တောင်ကျော်လမ်း
Vol. 36 Ch. 504
သုံးလ ကုန်ဆုံးသွားခဲ့လေပြီ။
ကျီးနတ်မင်းမျိုးနွယ်စုသည် အနောက်ပိုင်းသဲကန္တာရတောင်အတွင်းပိုင်းထဲသို့ ရောက်ရှိနေပြီဖြစ်သည်။ အစက ကျီးနတ်မင်းမျိုးနွယ်ဝင်များမှာ အတောမသပ်နိုင်သော တိုက်ပွဲများ စောင့်ကြိုနေလိမ့်မည်ဟု ထင်မှတ်ခဲ့၏။ သို့သော် သုံးလအတောအတွင်း မျိုးနွယ်စုအနည်းအကျဉ်းသာ မြင်ခဲ့ရလေသည်။ ၎င်းတို့အထဲမှ နှစ်စုမှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများမရှိသော မျိုးနွယ်စုကြီးနှစ်စုဖြစ်လေသည်။
သို့သော်.... တိုက်ပွဲတစ်ပွဲမှ မဖြစ်ပွားခဲ့။
အကြောင်းရင်းမှာ မန်ဟိုနှင့်ကျီးနတ်မင်းမျိုးနွယ်စု၏ပုံစံမှာ အလွန်သွေးအေးရက်စက်လွန်း၍ပင်။ သူတို့၏ရက်စက်မှုအတိုင်းအတာမှာ မြင်လိုက်ရသူတိုင်းအား ပင့်သက်ရှိုက်မိသွားစေသည်။ ကျီးနတ်မင်းမျိုးနွယ်စုတွင် မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင်ရှိနေစေကမူ ဘယ်သူမှ မဆင်မခြင် တိုက်ခိုက်ရဲမည်မဟုတ်ပေ။
မျိုးနွယ်ဝင်တစ်သောင်းကျော်သည်လည်း အသတ်အဖြတ်စိတ်ဆန္ဒများဖြင့် အားမန်အပြည့်ပင်။ သူတို့သည် စစ်ပွဲ၏ မီးတောက်မီးလျှံများကြားထဲ၌ ထုဆစ်ပုံသွင်းခံခဲ့ရ၏။ မျိုးနွယ်ဝင်တစ်ဦးတစ်ယောက်ချင်းစီက မျိုးနွယ်စုကြီးများ၏ လက်ရွေးစင်များနှင့် လက်ရည်တူသည်။ သူတို့ကို ကြည့်မိလိုက်သည့် မည်သူမဆို ရှိန်သွားရန် လုံလောက်သည်.... ကမ္ဘာသစ်မိစ္ဆာတစ်သိန်းခွဲကိုကား ဖော်ပြရန်ပင် မလိုအပ်တော့ပေ။ ၎င်းတို့၏မြင်ကွင်းကြီးသည်.... မည်သူ့ကိုမဆို ချာချာလည် မူးနောက်သွားစေပြီး ရင်ထဲ၌ အံ့ဩတုန်လှုပ်ခြင်းတို့ ပြည့်နှက်သွားစေနိုင်၏။
ယခုကဲ့သို့ ကမ္ဘာသစ်မိစ္ဆာအုပ်ကြီးတစ်အုပ်မှာ ပတ်ဝန်းကျင်ရှိ မည်သည့်မျိုးနွယ်စုကိုမဆို နင်းချေပစ်နိုင်သည်။ ၎င်းသည် မျိုးနွယ်စုတစ်စု၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်လောက်အောင် ကြီးမား၏။ ထိုကဲ့သို့အင်အားမျိုးမှာ တခြားမျိုးနွယ်စုမှာ မတိုက်ခိုက်ဝံ့သော အရာတစ်ခုပင်။
