← Chapters

တောင်ကျော်ကင်းစောင့်စစ်သည်တော်

Vol. 37 Ch. 506

တောင်ကျော်ကင်းစောင့်စစ်သည်တော်

Vol. 37 Ch. 506

ပေါက်ကွဲသံများက ‌ကောင်းကင်ကို လှုပ်ခါနေပြီး ပေါက်ကွဲမှုများက မြေပြင်ကို ယိမ်းထိုးနေစေသည်။ တောင်ကျော်လမ်းတစ်ခုလုံးမှာ တုန်ရီနေသယောင်ပင်။ ပျံ့လွင့်နေသော တိုက်ခိုက်သံများအားလည်း ကြားရနိုင်၏။

ကျီးနတ်မင်းမျိုးနွယ်ဝင်တစ်သောင်းကျော်မှာ စိတ္တဇလူသတ်သမားများသဖွယ် မျက်လုံးနီနီကြီးများဖြင့် ဒေါသတကြီး တိုက်ခိုက်နေသည်။ မှော်ပညာရပ်များအပြင် ဓာတ်ငါးပါးအရုပ်စွမ်းအားများကိုလည်း အသုံးချနေကြ၏။ ချက်ချင်းပင် ဖော်ပြမတတ်နိုင်လောက်အောင် ချောက်ချားစရာကောင်းသော အရှိန်အဝါကြီးတစ်ခု မြင့်တက်လာသည်။

မျက်စိတစ်မှိတ်အတွင်း သတ်ပွဲကြီး စတင်ခဲ့ပြီဖြစ်သည်။

ဝူချိန်သည် ကောင်လေးတစ်ယောက်မဟုတ်တော့ပေ။ သူကား ယောက်ျားရင့်မာကြီးတစ်ယောက်နှင့် တူနေလေပြီ။ သို့သော် ၎င်းသည် အချိန်၏တိုက်စားမှုကြောင့်မဟုတ်၊ ခက်ခဲကြမ်းတမ်းသော စစ်ပွဲမီးတောက်များအကြားမှ မွေးဖွားလိုက်သော၊ သွေးထွက်သံယိုများထဲမှ ဖြစ်ပေါ်လာသော ပြောင်းလဲမှုဖြစ်၏။ သူသည် ယခင်ထက်ပို၍ ရင့်ကျက်လာပြီး သူ့မျက်နှာမှာ ရဲစွမ်းသတ္တိအပြည့်နှင့် တင်းမာခက်ထန်လျက်ရှိသည်။ သူ၏မျက်လုံးများတွင် သွေးကြောများပြည့်နေပြီး သူ့၏ခန္ဓာကိုယ်မှ အသတ်အဖြတ်စိတ်ဆန္ဒနှင့် ကြောက်မက်ဖွယ်ရာ အအေးဓာတ်ကို ထုတ်လွှတ်နေ၏။

သူတိုက်ခိုက်လိုက်သဖြင့် သစ်သားအရုပ်များ မှော်ဆန်ဆန် ပေါ်လာသည်။ တလက်လက်တောက်ပနေသော အလင်းရောင်များက သူ့လက်နှစ်ဖက်ကို ဝန်းရံလျက် တောက်ပနေပြီး သူက ပင်လယ်မိစ္ဆာကျင့်ကြံသူတစ်ဦး၏ ခေါင်းပြတ်ကြီးကို မြှောက်လိုက်သည်။ သူ ကောင်းကင်ကို မျက်နှာမူပြီး ဟိန်းဟောက်လိုက်စဉ် သွေးများက သူ့လက်မောင်းမှ တစ်စက်တစ်စက် ကျလျက်ရှိ၏။

သူ၏အနီးပတ်ဝန်းကျင်ရှိ ကျီးနတ်မင်းမျိုးနွယ်ဝင်များလည်း ထိုနည်းတူပင်။ သူတို့ တစ်ယောက်သတ်လိုက်တိုင်း ခေါင်းပြတ်များကို ‌မြှောက်တတ်ကြသည်။ သူတို့ထုတ်လွှတ်နေသော အခိုးအငွေ့များကား ကြောက်ခမန်းလိလိပင်။

