လောင်းကြေး
Vol. 37 Ch. 508
လက်ရှစ်ဖက်ရုပ်တုကြီး၏ပျက်စီးခြင်းကား အသုဘခေါင်းလောင်းသံသဖွယ် ပင်လယ်မိစ္ဆာမျိုးနွယ်စု၏ အနာဂတ် မည်သို့မည်ဖုံဖြစ်တော့မည်ကို ကြော်ညာရင်း တချွင်ချွင်မြည်နေသည့်အလားပင်။ ကျီးနတ်မင်းမျိုးနွယ်ဝင်တစ်သောင်းကား ရက်ရက်စက်စက် တိုက်ခိုက်နေကြ၏။ ကမ္ဘာသစ်မိစ္ဆာတစ်သိန်းခွဲက လေတွင် သောင်းကျန်းနေသည်။ ဤသည်မှာ မျိုးနွယ်စုနှစ်စုကြားက တိုက်ပွဲမဟုတ်။ တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီးဖြစ်နေတော့သည်။
အသက်ထွက်သွားသော အော်သံများနှင့်အတူ ကယ်ပါ၊ကူပါ တစာစာအော်သံများက ဆူညံပွက်လောရိုက်နေ၏။ ခရမ်းရောင်မိုးရေများနှင့်သွေးတို့ ရောလျက် တောင်ကျော်လမ်းပေါ်သို့ တဖွဲဖွဲ ပက်ဖြန်းကာ ချောင်းစီးနေသောသွေးတို့ဖြင့် ရောနှောသွားလေသည်။
မန်ဟိုသည် လေလယ်တွင် မျက်လုံးများပိတ်လျက် ဆေးစွမ်းအားကို စုပ်ယူ၍ သူ့ကိုယ်သူ ကုသရင်း ကျင့်ကြံခြင်းအခြေခံကို အပြည့်အဝလှည့်ပတ်နေသည်။ သူ့စိတ်မှာ အပ်စူးစူးများဖြင့် ထိုးခံနေရသကဲ့သို့သော နာကျင်မှုဖြင့် ပြည့်နှက်နေသေးလေသည်။ လက်ရှစ်ဖက်ရုပ်တုကြီးမှာ အလွန်တရာအစွမ်းထက်ခဲ့၏။ မန်ဟိုသာ ၎င်း၏အားနည်းချက်ကို သတိမထားမိခဲ့လျှင် ၊ ၎င်း၏ပါးစပ်သာ လေးကြိမ်မြောက် ပွင့်မလာခဲ့လျှင် သူအနေဖြင့် ဓာတ်ငါးပါးအနက် ဓာတ်လေးပါး၏မဟာစက်ဝန်းအဆင့်သို့ ရောက်ရှိနေသည့်တိုင် ခုခံနိုင်စွမ်းရှိခဲ့မည်မဟုတ်ပေ။ သူ၏ဝိညာဉ်မှာ တစစီ စုတ်ဖြဲခံနေရပြီး သူ၏စိတ် ပေါက်ကွဲသွားလိမ့်မည်။ ခန္ဓာကိုယ်တော့ ပျက်စီးကောင်းမပျက်စီးသွားလောက်သော်လည်း ဝိညာဉ်ကတော့ ပျက်စီးမှာသေချာသည်။
မန်ဟိုသည် ပြန်တွေးကြည့်ရင်း အမှန်တကယ် တုန်လှုပ်နေ၏။ သူသည် ရုတ်တရက် အနောက်ပိုင်းသဲကန္တာရနှင့် ထိုအတွင်း၌ တည်ရှိသော အံ့ဖွယ်အရာများနှင့်ပတ်သက်ပြီး သတိရှိဖို့လိုကြောင်း ရုတ်တရက် သဘောပေါက်လိုက်၏။ သူ၏အစွမ်းထက်ကျင့်ကြံခြင်းအခြေခံကြောင့် ခံစားခဲ့ရသော မောက်မာဝင့်ကြွားမှုအလုံးစုံ ပျောက်ကွယ်သွားလေပြီ။
သူသည် မျက်လုံးများပိတ်လျက် သူ့ကိုယ်သူ ဆက်လက်ကုသနေ၏။ သူ၏ပတ်ပတ်လည်တွင် ချောက်ချားဖွယ်ရာ သတ်ပွဲဖြတ်ပွဲကြီး ဖြစ်ပွားနေတော့သည်။ ပင်လယ်မိစ္ဆာမျိုးနွယ်စု၏ အစွမ်းထက်ပညာရှင်များမှာ မန်ဟိုကုသနေသည်ကို နှောင့်ယှက်ရန် ကြိုးစားနေကြ၏။ သို့သော် သူတို့မှာ သူအနားပတ်လည်မီတာသုံးရာအတွင်းသို့ပင် မဝင်နိုင်အောင် တားဆီးခံနေကြရသည်။
