ခင်ဗျားအစ်ကိုပြောတာ မမှားဘူး
Vol. 4 Ch. 53
လင်းချုံးရှောင်…။
အကြီးအကဲထို့ပါ့ချန်အား ဆယ်နှစ်တိုင်တိုင် တိုက်ရိုက်တပည့် လက်မခံဖြစ်စေခဲ့သူ…။
လေ့ကျင့်ရေးမှူးလင်းအား ဆယ်နှစ်တိတိ ဓားကို ဝှေ့ယမ်းစေခဲ့သူ…
“ကျုပ် ညီလေးကို လမ်းမှားနေတာကနေ နောက်လှည့်ခွင့်ရအောင် ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးပါ”
သူ၏အာရုံထဲမှ ပုံရိပ်ထဲတွင် လင်းချုံးချန်သည် ဟန်မူယဲ့အား ကြည့်နေ၏။
ဟန်မူယဲ့သည် ထောင်ပေါင်းများစွာသောဓားများအား မြင်တွေ့ဖူးပြီးဖြစ်သော်လည်း ကိုယ်ပိုင်အသိစိတ်ဖြင့် ဓားတစ်လက်အား ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်း ဖြစ်သည်။
ပုံရိပ်ထဲမှ လင်းချုံးရှောင်အား ကြည့်ကာ ဟန်မူယဲ့ မည်သို့ ပြန်ပြောရမည်ကို မသိပေ။
“ခင်ဗျား… ခင်ဗျားတကယ်ပဲ လင်းချုံးရှောင်လား”
သူက အသံတိုးတိုးဖြင့် မေးသည်။ လင်းချုံးရှောင်က သူ၏စိတ်ဖြင့် စကားပြောသည်ကို ကြားနိုင်သည်လား ဟန်မူယဲ့ မသိပါ။
သူက ပြောလိုက်သည်နှင့် လင်းချုံးရှောင်က ခေါင်းညိတ်သည်။ ထို့နောက် ခေါင်းယမ်း၏။
“ကျုပ်ဟာ လင်းချုံးရှောင်ဖြစ်တယ်။ ဟုတ်လည်း မဟုတ်ဘူး”
“ကျုပ်က ဓားထဲမှာ တွယ်ငြိနေတဲ့ လင်းချုံးရှောင်ရဲ့စိတ်အစွဲတစ်ခုသာသာပဲ”
“ဒီနှစ်တွေမှာ ကျုပ် မပျောက်ပျက်ဘဲ ကျန်နေသေးတာက ကျုပ်ညီလေးရဲ့ ဝိညာဉ်စွမ်းအား သန့်စင်ပေးမှုနဲ့ ကျုပ်ကိုယ်တိုင်ရဲ့အစွဲအလမ်းတို့ကြောင့်လို့ ပြောနိုင်တယ်”
ထို့နောက် လင်းချုံးရှောင်က ထပ်ပြောသည်။
“ရောင်းရင်း… ခင်ဗျားက ကျုပ်ကို ဓားရဲ့လိပ်ပြာခန္ဓာ ဒါမှမဟုတ် အစွဲအလမ်းဝိညာဉ်တစ်ခု လို့ သတ်မှတ်နိုင်တယ်”
“ကျုပ်ဟာ ခင်ဗျားအတွက် အန္တရာယ်မရှိဘူး။ ကျုပ်မှာ ခင်ဗျားကို ထိခိုက်နိုင်စွမ်း မရှိဘူး”
“ခင်ဗျားက ဓားကို ဓားချီနဲ့ အသက်မဝင်စေခဲ့ရင် ကျုပ်ဟာ ခင်ဗျားနဲ့ ဆက်သွယ်ခွင့်ရမှာ မဟုတ်ဘူး”
လင်းချုံးရှောင်ကား ဉာဏ်ကောင်းသည်။ ကျင့်ကြံသူများအတွက် သူတို့၏ကိုယ်ပိုင်ဘေးကင်းမှုသည် အရေးအကြီးဆုံး ဖြစ်သည်။
အကယ်၍ လင်းချုံးရှောင်သည် ဟန်မူယဲ့အတွက် အန္တရာယ်ဖြစ်သည်ဆိုပါက သူက သေချာပေါက် ရှင်းလင်းပစ်ရန် ကြိုးစားပေလိမ့်မည်။
သူ၏အာရုံထဲမှ ပုံရိပ်ကိုကြည့်ကာ ဟန်မူယဲ့ ရုတ်တရက် ဓားကို လက်လွှတ်လိုက်၏။
