← Chapters

သူတို့မှာ မကောင်းတဲ့အကြံအစည်ရှိရင် ဒီအတိုင်း ဖျက်ဆီးလိုက်မယ်

Vol. 4 Ch. 50

သူတို့မှာ မကောင်းတဲ့အကြံအစည်ရှိရင် ဒီအတိုင်း ဖျက်ဆီးလိုက်မယ်

Vol. 4 Ch. 50

ဤ အမျိုးသမီးစီးပွားရေးသမားသည် သူ့ထံမှ ဆေးလုံးကို ဝိညာဉ်ကျောက်တုံး ၃၀၀၀ ဖြင့် ဝယ်ကာ ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ဖြင့် ပြန်ရောင်း၏။

၎င်းသည် အနည်းငယ် မလွန်ပေဘူးလား။

ဟန်မူယဲ့၏လေသံတင်းတင်းအား ကြားလျှင် ပိုင်စုကျန်း ပြုံးလျှက် လျှောက်လာသည်။

“စီနီယာအစ်ကိုဟန်… ကျွန်မလည်း ပိုက်ဆံရှာရတာ မလွယ်ပါဘူး။ အမြင့်ဆုံးအရည်အသွေး တိမ်မြူဆေးလုံးရဲ့ စျေးကွက်တန်ကြေးက ဝိညာဉ်ကျောက်တုံး ၄၀၀၀ နဲ့ ၅၀၀၀ ကြားမှာပဲရှိတာပါ”

“ညီမ ယွီရှက အဲဒီစျေးနှုန်းနဲ့ ဝယ်သွားတယ်ဆိုတာ အရမ်းအရေးတကြီးလိုလို့ပါ”

“ဒီလိုလုပ်ပါလား။ သူမဆီက ရတဲ့ အကျိုးအမြတ်အားလုံးကို ရှင့်ကို ပေးမယ်လေ”

ပိုင်စုကျန်းက အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးအား ဟန်မူယဲ့ကို တွန့်ဆုတ်စွာ ပေးသည်။

ဟန်မူယဲ့က ဝိညာဉ်ကျောက်တုံးအား ယူလိုက်ကာ သူ၏အိတ်ကပ်ထဲကို ထည့်လိုက်သည်။ ထို့နောက် သူက တင်းမာစွာ ပြောသည်။

“အမြင့်ဆုံးအရည်အသွေးတိမ်မြူချီဆေးလုံးကို ဝယ်တဲ့လူတွေအကုန်လုံးက အရေးပေါ်လိုတဲ့သူတွေချည်းမလား”

ပိုင်စုကျန်း၏အပြုံးမှာ တောင့်တင်းသွား၏။ သူမက ပြန်မဖြေပါ။

ဟန်မူယဲ့က ကျောက်စိမ်းပုလင်းငယ် ၂လုံးအား ထုတ်လိုက်ကာ ကောင်တာ၌ တင်လိုက်သည်။

“ကျုပ်ခင်ဗျားကို စျေးကွက်တန်ကြေးရဲ့တစ်ဝက်ကိုပဲ တောင်းမယ်။ ပြီးတော့ ဆေးအမယ်တွေကို ခင်ဗျား ကျခံပေးရမယ်”

ဝိညာဉ်ကျောက်တုံး ၅၀၀၀ ဟု သတ်မှတ်လိုက်ခြင်းက တန်ကြေးမှာ နှစ်ဆ ဖြစ်သွားခြင်းပင်။

ပိုင်စုကျန်း၏အမူအရာက သိပ်မကောင်းတော့ပါ။ သူမက စကားပြောရန် ပြင်လိုက်စဉ် ဟန်မူယဲ့ လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။

“ခင်ဗျား ယူမလား”

“မယူဘူးဆိုရင် ကျုပ်ပေးတဲ့ သဘောတူညီချက်ကို မေ့လိုက်ပါ”

သူက နောက်လှည့်ကာ ထွက်သွားရန် ပြင်သည်။

“ယူမယ်… ကျွန်မ သဘောတူတယ်…” ပိုင်စုကျန်းက သူ့လက်ကို လိုက်ဆွဲကာ အလျင်အမြန် ပြောသည်။

“စီနီယာအစ်ကို… ကျွန်မ သဘောတူယ်…”

“ရှင်ပြောတဲ့အတိုင်း အကုန် သဘောတူတယ်”

