ကျုပ်နာမည် လင်းချုံးရှောင်
Vol. 4 Ch. 52
ဟန်မူယဲ့ လင်းရှန်ကို မြင်သောအခါ ကောင်းကောင်းပင် မမှတ်မိတော့ပါ။
သန်မာကာ သူရဲကောင်းဟန်ပင်ဖြင့် လေ့ကျင့်ရေးမှူးလင်းသည် ယခုကား ပိန်ပါးကာ အရိုးပေါ် အရေတင် ဖြစ်နေသည်။ သူ၏မျက်လုံးများမှာ မှိန်ဖျော့ကာ ပါးများမှာလည်း ခွက်နေသည်။
သူဝတ်ထားသော ဝတ်စုံသည် ခန္ဓာကိုယ်ထက် များစွာ ကြီးမားနေဟန်ရခြင်းက သူ မည်မျှ ပိန်ပါးအားနည်းနေသည်ကို ပြသည်။
“လေ့ကျင့်ရေးမှူးလင်း… ခင်ဗျား…”
ဟန်မူယဲ့ စိတ်မကောင်း ဖြစ်မိသည်။
သူ့ကြောင့်သာမဟုတ်လျှင် လေ့ကျင့်ရေးမှူးလင်းသည် မူလအတိုင်း ဓားများကို အကြိမ်တစ်သန်း ဝှေ့ယမ်းကာ စိတ်ဓာတ်များတက်ကြွနေပေလိမ့်မည်။
သို့သော်လည်း သူ၏စကားလုံးတချို့က လေ့ကျင့်ရေးမှူးလင်း၏တာအိုနှလုံးသားအား ပျက်စီးစေခဲ့၏။
အကြိမ်တစ်သန်း ပြည့်ပြီးနောက်တွင် လင်းရှန်၏တာအိုနှလုံးသားမှာ သေချာပေါက် ပျက်စီးမည်ကို ဟန်မူယဲ့ သိသော်လည်း အနည်းဆုံး နှစ်အနည်းငယ်ခန့် သူ အဆင်ပြေနေဦးမည်။
“ဟီး… ဟီး… ငါ မင်းကို အပြစ်မတင်ပါဘူး”
လင်းရှန်က ရယ်မောလျှင် သူ၏သုတ်သင်သန့်စင်ထားခြင်းမရှိသော မျက်နှာ၌ သွေးရောင်တချို့ ပေါ်လာသည်။
“ငါ မင်းနဲ့ စကားနည်းနည်း ပြောချင်လို့ လာခဲ့တာ”
လင်းရှန်ထံမှ သေရည်နံများ ရနေသည်။
ဟန်မူယဲ့က ဓားစံအိမ်မှ ထွက်ကာ ကျောက်လှေကားထစ်ပေါ်၌ ထိုင်သည်။
ဓားစံအိမ်၏စည်းမျဉ်းအရ ဓားလက်ခံခြင်းမဟုတ်လျှင် မည်သူမှ ဓားစံအိမ်ထဲကို မဝင်ရပါ။
လင်းရှန် သူ့ဘေးတွင် ထိုင်သည်။
“ငါ တကယ် မင်းကို အပြစ်မတင်ဘူး”
“ငါ သိတယ်။ အဲဒါက ရူးမိုက်တဲ့အတွေးပဲဆိုတာ”
လင်းရှန်က သက်ပြင်းချကာ အဝေးကို ကြည့်သည်။
“ငါက ဒီနည်းလမ်းကိုသုံးပြီးတော့ အများကြီးတွေးမိမှာကို တားဆီးထားတာပဲ ရှိတာ”
ဟန်မူယဲ့ ခေါင်းညိတ်ကာ ပြောသည်။
“လေ့ကျင့်ရေးမှူးလင်း… ခင်ဗျားကို ဒီနည်းလမ်း ဘယ်သူ ပြောခဲ့တာလဲ”
ဤနည်းလမ်းမှာ အရာမရောက်သလို စိတ်နှင့်ကိုယ်ကို နှိပ်စက်ညှင်းပန်းခြင်းလည်း ဖြစ်သည်။
အဓိကအချက်မှာ လင်းရှန်သည် အရူးမဟုတ်ပါ။
