← Chapters

ကျိုင်းကောင်မျိုးနွယ်စု

Vol. 36 Ch. 502

ကျိုင်းကောင်မျိုးနွယ်စု

Vol. 36 Ch. 502

ခွဲခွာရမည့်အချိန်ကျသောအခါ မန်ဟိုနှင့်ကျိုးဒယ်ခွန်သာ မခွဲချင် မခွာချင် ဖြစ်နေကြခြင်းမဟုတ်။ မျိုးနွယ်စုနှစ်စု၏ အဖွဲ့ဝင်များမှာ တစ်ယောက်ကို တစ်ယောက် တိတ်ဆိတ်စွာ စိုက်ကြည့်နေကြသည်။ သူတို့မှာ တိုက်ခိုက်လိုစိတ်များ မရှိတော့ဘဲ တစ်ယောက်နှင့်တစ်ယောက် လေးစားပြီး သဘောကျနေကြပြီဖြစ်လေသည်။

တိုက်ပွဲဝင်မျိုးနွယ်စုအတွက်တော့ အခြေအနေက ပိုမိုကောင်းမွန်သော အနေအထားတွင်ရှိသည်။ ကျီးနတ်မင်းမျိုးနွယ်စုမှာတော့ မကြာခင် တိမ်ကောင်းကင်မျိုးနွယ်စု၏ နောက်ထပ်အရန်မျိုးနွယ်စုတစ်စုနှင့် ရင်ဆိုင်ရမည့်အပြင် အတားအဆီးတို့ပြည့်နှက်နေသော တောင်ပိုင်းက စောင့်ကြိုနေကြောင်း သူတို့သိကြ၏။

အရှေ့၊ အနောက်၊ မြောက်နှင့် အလယ်ပိုင်းမှ တောင်ပိုင်းသို့ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်သတ်ဖြတ်ရင်း ဝင်ရောက်သွားနိုင်သော မျိုးနွယ်စုတစ်စုချင်းစီသည် အလွန်တရာ ထူးချွန်ပြောက်မြောက်၏။ မိစ္ဆာစိတ်ဝိညာဉ်မရှိသော မျိုးနွယ်စုများမှာ မိစ္ဆာစိတ်ဝိညာဉ် ပိုင်ဆိုင်ထားသည့်မျိုးနွယ်စုများကို စောင့်မျှော်ရင်း အနက်ရောင်နယ်မြေအနားတစ်ဝိုက်တွင် ကျင်လည်ကျက်စားနေကြသည်။ "သစ်ပင်အောက်မှာ ယုန်စောင့်" ဆိုသော ဆိုရိုးစကားအတိုင်းပင်။

ယင်းက ထိုကဲ့သို့မျိုးနွယ်စုများအတွက် အသက်ရှင်နိုင်သည့် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်၏။

တိုက်ပွဲ၀င်မျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်မှာ မကြာသေးမီကမှ ကျီးနတ်မင်းမျိုးနွယ်စု၏ အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်နှင့် ရင်းနှီးလာခဲ့လေသည်။ ယခုတွင် ခွဲခွာရမည့်အချိန်သို့ရောက်သောအခါ သူမှာ ဝမ်းနည်းနေတော့၏။

ဤမျိုးနွယ်စုနှစ်စုမှာ ပြီးခဲ့သည့်နှစ်၀က်အတွင်း ဤကဲ့သို့ထူးဆန်းသော ဆက်ဆံရေးတစ်ခုကိုတည်ဆောက်နိုင်လိမ့်မည်ဟု ဘယ်သူမှခန့်မှန်းနိုင်မည် မဟုတ်ပေ။

တိုက်ပွဲ၀င်မျိုးနွယ်စု၏ အဖွဲ့သားများက လက်ယှက်လိုက်ကြသည်။" ဂရုစိုက်ပါ "

ကျီးနတ်မင်းမျိုးနွယ်စု၏ အဖွဲ့သားများကလည်း လက်ယှက်ပြီး ဦးညွတ်လိုက်ကြ၏။

ကျိုးဒယ်ခွန်မှာ မန်ဟို့ကို ကြည့်ရင်း တစ်ခဏတိတ်ဆိတ်နေသည်။ နောက်ဆုံးတွင် သူက သက်ပြင်းချလိုက်၏။ " ညီလေး မင်း တောင်ပိုင်းဒေသကို ပြန်ရောက်ခဲ့မယ်ဆိုရင် ဆရာ့ကို ရှာပြီးတော့ ငါ့ကိုယ်စား သူ့ကို ဂါ၀ရပြုပေးပါ။ သူ အနက်ရောင်နယ်မြေကို ရောက်လာ‌တဲ့နှစ်တုန်းက ငါ့ကို ပညာသင်တပည့်တစ်‌‌ယောက်အဖြစ် လက်ခံပေးခဲ့တယ်။ သူက ငါ့ကို ပြောခဲ့တယ်။ ငါ့ရဲ့လမ်းကြောင်းက တောင်ပိုင်းဒေသမှာမဟုတ်ဘဲနဲ့ ကမ္ဘာကြီးထဲမှာရှိတာတဲ့…..