လင်းချုံးရှောင်က တစ်စုံတစ်ခု ပြောရန် လုပ်သော်လည်း သူသည် မတတ်သာဘဲ ပျောက်ကွယ်သွားရတော့သည်။
ပုံရိပ်မှာ လုံးဝ ပျောက်ကွယ်သွား၏။
လင်းချုံးရှောင် ပြောသည်မှာ မှန်ကန်လောက်ပေသည်။ သူကား အစွဲအလမ်းစိတ်တစ်ခုသာဖြစ်ပြီး ဟန်မူယဲ့အား အန္တရာယ် မပြုနိုင်။
ဓားလက်ကိုင်ကို ပြန်လည်၍ ဆုပ်ကိုင်လိုက်လျှင် လင်းချုံးရှောင် ပြန်ပေါ်လာ၏။ သူက မချိပြုံးပြုံးနေသည်။
“ရောင်းရင်း… ကျုပ်က ခင်ဗျားသုံးလိုက်တဲ့ဓားချီကို မှီခိုပြီး ပေါ်လာတာပါ။ ဓားချီကို ဓားဆီက ဖြတ်တောက်လိုက်တာနဲ့ ကျုပ်လည်း ကွယ်ပျောက်သွားရလိမ့်မယ်”
ထို့နောက် သူက ဟန်မူယဲ့အား ဦးညွှတ်ကာ ပြောသည်။
“ရောင်းရင်း… ကျုပ်ညီလေးကို ကျေးဇူးပြုပြီး ကူညီပေးပါ။ သူ့ကျင့်ကြံခြင်းလမ်းစဉ်ကို အဆုံးမသတ်စေချင်ဘူး”
“လေ့ကျင့်ရေးမှူးလင်းကို ကူညီရမည်လား”
ဟန်မူယဲ့က ခဏမျှ တွေးတောလိုက်ပြီးနောက် မေးသည်။
“ကျုပ်က သူ့ကို ဘယ်လို ကူညီရမလဲ”
“သူဟာ ဆယ်နှစ်တိတိ ကြိုးစားလေ့ကျင့်ခဲ့ပြီးမှ အခုလို တာအိုနှလုံးသား ပျက်စီးသွားရတယ်။ သူ့တစ်ဘဝလုံး ကျင့်ကြံဖို့ မဖြစ်နိုင်သလောက်ပဲ”
လက်ရှိ ဟန်မူယဲ့အား ကျင့်ကြံခြင်းတွင် ငနူငအ မဟုတ်တော့ပေ။
တာအိုနှလုံးသားပြိုလဲသွားပါက တစ်စုံတစ်ယောက်သည် မည်မျှ ကြိုးစားလေ့ကျင့်ပါစေ၊ တိုးတက်နိုင်တော့မည် မဟုတ်ချေ။
လင်းရှန်မှာ ထိုသို့ ဖြစ်နေသည်။
“ရောင်းရင်း… ကျုပ်က ဓားကို အကြိမ်တစ်သန်း ဝှေ့ယမ်းပြီးတော့ တောင်ကိုဓားတစ်ချက်တည်းနဲ့ ဖြိုဖျက်ခိုင်းတာဟာ မမှားဘူး”
လင်းချုံးရှောင်က တီးတိုးပြောသည်။
“အဲဒီတုန်းက ကျုပ်ဟာ အပျက်အစီးနယ်မြေတစ်ခုကို ရှာဖွေပြီးတော့ မပြည့်စုံတဲ့ပညာရပ်တစ်ခုကို ရှာတွေ့ခဲ့တယ်”
“ကျုပ်ညီလင်းရှန်ဟာ ဗီဇပါရမီအားနည်းတာ သိတယ်။ ဒါကြောင့် အဲဒါကို ပြင်ဆင်ဖို့အတွက် သူ့ကို အဲဒီပညာရပ် လေ့ကျင့်ဖို့ မသေခင် ညွန်ကြားခဲ့တယ်”
“ကျုပ်ဓားမှာ သူ့ကို ကူညီလေ့ကျင့်စေဖို့အတွက် စိတ်ဝိညာဉ်အပိုင်းအစတစ်ခု ထားရစ်ခဲ့တယ်”
“ဒါပေမဲ့…”
လင်းချုံးရှောင်က မချိပြုံးပြုံးသည်။
“ညီလေးရှန်ဟာ ကျင့်ကြံခြင်းအခြေခံနဲ့ လိုက်လျောညီထွေ မကျင့်ကြံဘဲ ဓားသိုင်းတစ်ခုတည်းကို ဆယ်နှစ်တိတိ ကျင့်ကြံနေခဲ့တယ်”