တိုက်ပွဲများကြောင့် ကျီးနတ်မင်းမျိုးနွယ်စု၏နာမည်မှာ နယ်မြေတစ်ခွင်တွင် ဟိုးလေးတကျော်ကျော် ဖြစ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခုတွင် သူတို့ကား အနောက်ပိုင်းသဲကန္တာရတစ်ခုလုံးတွင် လုံးလုံးလျားလျား နာမည်ကြီးနေလေပြီ။
ဤအဖွဲ့မှာ လူလေးတစ်ထောင်ခန့်ဖြင့် စတင်ခဲ့ကြောင်း မျိုးနွယ်စုအားလုံးနီးပါး သိကြ၏။ ၎င်းသည် အနောက်ပိုင်းသဲကန္တာရမြောက်ပိုင်းမှ ထွက်လာခဲ့ပြီး တခြားမျိုးနွယ်စုများကို လက်ချိုးရေ၍မရနိုင်အောင် သတ်ဖြတ်သုတ်သင်ရင်း စစ်ခင်းလမ်းကို လျှောက်လှမ်းခဲ့လေသည်။ သူတို့မှာ နှစ်နှင့်ချီ တိုက်ခိုက်ရင်း ရှုံးပွဲမရှိအနိုင်ရကာ အင်အားတောင့်သထက် တောင့်လာခဲ့၏။ ယခုတွင် သူတို့၏အင်အားမှာ ကြောက်ခမန်းလိလိအဆင့်တစ်ခုအထိ ရောက်ရှိခဲ့လေပြီ။
ထိုထိုသော အောင်မြင်ကျော်ကြားမှုနှင့် ဩဇာလွှမ်းမိုးမှုတို့က ကျီးနတ်မင်းမျိုးနွယ်စုကို အနောက်ပိုင်းသဲကန္တာရတောင်ပိုင်းသို့ ရောက်ရှိစေခဲ့ကာ သုံးလတိုင်တိုင် ဘယ်သူမှ သူတို့လမ်းကိုပင် မတားရဲသည်အထိ ဖြစ်စေခဲ့၏။
အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူအမြောက်အမြားသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများမရှိသော အင်အားအကြီးဆုံးမျိုးနွယ်စုများမှာ ကျီးနတ်မင်းမျိုးနွယ်စု၊ နဂါးနက်မျိုးနွယ်စုနှင့် နတ်လေမျိုးနွယ်စုတို့ဖြစ်သည်ဟု မြင်ကြလေသည်။
တိုက်တိုက်ဆိုင်ဆိုင်နှင့် ဤမျိုးနွယ်စုအားလုံးသည် မိစ္ဆာစိတ်ဝိညာဉ်များအား ကိုယ်စီပိုင်ဆိုင်ထား၏။
တစ်စုက အရှေ့၊ တစ်စုက မြောက်၊ တစ်စုက တောင်မှဖြစ်သည်။ ဤမျိုးနွယ်စုသုံးစုသည် တိုက်ခိုက်သတ်ဖြတ်ရင်း မတူညီသော အရပ်သုံးမျက်နှာမှ လာခဲ့ကြလေသည်။
ကျီးနတ်မင်းမျိုးနွယ်စု၏ ထင်ပေါ်ကျော်ကြားမှုမှာ အံ့ဖွယ်ကောင်းပြီး သူတို့၏ထွန်းတောက်လာမှုက ဒဏ္ဍာရီတစ်ပုဒ်ပင် ဖြစ်နေလေပြီ။
နဂါးနက်မျိုးနွယ်စုတွင်မူ ပြီးခဲ့သည့်နှစ်များတုန်းက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးတစ်ယောက်ရှိခဲ့သည်။ ကံဆိုးစွာနှင့် သူ၏သက်တမ်းမှာ အဆုံးသို့ ရောက်ရှိနေပြီဖြစ်ပြီး အသက်ရှင်နေသေးအောင် မနည်းအားတင်းထားရုံလေးသာ တတ်နိုင်ခဲ့လေသည်။ ခရမ်းမိုးက အသက်စွမ်းအားကို သုတ်သင်ပြီး စိတ်ဝိညာဉ်စွမ်းအင်းကို ဖြတ်တောက်လိုက်သောအခါ ယခင်က အစွမ်းထက်ပုဂ္ဂိုလ်ဖြစ်ခဲ့သော စိတ်ဝိညာဉ်ခွဲထွက်ခြင်းခေါင်းဆောင်ကြီးမှာ ကွယ်လွန်အနိစ္စရောက်ကာ ပြာကျသွားခဲ့၏။