" ငါ တောင်ပိုင်းဒေသကို တကယ်ပြန်ချင်တယ်။ တစ်နေ့ မသေခဲ့ရင် ငါ ကျိုးဒယ်ခွန် သေချာပေါက် အဲ့ဒီကို ပြန်လာပြီး အရှေ့ဆေးဝါးအဖွဲ့ကို ပြန်လာမယ်…..

" ညီလေး မင်းလမ်းခရီးမှာ သေချာပေါက် ကိုယ့်ကိုကိုယ် ဂရုစိုက်နော်။ ငါဒီအထိပဲ လိုက်ပို့နိုင်တယ်။ သုံးရက်ကြာရင် ကျိုင်းကောင်မျိုးနွယ်စု ရောက်လာလိမ့်မယ်။ သူတို့ရဲ့စစ်ဆင်ရေးက မင်းတို့ကို အမြစ်ဖြုတ်သုတ်သင်ပစ်ဖို့ပဲ….

" ညီလေး အချိန်အရ ခွဲခွာရတော့မယ်။ ငါ့မှာ ဒီဟာကလွဲပြီး မင်းကို ပေးစရာမရှိဘူး " ကျိုးဒယ်ခွန်က မျက်လုံးများ တဖျတ်ဖျတ် တောက်ပနေလျက် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏သိုလှောင်အိတ်အတွင်းမှ ကမ္ဘာသစ်မိစ္ဆာတစ်သောင်း ပျံထွက်လာသည်။ တစ်ကောင်ချင်းစီသည် ထူးခြားပြောင်မြောက်သော ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထား၏။ သူတို့က ဟိန်းဟောက်ရင်း လေပေါ်သို့ပျံတက်လာကြသည်။ သူတို့၏အရှိန်အဝါများကား သာမန်မဟုတ်ကြောင်း ထင်ရှားလေသည်။

" ဒါ ငါ့အပိုင်ကမ္ဘာသစ် မိစ္ဆာအုပ်လေ။ ငါကတော့ သူတို့ကို မထိန်းချုပ်နိုင်ဘူး။ အနောက်ပိုင်းသဲကန္တာရမှာ ကမ္ဘာသစ်မိစ္ဆာတွေက တန်ဖိုးရှိတဲ့ အရင်းအမြစ်တွေဆိုတော့ အစ်ကိုကြီး မင်းကို လက်ဆောင်ပေးမယ် " ၎င်းတို့က ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၀ရုန်းသုန်းကား သောင်းကျန်းကြတော့သည်။ မန်ဟိုက ၎င်းတို့ကို လှမ်းကြည့်ပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းမှ မိစ္ဆာချီကို ဖြန့်ကျက်လိုက်၏။ ကမ္ဘာသစ်မိစ္ဆာများသည် မန်ဟို့ကို ကြည့်ရင်း ချက်ချင်း တုန်ရီလာကြသည်။ ၎င်းတို့က ဟိန်းဟောက်လိုက်သော်လည်း ရန်လိုနေသည့်အနေအထား မဟုတ်တော့ပေ။

ကျိုးဒယ်ခွန်က တိုက်ပွဲ၀င်မျိုးနွယ်စုကို လှမ်းကြည့်သည်။ " တိုက်ပွဲ၀င်မျိုးနွယ်စု ခေါင်းကိုင်ဖခင်နဲ့ နတ်ဆရာကြီး။ မင်းတို့ ပူးပေါင်းပေးခဲ့တာကို ငါ ဘယ်တော့မှမမေ့ပါဘူး။ ငါ ဒီစစ်ဆင်ရေးအတွက် တာ၀န်အားလုံးကို ခံယူပါ့မယ်

" ဒါပေမယ့် အခုလောလောဆယ်တော့ ငါ့ကို ကမ္ဘာသစ်မိစ္ဆာ နည်းနည်းပါးပါး ချေးဦးကွာ။ ငါ မျိုးနွယ်စုဆီ ပြန်ရောက်ရင် မင်းတို့ကို ပြန်ပေးဖို့အတွက် နည်းလမ်းရှာကြံပေးပါမယ်"

