လျော့ကျနေခဲ့လေပြီ။

လပေါင်းများစွာ ကုန်ဆုံးသွားပြီးနောက်တွင်တော့ ကျီးနတ်မင်းမျိုးနွယ်စုမှာ အခြေအနေကို အသားကျနေပြီဖြစ်သည်။ တိုက်ပွဲဝင်မျိုးနွယ်စု လိုက်မှီလာတိုင်း သူတို့က သိချင်စိတ်များဖြင့် စောင့်ကြည့်တတ်လေသည်။ ယခုတွင် ကျိုးဆိုသောအဘိုးကြီးမှာ တကယ်တော့ လူကောင်းတစ်ယောက်ဖြစ်ကြောင်း သူတို့ မြင်သွားကြ၏။

တစ်ခါတွင် ကျီးနတ်မင်းမျိုးနွယ်စုသည် အလယ်အလတ်မျိုးနွယ်စုတစ်စု၏ ဝိုင်းခြင်းခံခဲ့ရသည်။ သေရေးရှင်ရေးအခိုက်အတန့်တွင် တိုက်ပွဲ၀င်မျိုးနွယ်စုပေါ်လာပြီး ကျိုးဒယ်ခွန်က ဟိန်းဟောက်၍ ကျီးနတ်မင်းမျိုးနွယ်စု အညံ့ခံအောင်ဆိုသော သူတော်ကောင်းတရားကို ယိုးမယ်ဖွဲ့ရင်း တိုက်ပွဲ၀င်မျိုးနွယ်စုအား တိုက်ခိုက်စေ၏။ နောက်ဆုံးတွင်တော့ တိုက်ပွဲ၀င်မျိုးနွယ်စုမှာ သူတို့၏မချင့်မရဲအားမလိုအားမရဖြစ်နေမှုအလုံးစုံကို ထိုအလယ်အလတ်မျိုးနွယ်စုအပေါ်သို့ ပုံချနိုင်သွားလေသည်။

ထို့နောက် ကျိုးဒယ်ခွန်သည် ကျီးနတ်မင်းမျိုးနွယ်စုကို တိုက်ပွဲအား အဆုံးသတ်ခွင့်ပေးခဲ့သည့်အပြင် အညံ့ခံစေရန်ဆိုသော သူတော်ကောင်းတရားကို လက်ကိုင်စွဲရင်း တိုက်ပွဲ၏အကျိုးအမြတ်အားလုံးကို သိမ်းပိုက်ခွင့်ပေးလိုက်သည်။ သူတို့မှာ ထူးဆန်းသောအလင်းရောင်များဖြင့် မျက်လုံးများတောက်‌ပနေလျက် အဝေးသို့ထွက်သွားကြ၏။

နောက်ထပ်တစ်လကြာသွားသည်။ ‌တိုက်ပွဲ၀င်မျိုးနွယ်စု ခေါင်းကိုင်ဖခင်နှင့်နတ်ဆရာကြီးမှာ သိပ်စိတ်မဆိုးတော့ပေ။ ကျိုးဒယ်ခွန်မှာ သူတို့ကို တိုက်ခိုက်ခွင့် မပေးခြင်းမဟုတ်။ နှစ်ဦးနှစ်ဖက်လုံး အင်အားအပြည့်ဖြင့် တိုက်ခိုက်မည်ကိုသာ တားမြစ်ထားခြင်းဖြစ်သည်။ နှစ်ယောက်ချင်း တိုက်ပွဲများကိုကား ခွင့်ပြုပေးထား၏။

ထို့ကြောင့် မျိုးနွယ်စုတစ်စုသည် နှစ်ယောက်ချင်းချရင်း ခရီးနှင်ကြ၏။ ရံဖန်ရံခါ အဖော်မဲ့ကျင့်ကြံသူများက နှစ်ဦးချင်းတိုက်ပွဲများတွင် ဆင်နွှဲရန် ပျံလာတတ်ကြသည်။

နှစ်ယောက်ချင်းတိုက်ပွဲတွင် တိုက်ခိုက်သူနှစ်ယောက်သာ ပါ၀င်သည်။ ထို့ထက်မပို။

ထိုမျှသာမက တိုက်ပွဲက အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိသွားသည်နှင့် ကျိုးဒယ်ခွန်က တိုက်ပွဲကို အဆုံးသတ်စေမည်ဖြစ်သည်။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ တိုက်ပွဲ၀င်မျိုးနွယ်စုမှာ အခြေအနေနှင့်ပက်သတ်ပြီး ထုံနေလေပြီ။ ကျိုးဒယ်ခွန်နှင့် မန်ဟိုသည် တစ်ယောက်နှင့်တစ်ယောက်သိပြီး နက်ရှိုင်းသောဆက်ဆံရေးရှိနေကြောင်း သူတို့အချိန်အတော်ကြာကတည်းက သတိထားမိခဲ့ပြီးဖြစ်သည်။ ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာကြီးပင်လျှင် နောက်ဆုံး၌‌ နားလည်မှုဖြင့် လက်ခံလိုက်ရ၏။

သူတို့သည် ရာထူးအဆင့်တန်းအရ ကျိုးဒယ်ခွန်ထက်နိမ့်ကျကြောင်း သိလေသည်။ ထိုမျှသာမက သူသည် စစ်သေနာပတိဖြစ်သည်။ ထို့ကြောင့် ဤစစ်ဆင်ရေးအတွက် တာ၀န်ယူမှု၊ တာ၀န်ခံမှုအားလုံးမှာ သူ့ပခုံးအပေါ်တွင်သာ ဖြစ်လေသည်။

