← Chapters

ရွေးချယ်မှုများ

Vol. 36 Ch. 503

ရွေးချယ်မှုများ

Vol. 36 Ch. 503

ကျိုင်းကောင်မျိုးနွယ်ဝင်ခုနစ်ထောင်၏မျက်နှာများမှာ စက္ကူလို ဖြူဖပ်နေပြီး ကြောက်ဒူးတုန်နေကြလေသည်။ သူတို့မှာ ကောင်းကင်အပြည့် ကြီးစိုးနေသော ကမ္ဘာသစ်မိစ္ဆာမျိုးကို စိုက်ကြည့်ရင်း ကိုယ့်မျက်စိကိုယ်မယုံနိုင်ဖြစ်နေကြသည်။

ကမ္ဘာမိစ္ဆာတစ်သိန်းခွဲ။ ဤအင်အားက မည်သည့် အလယ်အလတ်မျိုးနွယ်စုကိုမဆို မြေပုံပေါ်မှ ဖျောက်ပစ်နိုင်၏။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများ မရှိသော အကြီးစားမျိုးနွယ်စုတချို့ပင် ထိုကမ္ဘာသစ်မိစ္ဆာတပ်၏ အပြီးအပိုင်ချေမှုန်းခြင်း ခံရမည်ဖြစ်သည်။

မည်သည့်မျိုးနွယ်စုမှ ထိုမျှသွေးဆာနေသော ကမ္ဘာသစ်မိစ္ဆာအုပ်ကြီးတစ်အုပ်နှင့် တိုက်ခိုက်လိုစိတ်ရှိမည် မဟုတ်ပေ။ သူတို့သည် တိမ်ကောင်းကင်မျိုးနွယ်စု၏ အရန်မျိုးနွယ်စုများဖြစ်စေ၊ ကျိုင်းကောင်းသောင်းချီနှင့် ကျင့်ကြံသူခုနစ်ထောင်ထက်ပိုများပါစေ အရေးမကြီး။

သူတို့နှင့် ကျီးနတ်မင်းမျိုးနွယ်စုအကြား၌ အတုံ့အလှည့်ကံကြွေးမရှိ။ သူတို့မှာ အဆိပ်ငါးသွယ်မျိုးနွယ်စုကြောင့်သာ ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် အဆိပ်ငါးသွယ်မျိုးနွယ်စုမှာ ဘိုးတော်ဘုရားလက်ထက်ကတည်းက သုတ်သင်ခဲ့ရပြီးလေပြီ။ ကျိုင်းကောင်မျိုးနွယ်စုပင် ယခုကဲ့သို့စစ်ဆင်ရေးကို သိပ်ဘဝင်မကျပေ။

တိမ်ကောင်းကင်မျိုးနွယ်စုမှာ မျက်နှာမပျက်ရေးအတွက်သာ အကြောင်းရှာပြီး တိုက်ခိုက်ခိုင်းခဲ့ကြောင်းသိသာသည်။ ထို့အပြင် သူတို့တွင် မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင်လည်း ရှိနှင့်ထားပြီးသည်ကို စဉ်းစားကြည့်လျှင် ပို၍ယုတ္တိရှိလေသည်။

"တစ် နှစ် သုံး" မန်ဟိုက ကျိုင်းကောင်မျိုးနွယ်များကို သွေးအေးအေးကြည့်ရင်း အေးတိအေးစက်ပြောသည်။ စကားပြောပြီးသောအခါ သူသည် လက်ကို မြှောက်ပြီး သူတို့ကို ညွှန်လိုက်၏။ ဟိန်းဟောက်နေသော ကမ္ဘာသစ်မိစ္ဆာတစ်သိန်းခွဲလုံး ကြက်သေသေနေသော ကျိုင်းကောင်မျိုးနွယ်စုထံသို့ ချီတက်သွားတော့မည့်အချိန် ... အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူဆယ့်နှစ်ယောက်အနက်မှ တစ်ယောက်က ရုတ်တရက် ထအော်သည်။