တိုက်ပွဲ၀င်မျိုးနွယ်၀င်ရှစ်ထောင်မှာ တိတ်ဆိတ်စွာ ရပ်နေကြသည်။ တဖြည်းဖြည်းနှင့် တစ်ဦးတစ်ယောက်ချင်းစီသည် ကမ္ဘာသစ်မိစ္ဆာနှစ်ကောင်၊သုံးကောင် ထုတ်လာကြ၏။ စုစုပေါင်းနှစ်‌သောင်းအား ပေးကြလေသည်။

သူတို့တွင် မိစ္ဆာသားရဲသခင်မရှိသဖြင့် အဆင့်နိမ့်မဟုတ်သော ကမ္ဘာသစ်မိစ္ဆာများကိုသာ ပိုင်ဆိုင်ထားကြလေသည်။ ကမ္ဘာသစ်မိစ္ဆာနှစ်‌သောင်း၏မြင်ကွင်းကား မန်ဟို့ကို သိသိသာသာ စိတ်လှုပ်ရှားသွားစေ၏။ မည်သည့်အနောက်ပိုင်းသဲကန္တာရမျိုးနွယ်စုအတွက်မဆို ဤသည်ကား ချမ်းသာကြွယ်၀မှုကို ကိုယ်စားပြုလေသည်။ မန်ဟိုက ကျိုးဒယ်ခွန်ကို လှည့်ကြည့်လိုက်၏။

ကျိုးဒယ်ခွန်က သူ့ကို ပြန်ကြည့်သည်။ သူသည် အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းပြီးနောက် မိသားစု၀င်တစ်ဦးကိုပြောနေသော လေသံဖြင့် စကားပြော၏။ " ဘာမှငြင်းမနေနဲ့ ညီလေး။ အစ်ကိုကြီးအနေနဲ့ မင်းကို ဒီနည်းနဲ့ပဲကူညီပေးနိုင်တယ်။ ကဲ မန်ဟိုရေ ဂရုစိုက်ကွာ " နက်ရှိုင်းလှသော နွေးထွေးမှုက သူ၏နှလုံးသားထဲတွင် ပြည့်နှက်နေ၏။ သူတို့သည် တစ်‌ယောက်ကိုတစ်ယောက် တစ်ခဏကြာသည်အထိ ကြည့်နေပြီးနောက် ကျိုးဒယ်ခွန်မှာ မန်ဟို့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်လေသည်။

" ဂရုစိုက်ကွာ " သူက ချာကနဲ လှည့်ပြီး အင်္ကျီလက်စကို ‌ဝှေ့လိုက်၏။ တိုက်ပွဲ၀င်မျိုးနွယ်ဝင်များက ကျီးနတ်မင်းမျိုးနွယ်စုကို နောက်ဆုံးတစ်ချက် ကြည့်ပြီးနောက် ဓားနက်များအပေါ်တက်ကာ မိုးကုပ်စက်ဝိုင်းသို့ ၀င်ရောက်ပျောက်ကွယ်သွားတော့သည်။

ယခုတွင် ကျီးနတ်မင်းမျိုးနွယ်စုသာ ကမ္ဘာသစ်မိစ္ဆာသုံးသောင်းနှင့်အတူ လေလယ်တွင် ပျံဝဲလျက် ကျန်ခဲ့လေသည်။ မန်ဟိုက ကျိုးဒယ်ခွန်ထွက်သွားသည်ကို ကြည့်နေ၏။ အချိန်အတော်လေးကြာသော် သူက အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းပြီးနောက် လှည့်လာသည်။ သူသည် မျက်နှာအပေါ်မှ ခံစားချက်များကို ဖြည်းညင်းစွာ ဖယ်ရှားလိုက်သဖြင့် နောက်တစ်ဖန် ရေခဲတမျှ‌အေးစက်ခက်ထန်သွား၏။

သူက လက်ကို ဝှေ့ယမ်းရင်း ကမ္ဘာသစ်မိစ္ဆာသုံးသောင်းကို သူ၏သိုလှောင်အိတ်ထဲသို့ ထည့်သွင်းလိုက်သည်။ ပြီးခဲ့သည့်နှစ်၀က်အတွင်း သူသည် အစာအဖြစ်သုံးစွဲခဲ့ရသော အကောင်များအပါအ၀င် ကမ္ဘာသစ်မိစ္ဆာစုစုပေါင်း ငါးသောင်းဆုံးရှုံးခဲ့ရ၏။ ယခုအကောင်များနှင့်ဆိုလျှင် သူ၏ကမ္ဘာသစ်မိစ္ဆာအုပ်သည် အင်အားတစ်သိန်းခွဲ ရှိသွားလေပြီ။