“သူ့မှာ ကျုပ်ရဲ့စိတ်ဝိညာဉ်အပိုင်းအစကို အသက်သွင်းဖို့ ကျင့်ကြံဆင့်မရှိဘူး။ ဒါကြောင့် ကျုပ်မှာ ဘာမှ မတတ်နိုင်ဘဲ စောင့်နေခဲ့ရတယ်”
၎င်းကား အမှန်တကယ် တိုက်ဆိုင်မှု ဖြစ်သည်။
လင်းချုံးရှောင်သည် လင်းရှန်အတွက် သူ၏ဝိညာဉ်အပိုင်းအစကိုပင် ချန်ထားရစ်၏။
သို့သော်လည်း လင်းရှန်သည် သူ ချန်ထားရစ်သော သိုင်းပညာရပ်အပေါ်တွင် များစွာ စွဲလမ်းစိတ်ဖြစ်ကာ သူ၏ကျင့်ကြံဆင့်အပေါ်၌ လျစ်လျူရှုထားခဲ့သည်။ ထို့ကြောင့် သူသည် ဓားမှ ဝိညာဉ်အပိုင်းအစအား အသက်ဝင်စေနိုင်ခြင်း မရှိခဲ့ပေ။
“နဂိုကတော့ ကျုပ် စွမ်းရည်နဲ့ဆို ညီလေးကို ဆယ်နှစ်အတွင်း တာအိုအုတ်မြစ်ချပေးနိုင်ပြီးတော့ ကျောက်တုံးသုံးတုံးစံအိမ်ရဲ့တိုက်ရိုက်တပည့် ဖြစ်လာနိုင်မယ်လို့ တွေးထားခဲ့တာ”
“ဒီနည်းနဲ့ ကျုပ် ဆန္ဒဟာလည်း ပြီးပြည့်စုံသွားလိမ့်မယ်”
ပုံရိပ်ထဲတွင် လင်းချုံးရှောင်၏မျက်နှာ၌ အထီးကျန်ဆန်သော အငွေ့အသက်များ ဖြစ်ပေါ်နေသည်။ သူက လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။
“ရောင်းရင်း… ဒီလို သိပ်သည်းတဲ့ ဓားချီကို ဖွဲ့စည်းနိုင်တာ… ခင်ဗျားဟာ သေချာပေါက် နက်ရှိုင်းတဲ့ဓားပညာကို ပိုင်ဆိုင်ထားလိမ့်မယ်”
“ရောင်းရင်း… ကျုပ် ညီလေးကို ဉာဏ်အလင်းပြပေးပါ”
လင်းချုံးရှောင်ကို ကြည့်ကာ ဟန်မူယဲ့ မည်သည့်စကားမှ မဆိုပါ။
သူ၏ဓားပညာမှာ လင်းချုံးရှောင် ပြောသကဲ့သို့ မနက်ရှိုင်းသော်လည်း သူ၏ထိုးထွင်းသိမြင်နိုင်စွမ်းဖြင့် ဆိုပါက လင်းရှန်အား သေချာပေါက် ဉာဏ်အလင်း ပြပေးနိုင်သည်။
သို့သော်လည်း ယနေ့တွင် လင်းချုံးရှောင်၏ဝိညာဉ်အပိုင်းအစအား အသက်ဝင်စေခြင်းက သူ့အား အမှန်တကယ် အံ့အားသင့်စေ၏။
ဓားစံအိမ်တွင် ထောင်ပေါင်းများစွာသော ဓားများ ရှိသည်။ ၎င်းအထဲတွင် ဓားမည်မျှမှာ အစွဲအလမ်းဝိညာဉ်အပိုင်းအစများ ရှိသနည်း။
ထိုဝိညာဉ်အပိုင်းအစများကသာ သူ့အား သူတို့၏ဆန္ဒကို ပြီးမြောက်ရန် ကူညီခိုင်းပါက ဟန်မူယဲ့က အမှန်တကယ် တစ်ယောက်ပြီးတစ်ယောက် ကူညီရမည်လား။
သူက လူတိုင်းအား မကူညီနိုင်ပါ။
သို့သော်လည်း လင်းရှန်၏တာအိုနှလုံးသားအား ပြိုလဲစေခဲ့သူမှာ မိမိဖြစ်သည်။ လင်းရှန် အမှန်တကယ် ဆက်လက် မကျင့်ကြံနိုင်တော့သည်ကို ဟန်မူယဲ့ မမြင်လိုပါ။
