← Chapters

ဓားကို စောင့်ကြည့်ခြင်း၊ လူကို စောင့်ကြည့်ခြင်းနှင့် နှလုံးသားကို စောင့်ကြည့်ခြင်း

Vol. 4 Ch. 56

ဓားကို စောင့်ကြည့်ခြင်း၊ လူကို စောင့်ကြည့်ခြင်းနှင့် နှလုံးသားကို စောင့်ကြည့်ခြင်း

Vol. 4 Ch. 56

၎င်းသည် နောက်ထပ် တာဝန်စာအုပ်တစ်ခုဖြစ်သည်။

သို့သော်လည်း ယခု တာဝန်စာအုပ်မှာ အသစ်ဖြစ်သည်။ ၎င်းမှာ သေချာပေါက် လတ်တလော ထုတ်ပေးထားခြင်း ဖြစ်၏။

“သူ့ကို ဖတ်ပြလိုက်”

လော့ထျန်းက ဟန်မူယဲ့ကို ခေါင်းညိတ်ပြသည်။

ဟန်မူယဲ့ ရှေ့ကို တိုးသွားကာ တာဝန်စာအုပ်ကို ကောက်ယူလိုက်သည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်း… အတွင်းစည်းတပည့် လော့ထျန်းဟာ မိစ္ဆာရှင်းလင်းရေးတာဝန်ကို အောင်မြင်ခဲ့တယ်။ သူဟာ မီးတောက်ဒီမွန်တောင်ကြားကို ထွက်ပြေးသွားတဲ့ မိစ္ဆာမြေခွေးကို သတ်ဖြတ်နိုင်လို့ အကျိုးဆောင်မှတ် ၃၀ ဆုလာဘ်ရရှိတယ်”

ဟန်မူယဲ့က တာဝန်စာအုပ်မှ စာကြောင်းများအား ဖတ်လိုက်သည်။

လော့ထျန်းက နှာခေါင်းရှုံ့ကာ ပြောသည်။

“ဒီတစ်ခေါက် အမှားမရှိဘူးမလား။ ဒီတာဝန်ဟာ ပြီးခဲ့တဲ့လကမှ အောင်မြင်ထားတာ”

ဟွမ်လောင်လျှို၏မျက်နှာက သိပ်မကောင်းပေ။

ဓားထိန်းတစ်ဦးအနေဖြင့် တခြားလူများက လေးစားမှုထားပါက သူသည် စီနီယာတစ်ဦးကဲ့သို့ ဆက်ဆံခံရသည်။

ထိုလူများက သူ့အား အထင်သေးပါက သူသည် ဂိုဏ်း၏အစေခံများထက်ပင် ဆိုးရွားပေသည်။

သူ့ရှေ့မှ လူသည် ဓားထိန်းများကို အထင်သေး၏။

ဟန်မူယဲ့ တာဝန်စာအုပ်ကို ယူလိုက်ကာ ထူးမခြားနားစွာ ပြောသည်။

“မီးတောက်ဒီမွန်တောင်ကြားကို ထွက်ပြေးသွားတဲ့သားရိုင်းမိစ္ဆာလား”

“အဲဒီတာဝန်က အလွယ်တကူ အောင်မြင်နိုင်တာ မဟုတ်ဘူး”

နေ့လည်စာစားစဉ်က လုကောနှင့် ဟွမ်လောင်လျှိုတို့သည် မီးတောက်ဒီမွန်တောင်ကြားမှ တိုက်ပွဲအကြောင်းကို ပြောကြသည်။

မီးတောက်ဒီမွန်တောင်ကြားသည် အံ့ဖွယ်ကိုးပါးတောင်ကုန်းမှနေ၍ တောင်ဘက်ကို ကီလိုမီတာ ၄၀၀၀၀ ဝေးကာ ထိုနေရာအား မိစ္ဆာသားရိုင်းများ နေရာယူထားသည်။

