← Chapters

ကြည့်ကောင်းတိုင်း အထင်ကြီးမယ်မထင်နဲ့

Vol. 4 Ch. 49

ကြည့်ကောင်းတိုင်း အထင်ကြီးမယ်မထင်နဲ့

Vol. 4 Ch. 49

မူးယစ်နေသော ဟွမ်လောင်လျှိုအား သူ့အခန်းထဲကို ပို့ပြီးနောက်တွင် ဟန်မူယဲ့လည်း သူ့ကိုယ်ပိုင်အခန်းထဲကို ပြန်လာသည်။ သူက ကျင့်ကြံရင်းဖြင့် ဟွမ်လောင်လျှို ပြောသည်များကို ပြန်တွေးမိသည်။

သန့်စင်ရေကျောင်းတော်သည် အင်အားကြီးဂိုဏ်းတစ်ခု မဟုတ်ပေ။ ထိုဂိုဏ်း၏စွမ်းအားအကြီးဆုံးလူမှာ ကျောင်းတော်သခင် တာအိုဆရာသဲယွဲ့ ဖြစ်သည်။

သူသည် ကမ္ဘာမြေတစ်ဝက်အဆင့်တွင် ဖြစ်သည်။

ထိုမျှအင်အားခန့်သာရှိသော ဂိုဏ်းတစ်ဂိုဏ်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို သစ္စာဖောက်သွားခြင်းက သိပ်ပြဿနာမဟုတ်ပါ။

သို့သော် သူတို့က ဂိုဏ်းစုံညီစုဝေးပွဲတွင် တစ်စုံတစ်ခု ကြံစည်ကြမည်လော။

ထိုလူများက တစ်ခုခုကြံစည်ပါလျှင် ရလဒ်မှာ ခန့်မှန်းရန် ခက်ခဲသည်။

မူလက ဟန်မူယဲ့သည် ထိုလူများ ဘာလုပ်မည်ကို စိတ်မဝင်စားပါ။ သူသည် ဓားစံအိမ်တွင်ဖြစ်ကာ မည်သူမှ သူ့အား ထိခိုက်စေနိုင်မည် မဟုတ်ချေ။

သို့သော်လည်း ဟွမ်လောင်လျှို ဂရုစိုက်သောသူတစ်ဦးမှာ သည်ကိစ္စ၌ ပါဝင်ပတ်သက်နေသည်။

သူမသည်သာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် တစ်စုံတစ်ခုဖြစ်ပါက ဟွမ်လောင်လျှို သေချာပေါက် ဝမ်းနည်းပေလိမ့်မည်။

သူက ဟွမ်လောင်လျှိုအား ထိုကိစ္စကို တိုက်ရိုက် မပြောပြနိုင်ပေ။

ကြည့်ရသည်မှာ သူက ဂိုဏ်းစုံညီစုဝေးပွဲသို့လာမည့် ဂိုဏ်းများစာရင်းကို စုံစမ်းကာ တစ်စုံတစ်ခု ပြုလုပ်ရတော့မည် ထင်သည်။

သူကား အမှန်တကယ် စိုးရိမ်ပူပန်နေ၏။ သူက အရာအားလုံးကို နားလည်အောင် မည်သို့ လုပ်ရမည်နည်း။

နံနက်ပိုင်းတွင် ဟန်မူယဲ့သည် ဟွမ်လောင်လျှို အခန်းထဲမှ ထွက်လာသည်ကို ကြည့်သည်။

အမူးပြေသွားပြီးသော ဟွမ်လောင်လျှိုမှာ အကြောများဆန့်ကာ ခြေလက်များကို လေ့ကျင့်ခန်း လုပ်နေသည်။

“ယို… အစ်ကို ဒီနေ့ အစောကြီးပါလား”

ဟန်မူယဲ့က ဓားတစ်လက်ကို ကိုင်ကာ ပြုံးလျှက် မေးသည်။

“အမ်… အင်း…”

