တိုက်ခိုက်ရဲလား
Vol. 36 Ch. 505
မန်ဟို့၏အသံ ကျီးနတ်မင်းမျိုးနွယ်စု၏ နားထဲ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် မျိုးနွယ်ဝင်တစ်သောင်းကျော်၏ ခေါင်းများက ဆတ်ခနဲ မော့လိုက်ကြသည်။ သူတို့၏မျက်လုံးများက အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်နေချေသည်။ မန်ဟို လက်ကို ဆန့်ထုတ်လိုက်စဉ် သူ၏အကြည့်သည် ရေခဲတမျှ အေးစက်နေ၏။ ရုတ်တရက် အနက်ရောင်လှံတစ်လက် သူ့လက်ထဲတွင် ပေါ်လာသည်။
ဤသည်မှာ မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းမှ သူ့ကို ပေးထားသောလှံ၊ နတ်ဆိုးမနောမှ သန့်စင်ထားပြီး ၎င်း၏စွမ်းအားဆယ်ရာခိုင်နှုန်းဖြင့် ပြည့်နှက်နေသော ... နတ်ဆိုးလှံဖြစ်၏။
လှံပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ တိမ်တိုက်များမှာ တလိပ်လိပ်ထလာပြီး အံဩတုန်လှုပ်ဖွယ်ရာ အသတ်အဖြတ်စိတ်ဆန္ဒ ထွက်ပေါ်လာသည်။
ကျီးနတ်မင်းမျိုးနွယ်စု၏တုံ့ပြန်ပုံနှင့် မန်ဟို့၏ နတ်ဆိုးလှံက လမ်း၏တစ်ဖက်ရှိ မျိုးနွယ်စုကြီးသုံးစုကို မျက်စိကျသွားစေ၏။ ကောက်ကျစ်သောအပြုံးများ သူတို့၏မျက်နှာပေါ်တွင် ဖြစ်ထွန်းလာသည်။ ကျီးနတ်မင်းမျိုးနွယ်စု ပင်လယ်မိစ္ဆာမျိုးနွယ်စုကို တိုက်ခိုက်မည်ဟု ထင်လိုက်မိသော်လည်း မဖြစ်နိုင်သလို ခံစားရလေသည်။ ကျီးနတ်မင်းမျိုးနွယ်စု တိုက်ခိုက်ရဲလျှင် ရူးနေ၍သာ ဖြစ်လိမ့်မည်။
သူတို့၏အပြုံးများကို တောင်ကျော်လမ်းအထဲရှိ ကျင့်ကြံသူများ သတိထားမိသွားကြသည်။ ဘယ်အရာမဆို ဖြစ်သွားနိုင်သော ဤအခိုက်အတန့်တွင် ထိုလူများမှာ စိုးရိမ်တကြီး ဆွေးနွေးလာကြ၏။
"တောင်ကျော်လမ်းရဲ့တစ်ဖက်က အဲ့ဒီမျိုးနွယ်စုတွေအနေနဲ့ အနက်ရောင်နယ်မြေကို ဘယ်နည်းနဲ့မှ မဝင်ရောက်လို့မရဘူးလေ။ အဲ့ဒါကြောင့် ခိုးဆိုးလုယက် တိုက်ခိုက်သတ်ဖြတ်ရင်း အပြင်မှာ လျှောက်သွားသောင်းကျန်းနေကြတာ။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က တောင်ကျော်လမ်းကနေ ထွက်လာတဲ့မျိုးနွယ်စုတွေကို လုယက်ဖို့ပဲ....."
"မျိုးနွယ်စုတွေတစ်ပုံကြီး အဲ့ဒီအတိုင်း ဖျက်စီးခံခဲ့ရပြီးပြီလေ။ အဲ့ဒီလူတွေ ကြည့်ရတာ လူတွေပြောနေကြတဲ့ ကောလဟာလတွေကို ယုံပုံပဲ။ ဘယ်သူစခဲ့မှန်းလည်း မသိကြဘူး..."