“ရောင်းရင်း… ကျုပ် အဲဒီဓားပညာရပ်ကို ရှာတွေ့ခဲ့တဲ့နေရာဟာ ထူးဆန်းတယ်။ တကယ်လို့ ရောင်းရင်းသာ ကျုပ်ကို ကူညီပေးမယ်ဆိုရင် အဲဒီလျှို့ဝှက်နေရာကို ပြောပြပေးမယ်”
ပုံရိပ်ထဲမှ လင်းချုံးရှောင်က ထပ်ပြောသည်။
“ကျုပ် ကမ်းလှမ်းပေးနိုင်တာ အဲဒီလျှို့ဝှက်နေရာပဲရှိတယ်”
ထိုလျှို့ဝှက်နေရာကား ၎င်းဓားပညာရပ်ကို တွေ့ခဲ့သော နေရာဖြစ်သည်။
ဓားပညာရပ်သည် အံ့ဖွယ်ကောင်း၏။ ထို့ကြောင့် ထိုနေရာတွင် သေချာပေါက် တခြား တန်ဖိုးရှိသည်များ ရှာတွေ့နိုင်သည်။
ဤသည်က ဟန်မူယဲ့ကူညီခြင်းအတွက် တန်ကြေးတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
အကယ်၍ လင်းချုံးရှောင်က ထိုတန်ကြေးကို ပေးကာ ဟန်မူယဲ့ကလည်း လင်းရှန်အား ကူညီနိုင်သည်ဆိုပါက အရာအားလုံး အဆင်ပြေသည်။
အနာဂတ်တွင် ဟန်မူယဲ့က ဝိညာဉ်အပိုင်းစများအား ထိုနည်းလမ်းဖြင့် ကူညီဆောင်ရွက်ပေးနိုင်၏။
“ကောင်းပြီ…”
ဟန်မူယဲ့က ခေါင်းညိတ်ကာ ဓားကို ဆွဲလျှက် ဓားစံအိမ်အပြင်ဘက်သို့ ဦးတည်လိုက်သည်။
သူက တံခါးဝသို့ ရောက်သောအခါ လုကောသည်လည်း ဓားတစ်လက်ဖြင့် ထွက်လာသော ဟန်မူယဲ့အား အံ့အားသင့်စွာ ကြည့်သည်။
“ကျုပ် အပြင်သွားလိုက်ဦးမယ်”
ဟန်မူယဲ့ လှေကားထစ်အတိုင်း ဆင်းသွားသည်။
သူ ထွက်သွားသည်ကိုကြည့်ကာ လုကောက ဓားစံအိမ်ကို ပြန်လှည့်ကြည့်၏။ သူ၏မျက်နှာတွင် ဝေခွဲမရဟန်များ ဖြစ်ပေါ်လာသည်။
“ကျုပ်က ဓားစံအိမ်ရဲ့တံခါးစောင့်လေ။ ဓားထိန်းမှ မဟုတ်တာ”
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ဂိတ်တံခါးတွင် အစိမ်းရောင်သစ်သားရထားလုံးတစ်စီး ရပ်ထားသည်။
လင်းယွီရှသည် ပန်းရောင်ဝတ်စုံကို ဝတ်ထားကာ ရထားလုံးဘေး၌ ရပ်လျှက် လင်းရှန်အား ကြည့်နေသည်။ လင်းရှန်ကား ရထားလုံး၏မောင်းသူနေရာတွင် ထိုင်နေ၏။
“အစ်ကို ၂… အစ်ကို တကယ်ပဲ ထွက်သွားတော့မှာလား”
လင်းယွီရှက လင်းရှန်အား စိုးရိမ်သောအမူအရာဖြင့် မေးသည်။
“ဟီးဟီး… ဂိုဏ်းက ထွက်သွားတာ ဘာအရေးလဲ”
သူက ဂိတ်တံခါးအား မော့ကြည့်သည်။ သူ၏မျက်လုံးများတွင် နာကျင်သော အငွေ့အသက်များ ရှိနေ၏။
“ထားလိုက်တော့… ငါ သက်တောင့်သက်သာပဲ သွားနေတော့မယ်။ မင်း နောက်တစ်ခေါက် အိမ်ပြန်လာရင် တူလေးတွေ တူမလေးတွေတောင် ရှိနေလောက်ရောပေါ့”