ဟွမ်လောင်လျှိုက အသက်ပြင်းပြင်းရှူကာ ပြန်နှုတ်ဆက်သည်။

ဟန်မူယဲ့၏အပြုံးကိုမြင်လျှင် ဟွမ်လောင်လျှိုက တစ်စုံတစ်ခုကို သတိရသွားကာ မျက်နှာများ နီမြန်းသွားသည်။

“အဟမ်း… ငါ မနေ့ညက အတော်လေး သောက်တာ များသွားတယ်။ ငါပြောကာ ခေါင်းထဲ မထည့်ထားနဲ့”

ဟွမ်လောင်လျှိုက မျက်နှာများ ရဲလျှက် ပြောသည်။

ဟန်မူယဲ့က သူ၏ဓားကို ဝှေ့ယမ်းကာ ခေါင်းညိတ်သည်။

“အစ်ကိုက မူးပြီး လျှောက်ပြောတဲ့စကား ရှိသေးလို့လား”

“ကောင်းကင်ဘုံအဆင့်ဖြစ်ချင်တာက အမူးစကားလား… ဒါမှမဟုတ် မရီးနဲ့ပတ်သက်တဲ့အကြောင်းက အမူးစကားလား”

ဟွမ်လောင်လျှို၏မျက်နှာက ပို၍ နီရဲလာသည်။ သူက တန်းတွင် တင်ထားသော အပြင်စည်းဝတ်စုံအား လှမ်းယူကာ အပြင်သို့ ထွက်သွားသည်။

“အစ်ကို ဘယ်ကို သွားမလို့လဲ”

“မနက်စာ သွားစားမလို့”

“မရီးကို သွားမရှာဘူးပေါ့”

“…”

ဓားစံအိမ်နောက်ဘက်တွင် ဟန်မူယဲ့ ပြုံးလိုက်ကာ ဓားကို ဝှေ့ယမ်းကစားလိုက်သည်။ ဓားအလင်းသည် ထက်ရှသွားကာ ဓားချီများ စတင်စုစည်းလာသည်။

သူ၏ချီစုဆောင်းခြင်းအဆင့်မှာ အဆင့် ၁မျှသာ ရှိသေးသော်လည်း သူသည် ကျင့်ကြံသူတစ်ဦးအဖြစ် သတ်မှတ်နိုင်ပြီ ဖြစ်သည်။

ဓားအလင်းမှာ တောက်ပသည်။

“အစ်ကိုဟာ ဓားစံအိမ်မှာ ဘေးကင်းတယ်။ ဒီကိစ္စက အစ်ကို့ကို မထိခိုက်ဖို့ မျှော်လင့်တာပဲ”

ဟန်မူယဲ့ တီးတိုးဆိုကာ ဓားကို ရှေ့သို့ ထိုးလိုက်သည်။

ဝှီး…

ကျောက်တုန်းနံရံ၌ ဓားထိုးရာတစ်ခု ပေါ်လာသည်။

နံနက်ပိုင်းတွင် ဟွမ်လောင်လျှိုသည် ဓားစံအိမ်အဝင်ဝအနီးမှ စားပွဲရှည်တွင် နဂိုအတိုင်း ပျင်းရိဟန်ဖြင့် ထိုင်နေသည်။

“အစ်ကို… ဘာလို့ အပြင်ကို လမ်းလျှောက် မထွက်တာလဲ”

ဟန်မူယဲ့က သူ့အား မေးသည်။

“ကောင်းပြီ…”

ဟွမ်လောင်လျှိုက အလိုအလျောက် ဖြေသည်။ ထို့နောက် သူက သတိဝင်လာကာ ခေါင်းယမ်းသည်။

“ထားလိုက်ပါ။ ငါ ဘယ်မှ သွားစရာမရှိဘူး”

“အစ်ကို တကယ် မသွားဘူးလား”

ဟန်မူယဲ့က ထရပ်ကာ ပြောသည်။

“ဒါဆို ကျွန်တော် အပြင်သွားမယ်”

ထို့နောက် သူ ဓားစံအိမ်အပြင်ဘက်သို့ ထွက်လာခဲ့သည်။

ဟွမ်လောင်လျှိုကား ပါးစပ်ကြီးဟလျှက် ကျန်ရစ်သည်။ ထို့နောက် သူလည်း ဓားစံအိမ်အပြင်သို့ ထွက်လာခဲ့သည်။