သူ၏သေဆုံးသွားခြင်းက နဂါးနက်မျိုးနွယ်စုအတွက် အနက်ရောင်နယ်မြေသို့ ဝင်ရောက်ခွင့်အား ဆုံးရှုံးသွားစေ၏။ သို့ထိတိုင် သူတို့မှာ မိစ္ဆာစိတ်ဝိညာဥ်တစ်ကောင်အား ဖမ်းလိုက်နိုင်သေး၏။ ယခုတွင် သူတို့သည် နောက်တစ်ဖန် အာရုံစိုက်ရာ ဖြစ်လာခဲ့လေပြီ။
နတ်လေမျိုးနွယ်စုမှာမူ အလွန်လျှို့ဝှက်သိုသိပ်၏။ သူတို့သည် အရှေ့ဘက်မှ လာပြီး သူတို့၏တိုက်ပွဲများနှင့်ပတ်သက်ပြီး သိပ်မသိရပေ။ မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင် အရယူနိုင်သွားသည့်နောက်မှ ရုတ်တရက်ကြီး ထင်ရှားကျော်ကြားလာခဲ့ခြင်းဖြစ်သည်။
လောလောဆယ်တွင် အဆိုပါ မျိုးနွယ်စုကြီးသုံးစုမှာ အင်အားအကြီးဆုံးဖြစ်သည်ဟု အသိများလေသည်။
ခရီးနှင်နေသော သုံးလအတောအတွင်း ထူးထူးခြားခြား ဘာမှမဖြစ်ပွားခဲ့သလို၊ သူတို့လည်း အနားမယူပေ။ ယခုတွင် တောင်တန်းကြီးတစ်တန်း၏ အရှေ့သို့ သူတို့ရောက်နေကြလေပြီ။
ဤတောင်တန်းကြီးမှာ ဘယ်နှင့်ညာသို့ အဆုံးမရှိ သွယ်တန်းနေလေသည်။ ကောင်းကင်မှ လျှပ်စီးမိုးကြိုးလှိုင်းများက တောင်၏အပေါ်သို့ အဆက်မပြတ် ပစ်ချရိုက်ခတ်နေရာ တဂျိန်းဂျိန်း ထစ်ချုန်းသံများအား အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်မြည်ဟည်းနေစေတော့သည်။ တစ်နေရာလုံးမှာ ချိတ်ပိတ်ချုပ်နှောင်ခံထားရသော အကျဉ်းထောင်ကြီးသဖွယ်ပင်။
ဤသည်ကား တောင်ကျော်လမ်း၏တည်နေရာဖြစ်၏။
ဤတောင်များက အနောက်ပိုင်းသဲကန္တာရ၏ တောင်ဘက်ပိုင်းတစ်ခုလုံးကို နှစ်ပိုင်းခွဲထား၏။ တစ်ပိုင်းသည် အနောက်ပိုင်းသဲကန္တာရအပိုင်ဟု သတ်မှတ်ရချေသည်။ ကျန်တစ်ပိုင်းမှာတော့ အနက်ရောင်နယ်မြေနှင့် ထိစပ်နေ၏။ သို့ဖြစ်၍ ဤလမ်းကို မဖြတ်ဘဲ အနက်ရောင်နယ်မြေသို့ မဝင်ရောက်နိုင်ပေ။