သူတို့အတွက် စစ်ပွဲဟူသည် ဝင်လေထွက်လေလေးသဖွယ်သာ။ နည်းနည်း ချဲ့ကားရာ‌တော့ ရောက်သွားလောက်သည်။ သို့သော် သူတို့မှာ စစ်နှင့် အသားကျနေခဲ့ပြီဖြစ်၏။ နှစ်ပေါင်းများစွာ တိုက်ခိုက်သတ်ဖြတ်ခြင်းနှင့် မရေမတွက်နိုင်သော သေဆုံးမှုများက ကျီးနတ်မင်းမျိုးနွယ်ဝင်များကို သေခြင်းနှင့်ရှင်ခြင်းကို သိပ်ဂရုပင်မစိုက်တော့သည်အထိ ဖြစ်စေခဲ့သည်။ သို့သော် သူတို့၏ အနက်ရောင်နယ်မြေသို့ ဝင်ရောက်လိုသော စိတ်ဆန္ဒမှာတော့ အားကောင်းသထက် အားကောင်းလာခဲ့၏။

ထိုကဲ့သို့ ခိုင်မာပြတ်သားသောစိတ်ဆန္ဒမှာ သူတို့အား လမ်းကိုပိတ်နေသော မည်သည့်အတားအဆီးကိုမဆို သတ်ပစ်လိုက်သည့် စိတ်အဟုန်ဖြင့် ပြည့်နှက်သွားစေ၏။

သူတို့၏ တိုက်ကွက်များမှာ သေသပ်ပိရိသည်။ သူတို့သည် မျက်စိတစ်မှိတ်လေးအတွင်း သတ်ဖြတ်နိုင်၏။ သွေးများ ဖွားခနဲ လွင့်စင်ထွက်သွားသော မြင်ကွင်းက သူတို့ကို မတုန်လှုပ်စေသည့်အပြင် သူတို့၏သတ်ဖြတ်လိုစိတ်များကို ပို၍ပြင်းပြသွားစေသည်။

"သတ်ပစ်" မည်သူအရင်ဆုံး အော်လိုက်သည်လဲ ပြောရခက်သည်။ သို့သော် မကြာခင် ကျီးနတ်မင်းမျိုးနွယ်ဝင်တစ်သောင်းကျော်၏အသံများက အတူတကွ ပေါင်းစည်းသွား၏။ သူတို့၏ တစ်ခဲနက် ‌ဟစ်ကြွေးသံကြီးများက အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် ကောင်းကင်ဘုံသို့တိုင် ရိုက်ခတ်လေသည်။ ပင်လယ်မိစ္ဆာမျိုးနွယ်ကျင့်ကြံသူအလုံးစုံမှာ ချက်ချင်း ကြောက်ဒူးတုန်ကုန်ကြ၏။ သူတို့မျက်နှာများ ဖြူဆုပ်လာပြီး သတ္တိဟူသမျှ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်လေပြီ။ သူတို့လုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ ဆုတ်ခွာရန်သာ။

ထိုကဲ့သို့ ရက်ရက်စက်စက် သတ်ဖြတ်မှု၊ ထိုကဲ့သို့ ကျီးနတ်မင်းမျိုးနွယ်ဝင်တစ်ယောက်ချင်းစီ၏ ပုံပန်းသွင်ပြင်တို့က သူတို့မျိုးနွယ်စုကို တောင်ကျော်လမ်းတစ်လျှောက် လှဲကျင်းတိုက်ခတ်ရန် အသင့်ဖြစ်နေသော မုန်တိုင်းကြီးတစ်လုံးနှင့် တူစေသည်။ အသက်ရှူချိန်အနည်းငယ်မျှသာ တိုက်ခိုက်ရသေးသည်၊ ပင်လယ်မိစ္ဆာမျိုးနွယ်စုမှာ ကျင့်ကြံသူထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ပြီးလေပြီ။

သူတို့မှာ တိုက်ကွက်လေးတစ်ကွက်ကိုပင် ခုခံနိုင်စွမ်းမရှိပေ။

"ဒါ မြောက်ပိုင်းက မျိုးနွယ်စုမဖြစ်နိုင်ဘူး"