"ငါတို့လည်း အဲ့ဒီကောလဟာလကို ယုံတယ်။ ပျက်သုဉ်းခြင်းကပ်ဘေးရဲ့ နောက်ဆုံးအခြေအနေရောက်လို့ ကုန်းမြေတွေ မြုပ်သွားတဲ့အခါ နောက်ဆုံးတိုက်ပွဲမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ဘယ်မျိုးနွယ်စုမဆို အနက်ရောင်နယ်မြေကို ဝင်ရောက်ခွင့်မှာပဲ။ အနက်ရောင်နယ်မြေရဲ့ ခေါင်းဆောင်သုံးဦး အဲ့ဒီမျိုးနွယ်စုရဲ့ အင်အားကို အသိအမှတ်ပြုသရွေ့ အရန်မျိုးနွယ်စုတစ်စုအဖြစ်နဲ့ သွတ်သင်းခံရမှာပါ"
ဤကောလဟာလမှာ ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ဟိုးလေးတကျော်ကျော် ပျံ့နှံ့နေခဲ့ပြီး ဒေသခံကျင့်ကြံသူများ၏ရင်ထဲတွင် သံမှိုနှင့် ရိုက်ထားသကဲ့သို့ ဖြစ်နေချေပြီ။ မိစ္ဆာစိတ်ဝိညာဉ်မရှိဘဲ ဤနေရာသို့ရောက်လာသော မျိုးနွယ်စုအတော်များများမှာ ကောလဟာလကို အမှန်တကယ် ယုံကြည်လာခဲ့၏။
ဆွေးနွေးငြင်းခုံသံများထွက်ပေါ်လာနေစဉ် မန်ဟိုသည် နတ်ဆိုးလှံကို လက်တွင်ကိုင်လျက် လေသင်္ဘော၏ထိပ်တွင် ရပ်နေ၏။ ချက်ချင်းပင် အနက်ရောင်မြူများက သူ၏ ပတ်ပတ်လည်တွင် တဖွေးဖွေးလှုပ်၍ ဆူပွက်လာသည်။ မြူများအတွင်းတွင် အရိုင်းဆန်သောမျက်နှာများအား မရေမတွက်နိုင်အောင် မြင်ရ၏။ ညငှက်၏ အော်သံကဲ့သို့ ခပ်စူးစူးရယ်သံကြီး ကြားလိုက်ရသည်။ ထိုအသံကြီးမှာ ဦးခေါင်းခွံများအား အချင်းချင်း ပွတ်တိုက်နေသကဲ့သို့ ကျောချမ်းပြီး ကြက်သီးထစရာကောင်းလေသည်။
မန်ဟို့အနောက်ရှိ ကျီးနတ်မင်းမျိုးနွယ်၀င်များအားလုံး ထရပ်လိုက်ကြသည်။ အသတ်ဖြတ်စိတ်ဆန္ဒက သူတို့၏ခန္ဓာကိုယ်များမှ တလိပ်လိပ်ရိုက်ခတ်လာပြီး သူတို့၏ရဲရဲနီနေသောမျက်လုံးများမှာ မီးတဝင်း၀င်း တောက်လာလေသည်။ သူတို့၏ သတ်ဖြတ်လိုစိတ်မှာ ပြင်းပြနေသော်လည်း သူတို့နှလုံးသားများမှာတော့ တည်ငြိမ်နေလျက်ရှိ၏။
တစ်ဦးတစ်ယောက်ချင်းစီသည် စစ်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့သော စစ်သည်တော်တစ်ဦးစီနှင့်တူ၏။
" မင်းတို့ဘာလုပ်နေတယ်ထင်လဲ " တောင်ကျော်မြို့၏အလယ်တွင် ရပ်နေသော ပင်လယ်မိစ္ဆာမျိုးနွယ်စုအကြီးအကဲက ပြောသည်။ သူက စက်ဆုပ်ရွံရှာသလို နှာခေါင်းရှုံ့လိုက်၏။