"ကျီနတ်မင်းမျိုးနွယ်စုက တာအိုရောင်ရင်း၊ ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါဦး" ဤသည်မှာ ခေါင်းဆောင်နေရာရှိ ကျိုင်းကောင်မျိုးနွယ်စု ခေါင်းကိုင်ဖခင် ဖြစ်၏။

မန်ဟို့လက်က လှုပ်ရှားနေရာမှ ရပ်သွားပြီး သူ၏မျက်လုံးများ အရောင်လက်သွားသည်။

"ဒါတွေအကုန် နားလည်မှုလွဲတာပါ" ခေါင်းကိုင်ဖခင်က ခါးသီးစွာ ပြုံးရင်း ပြောသည်။ "ကျီးနတ်မင်းမျိုးနွယ်စုက တာအိုရောင်ရင်း၊ ကျေးဇူးပြုပြီး အချိန်ခဏလောက်ပေးပါ။ ကျုပ် ပင်မမျိုးနွယ်စုကို ဆက်သွယ်ပြီး ရှင်းပြခိုင်းလိုက်ပါ့မယ်။ ဒီတိုက်ပွဲကတော့... တကယ် တိုက်ခိုက်စရာမလိုပါဘူး။ ‌ဘယ်လိုလဲ တာအိုရောင်ရင်း..." သူက သက်ပြင်းခိုးချလိုက်သည်။ သူ့မှာ ပြိုင်ဘက်တွင် ‌ဤမျှကြောက်စရာကောင်းသော ကမ္ဘာမိစ္ဆာအုပ်ကြီးရှိနေသည်ကိုသာ ကြိုသိခဲ့လျှင် မည်မျှမက်လုံးပေးပေး၊ ဤစစ်‌ဆင်ရေးကို လက်ခံခဲ့မည်မဟုတ်ပေ။

"မမေ့ပါနဲ့" သူက ဆက်ပြောသည်။ "ရောင်ရင်း ကျိုင်းကောင်မျိုးနွယ်စုကို တိုက်ခိုက်ပြီး ရှင်းပစ်နိုင်တယ်။ ဒါပေမဲ့ တိမ်ကောင်းကင်မျိုးနွယ်စုရဲ့ အရန်မျိုးနွယ်စု(၁၃)စုထဲက တစ်စု ဖျက်စီးခံလိုက်ရရင် ရန်ငြိုးကို.... ဘယ်တော့မှာ ရှင်းပစ်လို့ရမှာ မဟုတ်တော့ဘူး" ခေါင်းကိုင်ဖခင်က ကျောက်စိမ်းပြားတစ်ပြားကို ထုတ်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ကာ ၎င်းအတွင်းသို့ စွမ်းအားတချို့ ပို့လွှတ်လိုက်သည်။

မန်ဟိုက ကြားဝင်မနှောင့်ယှက်ပေ။ အမှန်တွင် အခြေအနေအား ‌‌ဖြေရှင်းနိုင်သည့်အကောင်းဆုံးနည်းလမ်းမှာ မတိုက်ခိုက်ဘဲ သူတို့ကို ဖြဲခြောက်ရန်သာဖြစ်ကြောင်း မန်ဟို ကောင်း‌ကောင်းသိ၏။

တိမ်ကောင်းကင်မျိုးနွယ်စုမှာ မျိုးနွယ်စုကြီးတစ်စုဖြစ်သည့်အပြင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးလည်း ရှိသည်မဟုတ်ပါလော။ မန်ဟိုအတွက် သူ၏ကျင့်ကြံအဆင့်နှင့် ကျီးနတ်မင်းမျိုးနွယ်စု၏အခြေအနေကို စဉ်းစားလျှင် ကမ္ဘာသစ်မိစ္ဆာတစ်သိန်းခွဲဖြင့်ပင် အစွမ်းထက်သော စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်နှင့် ယှဥ်နိုင်မည်မဟုတ်ကြောင်း သိ၏။