…

၁၅ မိနစ်ခန့် ကြာပြီးနောက်တွင် ဟန်မူယဲ့သည် စုကျန်းဆေးဆိုင်မှ အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ၁၁ တုံးဖြင့် စိတ်ကြေနပ်စွာ ထွက်သွားသည်။

သူက ပိုင်စုကျန်းအား ဂိုဏ်းနှင့်ပတ်သက်သော ကိစ္စရပ်များ၊ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ လာရောက်သော ဂိုဏ်းများအား စောင့်ကြည့်ခြင်းများ ပြုလုပ်ရန် တောင်းဆိုခဲ့သေးသည်။ ထို့အတူ သူမက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို အကောက်ကြံမည့် ဂိုဏ်းများကိုလည်း အာရုံစိုက်ရန် မှာကြားခဲ့၏။

ဟန်မူယဲ့မှာ စိုးရိမ်လွန်နေပြီဟုပင် ပိုင်စုကျန်းက ပြောလိုက်သည်။

ဟန်မူယဲ့ စုကျန်းဆေးဆိုင်တွင် အချိန်ကြာကြာ မနေခဲ့ပါ။ သူက ဝိညာဉ်ကျောက်တုံးများအား သိမ်းဆည်းကာ ထွက်သွားသည်။

သူ၏အိတ်ကပ်မှာ လေးလံနေရာ ၎င်းမှ ကြီးမားသော ယုံကြည်ချက်ကို ပေးသည်။ သူက ပိုင်စုကျန်းကဲ့သို့ သိုလှောင်လက်စွပ်တစ်ကွင်း လိုအပ်သည်ဟု တွေးမိသည်။

ထိုပစ္စည်းမှာ တန်ဖိုးမသေးပါ။ သူက ပိုင်စုကျန်း၏လက်စွပ်ကို အရယူရန် နည်းလမ်းတစ်ခု စဉ်းစားသင့်သည်ဟုပင် တွေးမိ၏။

“ရှင်ဟာ ဓားစံအိမ်က စီနီယာအစ်ကိုဟန်မလား”

ဟန်မူယဲ့က သူ့ရှေ့တွင်ရပ်နေသော အမျိုးသမီးကျင့်ကြံသူအား ကြည့်လိုက်သည်။

ကျင်းယွမ်…

သူမသည် ဟန်မူယဲ့မှာ အသက် ၇ ရက်ထက် မရှည်တော့ဟု ပြောခဲ့သူ ဖြစ်သည်။

ကျင်းယွမ်၏သတိပေးမှုကြောင့်သာ သူ အသက်ရှင်ခဲ့ရသည်ဟု ဟန်မူယဲ့ ခံစားရသည်။

“ဆိုတော့… ဒါက မိန်းကလေးကျင်းယွမ်ပဲ”

ဟန်မူယဲ့ လက်နှစ်ဖက်ဆုပ်သည်။

“ရှင်မသေသေးဘူး… မဟုတ်ဘူး… ရှင့်ရဲ့သက်တန်းကုန်တဲ့ကိစ္စ ပြေလေသွားပြီလား”

ကျင်းယွမ်က ဟန်မူယဲ့အား ကြည့်ကာ ရေရွက်သည်။

မိမိ မသေသည်ကို သူမက အလွန် အံ့အားသင့်နေသည်လား။

“အဟမ်း… မိန်းကလေး… ခင်ဗျားစိတ်ပူတာကို ကျေးဇူးပါ။ လတ်တလောမှာတော့ သက်တန်းကုန်တဲ့ကိစ္စ စိတ်ပူစရာမလိုသေးဘူး”

သူ၏ခန္ဓာကိုယ်က ဓားဆန္ဒ၏စွမ်းအားနှင့် လိုက်လျောညီထွေစွာ သန်မာမှုမရှိပါက သက်တန်းမှာ မြန်ဆန်စွာ ကုန်ဆုံးလာနိုင်ပေသေးသည်။

တခြားတစ်နည်းဖြင့် ပြောရပါက လောလောဆယ်တွင် သူ့မှာ ခံနိုင်ရည် ရှိသေးသည်။

ကျင်းယွမ်က ခေါင်းညိတ်လိုက်ကာ အသံတိုးတိုးဖြင့် ပြောသည်။

“ရှင့်သက်တန်းကိစ္စ စိတ်ပူစရာမလိုတော့တာ ဝမ်းသာစရာပဲ။ ဂျူနီယာညီမလေးမူက အရမ်းစိုးရိမ်နေခဲ့တာ”