" မင်းက တောင်ကျော်လမ်းရဲ့ ပင်လယ်မိစ္ဆာမျိုးနွယ်စုကို တိုက်ခိုက်ချင်တယ်ပေါ့လေ " သူက မာမာထန်ထန် ပြောသည်။ " သတ္တိရှိတယ်ရှိပါလား။ ဒါပေမယ့် မင်းတို့ တိုက်ကွက်လေးတစ်ကွက် ထုတ်လိုက်ရင် ဒါမှမဟုတ် ပင်လယ်မိစ္ဆာမျိုးနွယ်စုကို သွေးတစ်စက်လေးကျအောင် လုပ်ရဲရင်တော့ မင်းတို့တစ်မျိုးနွယ်စုလုံး သုံးရက်အတွင်း အမြစ်ဖြုတ်သုတ်သင်ခံရမယ် " သူသည် ကျီးနတ်မင်းမျိုးနွယ်စုတိုက်ခိုက်ရဲမှာ မဟုတ်ကြောင်းယုံကြည်၏။ ဤအရာအားလုံးမှာ လမ်းကို ဖြတ်နိုင်ဖို့ ပေးရမည့်တန်ဖိုးကို လျှော့ချစေလိုသည့်အတွက် ဟိတ်ဟန်ထုန်နေခြင်းသာ ဖြစ်လေသည်။
သူ ဤကဲ့သို့ မျိုးနွယ်စုအများကြီး မြင်ခဲ့ဖူး၏။ ဤအခိုက်အတန့်အထိ တစ်ယောက်မှ တကယ့်တကယ် မတိုက်ခိုက်ရဲပေ။ သူတို့အားလုံးမှာ ခေါင်းငြိမ့်သဘောတူရုံသာ တတ်နိုင်ခဲ့လေ၏။
သူတစ်ယောက်သာ ဤသို့တွေးနေခြင်းမဟုတ်။ တောင်ကျော်မြို့တံတိုင်းများပေါ်ရှိ ပင်လယ်မိစ္ဆာမျိုးနွယ်၀င်အားလုံးလည်း အထင်အမြင်သေးစွာဖြင့် ကြည့်နေကြသည်။
တစ်ချိန်တည်းမှာပင် တောင်ကျော်လမ်းထဲရှိ ကျင့်ကြံသူထောင်ပေါင်းများစွာမှာလည်း ကျီးနတ်မင်းမျိုးနွယ်စုနှင့် မန်ဟို့ကိုကြည့်ရင်း အသက်ရှုမြန်လာကြသည်။
" ကျီးနတ်မင်းမျိုးနွယ်စု တကယ်ကြီးတိုက်ခိုက်ရဲမလား။ ငါတော့မယုံနိုင်ဘူး "
" ပျက်သုဉ်းခြင်းကပ်ဘေးစတင်ပြီး ပင်လယ်မိစ္ဆာမျိုးနွယ်စု တောင်ကျော်လမ်းကို သိမ်းပိုက်လိုက်ကတည်းက တိုက်ခိုက်သောင်းကြမ်းရဲတဲ့ မျိုးနွယ်စုဆိုပြီး တစ်စုမှမရှိခဲ့ဖူးဘူး။ ကျီးနတ်မင်းမျိုးနွယ်စု ဒီတိုင်းအင်အားပြပြီး ခြိမ်းခြောက်နေတယ်လို့ပဲ ထင်တယ် "
ဆွေးနွေးငြင်းခုံသံများ ပဲ့တင်ထပ်လာသည့်အချိန်မှာပင် အပေါ်ထက် လေထုထဲရှိအခြေအနေမှာ သည်ထက်ပို၍ မတင်းမာနိုင်တော့ပေ။ ရုတ်တရက် မန်ဟို၏မျက်၀န်းများမှ အေးစက်မှုတို့ ဖြာထွက်လာ၏။
ပင်လယ်မိစ္ဆာမျိူးနွယ်စု၏ အကြီးအကဲက မာနတို့ခေါင်ခိုက်နေလျက် ရုတ်တရက် ပြောသည်။ " ဘာလဲ မင်းတို့ ဘာလို့အခုထိ မတိုက်ခိုက်ရဲသေးတာလဲ။ ငါ မင်းတို့ကို စောင့်နေတယ်နော် မြောက်ပိုင်းက အနုတ်စုတ်ဂုတ်စုတ်မျိုးနွယ်စု။ ခြိမ်းခြောက်ရဲပေမယ့် တကယ်ပဲ တိုက်ခိုက်ရဲတဲ့ သတ္တိရှိလားငါ သိချင်မိတယ်
"အမှန်တော့ မင်းတို့မှာ မတိုက်ခိုက်ဘူးလို့တောင် ပြောခွင့်မရှိဘူး။ ဒူးထောက်ပြီး အနူးအညွတ်တောင်းပန်ရင်တောင်မှ တောင်ကျော်လမ်းကို ဖြတ်သွားဖို့အတွက် မင်းတို့ရဲ့ပိုင်ဆိုင်မှုတစ်ဝက်တင်မကဘူး.... မင်းတို့ရဲ့အရင်းအမြစ်တွေအကုန်၊ ကမ္ဘာသစ်မိစ္ဆာအကုန် ပေးခဲ့ရမယ်..."