ကမ္ဘာသစ်မိစ္ဆာတစ်သိန်းခွဲ ထွက်လာသောအခါ အနောက်ပိုင်းသဲကန္တာရတစ်ခုလုံးအား လှုပ်လှုပ်ရှားရှားဖြစ်သွားစေရန် လုံလောက်၏။ ထိုကဲ့သို့သောအရေအတွက်မျိုးသည် အဆိပ်ငါးသွယ်မျိုးနွယ်စုလို မျိုးနွယ်စုကြီးများပင်လျှင် ပိုင်ဆိုင်နိုင်သည့်အရေအတွက်မဟုတ်ပေ။ မန်ဟိုသာ ဤမျှများပြားသော ကမ္ဘာသစ်မိစ္ဆာအုပ်ကို ပိုင်ဆိုင်ခဲ့လျှင် ထိုနှစ်က အဆိပ်ငါးသွယ်မျိုးနွယ်စုနှင့် စစ်ပွဲတွင် သူတို့ကို လုံး၀ချေမှုန်းနိုင်ခဲ့မည်ဖြစ်သည်။

အနောက်ပိုင်းသဲကန္တာရ၏နယ်မြေများတွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများရှိသော မျိုးနွယ်စုကြီးများသာလျှင် ထိုမျှများပြားသော ကမ္ဘာသစ်မိစ္ဆာများကို အကုန်အကျခံ ကျွေးမွေးစုဆောင်းနိုင်၏။

သို့ထိတိုင် ကမ္ဘာသစ်မိစ္ဆာတစ်သိန်းခွဲလုံးကို တစ်ပြိုင်တည်း ထိန်းချုပ်နိုင်သော မိစ္ဆာသားရဲသခင်ဟူ၍မရှိပေ။ ဒဏ္ဍာရီလာမဟာမိစ္ဆာသားရဲသခင်များပင်လျှင် ထိုသို့လုပ်နိုင်လိမ့်မည်မဟုတ်။

သို့သော် မန်ဟိုကတော့ လုပ်နိုင်သည်။ ထို့ထက်ပင် ပိုသေးသည်။

ကမ္ဘာသစ်မိစ္ဆာတစ်သောင်းသည် သူ့အတွက် သိပ်စိတ်ပူစရာမဟုတ်ပေ။ သူသည် သူတို့ကို ထိန်းချုပ်ရန် ကျင့်ကြံခြင်းအခြေခံကို သုံးနေခြင်းမဟုတ်ဘဲ မိစ္ဆာချီသုံးနေခြင်း ဖြစ်၏။ သူက တစ်သိန်းခွဲ မဟုတ်ဘဲ သုံးသိန်း သို့မဟုတ် ငါးသိန်းပင် ထိန်းချုပ်နိုင်၏။

ယခုတွင်မန်ဟိုနှင့် ကျီးနတ်မင်းမျိုးနွယ်စုသည် စစ်ပွဲမီးတောက်များအတွင်းမှ ထွန်းတောက်ပေါက်ဖွားလာခဲ့သော တိုက်ပွဲလမ်းကြောင်းအပေါ်ရှိ အမှတ်တစ်နေရာသို့ ရောက်ရှိခဲ့လေပြီ။ သူတို့သည် ယခုတွင် အကြီးစားမျိုးနွယ်စုကြီးများကိုပင်လျှင် ခြောက်လှန့်နိုင်ပြီဖြစ်သည်

" ငါတို့ ခရီးတစ်၀က်ကျော်ခဲ့ပြီ " မန်ဟိုက ပြောသည်။ " အနောက်ပိုင်းသဲကန္တာရရဲ့ အလယ်ပိုင်းကနေ ထွက်တာနဲ့တစ်ပြိုင်နက် ငါတို့အရှေ့မှာ အနောက်ပိုင်းသဲကန္တာရတောင်ပိုင်းပဲ ရှိတော့မှာ။ အဲ့ဒါလွန်ရင် အနက်ရောင်နယ်မြေကို ရောက်ပြီ " မန်ဟိုက အင်္ကျီလက်စကို ခါလိုက်ပြီး ကျီးနတ်မင်းမျိုးနွယ်၀င်များ၏ မျက်လုံးများထဲတွင် ခိုင်မာပြတ်သားသောစိတ်ဆန္ဒအလင်းရောင်များ တောက်ပလာ၏။ သူတို့ လေသင်္ဘောကြီးကား ရွှီးခနဲ လေကို ခွင်းသွားလေသည်။