၎င်းနေရာသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် အလွန် ဝေးကွာကာ ကျင့်ရှန်းဓားဂိုဏ်းနယ်နိမိတ်အစပ်နားတွင် တည်ရှိသည်။ ထို့ကြောင့် ဂိုဏ်းမှ ထိုနေရာသို့ ထိန်းချုပ်နိုင်စွမ်းအားနည်းသည်။

ထိုနေရာကား မည်သူမှ သွားရောက်ခြင်းမရှိသော နေရာဖြစ်သည်။

နှစ်ပေါင်းရာကျော်အောင် ကျင့်ကြံဆင့်မြင့်မားသော မိစ္ဆာသားရိုင်းများသည် မီးတောက်ဒီမွန်တောင်ကြားတွင် နေထိုင်ကာ အမျိုးမျိုးသော အဖျက်အမှောင့်များ လုပ်ကြသည်။

၎င်းအထဲတွင် ကျင့်ရှန်းဓားဂိုဏ်းမှ တိတ်တဆိတ် ထောက်ပံ့ထားသူများလည်း ရှိသေးသည်။

လွန်ခဲ့သော ဆယ်နှစ်က မီးတောက်ဒီမွန်တောင်ကြားသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်ကို သတ်ဖြတ်ခြင်းက ကြီးမားသော လက်စားချေမှုကြီး ဖြစ်လာခဲ့သည်။

မီးတောက်ဒီမွန်တောင်ကြားတိုက်ပွဲတွင် ထိုနေရာမှ မဟာအကြီးအကဲသည် ဒီမွန်အမြုတေဖွဲ့စည်းခါနီးမှ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားကာ ကျင့်ရှန်းဓားဂိုဏ်းမှ တပည့်များနှင့် အကြီးအကဲတချို့မှာလည်း သတ်ဖြတ်ခံရ၏။

ထိုတိုက်ပွဲတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် လူသားမျိုးနွယ်တို့အကြား ဂုဏ်သရေရှိသော တိုက်ပွဲတစ်ခုကို အောင်နိုင်ခဲ့ကာ ကျင့်ရှန်းဓားဂိုဏ်းကိုလည်း ကြီးစွာ အရှက်ရစေခဲ့သည်။

သို့သော်လည်း ထိုတိုက်ပွဲ၌ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာလည်း ကြီးမားသော တန်ဖိုးအား ပေးဆပ်ခဲ့ရသည်။

ထို့အပြင် ပြဿနာအသေးအမွှားများမှာလည်း ဆယ်နှစ်ကြာအောင် မငြိမ်းနိုင်ခဲ့ပါ။

မီးတောက်ဒီမွန်တောင်ကြား၏ကီလိုမီတာ ၁၀၀၀၀ ဝန်းကျင်၌ မိစ္ဆာသားရိုင်းများသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအား နည်းမျိုးစုံဖြင့် ဒုက္ခပေးခဲ့ကြသည်။

ထို့အပြင် ဂိုဏ်းမှ ထိုနေရာများနှင့် အနည်းငယ် အလှမ်းဝေးနေသည်။

အကယ်၍ သူတို့က အင်အားအလုံးအရင်းဖြင့် သွားရောက်ပါကလည်း ၎င်းသည် ကြက်ဥကို ခွဲရန် တူကို သုံးခြင်းနှင့် အတူတူဖြစ်သည်။

အကယ်၍ လူနည်းစုသာ သွားရောက်ပါကလည်း မိစ္ဆာသားရိုင်းတို့က ဒေသကျွမ်းကျင်မှုနှင့် သဘာဝ၏အလေးသာမှုများကို အသုံးချကာ ရှောင်ပုန်းနိုင်သည်။

နောက်ဆုံးတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် မိစ္ဆာသုတ်သင်ခြင်းတာဝန်ကို ထုတ်ပြန်ခဲ့၏။ ဂိုဏ်းတပည့်များက မိစ္ဆာသားရိုင်းများကို သတ်နိုင်သရွေ့ အကျိုးဆောင်မှတ်များ ရရှိသည်။