ဤအခိုက်အတန့်တွင် မန်ဟိုက ဖျတ်ခနဲ နတ်ဆိုးလှံကို ပစ်ခွင်းလိုက်သည်။ နက်မှောင်နေသောလှံသည် တဂျုန်းဂျုန်း မြည်ရင်း လေကို ခွင်းသွား၏။
လေထုမှာ အစိတ်စိတ်အမြွှာမြွှာ စုတ်ဖြဲခံနေရသကဲ့သို့ တဗြိဗြိပြဲစုတ်သံကြီးတစ်သံ ကြားလိုက်ရသည်။ အောက်ရှိ ကျင့်ကြံသူများမှာ ကြောက်မက်ဖွယ်ရာအငွေ့အသက်များ ထုတ်လွှတ်၍ လေကို စုတ်ဖြဲရင်း တောင်ကျော်လမ်းထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားနေသော အနက်ရောင်အလင်းတန်းတစ်တန်းအား မြင်လိုက်ရသည်။
အငြိုးကြီးကြီး ရယ်နေသော မျက်နှာများ အပြည့်ဖြင့် အနက်ရောင်မြူများက နတ်ဆိုးလှံကို ရစ်သိုင်းနေသည်။ တဟီးဟီးရယ်သံကြီးက ရင်တုန်ချောက်ချားစရာကောင်းလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဆိုးလှံကား မန်ဟိုနှင့် ပင်လယ်မိစ္ဆာမျိုးနွယ်စုအကြီးအကဲအကြားရှိ အကွာအဝေးကို ဖြတ်သန်းသွားခဲ့ပြီးလေပြီ။ လှံကြီးက ဘွားခနဲ အရှေ့တည့်တည့်တွင် ပေါ်လာ၍ အကြီးအကဲ၏မျက်နှာတွင် အံ့ဩတုန်လှုပ်မှုတို့ ပြည့်နှက်သွား၏။
နှလုံးသား စူးဆောင့်သွားသောနာကျင်မှုဖြင့် ပြည့်နှက်သွားစေသည့် စူးရှထက်မြက်မှုနှင့်အတူ လေပြင်းတစ်ချက်က သူ့မျက်နှာကို ဖြတ်တိုက်သွားသဖြင့် သူ ရင်ဒိန်းခနဲ ခုန်သွားလေသည်။ သူ၏အဝတ်အစားများ တဖျပ်ဖျပ်လွင့်ကုန်ပြီး ဆံပင်များ ရှုပွကုန်ကာ သူ့မှာ လည်ပင်းညစ်ခံလိုက်ရသလို ခံစားလိုက်ရ၏။ သူ့မှာ ကမန်းကတန်း နောက်ဆုတ်လိုက်မိသည်။ သူ၏အဆိုးဆုံးအိပ်မက်ထဲတွင်ပင် .... ကျီးနတ်မင်းမျိုးနွယ်စုက တိုက်ခိုက်ရဲလိမ့်မည်ဟု ဘယ်တော့မှ စိတ်ကူးနိုင်ခဲ့မည်မဟုတ်ပေ။
အတွေးပေါင်းသောင်းခြောက်ထောင်နှင့် အံဩခြင်းလှိုင်းတံပိုးများက သူ့စိတ်အစဉ်ကို စိုးမိုးနေသဖြင့် သူ့အတွက် ရှောင်ချိန်မရလိုက်ပေ။ ဤအခိုက်အတန့်တွင် သူ့မှာ ရှောင်ချင်လျှင်တောင်မှ မရှောင်နိုင်တော့ပေ။
"တကယ်တိုက်ခိုက်လိုက်တာလား"
"ဟုတ်တယ်ဟ။ တိုက်ခိုက်လိုက်ပြီ"