လင်းရှန်က ပြုံးလျှက်ပြောသည်။
“သတိရပါ။ ငါ့သား ကြီးလာရင် မင်းပဲ သူ့ကို သင်ပေးရမှာ”
လင်းယွီရှ နှုတ်ခမ်းများအား ကိုက်ကာ မျက်ရည်စက်လက်ဖြင့် ခေါင်းညိတ်သည်။
သူတို့၏ဘဝတွင် ကျင့်ကြံခြင်းအား လက်လွှတ်ရခြင်းမှာ အလွန်တရာ နာကျင်ဖွယ်ကောင်းလှသည်။
“ဒါဆို အစ်ကို ၂… ရှင်တကယ်ပဲ ဆရာဦးလေးထို့ပါ့နဲ့ တခြားလူတွေကို နှုတ်မဆက်တော့ဘူးလား”
လင်းယွီရှက တီးတိုးမေးသည်။
လင်းရှန်ကား မည်သူ့ကိုမှ မပြောဘဲ ထွက်သွားရန် ပြင်နေသည်။ သူကား သူ၏ဆရာကိုပင် နှုတ်မဆက်ခဲ့ပါ။
“ငါက အစ်ကိုကြီးမဟုတ်ဘူးလေ။ ဆရာ ငါ့ကို ဂရုမစိုက်လောက်ပါဘူး”
လင်းရှန်က ခေါင်းယမ်းသည်။
“ကလေးမ… အံ့ဖွယ်ကိုးပါးဂိုဏ်းရဲ့ စုံညီပွဲမှာ ကောင်းကောင်းယှဉ်ပြိုင်ပါ။ ဒါက နာမည်ကျော်ဖို့ အခွင့်အရေးပဲ”
“အစ်ကိုကြီးရဲ့နာမည်ကို မပျက်စေနဲ့”
လင်းယွီရှက ငိုမဲ့မဲ့ဖြင့် ခေါင်းညိတ်သည်။
“ဟဟ… ငါတို့ဓားသမားတွေဟာ အဆင့်တူအတွင်းမှာ ပြိုင်ဘက်ကင်းတယ်”
“အကြိမ်တစ်သန်း ဓားကို ဝှေ့ယမ်းပြီးနောက်မှာ ငါဟာ တောင်ကုန်းကို ဓားတစ်ချက်တည်းနဲ့ ဖြိုနိုင်လိမ့်မယ်”
“ဆယ်နှစ်လောက် ရူးမိုက်နေခဲ့တာ။ အခုတော့ အိပ်မက်က နိုးလာခဲ့ပြီ”
ကြိုးကို ခါလိုက်လျှင် ရထားလုံးသည် ဖြေးညင်းစွာ ရှေ့ကို ရွေ့လျားသွား၏။
လင်းရှန်၏မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။ သူက နောက်လှည့်ကြည့်ကာ ဂိတ်တံခါးအား ကြည့်၏။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း။
ဤသည်က သူ့ဘဝတွင် နောက်ဆုံးအကြိမ် တွေ့မြင်ရခြင်း ဖြစ်နိုင်သည်။
“လေ့ကျင့်ရေးမှူးလင်း…”
ထိုအခိုက်တွင် အသံတစ်သံကို ကြားရသည်။
ဟန်မူယဲ့သည် ဓားကြီးတစ်လက်ကို ကိုင်ကာ အပြေးလေး လှမ်းလာနေသည်။
လင်းရှန်က ကြိုးကို ဆွဲကာ ရထားလုံးအား ရပ်လိုက်ပြီး ပြုံးလျှက်ပြောသည်။
“ငါ့ကို လိုက်ပို့တဲ့လူ မရှိတော့ဘူးထင်တာ”
“ကျုပ် ခင်ဗျားကို လိုက်ပို့တာ မဟုတ်ဘူး”
ဟန်မူယဲ့ ခေါင်းယမ်းကာ သူ၏လက်မှ ဓားကိုမြှောက်သည်။
“ခင်ဗျားအစ်ကိုက ဓားကို အကြိမ်တစ်သိန်းဝှေ့ယမ်းပြီးတော့ တောင်ကုန်းကို ဓားတစ်ချက်နဲ့ ဖြိုနိုင်တယ်လို့ ပြောတာ မမှားဘူး”
“ခင်ဗျား ဆက်ပြီး ကျင့်ကြံချင်သေးလား”