← Chapters

ဓားများ လဲလှယ်ခြင်းနှင့် ဝယ်ယူခြင်း

Vol. 4 Ch. 55

ဓားများ လဲလှယ်ခြင်းနှင့် ဝယ်ယူခြင်း

Vol. 4 Ch. 55

စည်းကမ်း…

ဟန်မူယဲ့ ခေါင်းညိတ်သည်။

ဟွမ်လောင်လျှိုသည် သူ့ချစ်သူနှင့် တွေ့ဆုံသောအချိန်၌ စိတ်ခံစားမှု ကြီးမားနေသည့်တိုင် ဓားစံအိမ်၏စည်းကမ်းများကို မမေ့လျော့ပေ။ ကြည့်ရသည်မှာ သူသည် အချစ်ကြောင့် စုံလုံးကန်းသွားခြင်းတော့ မရှိသေးချေ။

သူ့အတွက် မျှော်လင့်ချက် ရှိသေးပေသည်။

“ဓားစံအိမ်ဟာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ အရေးကြီးတဲ့နေရာဖြစ်တယ်လို့ အစ်ကိုကျန်းရှုံး ပြောပြီးပြီ”

“ဂိုဏ်းရဲ့ယုံကြည်မှုကို ရပြီး ဒီနေရာကို ဦးစီးနေတဲ့သူတစ်ယောက်အတွက် သေချာပေါက် သူက စည်းကမ်းကို လေးစားဖို့လိုတာပေါ့”

လုချန်းဖျင်က အလျင်အမြန် ပြောသည်။

‘ဦးစားနေတဲ့သူ…’

ဟန်မူယဲ့က ဟွမ်လောင်လျှိုအား ကြည့်သည်။

ဟွမ်လောင်လျှိုက သူ့အား ပြန်ကြည့်ကာ မျက်လုံးတစ်ဖက်မှိတ်ပြ၏။

အစ်ကိုဟွမ်၏ကြွားဝါမှုက နည်းနည်း အကဲပိုနေသည်။

“ဂျူနီယာညီမလုဟာ ဓားစံအိမ်ကို မဝင်နိုင်ဘူး။ ဒါပေမဲ့ ညီလေးဟန်ဟာ ဓားတွေကို ရွေးချယ်တာမှာ ပညာရှင်ပဲ။ မနက်ဖြန် စျေးတန်းကိုသွားပြီးတော့ ဓားသွားဝယ်ကြ။ ညီမကို သူ အဖော်လိုက်ပေးလိမ့်မယ်”

“အစ်ကို့မှာ မနက်ဖြန် အကြီးအကဲတွေနဲ့ အစည်းအဝေးရှိသေးတယ်။ ဒါကြောင့် ညီမကို အဖော်မလိုက်ပေးနိုင်သေးဘူး”

ဟွမ်လောင်လျှိုက ဘေးမှ လုချန်းဖျင်ကို ကြည့်ကာ ပြောသည်။

ထို့နောက် သူက ဟန်မူယဲ့အား တောင်းဆိုသောအကြည့်ဖြင့် ကြည့်သည်။

လုချန်းဖျင်က ခေါင်းညိတ်ကာ ဟန်မူယဲ့အား ကြည့်သည်။

“ဒါဆို ဂျူနီယာမောင်လေးဟန်ကိုပဲ ကျေးဇူးတင်ရတော့မယ်”

လုချန်းဖျင်နှင့် ဓားသွားဝယ်ရမည်လား။

ဟန်မူယဲ့ တွေးလိုက်သည်။

ဤနည်းဖြင့် သူသည် လုချန်းဖျင်၏လက်မှဓားကို ကိုင်ခွင့်ရကာ သူမသည် ဟွမ်လောင်လျှိုအား ချဉ်းကပ်ခြင်းအပေါ် မကောင်းသော အကြံအစည်များ ရှိမည်လား သူ ရှာတွေ့နိုင်သည်။

သူက ဟွမ်လောင်လျှို၏အချစ်အိပ်မက်ကို မဖျက်ဆီးလိုသော်လည်း အကယ်၍ လုချန်းဖျင်တွင် အကြံအစည်တချို့ရှိပါက ဟန်မူယဲ့ လျစ်လျူမရှုနိုင်ပါ။