“အစ်ကို… ခင်ဗျားလည်း သွားမလို့လား”

လုကော အပြေးလေး လှမ်းလာသည်။

“ငါ ဒီနားဟိုနား လမ်းလျှောက်မလို့”

ဟွမ်လောင်လျှိုက ကျောက်တုံးလှေကားထစ်အတိုင်း လက်နှစ်ဖက်ကို နောက်ပိုက်လျှက် ဆင်းသွားသည်။

“ဒီနေ့အသား…”

လုကောက နောက်မှ မေးလိုက်သည်။

“ငါ နံရိုးသားစားချင်တယ်”

အဝေးမှ ဟွမ်လောင်လျှို၏အသံကို ကြားရသည်။

“ခင်ဗျားက သွားမရှိဘူး… ဒါပေမဲ့ အရိုးမှ ကိုက်ချင်တယ်”

လုကောက ခေါင်းယမ်းကာ သူ့နေရာ၌ ပြန်သွားထိုင်သည်။ သူက ဓားစံအိမ်ထဲကို လှမ်းကြည့်ကာ ထိုနေရာမှ ဓားချီများ၏အေးစက်မှုကို ခံစားရသည်။ သူက တံခါးဘောင်တွင် ပြန်မှီလိုက်ကာ ခေါင်းယမ်း၏။

ဟန်မူယဲ့ ဓားစံအိမ်မှ ထွက်လာခဲ့ကာ စုကျန်းဆေးဆိုင်သို့ ရောက်လာသည်။

တံခါးဝတွင် ဟန်မူယဲ့ အသက်ဝအောင်ရှူလျှက် အတွင်းသို့ ဝင်လိုက်၏။

ပိုင်စုကျန်းကား ဆက်ဆံရ မလွယ်ကူပေ။

စုကျန်းဆေးဆိုင်ထဲကို ဝင်ပြီးနောက်တွင် ပန်းရောင်ဝတ်စုံဖြင့် နောက်ထပ် အမျိုးသမီးတစ်ဦးကိုလည်း တွေ့ရသည်။

ဟန်မူယဲ့ဝင်သွားလျှင် သူမတို့နှစ်ဦး ပျော်ရွှင်စွာ စကားပြောနေသည်ကို တွေ့ရ၏။ ဟန်မူယဲ့အားမြင်လျှင် ပန်းရောင်ဝတ်အမျိုးသမီးက ချက်ချင်း ပါးစပ်ပိတ်လိုက်သည်။ ပိုင်စုကျန်းက ဟန်မူယဲ့အား မြင်လျှင် မျက်နှာက ဝင်းလက်သွား၏။

“စီနီယာအစ်ကိုဟန်… ရှင်က ရှားပါးတဲ့ဧည့်သည်ပဲ”

ပိုင်စုကျန်းက စားပွဲကောင်တာသို့ လျှောက်လာကာ ဟန်မူယဲ့ထံသို့ ယိမ်းကာ ကြည့်သည်။

“မင်းတို့ ဆက်ပြောကြ”

ဟန်မူယဲ့ လက်ဝှေ့ယမ်းကာ တစ်ဘက်ကို လှည့်လိုက်သည်။

သူကား ပိုင်စုကျန်းနှင့် ကလူကျီစယ်ရန် စိတ်မဝင်စားပါ။

သို့သော်လည်း စီးပွားရေးကို ရေရှည်လုပ်ရန် သူက တချို့သော ကိစ္စရပ်များအား နေသားကျရန် လိုသည်။

ပိုင်စုကျန်းက ခေါင်းညိတ်ကာ ပန်းရောင်ဝတ်အမျိုးသမီးထံသို့ လျှောက်သွားကာ တီးတိုးပြောသည်။

အတန်ကြာလျှင် အမျိုးသမီးကျင့်ကြံသူက အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ၁တုံးအား ထုတ်ယူကာ ပိုင်စုကျန်း၏လက်ထဲကို ထည့်လိုက်သည်။ ပိုင်စုကျန်းက ကျောက်စိမ်းပုလင်းငယ်လေးတစ်လုံးအား ထုတ်ပေးလိုက်သည်။