"မြောက်ပိုင်းမှာ ဒီလိုမျိုးနွယ်စုတစ်စုမှ မရှိဘူးလေ။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးရှိတဲ့ မျိုးနွယ်စုကြီးတွေပဲ ဒီလိုတိုက်ပွဲဝင်မျိုးနွယ်စုမျိုး ရှိနိုင်ဝာာ" မယုံနိုင်သောအတွေးများက ပင်လယ်မိစ္ဆာမျိုးနွယ်စု၏ ကိုယ်စိတ်နှလုံးကို စိုးမိုးနေတော့သည်။ ထိုခံစားချက်များသည် ကြောက်စိတ်အဖြစ် ကူးပြောင်းကုန်၏။ သူတို့မှာ ရင်ဝယ် ခံစားနေရသော တုန်လှုပ်ချောက်ချားမှုကို မထိန်းချုပ်နိုင်တော့ပေ။

ဆောက်တည်ရာမဲ့ပြီး ကြောက်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသော မချိတင်ကဲ အော်သံများအား ကြားရနိုင်သည်။ အမှန်တွင် ပင်လယ်မိစ္ဆာမျိုးနွယ်၀င်အားလုံးအတွက် စစ်မတိုက်ရသည်မှာ အလွန့်အလွန်ကြာခဲ့ပြီ ဖြစ်သည်။ အတိတ်တုန်းက သူတို့သည် ရွှေထီးဆောင်းနိုင်ခဲ့သော်လည်း ပျက်သုဉ်းခြင်းကပ်ဘေး ဆိုက်ရောက်လာပြီးနောက်တွင် သူတို့ကို အညံ့ခံသည့်မျိုးနွယ်စုများကိုသာ ကြုံတွေ့ခဲ့ရလေသည်။ သူတို့အတွက် ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်ပြီး လက်မရွံ့သောမျိုးနွယ်စုတစ်စုနှင့် ရင်ဆိုင်တိုက်ခိုက်ရသည့် ပထမဦးဆုံးအကြိမ်ဖြစ်လေ၏။

ပင်လယ်မိစ္ဆာမျိုးနွယ်စုမှာ စစချင်း ဒေါကြီးမောကြီး တိုက်ခိုက်ခဲ့သော်လည်း ယခုတော့ ထိုဒေါသမှာ အကြောက်တရားအဖြစ် ပြောင်းသွားခဲ့ပြီဖြစ်သည်။ ကြောက်လန့်တကြား အော်ဟစ်နေသောအသံများက အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်နေသည်။ အောက်ကလမ်းထဲရှိ တခြားမျိုးနွယ်စုများမှာ မျက်လုံးအပြူသား၊ ပါးစပ်အဟောင်းသားဖြင့်သာ ကြည့်နေနိုင်ကြလေသည်။ သူတို့မှာ ဖြစ်ပျက်နေသည့်အရာအားလုံးကို ကြောင်တောင်တောင်လေးကြည့်ရင်း အသက်ရှုသံများ မြန်နေကြ၏။ သတ်ဖြတ်သံများက သူတို့နားထဲတွင် ပြည့်နှက်နေပြီး သူတို့ရင်ထဲရှိ သတ္တိဟူသမျှမှာ အော်ဟစ်ငိုယိုသံများကြောင့် ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြလေပြီ။

သူတို့ ကြည့်နေသည့်အရာမှာ အမှန်ပင်မဟုတ်သည့်အလား ခံစားရလေသည်။ သို့သော် မကြာမီ စစ်မြေပြင်အပေါ်ရှိ သွေးများ၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် သတ်ဖြတ်မှုတို့မှာ မယုံနိုင်လောက်အောင် ထင်ရှားပြတ်သားလာ၏။

"အဲ့ဒါ ကျီးနတ်မင်းမျိုးနွယ်စုလား"

" ကျီးနတ်မင်းမျိုးနွယ်စုက အရမ်းအစွမ်းထက်လာခဲ့တာပဲ။ သူတို့အတွက် ပင်လယ်မိစ္ဆာမျိုးနွယ်စုကို ကြက်ကလေးငှက်ကလေးလို သတ်ဖို့လွယ်လိုက်တာ "

စောင့်ကြည့်နေသော ကျင့်ကြံသူထောင်ပေါင်းများစွာမှာ တုန်လှုပ်ချောက်ချားလျက် အသက်သာပြင်းပြင်းရှူနေနိုင်တော့သည်။ အဝေးမှကြည့်လျှင် ကျီးနတ်မင်းမျိုးနွယ်၀င်များမှာ သူတို့လမ်းကို နှောင့်ယှက်သော မည်သည့်အတားအဆီးကိုမဆို ထိုးဖောက်သွားနိုင်သည့် မြားချွန်ချွန်များအလားပင်။ သူတို့နှင့် ဆုံတွေ့ရသည့် ပင်လယ်မိစ္ဆာမျိုးနွယ်ဝင်တစ်ယောက်မှ နည်းနည်းလေးပင် ခုခံနိုင်ခြင်းမရှိချေ။