..... သွေးခွေးကြီး နိုးထမလာသရွေ့ပင်။

မကြာသေးမီက သွေးခွေးကြီး နိုးထလာသည့် အရိပ်အယောင်များ ပြသခဲ့သော်လည်း အပြည့်အဝ‌တော့ နိုးမလာသေးပေ။

ထို့ကြောင့် ဤရန်သူကို အားနည်းနည်းပါးပါး ထုတ်ပြပြီး ဖြဲ‌ခြောက်ခြင်းက ‌အကောင်းဆုံးရွေးချယ်မှုဖြစ်၏။ အရှုံးအမြတ်ပေါ်မူတည်ပြီး မျိုးနွယ်စုအနေဖြင့် မီးစင်မှ ကြည့်က,ပေမည်။ တိမ်ကောင်းကင်မျိုးနွယ်စုမှာ မိစ္ဆာစိတ်ဝိညာဉ်များကို သိပ်စိတ်မဝင်စားကြောင်းလည်း ကျိုးဒယ်ခွန်ဆီမှ မန်ဟိုသိထားရ၏။ သူတို့က ‌တစ်ကောင်ရှိရှိ၊ မရှိရှိ ဝင်ရောက်နိုင်သည်မဟုတ်ပါလော။

သူတို့အနေဖြင့် မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင်လိုချင်လျှင် သိပ်အပင်ပန်းခံစရာမလိုဘဲ ရနိုင်သည်။ သို့သော် တစ်ကောင်လေးရဖို့ ကြီးကြီးမားမား ပေးဆပ်ရမည်ဆိုလျှင်တော့ မန်ဟို့၏တွက်ချက်မှုများအရ မိစ္ဆာစိတ်ဝိညာဉ်ကို လက်လျှော့သွားနိုင်လောက်လေသည်။

မျိုးနွယ်စုနှစ်စုကြား၌ ‌ရန်ငြိုးလည်း မရှိသည်မဟုတ်ပါလော။ ထိုမျှသာမက ပျက်သုဉ်းခြင်းကပ်ဘေးကလည်း အရေးကြီးသောအခိုက်အတန့်ကို ရောက်ရှိနေပြီဖြစ်သည်။ မျိုးနွယ်စုကြီးများပင်လျှင် ၎င်း၏ဝါးမြိုခြင်းခံရမည်ကို စိုးရိမ်နေရ၏။ ထို့ကြောင့် အကြောင်းပြချက်‌ကောင်းကောင်းမရှိဘဲ ဒုက္ခခံချင်မည်မဟုတ်ပေ။

ဤအချက်အားလုံးက မန်ဟို့ကို ယုံကြည်ချက်ရှိချေသည်။

ခေါင်းကိုင်ဖခင်ကိုင်ထားသော ကျောက်စိမ်းပြားက ရုတ်တရက် အစိမ်းရောင်အလင်းဖြင့် တောက်ပလာ၏။ အလင်းသည် မျက်စိကန်းမတတ် တောက်ပရင်း ဖြာထွက်လာသည်။ ၎င်းကား တဖြေးဖြေးနှင့် ပုံရိပ်တစ်ခုအသွင်ဆောင်လာ၏။

ကျိုင်းကောင်မျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာကြီးမှာ မျိုးနွယ်ဝင်များနှင့်အတူ ချက်ချင်း ဒူး‌ထောက်အရိုအသေပေးလိုက်ကြသည်။

"ဂါဝရပြုပါတယ် အရှင်သံတမန်"

အသံများ ပဲ့တင်ထပ်လာစဉ် အစိမ်းရောင်အလင်းသည် အစိုင်အခဲဖြစ်လာ၏။ ရုတ်တရက် လူတစ်ယောက်ပေါ်လာခဲ့လေပြီ။ ထိုသူသည် အေးစက်မှုတို့ ပြည့်နှက်နေသော ရှည်ရှည်သွယ်သွယ်မျက်ဝန်းများ ပိုင်ဆိုင်ထားပြီး ချောမောခံ့ညား၏။ အလွန်ဆုံးမှ အသက်သုံးဆယ်စွန်းစွန်းသာ ရှိမည်ထင်ရသည်။ သူ၏ခန္ဓာကိုယ်မှာ ပုံရိပ်သာဖြစ်သော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံသည် ပတ်ဝန်းကျင်ရှိ အရာခပ်သိမ်းကို စိုးမိုးလွှမ်းခြုံသွားသော ကြောက်မက်ဖွယ်ရာ စွမ်းအားကြီးဖြင့် လှိုင်းများဖြာထွက်သွားသေး၏။