မည်သို့သောသူက လင်းရှန်အား ယုံကြည်အောင် ပြောဆိုနိုင်သနည်း။
သူ၏ဆရာက ပြောလျှင်ပင် လင်းရှန် အပြည့်အဝ ယုံကြည်မည် မဟုတ်ပါ။
လင်းရှန်၊ ရှုမင်နှင့် ကျောက်ဖူတို့အားလုံးမှာ မျိုးဆက်တစ်ခုတည်းဖြစ်ကြောင်း သူ သတိရသည်။ လင်းရှန်သည်လည်း ကျောက်တုံးသုံးတုံးစံအိမ်၏တပည့် ဖြစ်ရပေမည်။
ထို့ပါ့ချန်ကား ပွင့်လင်းသူ ဖြစ်သည်။ သူက လင်းရှန်အား ဓားချက်တစ်သန်းခုတ်ရန် စေခိုင်းမည် မဟုတ်ပါ။
“အဲဒါ ငါ့အစ်ကို…”
လင်းရှန်က ပြောသည်။
“မင်းက ဂိုဏ်းကို ရောက်တာ သိပ်မကြာသေးတော့ ငါ့အစ်ကိုလင်းချုံးရှောင်ရဲ့ ဂုဏ်သတင်းကို မကြားဖူးသေးဘူး။”
“ငါ့အစ်ကိုကြောင့် ကျောက်တုံးသုံးတုံးစံအိမ်သခင်ဟာ တိုက်ရိုက်တပည့်တစ်ယောက်မှ လက်မခံဖြစ်တာ အခုထိပဲ”
လင်းရှန်က ဆက်လက်ရှင်းပြသည်။
“အဲဒီတုန်းက ငါ့အစ်ကိုဟာ အတွင်းစည်းဂိုဏ်းကို အပြင်စည်းဂိုဏ်းရဲ့နံပါတ်၁ အဖြစ်နဲ့ ဝင်ခဲ့တယ်။ သူက တစ်ရက်တည်းနဲ့ စိန်ခေါ်ပွဲ ၁၂ပွဲ တိုက်ခိုက်ပြီးတော့ အတွင်းစည်းဂိုဏ်းရဲ့ ထိပ်ဆုံး ၁၀၀ ထဲကို ဝင်ခဲ့တယ်”
“ဆရာဟာ သူ့ကို တိုက်ရိုက်တပည့်အဖြစ် လက်ခံပြီးတော့သူ့ကို ဆယ်နှစ်အတွင်းမှာ ကမ္ဘာမြေမျိုးဆက်ရဲ့တိုက်ရိုက်တပည့်အဖြစ် ပျိုးထောင်မယ်လို့ ပြောခဲ့တယ်”
တိုက်ရိုက်တပည့်များမှာ ဂိုဏ်းအကြီးအကဲဖြစ်ရန် အဆင့်မှီသည်။
ထို့အပြင် တိုက်ရိုက်တပည့်တိုင်းသည် ကမ္ဘာမြေအဆင့်သို့ တက်လှမ်းနိုင်ကြ၏။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏မျိုးဆက်ငါးခုတွင် တစ်စုံတစ်ယောက်က တိုက်ရိုက်တပည့် ဖြစ်လာရန် အလွန်ခဲယဉ်း၏။
“ဒါဆို ခင်ဗျားအစ်ကို…”
ဟန်မူယဲ့က တီးတိုးမေးသည်။
“သူ တိုက်ရိုက်တပည့် ဖြစ်သွားလား”
တချို့သော ကိစ္စရပ်များမှာ ဖြေဆိုရန် ခက်ခဲနိုင်သော်လည်း ဟန်မူယဲ့ မေးလိုက်သည်။
ထို နာမည်ကျော်တိုက်ရိုက်တပည့်အား ဟန်မူယဲ့ မည်သို့ မသိသနည်း။
“လွန်ခဲ့တဲ့ ၁၂ နှစ်က မီးတောက်ဒီမွန်တောင်ကြား၊ ငါတို့ ဓားဂိုဏ်းဟာ ကျင့်ရှန်းဂိုဏ်းကို အသာရပြီး ပင်မဓားလေးဂိုဏ်းရဲ့ တတိယအင်အားအကြီးဆုံး ဖြစ်လာတယ်”