ခရီးတစ်လျှောက်လုံးတွင် ကျီးနတ်မင်းမျိုးနွယ်စု၏ အနုသုခုမရုပ်ခန္ဓာကျင့်ကြံသူအရေအတွက်မှာ ဆယ့်လေးယောက်သို့ ရောက်ရှိခဲ့၏။ နှစ်ယောက်က အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်ဖြစ်ပြီး ငါးယောက်က အလယ်အလတ်အဆင့်ဖြစ်ကာ ခုနစ်ယောက်က စဦးပိုင်းအဆင့်ဖြစ်၏။ ဤကျင့်ကြံသူဆယ့်လေးယောက်သည် လမ်းတစ်လျှောက်လုံးသတ်ဖြတ်ရင်း ပင်လယ်မိစ္ဆာမျိုးနွယ်စု၏ အနုသုခုမရုပ်ခန္ဓာကျင့်ကြံသူများထံသို့ လေကိုခွင်း၍သွားနေ၏။ အင်အားစုနှစ်စုကား တစ်စုကိုတစ်စု ၀င်တိုက်ပြီး အလွန်ပြင်းထန်သောတိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့လေပြီ။

ပေါက်ကွဲမှုများက တအုန်းအုန်း မြည်ဟည်းနေရင်း တောင်များကို ယိမ်းထိုးလှုပ်ခါနေစေ၏။ သတ်ဖြတ်သံများက ကောင်းကင်နှင့်မြေကြီးကိုပင် တုန်ခါနေစေတော့သည်။ မန်ဟိုကမူ လေလယ်တွင်ပျံဝဲရင်း ပတ်၀န်းကျင်ကို သွေးအေးစွာ ကြည့်နေ၏။ သူ့အတွက် တိုက်ခိုက်ရန်မလိုပေ။ ထိုအစား သူ၏ ကမ္ဘာသစ်မိစ္ဆာတစ်သိန်းခွဲသည် မည်းမည်းမြင်ရာ ဖျက်စီးချေမှုန်းပစ်နေ၏။ ခုခံသည့် မည်သည်အရာမဆိုမှာ ကြက်ကလေးငှက်ကလေးသဖွယ် အသတ်ခံနေရတော့သည်။

ပင်လယ်မိစ္ဆာမျိုးနွယ်စု၏ ကမ္ဘာသစ်မိစ္ဆာများမှာ ချက်ချင်းပင် ဆုတ်ဖြဲခံရပြီး အစာဘ၀ရောက်ကြရရှာ၏။ မန်ဟိုက ၎င်းတို့ကို သူ၏ ကမ္ဘာသစ်မိစ္ဆာအုပ်ထဲသို့ မထည့်သွင်းပေ။ သူ၏ကမ္ဘာသစ်မိစ္ဆာများမှာ လနှင့်ချီဆာလောင်မွတ်သိပ်နေခဲ့ရသည် မဟုတ်ပါလော……

လောလောဆယ်တွင် မန်ဟို့၏ ကမ္ဘာသစ်မိစ္ဆာအုပ်သည် စားပွဲသောက်ပွဲအား ပျော်ပျော်ကြီး ကျင်းပနေလေ၏……

မန်ဟိုက နတ်ဆိုးလှံကို ကိုင်စွဲလျက် စစ်မြေပြင်ကို ကြည့်ရှုနေသည်။ သူ့အရှေ့ရှိ လေထုမှာ လှိုင်းထသွားပြီး အဘိုးကြီးနှစ်ယောက်က အတားအဆီးများကို ကျော်ဖြတ်လျက် ပေါ်ပေါက်လာ၏။

ဤအဘိုးကြီးနှစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံကား တော်ရုံမဟုတ်ပေ။ ‌ဒေါသမီးတောက်များက သူတို့၏မျက်နှာတွင် ဟုန်းဟုန်းတောက်နေပြီး နတ်ဘုရားစွမ်းအင်များ‌ မှော်ဆန်ဆန်ပေါ်လာ၏။ အရုပ်စွမ်းအားသည် သမုဒ္ဒရာတစ်စင်းသဖွယ် ပေါက်ကွဲထွက်လာပြီး ဖိအားကြီးတစ်ခုအား ထုတ်လွှတ်ရင်း မန်ဟို့ဆီသို့ ချက်ချင်းပြေး၀င်လာသော ပင်လယ်မိစ္ဆာကြီးတစ်ကောင်အသွင် ပြောင်းသွား၏။