၎င်းသည် ဂျိန်းခနဲ ထစ်ချုန်းပြီး ရောင်စုံအလင်းတန်းတစ်တန်း ဖြစ်သွား၏။

သုံးရက်ကြာသော် မန်ဟိုက အနောက်ပိုင်းသဲကန္တာရအလယ်ပိုင်း နှင့် တောင်ပိုင်းကြားက နယ်စပ်ဖြစ်သောနေရာကို လှမ်းကြည့်နေ၏။ ပြီးခဲ့သည့်ရက်များအတွင်း အနောက်ပိုင်းသဲကန္တာရမြောက်ပိုင်းမှာ ပင်လယ်ကြီးလုံးလုံးဖြစ်သွားခဲ့လေပြီ။ မှန်ပါသည်။ ‌အရှေ့ပိုင်း၊ အနောက်ပိုင်းနှင့် အလယ်ပိုင်းမှာလည်း ထိုကပ်ဘေးမှ မည်သည့်နည်းနှင့်မျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ပင်လယ်ရေများက ထိုနေရာများသို့လည်း စီးဆင်း၀င်ရောက်နေခဲ့ပြီဖြစ်သည်။ ကန်များ အတူတကွ စု‌ပေါင်းသွား၍ ရေများလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့လေပြီ။

လွင်ပြင်များကိုလည်း မမြင်ရတော့။ တောင်ကြားချိုင့်ဝှမ်းများမှာ မြေအောက်သင်္ချိုင်းများအဖြစ်သို့ ရောက်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ခရမ်းမိုးသည် မြေပြင်ကို လွှမ်းမိုးရင်း အဆက်မပြတ်ရွာကျနေ၏။ ပင်လယ်ရေပြင်က နက်ရှိုင်းသထက် နက်ရှိုင်းလာပြီး နေရာတိုင်းမှာ ပင်လယ်တစ်စင်းဘ၀သို့ ပြောင်းလဲနေလေသည်။

တချို့နေရာများတွင် ကျွန်းများသဖွယ် ထိုးထွက်နေသော နေရာများရှိ၏။ သို့သော် သက်ရှိအရာဟူ၍ကင်းမဲ့နေခြင်းက နေရာအနှံ့အပြားတွင် သေခြင်းအခိုးအငွေ့များအား တထောင်းထောင်း ထနေစေ၏။

စိတ်ဝိညာဉ်စွမ်းအင်မှာမူ အတိုင်းအထက်အလွန် နည်းပါးနေခြင်း မဟုတ်တော့ဘဲ ရှိကိုမရှိတော့သည်ဖြစ်သည်။

တောင်ပိုင်းတွင်သာ မျှော်လင့်ချက်ရှိ၏။ တောင်ပိုင်းသည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံးဖြစ်ပြီး ပင်လယ်ရေ စီး၀င်မရောက်သေးသော တစ်ခုတည်းသောနေရာလည်း ဖြစ်လေသည်။ သို့သော် မျိုးနွယ်စုမည်မျှ ထိုနေရာတွင် စုဝေးနေမည်လဲ မန်ဟို စိတ်ကူးကြည့်နိုင်သည်။ ပြွတ်သိပ်ကြပ်မနေလောက်သော်လည်း ထို့နီးနီးတော့ ဖြစ်လောက်သည်။

သို့သော် ယခုကျီးနတ်မင်းမျိုးနွယ်စုမှာ ယခင်ကကဲ့သို့ အားနည်းသူများမဟုတ်တော့ပေ။ သူတို့သည် ရက်စက်ကြမ်းကြုတ်ပြီး သတ္တိရှိ၏။ သူတို့က အခြားသူများ အလေးအနက်ထားမည့်မျိုးနွယ်စု သို့မဟုတ် ကြောက်ပင်ကြောက်ရမည့် မျိုးနွယ်စုဖြစ်လာခဲ့လေပြီ။

" ငါတို့အခု ခရီးရဲ့နောက်ဆုံးပိုင်းကို ရောက်ပြီ " မန်ဟိုက‌ သင်္ဘောကြီး လေကိုခွင်း၍ သွားနေစဉ် အသက်ပြင်းပြင်း ရှုသွင်းလိုက်သည်။ သူတို့နယ်စပ်နားသို့ ရောက်လာသည့်အချိန်မှာပင် မန်ဟို့မျက်လုံးများသည် အသတ်အဖြတ်စိတ်ဆန္ဒဖြင့် ချက်ချင်းတောက်ပသွား၏။ သူက ကောင်းကင်ကို ပြန်လှည့်ကြည့်လိုက်သည်။