“ဆရာထို့ပါ့ချန်ဟာ သူ့ရဲ့ ဆန်းကြယ်တဲ့ဓားဆန္ဒကို သုံးပြီးတော့ မီးတောက်ဒီမွန်တောင်ကြားသခင် ဟူထိုက်ရှန့်ကို ခုတ်ပိုင်းခဲ့တယ်။ ပြီးတော့ ကျင့်ရှန်းဂိုဏ်းရဲ့ ရွှေအမြုတေအဆင့်သို့ ရောက်ဖို့ အဖြစ်နိုင်ဆုံးလို့ နာမည်ကျော်တဲ့ ချင်စီကို သတ်ဖြတ်ခဲ့တယ်”
လင်းရှန်၏မျက်လုံးများ၌ အလင်းတစ်ချက် လက်သွားသည်။
ဟန်မူယဲ့သည် မရေမတွက်နိုင်သော ဓားသမားများ ရှေ့ကို ချီတက်ခြင်း၊ ဓားအလင်းများ ကောင်းကင်ကို ခွင်းကာ တောင်နှင့်မြစ်များကို ပိုင်းဖြတ်ခြင်း မြင်ကွင်းများအား စိတ်ကူးကြည့်သည်။
သူတို့သည် ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို ကျင့်ကြံ၏။
ထိုကောင်းကင်ဘုံလျှို့ဝှက်ချက်သည် သူ၏လက်ထဲမှ ဓားတွင် ရှိနေသည်။
သူတို့က မိမိကိုယ်ကိုယ်နှင့် ကောင်းကင်တို့ဖြင့် ယှဉ်ပြိုင်ရသည်။
“အဲဒီတိုက်ပွဲမှာ ငါတို့ ဓားဂိုဏ်းဟာ ကမ္ဘာမြေအဆင့် စီမံခန့်ခွဲရေးမှူးအကြီးအကဲ သုံးယောက်နဲ့ တိုက်ရိုက်တပည့် ခုနစ်ယောက် ဆုံးရှုံးခဲ့တယ်”
“ဆရာ့ရဲ့ဓားဆန္ဒဟာ ၁၂ နှစ်တိုင်အောင် ဒဏ်ဖြစ်ပြီး အခုထိ ပြန်မကောင်းသေးဘူး”
“ငါ့အစ်ကိုဟာ ကျဆုံးသွားတဲ့ တိုက်ရိုက်တပည့်ခုနစ်ယောက်ထဲက တစ်ယောက်ပဲ”
လင်းရှန်၏မျက်နှာက သိပ်မကောင်းပါ။ သူ၏မျက်လုံးများမှလည်း မျက်ရည်စ တစ်ချို့ ထွက်လာသည်။
ဝမ်းနည်းမှုကို ချုပ်တီးကာ သူက အသက်ပြင်းပြင်းရှူလိုက်သည်။
“အဲဒီတုန်းက ငါဟာ ငါ့အစ်ကိုရဲ့အနားမှာ ရှိခဲ့တယ်။ သူက ငါ့ကို တပည့်အဖြစ် လက်ခံပေးဖို့ ဆရာ့ကို တောင်းဆိုခဲ့တယ်”
“ပြီးတော့ ငါ့ကို ဓားအကြိမ်ရေတစ်သန်း ဝှေ့ယမ်းပြီတော့ တောင်ကို ဖြိုဖျက်နိုင်တဲ့ဓားသိုင်းကို ကျင့်ဖို့ စေခိုင်းခဲ့တယ်”
ဓားကြီးကို သူ၏ဒူးပေါ်တွင် တင်ကာ လင်းရှန်က ဓားအိမ်ကို လက်ဖြင့် ပွတ်သပ်လိုက်သည်။
“ငါ့ရဲ့ဗီဇပါရမီဟာ အစ်ကို့ထက် အများကြီးနိမ့်တယ်”
“ငါဟာ အစ်ကိုပြောတဲ့နည်းလမ်းနဲ့ပဲ မြင့်မားတဲ့အဆင့်တွေဆီ ကျင့်ကြံချင်ခဲ့တယ်”
ထို့နောက် သူက ခေါင်းယမ်းသည်။