ဤတောင်တန်းများ ဘေးနှစ်ဖက်သို့ မျက်စိတဆုံးသွယ်တန်းနေရသည့်အချက်မှာ သဘာဝအလျောက် အလိုလိုပေါ်လာခဲ့ခြင်းကြောင့်မဟုတ်ပေ။ လွန်ခဲ့လေပြီးသော နှစ်သောင်းပေါင်းများစွာက တောင်ပိုင်းဒေသကျင့်ကြံသူများ အနောက်ပိုင်းသဲကန္တာရသို့ စီးနင်းဝင်ရောက်ခဲ့ကြသောအခါ သူတို့သည် ဤနေရာအထိ သတ်ဖြတ်သုတ်သင်ရင်း ရောက်ရှိလာခဲ့ကြ၏။ ထို့ကြောင့် အနောက်ပိုင်းသဲကန္တာရ၏မျိုးနွယ်စုအားလုံးနှင့် အစွမ်းထက်ပညာရှင်များအားလုံး ဤတောင်တန်းကြီး မြင့်တက်ထိုးထွက်လာအောင် နှစ်ရာပေါင်းများစွာ အားထုတ်ခဲ့ရလေသည်။
၎င်းတွင် လျှပ်စီးမိုးကြိုးများအား ရာသက်ပန် တည်ရှိနေစေသော ရှေးမန္တန်ဝင်္ကပါတစ်ခု ပါရှိသည်။ တကယ်တော့ မိုးကြိုးဟု ထင်ရသည်မှာ နတ်ဘုရားစွမ်းရည်များနှင့် မှော်ပညာရပ်များဖြင့် ဖန်တီးထားသည့် မရေမတွက်နိုင်သော ချိတ်တံဆိပ်များဖြစ်လေ၏။ ဤနေရာမှာ တိုက်ကြီးတစ်တိုက်လုံး၏ ကျန်နေရာအားလုံးကို အဝင်အထွက်ပိတ်ထားလေသည်။ ၎င်းသည် တစ်ခါပိတ်ထားလျှင် ချိုးဖျက်၍မရနိုင်သော တံခါးတစ်ချပ်ဖြစ်ပေသည်။
ထို့ကြောင့် တောင်ပိုင်းဒေသစစ်တပ်ကြီးမှာ အပြင်တွင်သာ ရပ်နိုင်ခဲ့ပြီး နောက်ဆုံးတွင် ထွက်သွားရန် ရွေးချယ်ခဲ့၏။
အနက်ရောင်နယ်မြေသို့ ဦးတည်နေသော ဤလမ်းသည် ကျော်ကြားလာပြီး ဖန်တီးခံခဲ့ရပြီးနောက်ပိုင်း ခြေရာလက်ရာမပျက် ဆက်လက်ထိန်းသိမ်းထားခံခဲ့ရလေသည်။ အဝင်အထွက် တစ်လမ်းထဲသာရှိပြီး ထိုအဓိကနေရာတွင် ဧရာမမြို့ကြီးတစ်မြို့အား တည်ဆောက်ထား၏။
ထိုမြို့သည် တောင်ကျော်မြို့ဟု အမည်တွင်သည်....
အနက်ရောင်နယ်မြေသို့ ဝင်ရောက်လိုသော မည်သည့်မျိုးနွယ်စုမဆို၊ မည်သည့်အဖွဲ့မဆို ဤမြို့ကို မဖြစ်မနေ ဖြတ်သွားရပေမည်။ သို့ဖြစ်၍ ၎င်းသည် အလွန်ဗျူဟာကျသောနေရာတစ်ရာဖြစ်၍ ပုံမှန်အားဖြင့် အစောင့်အကြပ်တင်းကြပ်လေသည်။
လောလောဆယ်တွင် ၎င်းသည် အနောက်ပိုင်းသဲကန္တာရ၏ မျိုးနွယ်စုကြီးတစ်စုဖြစ်သော ပင်လယ်မိစ္ဆာမျိုးနွယ်စု၏ စောင့်ကြပ်မှုအောက်တွင် ဖြစ်သည်။
ဤမျိုးနွယ်စုကြီးတွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီး မရှိသော်လည်း အင်အားအရာ၌ ပြောင်မြောက်ချေသည်။ သူတို့သည် တောင်ပိုင်းတွင် အမြဲအခြေချနေခဲ့၍ အထိအခိုက်၊ အကျအဆုံးနည်းပါး၏။ ထိုမျှသာမက သူတို့သည် မြို့ကိုလည်း သိမ်းပိုက်ထားလေရာ အားကောင်းသထက် အားကောင်းလာခဲ့၏။