“စီနီယာအစ်မလုက အရမ်းအထင်ကြီးနေပါပြီ။ တကယ်လို့ အစ်ကိုဟွမ်သာ မနက်ဖြန် အလုပ်မများဘူးဆိုရင် သူ့အကဲဖြတ်နိုင်စွမ်းက ကျုပ်ထက် အများကြီးသာမှာပဲ”

ဟန်မူယဲ့က ခေါင်းညိတ်ကာ လက်နှစ်ဖက်ဆုပ်သည်။

“မနက်ဖြန် ကျုပ် တောင်ခြေမှာ စီနီယာအစ်မကို စောင့်နေပါ့မယ်”

သူတို့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏စျေးတန်းတွင် ဓားသွားဝယ်ပါက မည်သည့်ဓားကောင်းမှ ရှာတွေ့မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် ဂိုဏ်းနှင့် ကီလိုမီတာ ၁၀၀ ခန့်ဝေးသော စျေးတန်းသို့ သွားရောက်ရန် လိုသည်။

လုချန်းဖျင်က ခေါင်းညိတ်လိုက်ကာ ဟွမ်လောင်လျှိုအား အသာအယာပြောသည်။

“အစ်ကိုကျန်းရှုံး… ညီမ ပြန်လိုက်ဦးမယ်”

ဟွမ်လောင်လျှို ပြုံးရယ်လိုက်သည်။ သို့သော်လည်း သူ၏ကျိုးနေသော သွားများကို သတိရကာ အလျင်အမြန် ပါးစပ်ပိတ်လိုက်သည်။

သူသည် ကျောက်တုံးလှေကားထစ်လေးအတိုင်း ဆင်းကာ အဝေးသို့ ထွက်ခွာပျောက်ကွယ်သွားသော လုချန်းဖျင်အား ငေးကြည့်နေသည်။

“အစ်ကို… ခင်ဗျားတော့ ဆေးမမှီတော့ဘူးပဲ”

ဓားစံအိမ်အတွင်းသို့ဝင်ကာ ထိုင်ခုံတွင်ထိုင်ရင်း ဟန်မူယဲ့က ပြုံးလျှက် ပြောသည်။

ဟွမ်လောင်လျှို ရှက်ရွံ့သွားကာ သူသည်လည်း ဓားစံအိမ်ထဲသို့ ဝင်လာ၏။

သူက ဟန်မူယဲ့အား ကြည့်ကာ ပြောသည်။

“ကျေးဇူပဲ ညီလေးဟန်… ငါ့ကို ကူပြီး လိမ်ပေးတဲ့အတွက်”

လုချန်းဖျင်ရှေ့တွင် ဟန်မူယဲ့က သူ့အား မျက်နှာသာပေးကာ အားလုံးအဆင်ပြေအောင် အလိုက်သင့်ပြောဆိုပေးခဲ့သည်။

‘ဓားစံအိမ်ဦးစီးသူ…’

ဟန်မူယဲ့က ထိုကြွားလုံးအား နည်းနည်းကြာအောင် ဖုံးကွယ်ပေးထားလိုက်ဦးမည်။

ဟွမ်လောင်လျှိုက သူ၏ကျဲပါးနေသော ဆံပင်များအား ပွတ်သပ်ကာ တီးတိုးပြောသည်။

“ငါ အရင်က အများကြီး ချိန်းတွေ့ဖူးတယ်။ ဒါပေမဲ့ ညီမလေးဖျင်နဲ့ဆိုရင် ငါ့စိတ်တွေက မငြိမ်သက်ဘူး”

“ငါက ညီမလေးဖျင်နဲ့အဆင့်တူအောင် လုပ်ချင်တာပဲ ရှိတယ်”

ဟွမ်လောင်လျှို၏မျက်နှာတွင် အထီးကျန်ဆန်သော အငွေ့အသက်များ ပေါ်လာသည်။

ဓားစံအိမ်မှ ဆယ်ယောက်တွင် ကိုးယောက်မှာ သေဆုံးရသည်။ သူတို့၏လစာမှာ အတွင်းစည်းဂိုဏ်းသားများနှင့် ညီမျှသည်ဆိုလျှင်ပင် ဓားစံအိမ်၌ ဓားထိန်းဖြစ်ရန် မည်သူမှ အလိုမရှိပါ။