မန်ဟို့၏အမူအရာက ပုံမှန်အတိုင်းသာ ဖြစ်သည်။ သူက နတ်ဆိုးလှံကို ပင့်မြှောက်ပြီး ရှေ့သို့ဆန့်ထုတ်လိုက်ရုံမှတပါး အခြားမလုပ်ပေ။ ပင်လယ်ကို ဖြတ်သန်းသွားသော နဂါးကြီးတစ်ကောင်ကဲ့သို့ နတ်ဆိုးမြူများ ပြန့်ထွက်သွား၏။ မရေမတွက်နိုင်သော မြူမျက်နှာများက အဘိုးကြီးနှစ်ဦးထံ ပြေး၀င်သွားလေသည်။

မန်ဟိုသည် သူ၏အစွမ်းတစ်ခုကိုမှ မသုံးပေ။ ဤသည်မှာ နတ်ဆိုးလှံ၏အင်အားသက်သက်သာ ဖြစ်လေ၏။ ဤအခိုက်အတန့်တွင် သည်လှံမှာ ထာ၀ရတည်မြဲနေမည်မဟုတ်ကြောင်း သူခံစားလိုက်ရ၏။ ၎င်းမှာ နတ်ဆိုးမနောတစ်ခုထံမှ သန့်စင်ထားခြင်းဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ အထဲရှိ နတ်ဆိုးစိတ်ဆန္ဒမှာ တစတစ လွင့်ပါးပျောက်ကွယ်လာပြီဖြစ်သည်။ အချိန်သိပ်မကြာခင် ၎င်းကား အပြီးတိုင်ပျောက်ကွယ်သွားပေတော့မည်။

၎င်းက မန်ဟို သုံးသုံးမသုံးသုံး လွင့်ပါးပျောက်ကွယ်သွားမည်သာ ဖြစ်၏။

ဘုန်းခနဲ လေတွင် မြည်ဟည်းသွားကာ အဘိုးကြီးနှစ်ဦးမှာ အံ့အားသင့်သော မျက်နှာများဖြင့် ပါးစပ်မှသွေးများပန်းထွက်လျက် နောက်သို့ လွင့်ထွက်သွား၏။ နတ်ဆိုးမြူများက သူတို့ကိုယ်တွင်းသို့ ထိုးဖောက်၀င်ရောက်ပြီး ကြောက်စရာပါးစပ်ကြီးများက သူတို့ကို ကိုက်ခဲလေတော့သည်။ အဘိုးကြီးများ မျက်နှာပျက်သွားပြီး နောက်သို့ကမန်းကတန်းဆုတ်သွား၏။ သူတို့မှာ တိုက်ခိုက်ရန် စိတ်ကူးမရှိတော့ပေ။ ကံဆိုးစွာနှင့် သူတို့နောက်လိုက်နေခဲ့သော ကျီးနတ်မင်းမျိုးနွယ်စု အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ၏ ဟန့်တားခြင်းခံလိုက်ရသည်။ ဤအခိုက်အတန့်တွင် တောင်ကျော်လမ်းအတွင်းမှ ဟိန်းဟောက်လိုက်သံကြီးအား ရုတ်တရက် ကြားလိုက်ရ၏။ အပြာရောင်လှိုင်းများက လေထဲသို့ဖြာထွက်လာပြီး ပင်လယ်ကြီးတစ်စင်း အသွင်ပြောင်းသွားသည်‌။

အောက်ရှိကျင့်ကြံသူထောင်ပေါင်းများစွာမှာ ရင်တလှပ်လှပ်ခုန်‌နေကြ၏။ တချို့က ဤလှိုင်းများအား ချက်ချင်း မှတ်မိလိုက်သည်။

“ပင်လယ်မိစ္ဆာအရုပ်”