မြို့ကို ကြီးစိုးနေသော နှစ်များအတောအတွင်း ပင်လယ်မိစ္ဆာမျိုးနွယ်စုသည် စည်းကမ်းချက်တစ်ခု ထုတ်ပြန်ခဲ့၏။ ထိုစည်းကမ်းချက်မှာ လမ်းကို ဖြတ်သွားလိုသော မည်သည့်မျိုးနွယ်စုမဆို ဝိညာဉ်ကျောက်တုံးနှင့် ကမ္ဘာသစ်မိစ္ဆာများအပါအဝင် အရင်းအမြစ်အားလုံး၏တစ်ဝက်တိတိကို သူတို့ဆီ ခွဲပေးရမည်ဖြစ်သည်။
ဤနည်းဖြင့်သာ ဖြတ်သန်းခွင့်ရပေမည်။
ပင်လယ်မိစ္ဆာမျိုးနွယ်စုထက် နိမ့်ကျပြီး လမ်းကို မဖြတ်ရန် ရွေးချယ်ထားသော မျိုးနွယ်စုများမှာ ပင်လယ်ရေမတက်နိုင်သည့် အမြင့်ပိုင်းနေရာများတွင် စခန်းချနေတတ်သည်။
လမ်းမှ ဖြတ်သွားရန် ရွေးချယ်လိုက်သော မျိုးနွယ်စုများမှာ ပင်လယ်မိစ္ဆာမျိုးနွယ်စု၏ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုကို စိတ်ရှည်ရှည်နှင့်သာ သည်းခံရကြသည်။
ပင်လယ်မိစ္ဆာမျိုးနွယ်စုကို ခြိမ်းခြောက်နိုင်သော မျိုးနွယ်စုများအတွက်လည်း သူတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ မပေးချင်ပေးချင်ဖြင့် ပေးရုံသာဖြစ်၏။ သူတို့အရှေ့တွင် ပင်လယ်မိစ္ဆာမျိုးနွယ်စုရှိနေပြီး အနောက်တွင် စခန်းချနေကြသော ဓားပြမျိုးနွယ်စုများ ရှိသည်မဟုတ်ပါလော။
တုံးအပြီး အတ္တကြီးသော တစ်စုံတယောက်သာလျှင် မပေးဘဲ နေရဲပေလိမ့်မည်။
ကောလဟာလများအရ ပင်လယ်မိစ္ဆာမျိုးနွယ်စုကို ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်သုံးဦးထဲမှ ကောင်းကင်ရှာဖွေမျိုးနွယ်စုက အနောက်မှ ကြိုးကိုင်နေသည်ဟု ဆိုသည်။
ယနေ့တွင် ကျီးနတ်မင်းမျိုးနွယ်စု၏ လေသင်္ဘောကြီးသည် တိမ်တိုက်များကို ထိုးခွဲရင်း တောင်ကျော်လမ်းသို့ ရောက်လာကြလေပြီ။ ကမ္ဘာသစ်မိစ္ဆာတစ်သိန်းခွဲသည်လည်း အဖော်ပြုလျက် လိုက်ပါလာကြ၏။ လမ်းအောက်တွင် ဟိုဟိုသည်သည် စခန်းချထားသောမျိုးနွယ်စုများက ကျီးနတ်မင်းမျိုးနွယ်စု ချဉ်းကပ်သည်ကို အထိတ်တလန့် မော့ကြည့်လိုက်ကြ၏။
အောက်တွင် စခန်းချနေသော ကျင့်ကြံသူထောင်ပေါင်းများစွာသည် မတူညီသောမျိုးနွယ်စုများမှ ဖြစ်ကြ၏။ သူတို့က မော့ကြည့်ရင်း ဆူညံ့ပွက်လောရိုက်သွားတော့သည်။
"ကျီးနတ်မင်းမျိုးနွယ်စု..."