“ဒါက တကယ်ပဲ အမြင့်ဆုံးအရည်အသွေး တိမ်မြူချီဆေးလုံးပဲ”

အမျိုးသမီးကျင့်ကြံသူက အံ့အားသင့်စွာ ရေရွက်ကာ ဆေးပုလင်းငယ်အား တင်းတင်းဆုပ်ကိုင်လျှက် ပိုင်စုကျန်းကို ပြောသည်။

“ဆိုင်ရှင်ပိုင်… ရှင့်မှာ ဒီလိုဆေးလုံးတွေ နောက်ထပ်ရှိသေးလား။ ကျွန်မ ဝိညာဉ်ကျောက်တုံး ၁၀၀၀ စီ ပိုပေးပါ့မယ်”

“ဆေးလုံး ၁ လုံးကို ဝိညာဉ်ကျောက်တုံး ၁၁၀၀၀။ ဒါက စျေးကွက်တန်ဖိုးထက် အများကြီးမြင့်တယ်”

အမျိုးသမီးကျင့်ကြံသူ၏အသံမှာ သိပ်မကျယ်ပါ။ သို့သော်လည်း လက်ထဲတွင် ဆေးအမယ်တစ်ခုကို ကိုင်ထားသော ဟန်မူယဲ့မှာ အာရုံထွေပြားသွားသည်။

အမြင့်ဆုံးအရည်အသွေး တိမ်မြူချီဆေးလုံး ၁လုံးကို ဝိညာဉ်ကျောက်တုံး ၁၁၀၀၀။

ပိုင်စုကျန်းက ဆေးလုံး ၁လုံးကို ဝိညာဉ်ကျောက်တုံး ၃၀၀၀ ဖြင့် ဝယ်ကာ ဝိညာဉ်ကျောက်တုံး ၁၁၀၀၀ ဖြင့် ရောင်းသည်။ သူမရသော အကျိုးအမြတ်ကား ကြီးမားလွန်း၏။

‘ဘယ်လောက် ဉာဏ်နီဉာဏ်နက်များလိုက်လဲ’

ဟန်မူယဲ့က ခေါင်းကို စောင်းလျှက်ကြည့်လျှင် ပိုင်စုကျန်းနှင့် အကြည့်ချင်းဆုံသည်။

ပိုင်စုကျန်း အနည်းငယ် အမူအရာပျက်သွားပြီးမှ အမျိုးသမီးကျင့်ကြံသူအား ကြည့်ကာ တီးတိုးပြောသည်။

“ညီမ ယွီရှ… ငါ့မှာ ဆေးလုံးရှိသေးရင် သေချာပေါက် စျေးကွက်တန်ဖိုးအတိုင်း ရောင်းပေးမှာပေါ့။ ဆေးလုံးတန်ဖိုးကို ဘာလို့ မြှင့်ရမှာလဲ”

အမျိုးသမီးကျင့်ကြံသူက ခေါင်းညိတ်ကာ ဆေးပုလင်းငယ်အား သိမ်းဆည်းလိုက်သည်။ ထို့နောက် သူမက အံကြိတ်ကာ မုန်းတီးစွာ ပြောသည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ ဘယ်သူက ကျွန်မအစ်ကိုရဲ့ တာအိုနှလုံးသားကို စကားလုံးတချို့နဲ့ ဖျက်ဆီးရဲတာလဲ မသိဘူး”

“အခု သူ့ကျင့်ကြံခြင်းက ရပ်တန်သွားပြီးတော့ ဓားတာအိုကို မလိုက်စားနိုင်တော့ဘူး။ ဒီ အမြင့်ဆုံးအရည်အသွေး တိမ်မြူဆေးလုံးနဲ့ သူ့ဒန်ထျန်ကို တည်ငြိမ်အောင် မထိန်းထားလိုက်ရင် သူ သေချာပေါက် ကျင့်ကြံဆင့်ပျက်စီးသွားမှာ”