ဟိန်းဟောက်သံကြီးနှင့် ဖြာထွက်လာသောလှိုင်းများက ခွက်ခွက်လန်အောင်ရှုံးနိမ့်နေသော ပင်လယ်မိစ္ဆာမျိုးနွယ်၀င်များကို မျှော်လင့်ချက်ရောင်ခြည်သမ်းသွားစေ၏။ သူတို့၏မျက်လုံးများက ချက်ချင်းပင်လျှင် ပျော်ရွှင်မှုများဖြင့် တောက်ပလာကြ၏။ တစ်ချိန်တည်းမှာပင် တောင်ကျော်မြို့အတွင်းရှိ နေရာတစ်ခုမှာ ရုတ်တရက်ကြီး ဝုန်းခနဲပြိုကျသွားလေသည်။ အပြာရောင်အလင်းတန်းက လေထဲသို့ ထိုးတက်လာ၏။ ၎င်း မန်ဟို့ဆီဦးတည်လာစဉ် ပင်လယ်လှိုင်းများသဖွယ် ဂယက်များရိုက်ခတ်လာလေသည်။

သတ္တဝါကြီးတစ်ကောင်ပေါ်လာ၏။ အပြာရောင်အကြေးခွံများက ၎င်း၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းလျက်ရှိရာ ထူးခြားဆန်းကြယ်သောအသွင်ကို ပေးစွမ်းနေတော့သည်။ ၎င်းသည် ငါးအမြီးရှိပြီး လက်လေးဖက်ရှိသည်ကလွဲ၍ လူတစ်ယောက်ပုံစံရှိ၏။ ၎င်း၏လက်တစ်ဖက်စီက မှိန်းကြီးတစ်လက်စီကို ကိုင်စွဲထားလေသည်။

မှိန်းကြီးလေးလက်က ကခုန်နေသော မိုးကြိုးများဖြင့် တဖျစ်ဖျစ် မြည်နေသည်။ ဤသတ္တဝါကြီးပေါ်လာသည့်အခိုက်အတန့်တွင် အံ့ခမန်းလိလိအရှိန်အဝါကြီးတစ်ခု ပေါက်ကွဲထွက်လာ၏ ။ ၎င်းက ဒေါသတကြီး ဟိန်းဟောက်ရင်း မန်ဟို့ဆီ ပြေးလာလေပြီ။

၎င်းအနားမကပ်နိုင်ခင် မျိုးခြားသားရဲကြီးပေါ်လာသဖြင့် လေပြင်းတစ်ချက် တိုက်ခတ်သွား၏။ ‌မျိုးခြားသားရဲကြီး သတ္တဝါကြီးကို ဝင်ဆောင့်လိုက်စဉ် ကြက်တူရွေးလည်း တောင်ပံ တဖျပ်ဖျပ်ခတ်ရင်း အသံစူးစူးနှင့် ပေါ်လာသည်။

"အမွေးမရှိ အတောင်မရှိနဲ့။ ငါလိုး။ မင်းလည်း အမွေးအတောင်မရှိတဲ့ ဖင်တုံးလုံးကြီးပါလား။ ကိုကိုရဲ့ ကိုယ်လုပ်တော်လေး အဲ့‌မေနိုးကို စမုံတုံးပစ်လိုက်စမ်း" ၎င်း၏ နားမခံသာသော ခပ်စူးစူးအသံကြီး ပဲ့တင်ထပ်နေစဉ် ကြက်တူရွေးသည် ရုတ်တရက် တိုက်စစ်မှူးကြီးပမာ အရုပ်ပင်လယ်မိစ္ဆာကြီးဆီသို့ ပြေးဝင်သွားလေပြီ။

တဝုန်းဝုန်း ပေါက်ကွဲသံများ ဆူညံနေပြီး ပင်လယ်မိစ္ဆာမျိုးနွယ်ဝင်များမှာ အတုံးအရုန်း သေဆုံးနေတော့သည်။ သွေးများက တောင်ကြားလမ်း‌အပေါ်သို့ ရွာသွန်းနေ၏။ သူတို့၏ဝိညာဉ်များပင်လျှင် သုတ်သင်ခံနေရသည်။ စစ်မြေပြင်တစ်ခုလုံးမှာလည်း သွေးတို့အိုင်ထွန်းနေ‌တော့သည်။

ပင်လယ်မိစ္ဆာမျိုးနွယ်စုမှာ တစ်ယောက်မကျန် သုတ်သင်ခံရတော့မည့်ပုံပေါ်သည်။ သို့သော် ဤအခိုက်အတန့်တွင် ပင်လယ်မိစ္ဆာမျိုးနွယ်စုခေါင်းကိုင်ဖခင်က သနားစဖွယ် အော်လိုက်၏။