မည်သူက အသက်နှင့်ရင်းကာ ဝိညာဉ်ကျောက်တုံးများကို လောဘတက်မည်နည်း။

ဓားစံအိမ်၏ဓားထိန်းတစ်ဦးအနေဖြင့် သူသည် ဓားချီများ၏တိုက်စားမှုကို နေ့တိုင်း ခံစားရသည်။ သူ၏ခန္ဓာကိုယ်မှာ အိုမင်းရင့်ရော်နေလေပြီ။ သူ့တွင် သန့်စင်ရေကျောင်းတော်၏အတွင်းစည်းတပည့်နှင့် ကိုက်ညီသော အဆင့်အတန်းမရှိပါ။

ဟန်မူယဲ့က ဟွမ်လောင်လျှိုအား နှိပ်သိမ့်လိုသော်လည်း မည်သို့ ပြောရမည် မသိချေ။

ဟွမ်လောင်လျှိုသည် အားလုံးကို ကောင်းကောင်း နားလည်သည်။

သူ၏လက်ရှိ တက်ကြွသောစိတ်မှာ လုချန်းဖျင်နှင့် ပြန်တွေ့သောကြောင့်သာ ဖြစ်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ဂိုဏ်းပေါင်းစုံတွေ့ဆုံပွဲ ပြီးဆုံးသွားကာ လုချန်းဖျင်သည်လည်း သူမ၏ဂိုဏ်းသို့ ပြန်သွားပါက အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။

ထို့အပြင် သန့်စင်ရေကျောင်းတော်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို သစ္စာဖောက်သွားခဲ့သည်။

သူတို့၏ဆက်ဆံရေးမှာ ဖြောင့်တန်းရန် မလွယ်ကူတော့ပါ။

ဟန်မူယဲ့ ခေါင်းယမ်းလိုက်သည်။ ထိုစဉ် စံအိမ်အဝင်ဝ၌ လုကောသည် အစားအသောက်များကို သယ်လာကာ စံအိမ်ထဲကို ခေါင်းပြူလျှက် ကြည့်သည်။

“အာ… မရီး ဘယ်မှာလဲ”

“အစ်ကိုဟွမ် အသေအချာ ဝါးနိုင်အောင် အရမ်းနူးညံ့တဲ့အသားတွေ ယူလာခဲ့တာကို”

လုကောက နောင်တရစွာ ဆိုသည်။

ဟွမ်လောင်လျှိုက နောက်လှည့်ကာ အံ့ကြိတ်လိုက်သည်။

“ငါ အရိုးတွေကို ဝါးချင်တယ်”

ဟန်မူယဲ့ ရယ်မောလိုက်သည်။

သူတိုသုံးယောက် စံအိမ်အဝင်ဝ၌ သစ်သားစားပွဲငယ်တစ်ခုချကာ ဝိုင်းထိုင်ကြသည်။ ဟွမ်လောင်လျှိုကား အတော်လေး တက်ကြွစွာ စားသောက်သည်။ သူတို့ စားသောက်နေရင်း လုကောက သူကြားသိခဲ့သော သတင်းများအား ပြန်ပြောပြသည်။

“ဂိုဏ်းတချို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ရောက်ကြတယ်လေ။ အများစုကတော့ အပြင်စည်းဂိုဏ်းသားတွေနဲ့အတူတူ စားသောက်ဆောင်တွေမှာ စားသောက်ကြရတယ်”

“အတော်များများက ပြစ်တင်ဝေဖန်နေကြတယ်”

လုကောက ပြောပြသည်။

သူတို့အား ဂိုဏ်းစုံညီစုဝေးပွဲ၌ အပြင်စည်းဂိုဏ်းသားများနှင့် အဆင့်အတန်းတူစွာ နေရာချထားပါက သေချာပေါက် ဝေဖန်ကြပေလိမ့်မည်။

သို့သော်လည်း အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက သူတို့အား ဖိတ်ကြားခြင်းဆိုပါလျှင် အဘယ်ကြောင့် ထိုသို့ ဆိုးဝါးစွာ ဆက်ဆံရသနည်း။

“ဟမ်… အပြင်စည်းဂိုဏ်းသားအနေနဲ့နေရတာ ဘာဖြစ်နေလို့လဲ”

ဟွမ်လောင်လျှိုက နှာခေါင်းရှုံ့သည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဟာ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ဂိုဏ်းကြီးကိုးဂိုဏ်းဝင်ပဲ။ ငါတို့က သူတို့နေထိုင်စားသောက်စားရိတ်ကို မတောင်းတာပဲ ဟုတ်နေပြီကို”