“ညီလေးဟန်… ငါ့ကို ဉာဏ်အလင်းပြပေးတဲ့အတွက် ကျေးဇူးပါ”
“ငါက ငါ့ကြမ္မာကို လက်ခံသင့်နေပြီ”
ထို့နောက် သူက တံခါးဝမှ ဆိုင်းဘုတ်တွင် ရေးထွင်းထားသော ‘ဓားစံအိမ်’ စာလုံးများကို ကြည့်သည်။
“ငါ ဓားသိုင်းတွေ မကျင့်တော့ဘူး”
“အရင်တုန်းက ငါဟာ အစ်ကိုရဲ့ဓားကို ဓားစံအိမ်ထဲက လက်ခံယူခဲ့တယ်။ အခု ဒီဓားကို ပြန်ပို့ဆောင်တော့မယ်”
သူက တွန့်ဆုတ်စွာဖြင့် ဓားကို ပွတ်သပ်လိုက်သည်။ လက်နှစ်ဖက်ဖြင့်ပင် သူက ဟန်မူယဲ့ကို ဓားအား ကမ်းပေး၏။
ဟန်မူယဲ့ကလည်း ထရပ်ကာ ဓားကို လေးစားစွာ ယူသည်။
ထို့နောက် ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်၏။
“ဓားဟာ အပြစ်အနာအဆာကင်းပြီးတော့ သေသေချာချာ ထိန်းသိမ်းထားတာပဲ”
“ကျုပ်ဟာ ဂိုဏ်းသားတစ်ဦးဆီက ဓားတစ်လက်ကို လက်ခံရရှိတယ်”
လင်းရှန်၏အကြည့်က ဓားထံသို့ ကျရောက်လာသည်။ ထို့နောက် သူ နောက်လှည့်ကာ ထွက်ခွာသွား၏။
“လေ့ကျင့်ရေးမှူးလင်း… ခင်ဗျား ဓားလမ်းစဉ်ကို မလိုက်စားတော့ဘူးဆိုရင် ဘယ်ကို သွားမလို့လဲ”
ဟန်မူယဲ့က မေးသည်။
“ငါ အိမ်ပြန်မလို့…”
“ငါ့ညီမလေးရဲ့ဗီဇပါရမီဟာ ငါ့ထက် အများကြီးကောင်းတယ်။ ငါကတော့ အိမ်ပြန်ပြီး မိသားစုစီးပွားရေးကို ဆက်ခံပြီးတော့ သူဌေးကြီးသွားလုပ်တာပေါ့”
လင်းရှန် အဝေးကို တဖြေးဖြေး ပျောက်ကွယ်သွားသည်။
ဓားစံအိမ်အဝင်ဝတွင် ရပ်လျှက် လုကောသည် ဟန်မူယဲ့၏လက်ထဲမှ ဓားကို ကြည့်သည်။
“စီနီယာအစ်ကိုဟန်… ကျုပ်က လင်းချုံးရှောင်ရဲ့အကြောင်းကို ကြားဖူးတယ်”
“ကျောက်တုံးသုံးတုံးစံအိမ်က ကျားစိမ်းဟာ နာမည်ဂုဏ်သတင်းကောင်းရှိတယ်”
ဟန်မူယဲ့ ခေါင်းညိတ်သည်။
လုကောက ဆက်ပြောသည်။
“တစ်ခါတစ်လေ ကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့အခါ ကံကြမ္မာကိုပဲ ဝကွက်အပ်လိုက်ရတာတွေ ရှိတာပဲ”
“ကျုပ်ဟာလည်း အပြင်စည်းဂိုဏ်းသားဖြစ်ဖို့ တစ်ခါမှ မမျှော်လင့်ရဲခဲ့ဘူး”
သူက ပါးစပ်ကို ဟကာ သူ၏ရင်ဘတ်ကို လက်ဖြင့် ဖိသည်။