ထို့ကြောင့်သူတို့သည် ကျီးနတ်မင်းမျိုးနွယ်စုအား အမြစ်ဖြုတ်လိုစိတ်များကို လက်လျှော့လိုက်၏။ ကျိုးဒယ်ခွန် မည်သည့်အမိန့်ပေးပေး သူတို့လိုက်နာလေသည်။

နောက်ဆုံး၌ ကျိုးဒယ်ခွန်နှင့် မန်ဟိုအတွက် ဟန်ဆောင်စရာပင် မလိုတော့ပေ။ သူတို့သည် ရံဖန်ရံခါ လေလယ်တွင် စားပွဲချရင်း စကားပြောလိုက်၊ သောက်လိုက်စားလိုက် လုပ်နေတော့သည်။ တဖြည်းဖြည်းနှင့် မျိုးနွယ်စုနှစ်စု၏ နှစ်ဖက်အဖွဲ့၀င်များလည်း တစ်ယောက်ကိုတစ်ယောက် သိလာကြသည်။

မကြာမီ သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် ဆေးပေးမီးယူဖြစ်ကာ အကြောတည့်လာကြတော့၏။

ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာကြီးကို ပို၍ပင် ဆွံ့အသွားစေသည်က လပေါင်းများစွာ ထိတွေ့ဆက်ဆံရပြီးနောက် ‌မိတ်ဆွေဖြစ်သွားကြသော မျိုးနွယ်ဝင်များပင် ရှိလာခြင်းဖြစ်၏။ ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး အမြင်အချင်းချင်း ဖလှယ်ရန် ‌ရောက်လာတတ်သော တခြားမျိုးနွယ်စုမှ ဧည့်သည်များပင် ရှိလေသည်။ ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာကြီးခမျာ မချိပြုံးသာ ပြုံးနေ‌နိုင်တော့၏။

ဤမျိုးနွယ်စုနှစ်စုလုံးမှာ အားကောင်းသောအသတ်အဖြတ်စိတ်ဆန္ဒများကို ပိုင်ဆိုင်ထားသည်မဟုတ်ပါလော။ သူတို့သည် မရေမတွက်နိုင်သော တိုက်ပွဲများကို ကြုံတွေ့ခဲ့ရ၍ တစ်ယောက်ကိုတစ်ယောက် အလေးအနက်ထားကြလေသည်။ သူတို့သည် တန်ဖိုးရှိသောပြိုင်ဘက်များလည်းဖြစ်သလို၊ ဝါရင့်စစ်သည်များလည်းဖြစ်သည်သာမက ကျင့်ကြံသူများလည်းဖြစ်ကြ၏။ ယခုကဲ့သို့ နှစ်ဝက်လုံး ဆိတ်ငြိမ်အေးချမ်းနေမှုမျိုးမှာ အလွန်ရှားပါးလှသည်။

အရာအားလုံးက အတွဲညီ ၊ အတိုင်အဖောက်ညီနေ‌၏....

ရန်သူများ‌တွေ့တိုင်း ကျိုးဒယ်ခွန်အတွက် ဘာမှပြောစရာပင်မလို။ တိုက်ပွဲဝင်မျိုးနွယ်စုနှင့် ကျီးနတ်မင်းမျိုးနွယ်စုက အတူပေါင်းတိုက်ကြသည်။ ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာကြီးမှာ စစ်ဆင်ရေးကျရှုံးသွားပြီဖြစ်ကြောင်း သိ၍ ကျိုးဒယ်ခွန်အား ကပ်ဖားရပ်ဖား လုပ်နေတော့သည်။ ထို့မှသာ ပင်မမျိုးနွယ်စုနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်နိုင်မည်မဟုတ်ပါလော။

ဤနည်းဖြင့် အချိန်များ ကုန်ဆုံးသွားသည်။ တိုက်ပွဲဝင်မျိုးနွယ်စုနှင့် ကျီးနတ်မင်းမျိုးနွယ်စုမှာ သူတို့၏ချစ်ကြည်မှုကို ရံဖန်ရံခါ တိုက်ပွဲများ ဟန်ဆောင်တိုက်ခိုက်ရင်း ဖုံးကွယ်ထား၏။ ယခုတွင် ကျီးနတ်မင်းမျိုးနွယ်စုသည် ‌အနောက်ပိုင်းသဲကန္တာရအလယ်ပိုင်းကို ဖြတ်သန်းပြီး တောင်ပိုင်း၏နယ်စပ်နှင့် နီးကပ်နေပြီဖြစ်သည်.....

တစ်နေ့‌တွင် တိုက်ပွဲဝင်မျိုးနွယ်စုထံသို့ ကျောက်စိမ်းပြားသုံးပြား တစ်ဆက်တည်း ရောက်ချလာသည်။ ၎င်းတို့တွင် တိမ်ကောင်းကင်ပင်မမျိုးနွယ်စုမှ တိုက်ပွဲဝင်မျိုးနွယ်စုနှင့် ကျိုးဒယ်ခွန်ကို ချက်ချင်း ပြန်လာခိုင်းပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ဖြေရှင်း‌ချက်‌တောင်းနေသော စာများပါရှိသည်။

ကျီးနတ်မင်းကို ဖျက်စီးရမည့် စစ်‌ဆင်ရေးအား တခြားအရန်မျိုးနွယ်စုသို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်သည်။ ကျိုးဒယ်ခွန် သက်ပြင်းချလိုက်၏။ သူ့မှာ မန်ဟိုကို သည့်ထက်ပို၍ လိုက်ပါစောင့်ရှောက်မပေးနိုင်တော့ကြောင်း သိလိုက်ရလေပြီ။

***

All Chapters