ပင်လယ်မိစ္ဆာမျိုးနွယ်စု၏အကြီးအကဲ ရုတ်တရက် မျက်လုံးပြူးသွားပြီး သူ၏သူငယ်အိမ်မှာ ကျဉ်းမြောင်းသွားသည်။ သူ၏အမြင်အာရုံမှာ အနက်ရောင်မြူများဖြင့် ပြည့်နှက်သွား၏။ ရှည်လျားသော အနက်ရောင်လှံကြီးက သူ၏အ၀တ်အစားများကို စုတ်ဖြဲပြီး အသားတို့ကို ထိုးဖောက်ကာ ရင်ဘတ်အတွင်းသို့ စိုက်၀င်သွားသဖြင့် စောင့်ကြည့်နေသူအားလုံးမှာ မျက်လုံးအပြူးသားဖြစ်သွားကြလေသည်။ လှံကြီးက သူ၏နှလုံးကို ထုတ်ချင်းဖောက်ကာ သူ့ကို ၎င်းနှင့်အတူသယ်ဆောင်ရင်း လေကိုခွင်းလျက် ဆက်သွားနေ၏။
အဘိုးကြီးပါးစပ်မှ သွေးများပန်းထွက်သွားသည်။ သူက သူ၏ရင်ဘတ်တွင် တုန်ခါနေသော နတ်ဆိုးလှံကို မယုံနိုင်သလို ငုံ့ကြည့်လိုက်သည်။
" ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "
သူ့မှာ ယခုဖြစ်ပျက်နေသည့်အရာကို မယုံနိုင်သေးပေ။ တစ်ချိန်တည်းမှာပင် လှံမှမြူများ စီးထွက်လာ၏။ ၎င်းတို့က အနက်ရောင်မြွေများသဖွယ် အကြီးအကဲ၏ မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်များအတွင်းသို့ တိုး၀င်လာကြသည်။ မြူမြွေများက သူ၏အရေပြားပေါ်ရှိ မွေးညင်းပေါက်များအထဲထိပင် တိုး၀င်လာကြ၏။ မြူများစိမ့်၀င်လာစဉ် သွေးဆာနေသောမျက်နှာများက ခုန်အုပ်လိုက်သည်။ တဂျွပ်ဂျွပ် ကိုက်ဝါးနေသောအသံများနှင့်အတူ အဘိုးကြီး၏သွေးပျက်မတတ် အော်ဟစ်သံများ ပဲ့တင်ထပ်လာသည်။
ဤအော်သံများတွင် စကားလုံးများနှင့်ပင် ဖော်ပြ၍မတတ်နိုင်သော နာကျင်မှုတို့ဖြင့် ပြည့်နှက်နေ၏။ အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်အတွက် ယခုကဲ့သို့ အော်ဟစ်ရလောက်အောင် မည်မျှရက်စက်လိမ့်မည်ကို စိတ်သာကူးကြည့်နိုင်လေသည်။
ဘန်း
နတ်ဆိုးလှံက တောင်ကျော်မြို့၏ မြို့တံတိုင်းကို ၀င်တိုက်သွားသည်။ ပင်လယ်မိစ္ဆာမျိုးနွယ်စုအကြီးအကဲမှာလည်း ၎င်းနှင့်အတူ စိုက်သွားသဖြင့် တံတိုင်းမျက်နှာတစ်လျှောက် အက်ကြောင်းများ ပြန့်လာရာ အက်ကွဲသံများ ကြားလိုက်ရလေသည်။
သို့သော် မြင်ကွင်းကို ကြည့်လျှင်မြင်နိုင်သည့် တစ်ခုတည်းသောအရာမှာ အနက်ရောင်မြူများသာဖြစ်၏။ အသည်းလန့်ဖွယ်အော်သံကြီးမှာတော့ ပျောက်ကွယ်သွားခဲ့သည်မှာကြာပြီဖြစ်သည်။