ချင်ယွမ်ဟယ်ကို သတ်ဖြတ်သည့် တာဝန်ကဲ့သို့ပင်။

မိစ္ဆာသုတ်သင်ခြင်းတာဝန်သည် ရေရှည်အစီအစဉ်ဖြစ်ကာ အန္တရာယ်ကြီးသည်။ နှစ်ပေါင်းများစွာအတွင်း ထိုတာဝန်ကို လက်ခံသူ သိပ်မရှိပါ။

လော့ထျန်းသည် အတွင်းစည်းတပည့်ဖြစ်သော်လည်း ၎င်းတာဝန်မှာ သူ ပြီးမြောက်နိုင်သော ကိစ္စမဟုတ်ချေ။

မိစ္ဆာမြေခွေး၏ကျင့်ကြံဆင့်နှင့် တိုက်ခိုက်ရေးစွမ်းအားမှာ အတော်လေးကောင်းသည်။

“ဟမ့်… ဒီတစ်ခေါက် တာဝန်စာအုပ်က မမှားဘူးမလား”

လော့ထျန်းက ဓားစင်များကို စိတ်မရှည်စွာ ကြည့်လျှက် ပြောသည်။

“အမှားမရှိရင် ငါ ဓားသွားရွေးတော့မယ်”

ဟန်မူယဲ့က တာဝန်စာအုပ်ကို ခေါက်ကာ ချလိုက်သည်။

“မှန်တယ်… သွားရွေးပါ”

ဟွမ်လောင်လျှို မည်သည့်စကားမှ မဆိုပါ။

ဓားထိန်းများသည် ဂိုဏ်းသားများအား ခက်ခဲအောင် ပြုလုပ်နိုင်သော်လည်း တစ်ဘက်လူက ပြင်ဆင်လာမှတော့ သူတို့လည်း မတတ်နိုင်ချေ။

“မင်းက ဒီအဖိုးကြီးထက် အများကြီး သိတတ်တာပဲ ကောင်လေး”

လော့ထျန်းက မဲ့ပြုံးပြုံးကာ သစ်သားစင်များထံသို့ လှမ်းသွားလိုက်သည်။

သူသည် စင်များ တစ်ခုပြီးတစ်ခု ဖြတ်သွား၏။

မည်သည့်ဓားကမှ သူ့အကြိုက်နှင့် မကိုက်ပါ။

ဟွမ်လောင်လျှို မျက်မှောင်ကြုတ်ကာ ထရပ်သည်။

ဟန်မူယဲ့ ခေါင်းယမ်းပြ၏။

အတန်ကြာလျှင် လော့ထျန်းသည် ဓားတစ်လက်ကို ကိုင်ကာ စားပွဲရှည်သို့ ပြန်လာသည်။

“ကျုပ် ဒီဓားကို ယူမယ်”

သူ၏လက်ထဲမှ ဓားကို ကြည့်ကာ ဟွမ်လောင်လျှို၏အမူအရာက ထူးဆန်းနေသည်။ သူက ခဏမျှ တွေးလိုက်ပြီး ပြုံးလျှက် ပြောသည်။

“ကောင်းပြီ… အဲဒီဓားကို ယူသွား”

လော့ထျန်းက ထွက်သွားရန် ပြင်လိုက်စဉ် ဟန်မူယဲ့ ရုတ်တရက် ပြောသည်။

“ခဏနေဦး… ကျုပ်တို့ ဓားလက်ခံခြင်းအစီအစဉ်တွေ မပြီးသေးဘူး”

သူက စကားပွဲရှည်ထံသို့ လှမ်းသွားကာ စာအုပ်ကို ဖွင့်သည်။ ထို့နောက် သူက လက်လှမ်းကာ ပြောသည်။

“ကျုပ်ကို ဓားပေး”

‘ဓားလက်ခံတဲ့အစီအစဉ်က မပြီးသေးဘူးလား’