"ပင်မမျိုးနွယ်စု ကယ်တော်မူပါ" သူ့အသံ ပဲ့တင်ထပ်သွားစဉ် တောင်ကျော်လမ်းတစ်ခုလုံး တုန်ခါလာ၏။ တောင်ကျော်မြို့၏မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများက လျှပ်စီးမိုးကြိုးတန်းများသဖွယ် လျင်မြန်စွာ ဖြာထွက်လာသည်။ မြို့ထဲရှိ အဆောက်အဦးများစွာ ပြိုကျကုန်သဖြင့် ဖုန်များ တထောင်းထောင်းသွားတော့သည်။ ရုတ်တရက် ထူးဆန်းသော ရေရွတ်နေသံတစ်သံအား ကြားလိုက်ရ၏။ ဤထူးထူးဆန်းဆန်းရေရွတ်သံကြီးမှာ ‌တောင်ကျော်မြို့အောက်တွင် တည်ရှိသော ဧရာမရှေးဟောင်းရုပ်တုကြီးတစ်ခုကို ခေါ်နေသော ခေါ်သံကြီးအလားပင်။ ရုပ်တုကြီးသည် မြေကြီးထဲမှ ရုန်းထွက်ပြီး တဖြေးဖြေး ထလာ၏။

၎င်းသည် ပိတ်ပိတ်ပိန်း နက်မှောင်နေပြီး လက်ကြီးရှစ်ဖက်ရှိသည်။ ပထမဆုံးတစ်ချက်ကြည့်လျှင် ၎င်းသည် ပင်လယ်မိစ္ဆာရုပ်ကြီးနှင့်တူသော်လည်း ခံစားချက်ကတော့ လုံးတရှေးဆန်၏။ ၎င်းထံမှ ထုတ်လွှတ်နေသောအရှိန်အဝါထဲတွင် မကောင်းဆိုးဝါးအငွေ့အသက်များ ပါရှိနေသယောင်ပင်။ ၎င်း ထလာစဉ် ၎င်း၏မျက်လုံးများက ဖျတ်ခနဲ ပွင့်သွား၏။

၎င်းမှာ ရုပ်တုတစ်ခုသာ ဖြစ်ဟန်တူခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်း အချုပ်အနှောင်တစ်ခုခု ကျိုးပျက်သွားပုံရပြီး ၎င်း၏ဝိညာဉ်ကား နိုးထလာခဲ့လေပြီ။ ချက်ချင်းပင် ဤရှေးဟောင်းရုပ်တုကြီး၏ ဝိညာဉ်၏စွမ်းအား ပေါက်ကွဲထွက်လာ၏။

၎င်းမျက်လုံးဖွင့်လိုက်သည့်အခိုက်အတန့်တွင် မန်ဟို့တစ်ကိုယ်လုံး ဖျဉ်းခနဲ တုန်သွားပြီး သေစေနိုင်သောအန္တရာယ်အာရုံကြီးက သူ့ကို လွှမ်းမိုးသွားသည်။ သူ့မျက်လုံးများ ပြူးကျယ်သွားသော်လည်း သူ့မှာ နည်းနည်းလေးမှ နောက်မဆုတ်ပေ။ သူ၏ညာလက်က မြောက်တက်သွားပြီး နတ်ဆိုးလှံကို ရုပ်တုကြီးထံသို့ ပစ်ခွင်းလိုက်၏။

ဝှီးး

နတ်ဆိုးလှံသည် အနက်ရောင်အလင်းတန်းသဖွယ် လေကို ခွင်းလျက် ထွက်သွားလေပြီ။

"တောင်ကျော်ကင်းစောင့်စစ်သည်"

"ငါ ..ငါ ရှေးမှတ်တမ်းတွေထဲမှာ တစ်ခါဖတ်ဖူးတယ်။ တောင်ပိုင်းဒေသကျင့်ကြံသူစစ်တပ်ကြီးကို ခုခံဖို့ အနောက်ပိုင်းသဲကန္တာရမှာ စုစုပေါင်းတစ်ရာ ဖန်ဆင်းခံခဲ့ရတယ်။ အဲ့ဒါတွေက တောင်ကျော်ကင်းစောင့်စစ်သည်တွေဖြစ်လာတာ"