အရာအားလုံး သုဿာန်တစပြင်ပမာ တိတ်ဆိတ်သွား၏။ မန်ဟိုက ပုံမှန်မျက်နှာထားဖြင့် လက်ကိုမြောက်ပြီး ဖမ်းဆုပ်သည့် လှုပ်ရှားမှုလုပ်လိုက်သည်။ ချက်ချင်းပင် လှံကြီး ပျောက်ကွယ်သွား၏။ မရေမတွက်နိုင်သော မျက်နှာများဖြင့် ဖွဲ့စည်းထားသည့် အနက်ရောင်မြူထုကြီးမှာလည်း ပြိုကွဲသွားပြီးနောက် မန်ဟို့ဆီသို့ သူတို့၏အောင်မြင်မှုကို အစီရင်ခံရန် တက်တက်ကြွကြွ ပျံသန်းလာ၏။
တစ်ချိန်တည်းမှာပင် ၎င်းက တစ်စုံတစ်ခုကို ဖော်ပြလိုက်သည်။ မြူထု၏အလယ်တွင်ကား မည်သည့်ခန္ဓာကိုယ်မျှမရှိတော့ အရိုးစုကြီးတစ်ခုသာ ထီးထီးတည်းရှိနေလေသည်။
အရိုးစု၏အရိုးများမှာ အစိမ်းလိုက်ကိုက်စားခံခဲ့ရသည့်အလား ကိုက်ရာများဖြင့် ဖုံးနေသည်။ တချို့ဆိုလျှင် ကြေပင်ကြေမွနေလေပြီ။ နံရံတွင် ထိုးစိုက်ထားသည့် နတ်ဆိုးလှံမရှိတော့သဖြင့် အရိုးစုကြီးမှာ ဘုတ်ခနဲ မြေပေါ် ပြုတ်ကျသွားသည်။ အစအနအနည်းငယ်သာ တံတိုင်းနံရံတွင် စိုက်လျက် ကျန်ခဲ့၏။ မြင်ကွင်းကြီးမှာ ချာချာလည်မူးစရာကြီးပင်။
ပင်လယ်မိစ္ဆာမျိုးနွယ်စုမှာ ချက်ချင်း တုန်လှုပ်သွားကြသည်။ အောက်ရှိ ကျင့်ကြံသူထောင်ပေါင်းများစွာမှာ မျက်လုံးအပြူးသား ၊ ပါးစပ်အဟောင်းသားဖြစ်နေကြ၏။
လမ်း၏အခြားတစ်ဖက်ရှိ ဓားပြမျိုးနွယ်စုသုံးစုလည်း ထိုနည်းတူပင်။ မြင်ကွင်းကြီးမှာ သူတို့ကို အသက်ပြင်းပြင်းရှူ၍ မယုံနိုင်ဖြစ်သွားစေသည်။
ကျီးနတ်မင်းမျိုးနွယ်စု အမှန်တကယ် လှုပ်ရှားပြီး မန်ဟိုက... ပင်လယ်မိစ္ဆာမျိုးနွယ်စု၏အကြီးအကဲတစ်ဦးကို ရဲရဲတင်းတင်း တိုက်ခိုက်ရဲလိမ့်မည်ဟု တစ်ယောက်မှ မခန့်မှန်းနိုင်ခဲ့ပေ။
မြင်လိုက်သူတိုင်းမှာ ခေါင်းများပေါက်ကွဲတော့မည့်အလား ခံစားနေရတော့သည်။ တစ်ဦး တစ်ယောက်ချင်းစီတိုင်း တစ်ခုတည်းကို တွေးနေကြ၏။
"ကျီးနတ်မင်းမျိုးနွယ်စုက... မထင်ထားတာကို လုပ်လိုက်ပြီ"