လော့ထျန်းက မျက်မှောင်ကြုတ်လိုက်သော်လည်း သူက ဓားကို ဟန်မူယဲ့အား ကမ်းပေးသည်။

ဟန်မူယဲ့က ဓားကို ကိုင်လိုက်ကာ စာအုပ်ကို ဖွင့်လျှက် ပြောသည်။

“အတွင်းစည်းဂိုဏ်းသား လော့ထျန်း… ဒီဓားကို ကိုယ်တိုင်သုံးဖို့ ဓားစံအိမ်က ထုတ်ယူတယ်… ဟုတ်တယ်မလား”

လော့ထျန်း ခေါင်းညိတ်သည်။

ဟန်မူယဲ့က တည်ငြိမ်စွာ ထပ်ပြောသည်။

“ခင်ဗျားရဲ့အရင်ဓားကော…”

“ခင်ဗျားဟာ တာဝန်အရ ခရီးသွားနေတာ မဟုတ်ရင် အတွင်းစည်းဂိုဏ်းသားတစ်ယောက်ဟာ ဓားသစ်လဲဖို့အတွက် အရင်သုံးခဲ့တဲ့ဓားကို ပြန်အပ်ရမယ်။ ခင်ဗျား အဲဒီစည်းကမ်းကို မကြားဖူးဘူးလား”

လော့ထျန်း၏မျက်နှာ တောင့်တင်းသွားသည်။

သူက ထိုစည်းကမ်းကို ကြားဖူး၏။

သို့သော်လည်း ထိုစည်းကမ်းကို လူတိုင်း မလိုက်နာကြပါ။

သာမန်ဓားတစ်လက်သည် သာမန်တန်ဖိုးသာရှိကာ ဝိညာဉ်ကျောက်တုံး ၁၀ တုံး သို့မဟုတ် အတုံး ၂၀ ခန့်သာ ရှိသည်။

အတွင်းစည်းဂိုဏ်းသားများ သုံးသော ဓားများမှာလည်း တန်ဖိုးမသေးပေ။ အထူးသဖြင့် ဝိညာဉ်အဆင့် သတ္တုများဖြင့် သွန်းလုပ်ထားပါက အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ခန့် တန်ဖိုးရှိသည်။

လူအများအပြားက ဓားသစ်ရပါက ဓားဟောင်းကို ဖျက်ဆီးကာ ထိုသတ္တုများကို ပြန်ယူကြ၏။

ဂိုဏ်းမှ ထိုကိစ္စကို မျက်ကွယ်ပြုထားလေ့ရှိသည်။

ထိုသို့လုပ်သူများမှာလည်း အကြောက်အလန့်ကင်းသူများဖြစ်သည်။

ယခု ဟန်မူယဲ့က လေးနက်စွာ မေးနေရာ သူ့တွင် ရွေးချယ်စရာ မရှိချေ။

“ကျုပ်ရဲ့ဓားကို မယူလာခဲ့ရဘူး။ မနက်ဖြန် လာပေးမယ်လေ… ဘယ်လိုလဲ”

ဟန်မူယဲ့အား ကြည့်ကာ လော့ထျန်းက အကျိုးဆောင်မှတ်တစ်ခု စားပွဲပေါ်သို့ တင်လိုက်သည်။

သူက ထိုနည်းဖြင့်ပင် အကျိုးအမြတ်ရသည်လား…

ဟွမ်လောင်လျှိုက ဟန်မူယဲ့အား ကြည့်သည်။

ကောင်လေးကား အလွန်ဉာဏ်ကောင်းသည်။ သူက ဓားလက်ခံရန်လာသည့် မည်သူ့ထံမှမဆို အကျိုးအမြတ် နှိုက်ထုတ်နိုင်၏။