အဝေးမှ သူတို့ဆီသို့ ပျံသန်းလာနေသော အဝါရောင်အလင်းအား တွေ့လိုက်ရ၏။ ၎င်းအနားသို့ပင် ရောက်မလာသေးခင် တဝီးဝီးမြည်သံများ ဆူညံလာသည်။ ယခုတွင် အဝါရောင်အလင်းမှာ တကယ်တော့ မရေမတွက်နိုင်သော ကျိုင်းကောင်များဖြစ်ကြောင်း မြင်လိုက်ရပြီဖြစ်သည်။ ကျိုင်းကောင်တစ်ကောင်စီသည် လက်တစ်ဖက်အရွယ်ရှိပြီး ပုံပန်းသွင်ပြင်မှာ အလွန်အကျည်းတန်၏။ ၎င်းတို့က အရေအတွက်အားဖြင့် ထောင်ပေါင်းများစွာရှိပုံရပြီး ကောင်းကင်ကို ပိတ်ဖုံးကွယ်ရန် လုံလောက်လေသည်။

ကျိုးကောင်များကြားတွင် ဟိုဟိုသည်သည်ရှိနေသည်ကား ကျင့်ကြံသူခုနှစ်ထောင်ကျော် ဖြစ်၏။ ကျိုင်းကောင်များနှင့်အတူ ကျီးနတ်မင်းမျိုးနွယ်စုထံသို့လာနေကြစဉ် သူတို့မျက်နှာများ၌ စက်ဆုပ်ရွံရှာနေသောအမူအရာများ ရှိလေသည်။

ကျင့်ကြံသူခုနှစ်ထောင်ကြားတွင် တင်းမာခက်ထန်နေသော မျက်နှာထားများဖြင့် အဘိုးကြီးဆယ့်နှစ်ယောက်ပါရှိ၏။ သူတို့ထဲက တစ်ယောက်က ရုတ်တရက် ပြောသည်။ " ငါတို့က တိမ်ကောင်းကင်မျိုးနွယ်စုကြီးရဲ့ ကျိုင်းကောင်မျိုးနွယ်စုပဲ။ ကျီးနတ်မင်းမျိုးနွယ်စု ၊ မင်းတို့ရဲ့မိစ္ဆာစိတ်ဝိညာဉ်ကို ငါတို့ကို ပေးပါ။ မင်းတို့မှာ ငါတို့ မင်းတို့မျိုးနွယ်စုကို ဘာကြောင့် မရှင်းပစ်သင့်လဲဆိုတဲ့ အကြောင်းပြချက်ပေးဖို့အတွက် အသက်သုံးရှိုက်ရမယ် "

သူ့ပါးစပ်မှ စကားလုံးများထွက်သွားသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ယောက်က ပြောသည်။ " တစ် နှစ်….. "

သုံးဟူ၍မရွတ်နိုင်ခင် ကျီးနတ်မင်းမျိုးနွယ်စု၏ အသတ်အဖြတ်စိတ်ဆန္ဒတို့ ဟုန်းခနဲ ပေါက်ကွဲထွက်လာသည်။ တစ်ချိန်တည်းမှာပင် မန်ဟိုက မပြောင်းလဲသောအမူအရာဖြင့် ညာလက်ကို ဝှေ့ယမ်းလိုက်သည်။

သူ ထိုသို့လုပ်လိုက်သောအခါ ကမ္ဘာသစ်မိစ္ဆာတစ်သောင်း ။ ထို့နောက် ကမ္ဘာသစ်သုံးသောင်း ဟိန်းဟောက်ရင်း ထွက်ပေါ်လာ၏။

" အသေးစားမျိုးနွယ်စုဆိုတာ ပမွှားလေးတွေပဲ " အဘိုးကြီးဆယ့်နှစ်ယောက်ထဲက နောက်တစ်ယောက်က ထပ်ပြောသည်။ မင်းတို့ တိမ်ကောင်းကင်မျိုးနွယ်စုကို ဒီမလောက်လေးစား ကမ္ဘာသစ်မိစ္ဆာသုံးသောင်းနဲ့ တိုက်ခိုက်ချင်ရင်တော့……… " သူ့မှာ စကားပင် ဆုံးအောင်မပြောနိုင်ပေ။ သူ၏မျက်လုံးများကား မယုံကြည်နိုင်မှုများဖြင့် ဝိုင်းစက်သွားလေပြီ။