မူဝမ်…

ဟန်မူယဲ့ အလျင်အမြန် ပြောသည်။

“မိန်းကလေး… ဂျူနီယာညီမလေးမူ ဘယ်ဂိုဏ်းမှာ ရှိသလဲ ခင်ဗျား သိလား။ ပြီးတော့ ဘာကြောင့်လဲ”

ဂိုဏ်း ပြောင်းလဲခြင်းတွင် ပြဿနာများ ရှိတတ်သည်ဟု သူ ကြားဖူးသည်။

မူဝမ်ကဲ့သို့ ဂိုဏ်းမှ တန်ဖိုးထားရသော အာခီမီကျင့်ကြံသူများမှာ ဂိုဏ်းကို အလွယ်တကူ ပြောင်းလဲမည် မဟုတ်ပါ။ ထိုကိစ္စတွင် အကြောင်းရင်းတစ်ခု ရှိရပေမည်။

“ရှင်မသိဘူးလား…”

မူဝမ်က ထပ်၍ ရှင်းပြသည်။

“မူမိသားစုဟာ အာခီမီမိသားစုပဲ။ ဂျူနီယာညီမလေးမူရဲ့ ဘိုးဘေးဟာ ဆဌမအတန်းအစားဆေးလုံးကို ဖော်စပ်နိုင်တဲ့ အာခီမီဆရာသခင်ပဲ…”

“မူမိသားစုက တပည့်တွေဟာ ဂိုဏ်းတွေမှာ သွားကျင့်ကြံတဲ့အခါ ဘာကန့်သတ်မှုမှ မရှိဘူး”

ဆဌမအတန်းအစားဆေးလုံး…

အာခီမီနှင့်ပတ်သက်၍ အခြေခံဗဟုသုတများရှိသော ဟန်မူယဲ့သည် ဆဌမအတန်းအစားဆေးလုံးများမှာ မည်မျှ တန်ဖိုးကြီးမားသည်ကို သိ၏။

ဆဌမအတန်းအစားဆေးလုံးများမှာ ကောင်းကင်ဘုံအဆင့်များအတွက်ပင် အလွန်အရေးပါသည်။

ဆဌမအတန်းအစားဆေးလုံးကို ဖော်စပ်နိုင်သူမှာ ကောင်းကင်ဘုံအဆင့်နှင့် အဆင့်အတန်းတူသည်။

မူမိသားစုမှလူများမှာ မည်သည့်ဂိုဏ်းတွင်မဆို ဝင်ရောက်ကျင့်ကြံနိုင်သည်မှာ မထူးဆန်းတော့ပေ။

မည်သည့်ဂိုဏ်းက မူမိသားစုဘိုးဘေးကို မျက်နှာသာမပေးဘဲ နေမည်နည်း။

မူဝမ်အကြောင်း တွေးမိလျှင် ဟန်မူယဲ့ စိတ်လှုပ်ရှားသွားသည်။

မူမိသားစုဘိုးဘေးမှာ ထိုမျှ နောက်ခံကြီးမားသည်လား။

မူဝမ်မှာ မိန်းမကောင်းလေးတစ်ဦး ဖြစ်သည်။ သူက မည်သို့ သူမအား လက်လွှတ်လိုက်ရသနည်း။

ကျင်းယွမ်က စကားပြောနေသည်ကို ရပ်လိုက်ကာ နောက်လှည့်၍ ပြောသည်။

“စီနီယာအစ်ကိုဟန်… ဆရာက သေချာပေါက် ရှင့်သက်တန်းကုန်တဲ့ကိစ္စ အဆင်ပြေသွားတာကို စိတ်ဝင်စားမှာပဲ။ အချိန်ရရင် ရေကန်စံအိမ်သို့ လာခဲ့ပါ”

ရေကန်စံအိမ်တွင် အကြီးအကဲစုလျှန့် နေထိုင်သည်။

ဟန်မူယဲ့ ခေါင်းညိတ်ကာ ပြောသည်။

“ကျေးဇူးပါ မိန်းကလေး။ ကျုပ် အားရင် သေချာပေါက် လာခဲ့ပါ့မယ်”