လမ်းထဲရှိ ကျင့်ကြံသူထောင်ပေါင်းများစွာမှာ လူသေပမာ တုတ်တုတ်မှ မလှုပ်ကြပေ။ သူတို့ မန်ဟိုနှင့် ကျီးနတ်မင်းမျိုးနွယ်စုကို ကြည့်နေစဉ် အသက်ရှူသံပြင်းပြင်းများသာ ကြားနိုင်၏။ သူတို့အတွက် ယခုမှ သူတို့ကို ပထမဆုံးမြင်ဖူးလိုက်သည့်အလားပင်။ သူတို့သည် ကြက်သေသေနေကြ၏။ မန်ဟို၏ပြတ်သားမှု၊ ကြောက်မက်ဖွယ်ရာ နတ်ဆိုးလှံ၊ တုန်လှုပ်ဖွယ်ရာတိုက်ကွက်၊ ထိုအရာအားလုံးက သူတို့၏စိတ်ထဲတွင် ထစ်ချုန်းသောင်းကျန်းနေသော မိုးကြိုးကြီး ဖြစ်သွားခဲ့လေပြီ။ စောစောက မြင်ကွင်းကြီးအား သူတို့ဘယ်တော့မှ မေ့နိုင်တော့မည်မဟုတ်ပေ။
လမ်း၏အခြားတစ်ဖက်ရှိ မျိုးနွယ်စုသုံးစုမှာ စောစောက ကျီးနတ်မင်းမျိုးနွယ်စုကို လောဘတက်နေသော မျက်လုံးများဖြင့် ကြည့်နေခဲ့ပြီး ဟားတိုက်ပင် ရယ်နေခဲ့သည်။ ယခုတော့ သူတို့မှာ ကြက်သေသေနေကြ၏။ သာမန်မျိုးနွယ်ဝင်များ၊ နတ်ဆရာကြီးများနှင့် ခေါင်းကိုင်ဖခင်များပင်လျှင် ရင်သပ်ရှုမောနေကြပြီး မျက်နှာတွင် အံ့အားသင့်နေသော အမူအရာများအား ဆင်မြန်းထားတော့သည်။
ကျီးနတ်မင်းမျိုးနွယ်စုမှာ အမှန်တကယ် တိုက်ခိုက်ရဲလိမ့်မည်ဟု သူတို့မည်သို့ တွေးနိုင်ခဲ့မည်နည်း။ ထိုမျှသာမက သာမန်တိုက်ကွက်လေးတစ်ကွက်မဟုတ်။ တစ်စုံတယောက်ကို အမှန်တကယ် သတ်ဖြတ်လိုက်ခြင်းပင်။
ထိုကဲ့သို့တိကျပြတ်သားမှု၊ ထိုကဲ့သို့အသတ်အဖြတ်စိတ်ဆန္ဒ၊ ထိုကဲ့သို့ သုတ်သင်လိုစိတ်တို့က မျိုးနွယ်စုသုံးစု၏ အဖွဲ့ဝင်များကို အသည်းနှလုံးတို့ ကပြောင်းကပြန် ဖြစ်သွားစေသည်။ စောစောက ရန်သူကို ချေမှုန်းနိုင်သည်ဟု ခံစားခဲ့ရသော ယုံကြည်မှုမှာ ယိမ်းခါသွားခဲ့လေပြီ။ အကြောက်တရားတို့ကား သူတို့၏နှလုံးသားထဲတွင် ပေါက်ဖွားလာခဲ့ပြီဖြစ်သည်။
အားလုံးအထဲ အတုန်လှုပ်ဆုံးမှာတော့ ပင်လယ်မိစ္ဆာမျိုးနွယ်စုဖြစ်၏။ အဖြစ်အပျက်အား မြင်လိုက်ရသူတိုင်း တုံ့ပင် မတုံ့ပြန်နိုင်ပေ။ သူတို့မှာ အစကတည်းက ယခု မျက်စိနှစ်လုံးဖြင့် တပ်အပ်မြင်လိုက်ရသော ဖြစ်ရပ်ကြီး ဖြစ်ပွားလိမ့်မည်ဟု မယုံကြည်နိုင်ခဲ့သည်ဖြစ်သည်။ သူတို့အနေဖြင့် တစ်စုံတစ်ယောက်က ပင်လယ်မိစ္ဆာမျိုးနွယ်စုကို တကယ် တိုက်ခိုက်ရဲလိမ့်မည်ဟု မယုံနိုင်ခြင်းသာဖြစ်လေသည်....