သူ့ခန္ဓာကိုယ်မှာ အစိမ်းရောင်တောက်နေပြီး မန်ဟို့နှင့် သူ၏ကမ္ဘာသစ်မိစ္ဆာတစ်သိန်းခွဲကို လှမ်းကြည့်လိုက်သည်။ သူ၏သူငယ်အိမ်များ ကျုံ့သွားပြီးနောက် ကျီးနတ်မင်းမျိုးနွယ်ဝင်များကို ကြည့်၏။ သူတို့၏အသတ်အဖြတ်စိတ်ဆန္ဒကို ခံစားလိုက်ရသဖြင့် သူ့မှာ သိသိသာသာ အံ့အားသင့်သွားလေသည်။

ယခုကဲ့သို့ ကမ္ဘာသစ်မိစ္ဆာအုပ်တစ်အုပ်မှာ သူ့ကို တုန်လှုပ်သွားစေပြီး ကျီးနတ်မင်းမျိုးနွယ်စုလို မျိုးနွယ်စုတစ်စုမှာ သူ့အား တိုက်ပွဲဝင်မျိုးနွယ်စုတစ်စုကို ကြည့်နေရသည့်အလား ခံစားရစေသည်။

နောက်ဆုံးတွင် သူ့အကြည့်သည် မန်ဟို့အပေါ် ကျရောက်လာပြီး မျက်လုံးများ ကျဉ်းမြောင်းသွား၏။

"သွေး မျက် နှာ လူ ထူး ဆန်း" သူက တံတားပျက်နယ်ပယ်မှာတုန်းက လူအများပေးခဲ့သော ဘွဲ့ကို ‌တစ်လုံးချင်း ရေရွတ်လိုက်သည်။

တကယ်တော့ ကျီးနတ်မင်းမျိုးနွယ်စု၏ ထွန်းတောက်ကျော်ကြားလာမှုမှာ လူမသိသူမသိဘဲ မနေပေ။ အာရုံစိုက်သူများသထက် များလာသည်နှင့်အမျှ မန်ဟို့၏သရုပ်မှန်မှာ မည်သို့မပေါ်ဘဲ နေတော့မည်နည်း။ သွေးမျက်နှာဖုံးမှာ အတော်လေး ထူးခြားသည်မဟုတ်လော။

မှန်သည်၊ မန်ဟို့မိစ္ဆာစိတ်ဝိညာဉ်၏ ဇစ်မြစ်လည်း မပေါ်ဘဲမနေ။

"တံတားပျက်နယ်ပယ် အရင်တစ်ခေါက် ပေါ်လာခဲ့တုန်းက ငါ ကျောက် တံခါးပိတ်ကျင့်ကြံနေခဲ့တာ ဆိုးလွန်းတယ်။ အဲ့ဒါကြောင့် မသွားနိုင်ခဲ့ဘူး။ ဒါပေမဲ့ နဂါးနက်မျိုးနွယ်စုရဲ့ ရှုပိုင်နဲ့ မိစ္ဆာအဆောင်မျိုးနွယ်စုရဲ့ ချန်မိုဆီကနေ သတင်းကြားထားတယ်။ သူတို့က မင်း အဲ့ဒီမိစ္ဆာစိတ်ဝိညာဉ်ကို လုသွားလို့ သူတို့ အံတကြိတ်ကြိတ်ဖြစ်နေခဲ့ရတာကို ဘယ်တော့မှ မေ့မရဘူးတဲ့လေ"