အဘယ့်ကြောင့်ဆိုသော် ကမ္ဘာသစ်မိစ္ဆာများကား သုံးသောင်းမှာတင် ရပ်မနေဘဲ လေးသောင်း၊ ငါးသောင်း၊ ခြောက်သောင်းအထိ တစတစ တိုးပွားလာ၍ပင်။

ကမ္ဘာသစ်မိစ္ဆာခြောက်သောင်းပေါ်လာသည့်အခါတွင် အဘိုးကြီးဆယ့်နှစ်‌ယောက်၏ မျက်နှာအမူအရာများ လေးနက်သွားကြသည်။ သူတို့ဦးဆောင်ခေါ်လာသည့် ကျင့်ကြံသူတစ်၀က်ကျော်မှာလည်း အသက်ပြင်းပြင်း ရှုသွင်းနေရ၏။ သူတို့မှာ လာတော့မည့်တိုက်ပွဲကို အနိုင်ရလိုလျှင် ကြီးကြီးမားမား ပေးဆပ်ရတော့မည် ဖြစ်ကြောင်း သိလိုက်လေသည်။

ဆယ့်နှစ်ယောက်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ဟန်တူသော အဘိုးကြီးက အေးစက်စွာပြောသည်။ " ကမ္ဘာသစ်မိစ္ဆာခြောက်သောင်းတဲ့လား။ ပင်မမျိုးနွယ်စုက ကျီးနတ်မင်းမျိူးနွယ်စုကို လျှော့တွက်ထားပုံပဲ။ ဒါပေမယ့် ငါတို့….. " သူစကားပင်ပြောမ‌ဆုံးမီ အဘိုးကြီးဆယ့်နှစ်ယောက်လုံး မျက်နှာ ကွက်ခနဲ ပျက်သွားကြ၏။ ယခုလေးတင် စကားပြောနေခဲ့သော အဘိုးကြီးပင်လျှင် ပါးစပ်ကြီးအဟောင်းသားနှင့် မျက်လုံးကြီးမပြူးမိဘဲမနေပေ။

ခုနစ်သောင်း၊ ရှစ်သောင်း၊ ကိုးသောင်း၊ တစ်သိန်း။

ကမ္ဘာသစ်မိစ္ဆာတစ်သိန်းက ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေ၏။ ၎င်းတို့၏ဟိန်းဟောက်သံများလည်း ဆူညံ‌နေလျက်ရှိရာ ကောင်းကင်ကြီးမှာ မှေးမှိန်လာပြီး လေပြင်းမုန်တိုင်းများ တိုက်ခတ်လာ၏။ ကျင့်ကြံသူခုနစ်ထောင်၏ မျက်နှာများ ဖြူဖျော့လာပြီး အံဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။ အဘိုးကြီးဆယ့်နှစ်ယောက်ပင်လျှင် ဟောဟဲလိုက်နေပြီး ရင်တဒိန်းဒိန်းခုန်နေသည်ကိုပင် ခံစားလိုက်ကြရသည်။

" ကမ္ဘာသစ်မိစ္ဆာတစ်သိန်း။ အကုန်လုံးကလဲ အဆင့်ခြောက်နဲ့အထက်တွေ ဒါ...ဒါ..... "

" သူတို့....သူတို့မှာ ကမ္ဘာသစ်မိစ္ဆာတစ်သိန်းတောင် ရှိတယ်။ ဘုရား တရား သံဃာ ။ ငါတို့ ဘယ်လိုတိုက်ခိုက်ကြတော့မတုန်း"

" မဖြစ်နိုင်ဘူး။ မဟာမိစ္ဆာသားရဲသခင်တစ်ယောက်တောင်မှ ကမ္ဘာသစ်မိစ္ဆာတစ်သိန်းကို မထိန်းချုပ်နိုင်ဘူးလေ။ ဒီလူက ဘယ်လိုလုပ်ပြီး ထိန်းချုပ်နိုင်တာတုန်း "

ခေါင်းကိုင်ဖခင်နှင့် အကြီးအကဲအပါအ၀င် ကျိုင်းကောင်မျိုးနွယ်စုတစ်စုလုံးမှာ အံ့ဩမှင်သက်နေတုန်းရှိသေးသည်၊ နောက်ထပ်မြင်လိုက်ရသည့်အရာကြောင့် ရူးသွားတော့မတတ် ဖြစ်သွားကြ၏။ မမြင်နိုင်သောမြားတစ်စင်းကြီးကား သူတို့၏ဦး‌နှောက်များကို ထုတ်ချင်းဖောက်ထွက်သွားသည့်အလားပင်။ သူတို့မှာ အံ့ဩမှင်သက် တုန်လှုပ်  ဆွံအသွားကြတော့၏။