ပင်လယ်မိစ္ဆာမျိုးနွယ်ဝင်များမှာ ရက်ရက်စက်စက် ရိုက်ပုတ်သတ်ဖြတ်ခံနေရတော့၏။ ဤအခိုက်အတန့်တွင် မျိုးနွယ်ဝင်တစ်ထောင်ပင် မကျန်တော့လေပြီ။ သူတို့မှာ .... မျိုးနွယ်စုအမြစ်ပြုတ်တော့မည့် အခိုက်အတန့်ကြီး နီးကပ်လာနေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် မျှော့်လင့်ချက်ကာ ဝမ်းနည်းစိတ်ပျက်နေကြတော့၏။
သူဘာမှမတတ်နိုင်ပေ။ ကျီးနတ်မင်းမျိုးနွယ်စု၏ သတိဝီရိယရှိမှု၊ အကြင်နာမဲ့ ရက်စက်မှုတို့သည် သူတို့စိတ်ကူးနိုင်သည်ထက် အဆပေါင်းများစွာ ကျော်လွန်၏။ ဤမျိုးနွယ်စုသည် အသတ်ခံမည့်အစား ခန္ဓာဖောက်ခွဲပစ်နိုင်လောက်အောင် စိတ်ဓာတ်ကြံ့ခိုင်သော်လည်း ပင်လယ်မိစ္ဆာမျိုးနွယ်ဝင်များမှာတော့ ထိုသို့မလုပ်နိုင်ပေ။
ခြုံငုံရလျှင် ခန္ဓာဖောက်ခွဲရန် ရွေးချယ်သူ နည်းပါးလေရာ အကြောင်းမထူးပေ။ အသက်ရှိုက်စာအနည်းငယ်လေးအတွင်း အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ဒါဇင်ကျော်မှလွဲ၍ မျိုးနွယ်ဝင်အကုန် သုတ်သင်ခံလိုက်ရလေပြီ။
ပင်လယ်မိစ္ဆာမျိုးနွယ်စု၏ ကမ္ဘာသစ်မိစ္ဆာများမှာ လပေါင်းများစွာ ဆာလောင်မွတ်သိပ်နေခဲ့သော မန်ဟို၏ကမ္ဘာမိစ္ဆာများကြောင့် တစ်ကောင်မှမကျန်တော့ပေ။ အရိုးပင်မကျန် ကိုက်စားခံလိုက်ပြီဖြစ်သည်။
ဤမြင်ကွင်းကြီးက အောက်ရှိလမ်းထဲရှိကျင့်ကြံသူထောင်ပေါင်းများစွာ၏ စိတ်နှလုံးကို လှုပ်ခတ်စေခဲ့သည်။ သူတို့မှာ ကျီးနတ်မင်းမျိုးနွယ်စုကြောင့် အသက်ပင်မရှူနိုင်တော့ဘဲ ကြောင်တောင်တောင်သာ ကြည့်နေနိုင်ကြလေသည်။
သူတို့မျက်စိနှစ်လုံးဖြင့် မြင်တွေ့နေရသည့်အရာမှာ သူ့တို့ဘ၀တစ်လျှောက်လုံး စိတ်ထဲတွင်စွဲထင်ကျန်ရစ်တော့မည့်အရာဖြစ်လေသည်။ ထိုခံစားချက်က ဤသို့ပြောနေ၏။ ကျီးနတ်မင်းမျိုးနွယ်စုကား ဘယ်တော့မှ ဘယ်တော့မှ အနိုင်ယူခံရမည်မဟုတ်ပေ။
ကျင့်ကြံသူထောင်ပေါင်းများစွာ အသက်မရှူနိုင်မကယ်နိုင် ဖြစ်နေကြစဉ် ကျီးနတ်မင်းမျိုးနွယ်၀င်များက တောင်ကျော်လမြို့ကို လုယက်ရန် အပြေးအလွှားပြေးတက်သွားကြ၏။ ထိုစဉ် လမ်း၏တစ်ဖက်တွင် နဂါးနက်မျိုးနွယ်စုမှာ ယခုလေးတင် မြင်တွေ့ခဲ့ရသည့်အရာကြောင့် ခေါင်းများချာချာလည်မူးဝေနေကြသော ဓားပြမျိုးနွယ်စုသုံးစုနှင့် အကြိန်အနယ်တိုက်ခိုက်နေ၏။ ကျီးနတ်မင်းမျိုးနွယ်စု၀င်များမှာ စစ်နတ်ဘုရားများနှင့်တူကြောင်း တွေ့လိုက်ရသဖြင့် သူတို့မှာ အံ့အားသင့်နေကြတော့သည်။ အလွန်ပြင်းထန်သောအကြောက်တရားနှင့် ထိတ်လန့်မှုတို့သည် သူတို့၏စိတ်များကို ယိမ်းယိုင်သွားစေသဖြင့် သူတို့မှာ နောက်သို့ဆုတ်ခွာလာကြ၏။