အစိမ်းရောင်ပုံရိပ်ကို ကြည့်နေစဉ် မန်ဟို့၏အမူအရာမှာ ပုံမှန်အတိုင်းသာဖြစ်သည်။ သူက ဘာမှမပြောပေ။ သို့သော် သူ့မျက်လုံးထဲရှိ အေးစက်မှုမှာ ပို၍နက်ရှိုင်းလာ၏။

"မင်း မင်းအရှေ့မှာ မြင်နေရတဲ့ ဒီကျိုင်းကောင်မျိုးနွယ်စုကို ‌သုတ်သင်ဖို့ ရွေးချယ်နိုင်တယ်" ထိုလူက အေးအေးဆေးဆေး ဆက်ပြောသည်။ "ဒါပေမဲ့ မင်းပေးဆပ်ရမယ့် တန်ကြေးကတော့‌ မြေပုံပေါ်က အပြတ်ရှင်းခံရမှာပဲ

"အခြားတစ်ဖက်မှာ မင်းတို့ ငါတို့ကို သစ္စာခံပြီး တိမ်ကောင်းကင်မျိုးနွယ်စုရဲ့ အရန်မျိုးနွယ်စုဖြစ်လာနိုင်တယ်။ ရွေးချယ်နိုင်တဲ့လမ်းနှစ်လမ်း ရှိတယ်။ အဖြေက ဘာလဲ” ထိုလူက ပြုံးရင်း လှမ်းကြည့်သည်။

ကျီးနတ်မင်းမျိုးနွယ်စု၏ အသတ်အဖြတ်စိတ်ဆန္ဒမှာ ပို၍ပင် ထင်ရှားပေါ်လွင်လာ၏။ သူတို့သည် မန်ဟို့နည်းတူ တိတ်ဆိတ်စွာ ရပ်နေကြသည်။ တိမ်ကောင်းကင်မျိုးနွယ်စု ကမ်းလှမ်းသော ရွေးချယ်စရာနှစ်ချက်နှင့်ပတ်သက်လျှင် သူတို့ကို ဆက်လက်တည်ရှိစေမည့် တစ်ခုက အညံ့ခံခြင်းဖြစ်သည်။

သူတို့အညံ့ခံလိုက်လျှင် အနက်ရောင်နယ်မြေတွင် နေရာကောင်းရနိုင်သည့်အပြင် အပူအပင်မရှိ ခရီးနှင်နိုင်မည်။ သို့သော် သူတို့ဆုံးရှုံးရမည်က လွတ်လပ်မှုပင်။ လာမည့်မျိုးဆက်များမှစပြီး လွတ်လပ်တော့မည်မဟုတ်။

မန်ဟို့တွင် ဆုံးဖြတ်ပိုင်ခွင့်မရှိပေ။ သူက ကျီးနတ်မင်းမျိုးနွယ်ဝင်တစ်သောင်းကို လှည့်ကြည့်လိုက်သည်။ ကျီးနတ်မင်းမျိုးနွယ်စုငါးစု၏ မူလကျင့်ကြံသူများမှာ တစ်ထောင်ပင်မပြည့်ပေ။ ဝူလင်းနှင့် ဝူချိန်လည်း ရှိနေသည်။ သူတို့သည် စစ်ပွဲများကြောင့် ရင့်ကျက်လာခဲ့လေပြီ။

ကျန်မျိုးနွယ်ဝင်များမှာမူ စစ်ခင်းသောလမ်းတစ်လျှောက်လုံး ကျီးနတ်မင်းမျိုးနွယ်စုကို အားကိုးလာခဲ့၏။ သူတို့သည် လွတ်လပ်ခွင့်ဆုံးရှုံးခဲ့ရသည်ဟု ထင်ရသော်လည်း အမှန်တော့ မျိုးနွယ်စု၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည်မှာ ကြာပြီဖြစ်သည်။။