"အနက်ချပ်ဝတ်ကင်းစောင့်စစ်သည်"

"ပင်လယ်မိစ္ဆာမျိုးနွယ်စု ဒီပတ်ဝန်းကျင်ကို သိမ်းပိုက်နိုင်တာ အံ့ဩစရာမရှိဘူး။ သူတို့အရုပ်က ဒီအနက်ချပ်ဝတ်ကင်းစောင့်စစ်သည်ကြီးနဲ့ တူနေတာကိုး။ မဟုတ်မှ ပင်လယ်မိစ္ဆာမျိုးနွယ်စုက ... ဒီဟာကြီးကနေ ဆင်းသက်လာတာလား"

အောက်ရှိ ထောင်ပေါင်းများစွာသော ကျင့်ကြံသူများ ဆွေးနွေးကြသည့်အချိန်တွင် နတ်ဆိုးလှံသည် လေကို စုတ်ဖြဲလျက် သွားနေ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းကား အငြိုးမျက်နှာအပြည့်ဖြင့် နတ်ဆိုးမြူထုကြီးကို သယ်ဆောင်ရင်း ရုပ်တုကြီး၏ နဖူးတည့်တည့်သို့ ဦးတည်သွားလေပြီ။

သို့သော် ရုပ်တုကြီးက နတ်ဆိုးလှံကို အဖက်မလုပ်ချေ။ မန်ဟို့ကို စိုက်ကြည့်နေစဉ် ၎င်း၏မျက်လုံးများသည် ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပနေ၏။ နတ်ဆိုးလှံ ၎င်း၏ခေါင်းသို့ ရောက်ရှိလာသည့်အခိုက်အတန့်တွင် ၎င်း၏နှုတ်ခမ်းများ လှုပ်ရှားသွားပြီး စကားတစ်လုံးအား ရွတ်လိုက်သည်။

"နာမ်"

၎င်းမှာ စကားလုံးလေး တစ်လုံးသာဖြစ်သော်လည်း မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သူ့မှာ မျက်နှာဖြူဖပ်လျက် နောက်သို့ လွင့်ထွက်သွား၏။ သူ့ဝိညာဉ်မှာ တစစီစုတ်ဖြဲခံရတော့မည့်အလားပင်။ ပြင်းထန်လှသော နာကျင်မှုက သူ့တစ်ကိုယ်လုံးကို ထိုးကျင့်နေတော့သည်။

ဤစကားလုံးတစ်လုံးက ရုပ်တုကြီး ကြည့်လိုက်သော မည်သည့်အရာကိုမဆို ဖျက်စီး‌ပစ်နိုင်သော စွမ်းအားကို သယ်ဆောင်လာပုံရသည်။

ထိုစဉ် လမ်း၏အခြားတစ်ဖက်ရှိ ဓားပြမျိုးနွယ်စုသုံးစုက အချင်းချင်း ကြည့်လိုက်ကြသည်။ ရုတ်တရက် ခေါင်းကိုင်ဖခင်သုံးဦး ရှေ့တက်လာ၏။

"သူတို့က လမ်းရဲ့အစောင့်ရှောက်တွေဖြစ်တဲ့ ပင်လယ်မိစ္ဆာမျိုးနွယ်စုကို တိုက်ခိုက်ရဲတယ်" သူတို့က အော်သည်။ "ဒါက ငါတို့အတွက် လက်အလွှတ်မခံနိုင်တဲ့ အခွင့်အရေးတစ်ခုပဲ။ ဒီအတိုင်း လက်ပိုက်ကြည့်နေလို့မဖြစ်ဘူး" ခေါင်း‌ကိုင်ဖခင်များ၏ အသံများကို ကြားသည်နှင့် ဓားပြမျိုးနွယ်စုသုံးစု၏ အဖွဲ့ဝင်များသည် တောင်ကျော်လမ်းသို့ တဟုန်ထိုးထွက်သွားကြပြီဖြစ်သည်။

မန်ဟို ထိခိုက်သွားခဲ့သည်က တိုက်ပွဲအနေအထားကို ပြောင်းလဲစေခဲ့သည်။ ယခုအချိန်ကား သူတို့အတွက် တိုက်ခိုက်လုယက်ရန် အချိန်ဖြစ်လေသည်။

***

All Chapters