“အဟမ်း… အစ်ကိုဟွမ်… သူတို့က ကိုယ်ပိုင်ပိုက်ဆံနဲ့နေကြတာ”

လုကောက ခြောင်းဟန့်ကာ ပြောသည်။

သူတို့က ကိုယ်ပိုင်ပိုက်ဆံနဲ့ နေထိုင်ကြခြင်းဖြစ်သော်လည်း အပြင်စည်းဂိုဏ်းသားများနှင့် အဆင့်တူအောင် ထားသည်။

ဟန်မူယဲ့ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

‘သည်တစ်ခေါက် တွေ့ဆုံပွဲမှာ ကောင်းမွန်သော အနေအထား ဟုတ်ဟန်မကျပေ’

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက နောက်ဆုံးအခေါက် လူတိုင်းကို အထက်စီးဆန်တာဟာ မီးတောက်ဒီမွန်တောင်ကြားတိုက်ပွဲတုန်းကပဲ။”

“ကြည့်ရတာ ဓားဂိုဏ်းဟာ မကြာခင် လှုပ်ရှားတော့မယ်ထင်တယ်”

ဟွမ်လောင်လျှိုက အသားတစ်စအား ကောက်ဝါးလိုက်သည်။

“ငါတို့ မကြာခင် အလုပ်များတော့မယ်”

“မကြာခင် ဓားတွေ ဓားစံအိမ်သို့ လာပို့တော့မယ်”

‘ဓားများ ပြန်ပို့သည်လား’

ဟန်မူယဲ့ အံ့အားသင့်သွားသည်။ သူက ချက်ချင်း နားလည်လိုက်၏။

၎င်းဓားများမှာ သေဆုံးသွားသော ဂိုဏ်းသားများ၏ဓားများ မဟုတ်ပါ။

ရန်သူများ သေဆုံးသွားသောအခါတွင်လည်း ထိုဓားများကို ဓားစံအိမ်က လက်ခံသိုလှောင်ရ၏။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ချင်သုံးပါးဓားဂိုဏ်းအား သေချာပေါက် ဥပမာအနေဖြင့် ချေမှုန်းပစ်ပေလိမ့်မည်။

ထိုတိုက်ပွဲတွင် မော့ယွမ် သေချာပေါက် အကျိုးဆောင်ပေလိမ့်မည်။

နေ့လည်ပိုင်းတွင် ဟွမ်လောင်လျှိုသည် ခုံတန်းရှည်ပေါ်တွင် အိပ်မောကျနေကာ လုကောသည်လည်း တံခါးဝတွင် ငေးမောနေ၏။

ဟန်မူယဲ့သည်သာ ဓားစံအိမ်ရှိဓားများကို အဝတ်စဖြင့် သန့်ရှင်းရေးလုပ်နေသည်။

သူက ဓားများကို သန့်ရှင်းရေးလုပ်လျှင် ဓားချီများအား စုဆောင်းပြီး ခန္ဓာကိုယ်ထဲသို့ စုပ်ယူသည်။

၎င်းခံစားချက်သည် နာကျင်ရသော်လည်း အကျိုးများ၏။

“ဓားစံအိမ်စည်းကမ်း… အဝတ်အစားလဲပါ… ကိုယ်လက်သန့်စင်…”

“ဖယ်စမ်း…”

တံခါးဝမှ လုကော၏အသံကို တစ်စုံတစ်ယောက်က တင်းမာစွာ ဖြတ်ပြောလိုက်သည်။

ဟန်မူယဲ့ မျက်မှောင်ကြုတ်ကာ ဓားကို သိမ်းဆည်းလိုက်ပြီး ဓားစံအိမ်တံခါးဝသို့ လျှောက်လာသည်။

တခြားတစ်ဘက်တွင် အတွင်းစည်းဝတ်စုံဖြင့် အရပ်ရှည်ရှည်လူငယ်တစ်ဦးသည် စားပွဲရှေ့တွင် တင်းမာသော မျက်နှာထားဖြင့် ရပ်နေ၏။

စားပွဲခုံတွင် ထိုင်နေပြီဖြစ်သော ဟွမ်လောင်လျှိုသည် လက်ထဲတွင် အဝါရောင်စာလိပ်တစ်ခုကို ကိုင်ထား၏။ သူက စာလိပ်အား ဖွင့်ကာ ကြည့်သည်။

“မင်း တွက်ချက်ပြီးပြီလား”