မန်ဟို၏အကြည့်က သူတို့ကို လွှမ်းခြုံသွား၏။ သူမြင်လိုက်ရသည်ကား နှုတ်ဆိတ်နေမှုပင်။ မာနအပြည့်ဖြင့် နှုတ်ဆိတ်နေမှုဖြစ်သည်။ ၎င်းက ပြောသည်။ “လွတ်လပ်မှုမရှိဘဲ ရှင်သန်ရမယ့်အစား အသက်ပဲ အသေခံလိုက်မယ်”

ထိုသည်က သူတို့၏ဆုံးဖြတ်ချက်ပင်။

ကမ္ဘာသစ်မိစ္ဆာတစ်သိန်းခွဲက လေလယ်တွင် ပျံဝဲရင်း ဒေါသတကြီးး ဟိန်းဟောက်လိုက်ကြသည်။ ၎င်းတို့၏မျက်လုံးများကား သွေးဆာလျက်ရှိ၏။

မန်ဟိုက အစိမ်းရောင်တောက်နေသောပုံရိပ်ကို ပြန်ကြည့်သည်။ သူ စကားပြောသောအခါ သူ၏အသံသည် အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွား၏။

"ကျီးနတ်မင်းမျိုးနွယ်စုအနေနဲ့ အရန်မျိုးနွယ်စုတစ်စုဖြစ်လာဖို့ ရွေးချယ်မှာမဟုတ်ဘူး...တိမ်ကောင်းကင်မျိုးနွယ်စု တိုက်ခိုက်ချင်ရင် ကျီးနတ်မင်းမျိုးနွယ်စုလည်း တိုက်ခိုက်မယ်" ကျီးနတ်မင်းမျိုးနွယ်စု၏ အသတ်အဖြတ်စိတ်ဆန္ဒများ တဟုန်းဟုန်းတောက်လာသည်။

ကျိုင်းကောင်မျိုးနွယ်ဝင်များအားလုံး မျက်နှာဖြူဖျော့သွားကြပြီး ရင်တဒိန်းဒိန်းခုန်လာကြသည်။ ကျားကြောက်လို့ ရှင်ကြီးကိုးခါမှ၊ ရှင်ကြီးက ကျားထက်ပိုဆိုးနေချေပြီ။ အစိမ်းရောင်ဝတ်ရုံနှင့်လူ၏ မျက်လုံစများ ကျဉ်းမြောင်းသွား၏။ သူက မန်ဟို့ကို အကြာကြီးစိုက်ကြည့်နေပြီးနောက် ရုတ်တရက် အော်ရယ်တော့သည်။

"ငါက စေတနာနဲ့ မင်းကို ကမ်းလှမ်းတယ် ဒါပေမဲ့" သူက ပြောသည်။ "မင်းနဲ့ကျီးနတ်မင်းမျိုးနွယ်စုက အရန်မျိုးနွယ်စုဖြစ်မလာချင်ဘူးဆိုမှတော့ တာအိုရောင်ရင်း... ဒီကိစ္စကို ဒီတိုင်းထားလိုက်ပါဝောာ့။ ကြည့်ရတာ နားလည်မှုဝောာ်တော့်ကို လွဲနေပြီထင်တယ်။ တာအိုရောင်ရင်းနဲ့ ကျီးနတ်မင်းမျိုးနွယ်စု အနက်ရောင်နယ်‌မြေကို ဘေးမသီရန်မခ ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဆက်သွားလို့ရပါပြီ" အစိမ်းရောင်ဝတ်လူက ထပ်ပြုံးလိုက်ပြီး အပြုံးက တ‌‌ဖြေးဖြေး ပျောက်ကွယ်သွားသည်။ ကျီးနတ်မင်းမျိုးနွယ်စုနှင့် ကမ္ဘာသစ်မိစ္ဆာတစ်သိန်းခွဲကို ကြည့်ပြီးနောက် သူတို့နှင့်စစ်တိုက်ခြင်းက.... တိမ်ကောင်းကင်မျိုးနွယ်စု လျှောက်မည့် လမ်းကြောင်းမဟုတ်ကြောင်း သိလိုက်၏။