အကြီးအကဲစုလျှန့်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် အသက်ရှည်ဆေးလုံးအား ဖော်စပ်နိုင်သော တစ်ဦးတည်းသောသူ ဖြစ်သည်။ အကယ်၍ သူက သူမနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်နိုင်ပါက အကျိုးရှိပေသည်။

စျေးတန်းမှ ထွက်ခွာလာပြီးနောက်တွင် ဟန်မူယဲ့သည် အတွင်းစည်းဂိုဏ်းသို့ ရောက်လာသည်။

သူသည် အတွင်းစည်းဂိုဏ်းတွင် အသိအကျွမ်း သိပ်မရှိပါ။

လက်ရှိတွင် သူသိသော အဆင့်အတန်းအမြင့်ဆုံးလူမှာ ကျောက်တုံးသုံးတုံးစံအိမ်မှ ထို့ပါ့ချန် ဖြစ်သည်။

ဓားစံအိမ်အကြီးအကဲသည်ကား တတိယထပ်မှ အောက်သို့ ဆင်းလေ့ပင် မရှိပါ။ သူက ဂိုဏ်းအရေးကိစ္စများကို အရေးလုပ်ဟန်မတူ။

သူသည် ကျောက်တုံးသုံးတုံးစံအိမ်သို့ ရောက်သောအခါ ကျောက်ဖူ မရှိပေ။ ထို့ကြောင့် သူက ထို့ပါ့ချန်ကို တွေ့ခွင့်ရရန် တိုက်ရိုက်တောင်းဆိုခဲ့သည်။

သစ်သားစံအိမ်ပေါ်သို့ တက်လာသည်တွင် ထို့ပါ့ချန်က ရယ်မော၍ ပြောသည်။

“တူလေးဟန်… မင်းက ဓားစံအိမ်မှာ အရမ်းအားလပ်နေလို့ ပျင်းနေပြီမလား”

“အရင်တုန်းက ငါတို့အားလုံး ဇွဲကောင်းကောင်းနဲ့ ကျင့်ကြံနေကြတယ်။ မင်းတို့ အကြီးအကဲကောင်းပဲ ပျင်းလို့သေတော့မယ် အော်နေတာ”

သူ့တွင် အမှန်တကယ်လည်း ဓားစံအိမ်၌ လုပ်စရာ သိပ်မရှိပါ။

အနည်းဆုံး ဟန်မူယဲ့သည် ဓားစံအိမ်၌ ဓားများကို သန့်ရှင်းရေးလုပ်သေးသည်။

“ဆရာဦးလေး… ကျွန်တော် တင်ပြစရာတစ်ခုရှိလို့ပါ”

ဟန်မူယဲ့က လက်နှစ်ဖက်ဆုပ် ဂါရဝပြုကာ သူ ပြင်ဆင်တွေးတောလာသော ဇတ်လမ်းကို ပြောပြသည်။

သူသည် နောက်ဆုံးအကြိမ်က မော့ယွမ်နှင့် ချင်းမူမြို့သို့ ခရီးထွက်ခဲ့သည်။ သူတို့က မော့မိသားစု၌ ကျင့်ရှန်းဂိုဏ်း၏တားဆီးမှုနှင့် ကြုံခဲ့ရကာ မော့ယွမ်က သူတို့အား ကယ်တင်ခဲ့သည်။

ထိုဖြစ်စဉ်၌ ကျင့်ရှန်းဂိုဏ်းမှ လူများက ဂိုဏ်းငယ်တချို့အား သွေးထိုးကာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအား မကောင်းသော အကြံအစည်များလုပ်ရန်လည်း ပါဝင်သည်။

“ကျွန်တော် သေသေချာချာ မကြားလိုက်ရပေမဲ့ စုယန်ဂိုဏ်းကိုတော့ မှတ်မိတယ်”

“ပြီးတော့ စုယန်ဂိုဏ်းခေါင်းဆောင်က လျှိုလိရှန်း မဟုတ်ဘူးလား”

ဟန်မူယဲ့က ချင်ယွမ်ဟယ်၏ဓားမှ ရသော မှတ်ဉာဏ်များအား ပြင်ဆင်ကာ ရှင်းပြသည်။

“လျှိုလိရှန်း… သူက တကယ်ပဲ စုယန်ဂိုဏ်းခေါင်းဆောင်ပဲ”