"အရှေ့ကလူက သွေးမျက်နှာလူထူးဆန်းဖြစ်ရမယ်။ ပြောကြတဲ့ပုံအရ သူက ရက်စက်ပြီး အကြင်နာမဲ့တယ်တဲ့။ သူက ကျင့်ကြံသူတောင် မဟုတ်ဘူးဆိုပဲ။ ကျီးနတ်မင်းမျိုးနွယ်စုကိုးကွယ်တဲ့ အရုပ်ဘိုးဘေးကြီးဖြစ်တဲ့ ကမ္ဘာသစ်မိစ္ဆာကြီးတစ်ကောင်ကနေ လူယောင်ဆောင်ဖန်ဆင်းထားတာလို့ ပြောတယ်"
"ပြီးခဲ့တဲ့သုံးလတုန်းက နတ်လေမျိုးနွယ်စုဆိုရင် ပင်လယ်မိစ္ဆာမျိုးနွယ်နဲ့တွေ့တော့ ဖြတ်သွားနိုင်ဖို့အတွက် သူတို့ရဲ့ပိုင်ဆိုင်မှုတစ်ဝက်ကို ခွဲပေးခဲ့ရတယ်။ ကျီးနတ်မင်းမျိုးနွယ်စု ဘယ်လိုလုပ်မလဲ သိချင်မိသား"
ထိုစဉ် တောင်ကျော်မြို့ထဲတွင် ပင်လယ်မိစ္ဆာမျိုးနွယ်ဝင်များသည် ကျီးနတ်မင်းမျိုးနွယ်စုကို အထင်သေးနေသောမျက်နှာထားဖြင့် မထီမဲ့မြင် ကြည့်နေကြ၏။ အကြီးအကဲများကလည်း မြို့တံတိုင်းအပေါ်မှ မတူမတန်သလို အေးတိအေးစက် ကြည့်နေကြလေသည်။
ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာကြီးမှာမူ ပေါ်ပင်မလာ။ သူတို့အတွက် ကျီးနတ်မင်းမျိုးနွယ်စုမှာ အရေးစိုက်ရန် အဖက်မတန်သည့်အလားပင်။
"ရပ်လိုက်" ကျီးနတ်မင်းမျိုးနွယ်စု အနားကပ်လာစဉ် ပင်လယ်မိစ္ဆာမျိုးနွယ်စု၏ အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့် အကြီးအကဲတစ်ဦး ပေါ်လာသည်။ သူ၏မျက်နှာမှာ တစ်လောကလုံး သူ့ဖဝါးအောက်တွင် ရှိနေသည့်အလား မောက်မာခက်ထန်နေ၏။ ကမ္ဘာသစ်မိစ္ဆာတစ်သိန်းခွဲက သူ့ကို တုန်လှုပ်သွားစေသော်လည်း သူ၏မာနကတော့ တစ်ပြားမှ မလျော့ပေ။
သူ၏အသံ ပဲ့တင်ထပ်လာသဖြင့် ကျီးနတ်မင်းမျိုးနွယ်စု၏ လေသင်္ဘောကြီးက ရပ်လိုက်၏။ မန်ဟိုက သင်္ဘောဦးထိပ်တွင် ရပ်ရင်း တောင်ကျော်လမ်းကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။
"လမ်းကို ဖြတ်သွားချင်ရင်" အကြီးအကဲက အေးတိအေးစက်ပြောသည်။ "ပိုင်ဆိုင်မှုတွေ အကုန်ထုတ်ပါ။ သေသေချာချာ စစ်ဆေးပြီးရင် ငါတို့ အဖိုးအခအနေနဲ့ တစ်ဝက်ခွဲယူမယ်။ ဒါဆို လမ်းကို ဖြတ်ခွင့်ရမယ်။မင်းတို့ရဲ့ ကမ္ဘာသစ်မိစ္ဆာအုပ်လည်း အဲ့ဒီအတိုင်းပဲ" သူ၏အသံဟိန်းထွက်လာစဉ် အခြားမျိုးနွယ်စုအားလုံးမှ ကျင့်ကြံသူများ တိတ်ဆိတ်သွားကြ၏။ ကျီးနတ်မင်းမျိုးနွယ်စုကို မော့ကြည့်နေကြသော သူတို့၏မျက်လုံးများ တဖျပ်ဖျပ် တောက်ပသွားသည်။