ကျီးနတ်မင်းမျိုးနွယ်စု၏အင်အားသည် မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင်အား ပိုင်ဆိုင်ထားရန် အရည်အချင်းပြည့်မှီသော အတိုင်းအတာအထိ ကြီးထွားလာခဲ့ပြီဖြစ်၏။ တိမ်ကောင်းကင်မျိုးနွယ်စုကြီးမှာ မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင်လေးအတွက် ထိုမျှအဆုံးအရှုံးမခံချင်ပေ။ အဆုံးသတ်ရလဒ်အနေဖြင့် တိမ်ကောင်းကင်မျိုးနွယ်စုမှာ အရန်မျိုးနွယ်စုအမြောက်အမြား ဆုံးရှုံးရလိမ့်မည်။ ပင်မမျိုးနွယ်ဝင်များပင် အသက်ဆုံးရှုံးရမှာ သေချာသည်။

မကြာသေးမီက အနက်ရောင်နယ်မြေတွင် ထူးဆန်းသောအခြင်းအရာများစွာ ဖြစ်ပွားခဲ့၏။ အရာအားလုံးမှာ အေးချမ်းသာယာပုံရသော်လည်း တကယ်ဝောာ့ လူမသိသောအခက်အခဲတစ်ပုံကြီး ရှိလေသည်။ တိမ်ကောင်းကင်မျိုးနွယ်စုအနေဖြင့် ယခုအခြေအနေတွင် သိပ်အဆုံးအရှုံးမခံနိုင်ပေ။ အမှန်တွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများမှာလည်း လောလောဆယ်တွင် အနောက်ပိုင်းသဲကန္တာရထံ ပြန်လာ၍မရပေ။ သူတို့ပြန်လာလျှင် စိတ်ဝိညာဉ်စွမ်းအင်ဖြတ်တောက်ခံရကာ တခြားမျိုးနွယ်စုကြီးများမှ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်များနှင့် ဆုံတွေ့ပြီး သူသေကိုယ်သေ တိုက်ခိုက်ရပေလိမ့်မည်။

ယခုကဲ့သို့ အရေးကြီးသောအပြောင်းအလဲတွင် သတိတရားနှင့် အမြော်အမြင်ရှိခြင်းမှာ မျိုးနွယ်စုကြီးတစ်စုအတွက် အသက်ရှင်နိုင်မည့် အခြေခံအုတ်မြစ်ဖြစ်လေသည်။

ကျိုင်းကောင်မျိုးနွယ်စုခေါင်းကိုင်ဖခင်မှာ နောက်ဆုံးတွင် ဟင်းချနိုင်သွား၏။ တိုက်ပွဲဝင်မျိုးနွယ်စု မည်သည့်အတွက်ကြောင့် မတိုက်ခိုက်ချင်ခဲ့သည်လဲ သူ ရုတ်တရက် နားလည်လိုက်လေပြီ။ သူ့အမြင်တွင် မတိုက်ခိုက်ခြင်းက လျော်ကန်သောရွေးချယ်မှု တစ်ခုဖြစ်ချေသည်။ ကျီးနတ်မင်းမျိုးနွယ်စုကဲ့သို့ ထိတ်လန့်စရာကောင်းသော မျိုးနွယ်စုတစ်စုနှင့်မှ ပက်ပင်းတိုးမိသည့် မျိုးနွယ်စုတိုင်း သေချာပေါက် ‌ခေါင်းကြိမ်းဖင်ကြိမ်းသွားရမှာ ဖြစ်သည်။

သူက မန်ဟို့ကို ကြည့်ပြီး လက်ယှက်၍ အရိုအသေပေးလိုက်သည်။ ထို့နောက် သူသည် မျိုးနွယ်ဝင်ခုနစ်ထောင်နှင့်တကွ ကျိုင်းကောင်များကို ခေါ်ဆောင်ရင်း အမြန်ဆုံးနှုန်းဖြင့် ထွက်သွားတော့သည်။ သူတို့သည် အဝါရောင်တိမ်တိုက်ကြီးသဖွယ် အဝေးသို့ ဝင်ရောက်‌ပျောက်ကွယ်သွားလေပြီ။ အချိန်တိုအတွင်း အရိပ်အယောင်ပင် မမြင်ရတော့ပေ။