အတန်ကြာ တိတ်ဆိတ်နေပြီးနောက် တောင်ကြားမြို့အတွင်းမှ အမျက်ထွက်နေသော ဟစ်ကြွေးသံများ ကြားလိုက်ရသည်။ လူရိပ်တစ်ဒါဇင်ကျော်သည် မျိုးနွယ်ဝင်နှစ်သောင်းနှင့် ကမ္ဘာသစ်မိစ္ဆာထောင်ချီနှင်အတူ ချီတက်လာကြလေပြီ။
သူတို့ထဲတွင် ပင်လယ်မိစ္ဆာမျိုးနွယ်စု၏ခေါင်းကိုင်ဖခင် ဆံနီအဘိုးကြီးတစ်ဦးပါ၏။ သူ့မျက်နှာကို အံ့ဩခြင်းတို့အပြင် ဒေါသကလည်း ဖုံးလွှမ်းနေ၏။ သူ့မှာ အားမလိုအားမရနှင့် ခံရခက်နေလေသည်။
သူဘာမှပင် မပြောနိုင်ခင် မန်ဟို့၏အနက်ရောင်မြူများက သူ့ဆီပြန်သွားပြီး နောက်တစ်ဖန် နတ်ဆိုးလှံအသွင်ဆောင်သွားပြီဖြစ်၏။ သူက အရှေ့သို့ ညွှန်ပြီး အော်လိုက်သည်။ "တိုက်"
ထို့ထက်ပြောစရာမလို။ စကားတစ်လုံးတည်းနှင့် လုံလောက်သည်.... ချက်ချင်းပင် ကျီးနတ်မင်းမျိုးနွယ်ဝင်တစ်ထောင်ကျော်၏ မျက်လုံးများ နီရဲသွားပြီး တစ်ခနဲနက် ညာသံပေးလိုက်ကြ၏။
"သတ်ပစ်" ကြောက်ခမန်းလိလိ အော်သံကြီး ဟိန်းထွက်သွားစဉ် ကျီးနတ်မင်းမျိုးနွယ်စုကား ပြေးတက်သွားကြလေပြီ။ သူတို့သည် တိုက်ပွဲပေါင်းများစွာကို စွမ်းစွမ်းတမံ တိုက်ခိုက်ခဲ့သော ဘီလူးကြီးများ၊ မွန်းစတားကောင်ကြီးများအလားပင်။ သူတို့သည် ကောင်းကင်ကိုပင် မှေးမှိန်သွားလောက်အောင် ပြင်းပြလှသော အသတ်အဖြတ်စိတ်ဆန္ဒများဖြင့် ချီတက်သွားကြ၏။ ခေါင်းအထက်ရှိ တိမ်တိုက်ကြီးများမှာလည်း မရဏသင်္ချိုင်း၏ အနက်ရှိုင်းဆုံးထဲမှ တလိပ်လိပ်ထွက်လာနေသည့်အလား စုဝေး၍ ပွက်ပွက်ဆူလာကြသည်။
ပို၍ပင် ရင်သပ်ရှုမောဖွယ်ကောင်းသည်က ဤအခိုက်အတန့်တွင် သွေးဆာပြီး ဒေါသူပုန်ထနေသော ကမ္ဘာသစ်မိစ္ဆာတစ်သိန်းခွဲပေါ်လာခြင်းပင်။ ၎င်းတို့က ကောင်းကင်ကို ပိတ်ဖုံးကွယ်ကာ တောင်ကျော်မြို့သို့ ပျံထွက်သွားကြ၏။
***