“ကျုပ် ပိုက်ဆံပဲ ရှာချင်တော့တယ်။ အသက်ကြီးလာရင်တော့ တောင်အောက်ကို ဆင်းပြီးတော့ လက်ထပ်မယ်။ ပြီးတော့ ကလေးမွေးပြီး အေးအေးချမ်းချမ်းပဲ နေတော့မယ်”
ဟန်မူယဲ့ သူ့အား ကြည့်သည်။
“အစ်ကိုဟန်… ခင်ဗျားကတော့ အခွင့်အလမ်းကောင်းတွေ ရှိပြီးတော့ ပါရမီလည်း ရှိတယ်။ ခင်ဗျား သေချာပေါက် အောင်မြင်မှာ”
ဟန်မူယဲ့သည် ဗီဇပါရမီ ညံ့ဖျင်းမှုကြောင့် အပြင်စည်းဂိုဏ်းသားပင် မဖြစ်နိုင်ခဲ့သည်ကို လုကော ပြန်အမှတ်ရကာ အလျင်အမြန် စကားလမ်းကြောင်း ပြောင်းသည်။
ဟန်မူယဲ့၏ဗီဇပါရမီမှာ လုကောထက် ပိုမကောင်းနိုင်။
သူက လက်လျှော့ခဲ့ပါက ဟန်မူယဲ့ကရော…
“အစ်ကိုလု… ကျင့်ကြံခြင်းက သိပ်မခက်ပါဘူး”
ဟန်မူယဲ့က အသာအယာပြောသည်။ လုကော ပြန်ဖြေမည်ကို မစောင့်တော့ဘဲ ဟန်မူယဲ့ ဓားစံအိမ်ထဲသို့ ဝင်လာသည်။
သူက ဓားစင်များ၏အတွင်းဘက်ကျကျနေရာသို့ လျှောက်လာခဲ့၏။
သူ၏လက်ထဲမှဓားသည် ဝိညာဉ်အဆင့်မဟုတ်သော်လည်း ဝိညာဉ်အဆင့် သတ္တုပစ္စည်း အများအပြား ပါဝင်သည်။
သူက လွတ်နေသော စင်တစ်ခု၌ ဓားကို တင်လိုက်သည်။
ထိုဓားကြီးကို ကြည့်ကာ ဟန်မူယဲ့သည် လူငယ်ဓားသမားတစ်ဦးက အပြင်စည်းဂိုဏ်းတွင် လေ့ကျင့်ရင်း အတွင်းစည်းဂိုဏ်း၏ထိပ်ဆုံး ၁၀၀ ထဲသို့ ဝင်သော အဖြစ်အား တွေးမိသည်။
သူ မသိလိုက်ပါက လက်က ဓားလက်ကိုင်သို့ ရောက်သွား၏။
ပုံရိပ်များ သူ့အာရုံထဲ၌ ပေါ်လာသည်။
လေ့ကျင့်ရေးမှူးလင်းသည် အားကုန်သုံးလျှက် ဓားကို ဝှေ့ယမ်းကာ ခုတ်သည်။
အံ့ဖွယ်မူလဓားသိုင်း၊ ကျောက်ဆောင်အက်ကွဲဓား…။
နံပါတ်၁ အံ့ဖွယ်ဓားသိုင်း၊ တောင်ဖြိုဓားသိုင်း…။
ဟန်မူယဲ့သည် ထိုမြင်ကွင်းအား မြင်ဖူးသည်။
ဓားလက်ကိုင်ကို တင်းတင်းဆုပ်ကာ ဟန်မူယဲ့က ချီပင်လယ်မှ ဓားချီများကို ဓားထံသို့ စီးဆင်းစေ၏။
ဟမ်…
ဓားသည် တုန်ခါသွား၏။
ဓားချီ တစ်စ…
ဓားချီ ဆယ်စ…
ဓားချီ အစ တစ်ရာ…
ဓားချီ အစ တစ်ထောင်…
ဝုန်း…
ဟန်မူယဲ့၏အာရုံထဲမှ ပုံရိပ်သည် ရုတ်တရက် ပေါက်ကွဲသွား၏။ ထို့နောက် ဓားကြီးကို ကိုင်ထားသော လူငယ်တစ်ဦး ရပ်နေသည်ကို မြင်သည်။
“ရောင်းရင်းကို နှုတ်ဆက်ပါတယ်။ ကျုပ်နာမည် လင်းချုံးရှောင်ပါ”