တံခါးဝတွင် လုကောသည်လည်း အထင်ကြီးသော မျက်လုံးများဖြင့် ကြည့်နေသည်။

သူသည် စီနီယာအစ်ကိုဟန်၏နည်းလမ်းများကို မျက်မြင်တွေ့ခဲ့ရ၏။

ထိုသို့သောလူမှာ ကြွယ်ဝချမ်းသာရန် မခက်ခဲပါ။

ဟန်မူယဲ့က ဟွမ်လောင်လျှိုအား တစ်ချက်ကြည့်သည်။

ဟွမ်လောင်လျှိုက လက်လှမ်းကာ အကျိုးဆောင်မှတ်အား ယူလိုက်၏။

ဟန်မူယဲ့က ပြုံးလိုက်ကာ ဓားထံမှ လက်ကို ဖြေးညင်းစွာ မြှောက်လိုက်၏။

လော့ထျန်းကလည်း စိတ်သက်သာရာရဟန်ဖြင့် ဓားထံသို့ လက်လှမ်းလိုက်သည်။

ဘန်း…

ဟန်မူယဲ့ ရုတ်တရက် လက်ကို အောက်သို့ ချလိုက်ကာ ဓားကို ဖိလိုက်သည်။ ထို့နောက် သူက လော့ထျန်းအား တင်းမာစွာ ကြည့်၏။

“အတွင်းစည်းဂိုဏ်းသား လော့ထျန်းဟာ သူကိုင်တဲ့ဓားကို အကြောင်းပြချက်မရှိဘဲ ဖျက်ဆီးခဲ့တယ်။ သူဟာ ဓားစံအိမ်ကို သုံးနှစ်ဝင်ခွင့် ပိတ်ပင်ခံရမယ်။ သုံးနှစ်ကြာပြီးနောက်မှာ ဓားလက်ခံဖို့အတွက် အကျိုးဆောင်အမှတ် ၂ဆ ကျသင့်မယ်”

“ဒါက ဓားစံအိမ်မှာ မှတ်တမ်းတင်ထားတဲ့စည်းကမ်းပဲ”

“ခင်ဗျားကို ကူညီပြီး ဓားလာလဲပေးတဲ့တစ်ယောက်က ရှင်းအောင် မပြောပြဘူးလား”

ဟန်မူယဲ့က လော့ထျန်းအား စူးရဲစွာ ကြည့်သည်။

“ခင်ဗျားဟာ ဓားလက်ခံဖို့ မထိုက်တန်ဘူး။ ပြီးတော့ ဓားစံအိမ်ကို ကျူးကျော်ဝင်တယ်။ စည်းကမ်းထိန်းသိမ်းရေးခန်းဆောင်ကို သွားပြီးတော့ အပြစ်ခံယူပါ”

ဓားစံအိမ်တံခါးဝတွင် လုကောမှာ ပါးစပ်ကြီး ဟနေသည်။

ဟွမ်လောင်လျှိုမှာ အကျိုးဆောင်မှတ်အား ကိုင်ရင်း တန်းလန်း မှင်တက်ငေးမောနေသည်။

မောက်မာရမ်းကားနေသော လော့ထျန်းသည် ဓားလက်ခံသူအဖြစ်မှနေ၍ ဓားစံအိမ်သို့ ကျူးကျော်သူ အဖြစ် ပြောင်းလဲသွားသည်။

ထိုကိစ္စများအားလုံးမှာ ဟန်မူယဲ့၏ထိန်းချုပ်မှုအောက်၌ ရှိသည်။

အရာအားလုံးမှာ မြန်ဆန်စွာ ပြောင်းလဲသွား၏။

လော့ထျန်း၏မျက်နှာက အရောင်အမျိုးမျိုး ပြောင်းလဲသွားသည်။ သူ၏မျက်တောင်များ ကွေးညွတ်သွား၏။

သူ၏အကြည့်သည် ဟန်မူယဲ့၏လက်မှနေ၍ မျက်နှာသို့ ရောက်လာကာ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ကြည့်သည်။

“ကောင်းတယ်… ကောင်းတယ်… မင်းက တစ်ခုခုပဲ”