“ကျုပ်က တာဝန်ပြီးမြောက်တဲ့မှတ်တမ်းနဲ့ ဓားလာလဲတာ… ဒါက ဘယ်လိုလုပ် အတုဖြစ်မှာလဲ”

အရပ်ရှည်လူငယ်က တင်းမာစွာ ပြောသည်။ ထို့နောက် သူက လမ်းလျှောက်လာသော ဟန်မူယဲ့အား လှမ်းကြည့်သည်။

“မင်း… မင်းက ပိုငယ်တယ်။ မြန်မြန်လာပြီး ဒီအဖိုးကြီးကို စာဖတ်ပြလိုက်…”

“သူက အိုပြီး မျက်လုံးမှုန်နေပြီ။ ဒါတောင် သူက ဓားထိန်းလုပ်နေသေးတယ်။ မကြာဘူး သေတော့မှာ”

လူငယ်၏စကားမှာ ရုန့််ရမ်းကာ အေးစက်သည်။ သူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဓားထိန်းတစ်ဦး၏သေခြင်းရှင်ခြင်းအား တခြားဂိုဏ်းဝင်တစ်ဦးအလား အရေးမထားဟန်ဖြင့် ပြောသည်။

ဟွမ်လောင်လျှို၏အမူအရာ မပြောင်းလဲပေ။ သူက တာဝန်မှတ်တမ်းအား ကြည့်သည်။

“အတွင်းစည်းဂိုဏ်းသား လော့ထျန်း… ဂိုဏ်းရဲ့စုံစမ်းရေးတာဝန်ကို ပြီးမြောက်အောင်မြင်တယ်။ သူဟာ အကျိုးဆောင်မှတ် ၃၀ ဒါမှမဟုတ် ဂိုဏ်းရဲ့တာဝန်ပြီးမြောက်ခြင်း ဆုလာဒ်နဲ့ လဲလှယ်နိုင်တယ်”

“လော့ထျန်း… စုံစမ်းရေးတာဝန်ဟာ အရင်တစ်နှစ်ကတည်းက ပြီးမြောက်ထားတာ။ ဘာလို့ အခုမှ ဓားလာလဲတာလဲ”

“ဓားစံအိမ်စည်းမျဉ်းအရ တာဝန်စာအုပ်ဟာ တစ်နှစ်ပြည့်ရင် သက်တန်းကုန်တယ်”

‘လော့ထျန်း…’

‘ဓားသိုင်း လေ့ကျင့်ရင်းဖြင့် ဓားကို ချိုးပစ်လိုက်သောသူလား’

နောက်ဆုံးအကြိမ်က သူသည် တစ်စုံတစ်ယောက်ကို စေလွှတ်ကာ ဓားလာလဲသော်လည်း ဟန်မူယဲ့က ငြင်းပယ်ခဲ့သည်။ သည်တစ်ကြိမ် သူက တာဝန်အောင်မြင်ခြင်းဆုကြေးအနေဖြင့် တမင် ဓားလာလဲဟန်တူသည်။

ဟန်မူယဲ့က လော့ထျန်းအား ကြည့်သည်။

ဓားစံအိမ်တွင် နေလာသည်မှာ အတော်လေးကြာပြီဖြစ်ရာ သူသည် ဓားစံအိမ်မှ ဓားများနှင့် ရင်းနှီးကျွမ်းဝင်သည်။

လော့ထျန်းကဲ့သို့ ဓားကို တန်ဖိုးမထားသောသူလက်ထဲသို့ ထိုဓားများအား ထည့်မပေးလိုပေ။

ဟွမ်လောင်လျှို၏စကားကိုကြားလျှင် လော့ထျန်း နှာခေါင်းရှုံ့သည်။

“နောက်ဆုံးတစ်ကြိမ်က စုန့်ချန်ပြောကာ ဓားစံအိမ်က ဓားထိန်းတွေ ကျုပ်ကို တမင်ပစ်မှတ်ထားအပြစ်ရှာနေတယ်။ ကျုပ် မယုံခဲ့ဘူး”

“ဒါက အမှန်ဖြစ်နေတာကိုး”

ထို့နောက် သူက အိတ်ကပ်ထဲကို နှိုက်လိုက်ကာ တစ်စုံတစ်ခုအား ထုတ်လျှက် စားပွဲပေါ်သို့ တင်လိုက်သည်။

“ဒီနေ့ ကျုပ် သေချာပေါက် ဓားလဲမယ်”

All Chapters