ထို့ပါ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။

“ဒါပေမဲ့ ဒီဂိုဏ်းငယ်လေးတွေဟာ အရင်တုန်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းလက်အောက်ခံတွေ ဖြစ်ကြတယ်။ သူတို့ ငြိမ်ငြိမ်နေတော့ ငါတို့က သိပ်အရေးမလုပ်ခဲ့ကြဘူး”

“တကယ်လို့ သူတို့မှာ မကောင်းတဲ့အကြံအစည်ရှိရင် ဒီအတိုင်း ဖျက်ဆီးလိုက်မယ်”

ထို့ပါ့ချန်ထံမှ မည်သည့်သတ်ဖြတ်လိုသော အငွေ့အသက်မှ မရပါ။ သူက သာမန်အရေးကိစ္စကို ပြောနေသည့်အလား ထင်မှတ်ရသည်။

“ဆရာဦးလေး… ကျွန်တော် အပြင်စည်းဂိုဏ်းကို သွားတုန်းက ဂိုဏ်းစုံညီစုဝေးပွဲအကြောင်းကို ကြားခဲ့တယ်”

“စုယန်ဂိုဏ်းက တစ်ယောက် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ရောက်လာတယ်”

ဟန်မူယဲ့ တီးတိုးပြောသည်။

“သူက အံ့ဖွယ်ကိုးပါးတောင်ကုန်းကို ရောက်လာတယ်လား”

ထို့ပါ့ချန်ထံမှ အားလှိုင်းများ စိမ့်ထွက်လာသည်။

“ငါ သဘောပေါက်ပြီ”

သူက လက်ဝှေ့ယမ်းကာ တည်ငြိမ်စွာ ပြောသည်။

ဟန်မူယဲ့လည်း နှုတ်ဆက်ကာ ပြန်ထွက်လာခဲ့၏။

ကိစ္စကား ပြတ်သွားလေပြီ။

ထို့ပါ့ချန်က စုယန်ဂိုဏ်းကို ဖျက်ဆီးလိုက်သည်နှင့် တခြားဂိုဏ်းများ သေချာပေါက် ငြိမ်ဝပ်သွားကာ တခြားအကြံအစည်များ ရှိတော့မည် မဟုတ်ချေ။

ဤနည်းဖြင့် ဟွမ်လောင်လျှို၏ချစ်ရသူမှာလည်း ဘေးကင်းပေလိမ့်မည်။

အနာဂတ်ကိစ္စရပ်ကိုကား ခန့်မှန်းရန် မလွယ်ပါ။

နေ့လည်ပိုင်းတွင် ဟန်မူယဲ့ ဓားစံအိမ်သို့ ပြန်ရောက်လာခဲ့သည်။

သူက တံခါးဝသို့ ရောက်သည်နှင့် လုကောက သူ့အား ကြိုဆိုသည်။

“စီနီယာအစ်ကိုဟန်… အပြင်စည်းဂိုဏ်းနဲ့ အတွင်းစည်းဂိုဏ်းသားတချို့ စီနီယာအစ်ကို,ကို လာပြီး နှုတ်ဆက်သွားကြတယ်။ ခင်ဗျား မရှိတော့ သူတို့ ထွက်သွားကြတယ်”

‘လာနှုတ်ဆက်သည်လား’

ကြည့်ရသည်မှာ ကျောက်ယိုကျစ်နှင့် ကျန်းဟန်တို့မှာ ချင်သုံးပါးဓားဂိုဏ်းကို သုတ်သင်ရန် ထွက်သွားကြပြီးဖြစ်ဟန်ရသည်။

“သူတို့ ဒီတစ်ခေါက်တာဝန်ဟာ ချင်သုံးပါးဓားဂိုဏ်းကို သုတ်သင်ဖို့ပဲ။ သူတို့ခေါင်းဆောင်ဟာ ဂိုဏ်းစီမံခန့်ခွဲရေးမှူးစုယွမ် ဖြစ်တယ်”

“ပြောကြတာက မီးဓာတ်မျိုးဆက်ဟာ သူတို့တန်ခိုးရှင်အတော်များများကို စေလွှတ်ပြီးတော့ သေဆုံးသွားတဲ့ ဂိုဏ်းသား ၁၃ယောက်အတွက် လက်စားချေမှာတဲ့”

လုကောက သူသိသည်များအားလုံးကို ပြောပြသည်။

All Chapters