မှန်ပါသည်။ သူတို့အနေဖြင့် ကျီးနတ်မင်းမျိုးနွယ်စုကို သွားရန်မစရဲပေ။ သို့သော် ကျီးနတ်မင်းမျိုးနွယ်စု၏ ကမ္ဘာသစ်မိစ္ဆာအုပ်သာ တစ်ဝက်လျော့သွားပါက သူတို့အင်အားလည်း သိသိသာသာထိခိုက်သွားမည်ဖြစ်ရာ.... သူတို့တိုက်ခိုက်ရဲလောက်သည်။
အနည်းစုသာ ယခုကဲ့သို့ တွေးခြင်းမဟုတ်။ လမ်း၏အခြားတစ်ဖက်တွင် ကမ္ဘာသစ်မိစ္ဆာထောင်နှင့်ချီပိုင်ဆိုင်ထားသော မျိုးနွယ်စုသုံးစု ပေါ်လာသဖြင့် အနက်ရောင်တိမ်တိုက်ကြီးဖြစ်လာသည်။ သူတို့သည် တောင်ကျော်မြို့အနားရှိ လေထဲတွင် ပျံဝဲရင်း သတ်ဖြတ်လိုစိတ်များကို သိသိသာသာ ထုတ်ဖော်ထား၏။ သူတို့မှာ လမ်းမှ မျိုးနွယ်စုတစ်စု ထွက်လာမည်ကို စောင့်နေသော ဓားပြများအလားပင်။ သူတို့၏အကြည့်များက ကျီးနတ်မင်းမျိုးနွယ်စုဆီမှ တစ်ချက်လေးမှ မခွာသည့်အပြင် သူတို့မျက်လုံးထဲရှိ လောဘများမှာ ပိုပို၍ထင်ရှားလာ၏။
မန်ဟိုက သူတို့ကို မြင်သောအခါ မျက်မှောင်ပိုကြုတ်သွားသည်။ သူ့မျက်လုံးထဲရှိ သွေးအေးမှုမှာ ပို၍စူးရှလာ၏။ ကျီးနတ်မင်းမျိုးနွယ်ဝင်များမှာမူ အသတ်အဖြတ်စိတ်ဆန္ဒများ ထုတ်ဖော်ရင်း တိတ်ဆိတ်စွာ ရပ်နေကြသည်။
လမ်း၏အခြားတစ်ဖက်ရှိ ဓားပြမျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်သုံးဦးက အကြည့်ချင်းဖလှယ်ပြီးနောက် လှောင်ပြုံးပြုံးရင်း မန်ဟိုကို ခနဲ့သလို ကြည့်နေကြ၏။
"လတွေ ကြာပြီးတဲ့နောက်မှာတော့ ငါတို့တော့ ငါးအကြီးကြီးမိပြီ..."
"ဟုတ်ပ၊ ပြီးခဲ့တဲ့ သုံးလတုန်းက တချို့မျိုးနွယ်စုတွေ နတ်လေမျိုးနွယ်စုကို ဓားပြတိုက်ဖို့ ကြိုးစားခဲ့တယ်။ နောက်ဆုံးတော့ အလွှတ်ပေးလိုက်ပေမယ့် အချီကြီးတော့ ပွလိုက်သေးတယ်"
"ချမ်းသာလေလေ အစွမ်းထက်လေလေပဲလေ။ သူတို့မှာ မိစ္ဆာစိတ်ဝိညာဉ်မရှိရင်တောင်မှ အနက်ရောင်နယ်မြေကို မဝင်နိုင်ဘူးလို့ မဆိုလိုဘူး... ဒါပေမဲ့ ကျီးနတ်မင်းမျိုးနွယ်စုမှာတော့ မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင် ရှိနေတယ်" ဤမျိုးနွယ်စုများ၏ နတ်ဆရာကြီးများနှင့် အကြီးအကဲများမှာ အသက်ရှုသံများ မြန်နေကြပြီး မျက်လုံးများက သွေးဆာနေကြလေသည်။