မန်ဟိုက လက်ကို ဝှေ့ယမ်းလိုက်သည်။ ကမ္ဘာသစ်မိစ္ဆာများကို ပြန်သိမ်းရန်မဟုတ်။ လေသင်္ဘော၏ပတ်ပတ်လည်တွင် လိုက်ပါပျံသန်းစေရန် ဖြစ်သည်။ ‌ထို့နောက် လေသသင်္ဘောကြီးသည် ကမ္ဘာသစ်မိစ္ဆာတစ်သိန်းခွဲနှင့်အတူ လေကို ခွင်းလျက် ထွက်သွားလေ၏။ နောက်ဆုံးတွင် ၎င်းကား အနောက်ပိုင်းသဲကန္တာရအလယ်ပိုင်းမှ ....

‌အနောက်ပိုင်းသဲကန္တာရတောင်ပိုင်းသို့ ဦးတည်သွား‌လေပြီ။

ဤနေရာမှစပြီး အနက်ရောင်နယ်မြေသို့ ရောက်ရန် နှစ်ဝက်သာ ကြာပေတော့မည်။

အနက်ရောင်နယ်‌မြေနှင့် နီးလာလေလေ၊ မန်ဟို၏မျက်လုံးများ တောက်ပသထက် တောက်ပလာလေလေဖြစ်၏။ ကျီးနတ်မင်းမျိုးနွယ်စုသည်လည်း‌ မျှော်လင့်ချက်များဖြင့် စိတ်လှုပ်ရှားနေကြပြီး သူတို့၏အသတ်အဖြတ်စိတ်ဆန္ဒမှာ ပို၍ပင် ရှိန်စရာကောင်းလာသည်။

ဤခရီးစဉ်၏နောက်ဆုံးပိုင်းမှာ ယခင်ထက် အဆများစွာ ပိုမိုခက်ခဲမည်ဖြစ်ကြောင်း မျိုးနွယ်ဝင်တိုင်း သိကြလေ၏။

ယခုတွင် ကျီးနတ်မင်းမျိုးနွယ်စုသည် ယခင်တုန်းကနှင့် လားလားမှ မတူတော့ပေ။ ၎င်းသည် အမြင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဤမျိုးနွယ်စုသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများရှိသည့် မျိုးနွယ်စုကြီးများကိုပင် ခြိမ်းခြောက်နိုင်၏။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးများမရှိသည့် မျိုးနွယ်စုများအတွက်မူ သူတို့လမ်းကို လာပိတ်လျှင် ကျီးနတ်မင်းမျိုးနွယ်စုက တိုက်ခိုက်မည်ဖြစ်သည်။

သူတို့က နည်းနည်းလေးမှ နောက်မတွန့်၊ လက်မရွံ့ပေ။ သူတို့သည် ရင်သပ်ရှုမောဖွယ် အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်ဖော်ရင်း ရှေ့ဆက်သွားနေကြ၏။ သူတို့အသွင်မှာ ဓားအိမ်မှ မထုတ်ရသေးသော ဓားများသဖွယ်ပင်။ ကမ္ဘာသစ်မိစ္ဆာတစ်သိန်းခွဲသည်လည်း သားရဲပင်လယ်ကြီးသဖွယ် ဟိန်း‌ဟောက်ရင်း ပတ်ဝန်းကျင်တစ်ခွင်ကို လှုပ်ခါရမ်း‌နေစေ၏။ စစ်သင်္ဘော၏ထိပ်တွင် ရိုက်ခတ်လာမည့် လေမုန်တိုင်း၊ လှိုင်းဟူသမျှကို ရဲရဲဝင့်ဝင့် ရင်ဆိုင်ရန် အသင့်ဖြစ်နေသော ကျီးနတ်မင်းမျိုးနွယ်ဝင်များ မားမားမတ်မတ် ရပ်နေကြသည်။

***

All Chapters