“အဲဒီလူကို တွေ့ရင် ကျွန်မ သေချာပေါက် သူ့အရိုးတွေကို ချိုးပစ်မယ်”

ဟန်မူယဲ့ စိတ်ဝင်တစားဖြင့် ပန်းရောင်ဝတ် အမျိုးသမီးအား ကြည့်သည်။

အမျိုးသမီးကျင့်ကြံသူ၏အရှိန်အဝါမှာ ထူးခြားကာ ထက်ရှသော ဓားအငွေ့အသက်များ ထွက်ပေါ်နေ၏။ သူမသည် အတော်လေး သန်မာဟန်ရသည်။

သို့ဆိုလျှင် သူမ၏အစ်ကိုမှာ သေချာပေါက် ပို၍ သန်မာပေမည်။

စကားလုံးတချို့နှင့် တာအိုနှလုံးသားအား ဖျက်ဆီးပစ်သည်လား။

‘မည်သူက ထိုမျှ ထူးချွန်သနည်း’

ပန်းရောင်ဝတ်အမျိုးသမီး၏စကားများကိုကြားလျှင် ပိုင်စုကျန်းက တီးတိုးပြောသည်။

“ငါလည်း စီနီယာအစ်ကိုရဲ့ ဓားအကြိမ်ရေတစ်သန်းကို ဝှေ့ယမ်းတာက တောင်ကုန်းကို ဓားတစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်မယ်လို့ မယုံကြည်ဘူး”

“သူက ဓားကို အကြိမ်တစ်သန်း ဝှေ့ယမ်းပြီးတော့ သူ့ဓားချက်ဟာ သာမန်အတိုင်း ဖြစ်နေတာကို သိခဲ့ရင် သူ သေချာပေါက် ဒီထက်ပိုပြီး စိတ်ဓာတ်ကျသွားမှာ”

‘ဓားကို အကြိမ်တစ်သန်း ဝှေ့ယမ်းသည်လား’

‘ကျောက်တုံးတွေနဲ့ ကျောက်ဆောင်တွေကို ဖျက်ဆီးတာလား’

ထိုလူမှာ အပြင်စည်းဂိုဏ်းမှ လေ့ကျင့်ရေးမှူးလင်း မဟုတ်ဘူးလား။

စကားလုံးတချို့က သူ၏တာအိုနှလုံးသားအား ပျက်စီးစေသည်လား။

“အဟမ်း… ဒီက မိန်းကလေးရဲ့အစ်ကိုဟာ အပြင်စည်းဂိုဏ်းက လေ့ကျင့်ရေးမှူးလင်းလား”

ဟန်မူယဲ့က အမျိုးသမီးငယ်အား အသံတိုးတိုးဖြင့် မေးသည်။

ထိုအမျိုးသမီးက ဟန်မူယဲ့အား ကြည့်သည်။ ထို့နောက် ပိုင်စုကျန်းအား ကြည့်သည်။

“အစ်မပိုင်… ရှင့်ရဲ့စီနီယာအစ်ကိုဟန်ကို သေချာလေးကြည့်ထားပါ။ သူ တွေ့တဲ့ အမျိုးသမီးတိုင်းကို လိုက်မစစေနဲ့”

ထိုအမျိုးသမီးက ပြောပြီးသည်နှင့် ဟန်မူယဲ့အား မျက်လုံးထောင့်ကပ်ကြည့်ကာ ဆေးဆိုင်အပြင်သို့ ထွက်သွားသည်။

“ကြည့်ကောင်းတယ်ဆိုတိုင်း လူတိုင်းက ရှင့်ကို အထင်ကြီးမယ် မထင်နဲ့…”

“ကျွန်မ လင်းယွီရှကို ဒါမျိုး မရဘူး”

ဟန်မူယဲ့ ခေါင်းယမ်းကာ ပိုင်စုကျန်းအား ကြည့်သည်။

“ဆိုင်ရှင်ပိုင်… ကျုပ်တို့ တိမ်မြူချီဆေးလုံးတန်ကြေးကို ပြန်ပြီး သတ်မှတ်ရမယ်မလား”

All Chapters