ကျီးနတ်မင်းမျိုးနွယ်စုအနေဖြင့် တောင်ကျော်လမ်း၏ စည်းကမ်းချက်ကို ချိုးဖောက်နိုင်မည်မဟုတ်ဟု သူတို့ အခိုင်အမာယုံကြည်လေသည်။ ကောလဟလများအရ ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့ကိုယ်တိုင် နောက်ကွယ်က ကြိုးကိုင်နေသည်မဟုတ်ပါလော။
"ကျီးနတ်မင်းမျိုးနွယ်စုမှာ မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင်ရှိတယ်။ သူတို့ သေချာပေါက် လမ်းကို ဖြတ်လာကြမှာပဲ.... အနှေးအမြန်ပေါ့။ သူတို့နောက်မှာ ဓားပြမျိုးနွယ်စုတွေ ပိုလို့တောင် များလာနေပြီမဟုတ်လား"
"သူတို့ လမ်းကနေ ထွက်လာတာနဲ့ အရင်းအမြစ်တွေနဲ့ ကမ္ဘာသစ်မိစ္ဆာတစ်ဝက် ဆုံးရှုံးရလိမ့်မယ်။ ဓားပြမျိုးနွယ်စုသုံးစုကို ရင်ဆိုင်ရမယ့် တိုက်ပွဲက ကြမ်းတမ်းလိမ့်မှာ။ ဒါပေမဲ့ သူတို့ကို ဓားပြမျိုးနွယ်စုတွေကလည်း ဝိုင်းထားသေးတာဆိုတော့ ဘာမှမထူးဘူး။ သူတို့ ဘာကို ရွေးချယ်လိမ့်မလဲ သိချင်မိတယ်"
တောင်ကျော်လမ်းအတွင်းရှိ အခြားတစ်ဖက်သို့ ဖြတ်သွားရန် မရွေးချယ်ထားသော သို့မဟုတ် ထိုသို့လုပ်ရန် တွေဝေနေသော မျိုးနွယ်စုများမှာ အခြားတစ်ဖက်ရှိ အနက်ရောင်တိမ်တိုက်ကြီးနှင့် မျိုးနွယ်စုသုံးစု အသတ်အဖြတ်စိတ်ဆန္ဒများ ထုတ်လွှတ်နေသည်ကို မြင်ရလေသည်။ ဤအခြင်းအရာက သူတို့၏မျက်နှာများကို ရိပ်ခနဲ ဖြစ်သွားစေပြီး စိတ်ထဲ၌ တဝီဝီမြည်သံများ ပြည့်သွားစေ၏။
မန်ဟိုအပါအဝင် ကျီးနတ်မင်းမျိုးနွယ်စုတစ်စုလုံး တိတ်ဆိတ်နေသည်။ တောင်ကျော်မြို့၏ တံတိုင်းအပေါ်တွင် ပင်လယ်မိစ္ဆာမျိုးနွယ်ဝင်များသည် လမ်းထဲ၌ ဖြစ်ပျက်နေသောမြင်ကွင်းကို အထင်သေးသလိုကြည့်ရင်း စကားပြောလိုက်၊ ရယ်လိုက်လုပ်နေကြ၏။
ပင်လယ်မိစ္ဆာမျိုးနွယ်စုအကြီးအကဲမှာ စိတ်မရှည်ဖြစ်လာဟန်ပင်။ သူက အေးတိအေးစက်ပြောသည်။ "မင်းတို့က ကျီးနတ်မင်းမျိုးနွယ်စုမလား။ ဒီလမ်းကို မဖြတ်ဘူးဆိုရင်လည်း အခုချက်ချင်း ထွက်သွားစမ်းကွာ"
မန်ဟိုက တဖြေးဖြေး ခေါင်းမော့လိုက်သည်။ သူစကားပြောသောအခါ သူ့အသံသည် တည်ငြိမ်အေးဆေးသော်လည်း မိုးခြိမ်းသံကြီးသဖွယ် မြည်ဟည်းသွား၏။ ၎င်းသည် အလွန်ကြီးမားသော အသံလှိုင်းများကို ဖန်တီးရင်း ပဲ့တင်ရိုက်လာလေပြီ။ "တိတ်တိတ်လေး နေပေးမလား"
***