အံကြိတ်ကာ သူက တာဝန်စာအုပ်အား လက်လှမ်းလိုက်သည်။

ဟန်မူယဲ့ကလည်း လက်ဆန့်တန်းကာ စာအုပ်ကို ဖိလိုက်သည်။

“စည်းကမ်းထိန်းသိမ်းရေးခန်းဆောင်မှာ အပြစ်ခံယူပြီးမှ ဒါကို ပြန်ယူနိုင်မယ်”

လော့ထျန်း လက်သီးများကို တင်းတင်းဆုပ်သည်။ ထို့နောက် နောက်လှည့်ကာ ဓားစံအိမ်ထဲမှ ထွက်သွား၏။

ထိုအခါမှ လုကော သက်ပြင်းချနိုင်သည်။

ဤသည်က ဓားထိန်းတစ်ဦး၏ဩဇာအာဏာလား…

ဟွမ်လောင်လျှိုက ဟန်မူယဲ့အား ကြည့်ကာ သူ၏လက်ထဲမှ ဓားကို ကြည့်သည်။ ထို့နောက် သူက ရေရွက်သည်။

“တကယ်တော့ သူ့ကို အဲဒီဓားပေးလိုက်လို့ရတယ်။ မကြာခင် ဓားက ဓားစံအိမ်ကို ပြန်ရောက်လာမှာပဲ”

ထိုဓားသည် ကျိယွမ်၏ဓားဖြစ်သည်။

ထိုဓားကို အတွင်းစည်းဂိုဏ်းသား စုယန် လက်ခံယူဆောင်သွားဖူးသည်။

ထိုဓားမှာ ကျူးကွမ်းရှန့် ပြန်လာပေးသော ဓားလည်း ဖြစ်သည်။

ထိုဓားသည် ဟန်မူယဲ့အား သတ်ဖြတ်လုနီးပါး ဖြစ်သည်။

အကယ်၍ လော့ထျန်းသည် ထိုဓားကို ကိုင်ပါက သေချာပေါက် သေပေမည်။

ဟန်မူယဲ့က ထရပ်ကာ ခေါင်းယမ်းသည်။ ထို့နောက် ဓားနှင့် တာဝန်စာအုပ်ကို ကောက်ကိုင်ကာ ဓားစံအိမ်အပေါ်ထပ်သို့ ဦးတည်လိုက်သည်။

“ကျုပ် အကြီးအကဲကို သွားတွေ့ရမယ်”

ထို့နောက် သူက ခဏရပ်ကာ ပြောသည်။

“လော့ထျန်းဟာ ရိုင်းစိုင်းတယ်။ ဒါပေမဲ့ သေဖို့တော့ မထိုက်တန်ဘူး”

“သူက သေသင့်တယ်ဆိုရင်တောင် ဒီဓားကြောင့် မသေသင့်ဘူး”

“ပြီးတော့ ကျုပ်တို့က ဒီဓားဟာ မကောင်းဆိုးဝါးဓားဆိုတော့ သိနေမှတော့ သူ့ကို ယူသွားခွင့်ပေးလို့ မဖြစ်ဘူး”

“ကျုပ်တို့ဟာ ဓားထိန်းဖြစ်တယ်။ ဒါက ကျုပ်တို့ တာဝန်ပဲ”

“ဓားကို စောင့်ကြည့်တာ၊ လူနဲ့ နှလုံးသားကို စောင့်ကြည့်တာ…”

ထို့နောက် သူသည် အပေါ်ထပ်သို့ တက်သွားသည်။

ဟန်မူယဲ့ အပေါ်ထပ်သို့ တက်သွားသည်ကိုကြည့်ကာ ဟွမ်လောင်လျှို၏မျက်နှာ၌ ရှုပ်ထွေး‌သော ခံစားချက်များ ဖြစ်ပေါ်လာသည်။ နောက်ဆုံးတွင် သူက သက်ပြင်းချသည်။

“အကြီးအကဲက မင်းကို ဓားပျိုးထောင်စနစ်သင်ပေးတာ မထူးဆန်းတော့ဘူး”

“မင်းကပဲ ဓားစံအိမ်ကို တာဝန်ယူဖို့ ထိုက်တန်သူပဲ”

All Chapters