တစ်သိန်းတစ်သောင်း….. တစ်သိန်းနှစ်သောင်း… တစ်သိန်းသုံးသောင်း…

နောက်ဆုံးတွင် ကမ္ဘာသစ်မိစ္ဆာတစ်သိန်းခွဲလုံး ပျံတက်သွားပြီး ကောင်းကင်အပြည့် နေရာယူသွား၏။ ဤအခြေအနေကို " ဝေဟင်ကိုဖုံးကွယ်၍ ကမ္ဘာကို ဖုံးလွှမ်းသည်"  ဆိုသော စကားမှတစ်ပါး ဖော်ပြရန် စကားလုံးမရှိပေ။

ကျိုင်းကောင်မျိုးနွယ်၀င်များမှာ ဆွံအနေကြတော့သည်။ သူတို့မှာ ကြောင်တောင်တောင်လေး ငေးကြည့်နေကြပြီး အချိန်‌အတော်လေးကြာမှ အသက်ပြန်ရှုနိုင်ကြလေသည်။

ကျိုင်းကောင်မျိုးနွယ်စု၏ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ ဆယ့်နှစ်ယောက်မှာ မျှော်လင့်ချက်မဲ့သွားသော ခံစားချက်များဖြင့် ခေါင်းကြိမ်းလာတော့သည်။ စောစောက သူတို့သည် သူတကာထက် သာသည်ဟု တွေးထင်ခဲ့၏။ သူတို့အတွက် ဤမျိုးနွယ်စုကို အမြစ်ဖြုတ်သုတ်သင်ရန်မှာ အသေးအဖွဲကိစ္စလေးတစ်ခုသာ ဖြစ်ခဲ့လေသည်။ မျက်စိတစ်မှိတ်အတွင်း အခြေအနေမှာ ပြောင်းပြန် ဖြစ်သွားခဲ့လေပြီ။ သူတို့၏ရန်သူများအနေဖြင့် သူတို့အား ကြက်က‌လေးငှက်ကလေးလို ဂုတ်ချိုးသတ်ပေတော့မည်။ ချက်ချင်းပင် ကျိုးကောင်မျိုးနွယ်စုတစ်စုလုံး ကြောက်ဒူးတုန်လာတော့၏။

မျိုးနွယ်စုနှစ်စုအကြား ကြီးမားလှသော ကွာဟမှုကြီးက ကျိုးကောင်မျိုးနွယ်ဝင်များကို တိုက်ခိုက်လိုစိတ်တစ်စက်မှ မကျန်တော့စေသည်အထိဖြစ်သည်။ သူတို့မျက်နှာများမှာလည်း သွေးဆုပ်ဖြူလျော်နေကြလေပြီ။

မန်ဟို့၏ အေးစက်သောအသံက ပဲ့တင်ထပ်လာသည်။ "ကျိုင်းကောင်မျိုးနွယ်စု၊ ငါ မင်းတို့ မျိုးနွယ်စုတစ်စုလုံးကို ဘာကြောင့် မရှင်းပစ်သင့်လဲဆိုတဲ့ အကြောင်းပြချက်ပေးဖို့ အသက်သုံးရှိုက်ရမယ်" ကမ္ဘာသစ်မိစ္ဆာတစ်သိန်းခွဲက မာန်ဖီဟိန်းဟောက်လိုက်ကြ၏။

ဟိန်းဟောက်သံများက ကျိုင်းကောင်မျိုးနွယ်ဝင်များကို ရိုက်ခတ်လိုက်သော အသံလှိုင်းများ ဖြစ်လာသည်။ ကျိုင်းကောင်များမှာ နာကျင်စွာ အော်ပြီး နောက်ဆုတ်သွားကြ၏။ မျိုးနွယ်ဝင်များ၏အဝတ်အစားများမှာ ဟိန်းဟောက်သံများ၏ပြင်းအားအောက်ဝယ် စုတ်ပြဲကုန်ကြပြီး သူတို့မှာ နောက်ရောက်သွားလေသည်။ သူတို့၏စိတ်များမှာ ချာချာလည်နေပြီး ရေထဲအနှစ်ခံနေရသကဲ့သို့ မွန်းကြပ်လာကြသည်။

***

All Chapters