ဤအခိုက်အတန့်တွင် မန်ဟို၏မျက်လုံးများပွင့်လာသည်။ ထိုအခိုက်အတန့်မှာပင် သူသည် အထဲ၌ မဟူရာလတစ်စင်းအား မြင်ရသော အစိမ်းရောင်အခိုးအငွေ့အသွင် ပြောင်းသွားသည်။ မျက်စိတစ်မှိတ်အတွင်း သူကား အိုးယွန်ဇီနှင့်တိုက်ခိုက်နေသော ပင်လယ်မိစ္ဆာမျိုးနွယ်စု အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့်အကြီးအကဲ၏ နောက်တည့်တည့်တွင် ပေါ်လာ၏။
မန်ဟိုပေါ်လာသည်နှင့်တစ်ပြိုင်နက် အကြီးအကဲ၏မျက်နှာပျက်သွားသည်။ သူဘေးသို့ရှောင်တော့မည့်အချိန်မှာပင် မန်ဟို့လက်ထဲရှိ နတ်ဆိုးလှံက ရှေ့သို့ပြေးထွက်သွားသည်။ ၎င်းက အကြီးအကဲ၏အကာအကွယ်အားလုံးကို ထိုးခွင်း၍ ထိုသူ၏ရင်ဘတ်ကို စိုက်ကာ နှလုံးသားထဲအထိ တောက်လျှောက် ဖောက်ဝင်သွား၏။
နတ်ဆိုးမြူများ တထောင်းထောင်းထလာပြီး စိတ်လှုပ်ရှားနေသောအငြိုးမျက်နှာများက ထိုလူ့ကို ဝိုင်းအုံလာကြသည်။ အသက်ရှိုက်စာအနည်းငယ်ကြာသော် မန်ဟိုက နတ်ဆိုးလှံကို ပြန်ဆွဲထုတ်လိုက်၏။ ထိုလူမှာ မြေပေါ်သို့ပြုတ်ကျသွားသော အရိုးစုကြီးအဖြစ်သာ ကျန်ရစ်ခဲ့လေသည်။
အိုးယွန်ဇီက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီးနောက် အခြားရောင်ရင်းများကို ကူညီရန် ထွက်သွား၏။
မန်ဟိုပြန်ပေါ်လာသောအခါ သူသည် နောက်ထပ်ပင်လယ်မိစ္ဆာမျိုးနွယ်စု အကြီးအကဲတစ်ယောက်၏ ဘေးတွင်ဖြစ်သည်။ ထိုလူ မျက်နှာပျက်သွားပြီး ချက်ချင်း နောက်ဆုတ်လိုက်၏။ သို့သော် ထိုလူ သိပ်ဝေးဝေးလံလံမသွားနိုင်ခင် မန်ဟို့အရှေ့တွင် သွေးရောင်အလင်း ဖျပ်ခနဲ လက်သွားပြီး သွေးကိုယ်ပွားပေါ်လာသည်။ သွေးကိုယ်ပွား၏အမြန်နှုန်းကို စဉ်းစားကြည့်လျှင် အဘိုးကြီးမှာ ရှောင်နိုင်စွမ်းမရှိပေ။ မျက်စိတစ်မှိတ်အတွင်း သွေးကိုယ်ပွားက သူ့ကို ခုန်အုပ်လိုက်၏။ ၎င်းက တစ်ခဏကြာသော် အဘိုးကြီး၏အသက်စွမ်းအားအလုံးစုံကို စုပ်ယူရင်း ထွက်သွားလေပြီ။
မန်ဟိုသည် လျှပ်စီးလို တိုက်ခိုက်နေ၏။ သူသွားသည့်နေရာတိုင်း ပင်လယ်မိစ္ဆာမျိုးနွယ်စု၏ အစွမ်းထက်ပညာရှင်များမှာ စူးစူးဝါးဝါး အော်ဟစ်ရင်း အသေဆိုးနှင့်သေသွားကြလေသည်။ အချိန်တိုလေးအတွင်း ဒေါသတကြီး ဟိန်းဟောက်သံသုံးသံအား ကြားလိုက်ရ၏။ ပင်လယ်မိစ္ဆာမျိုးနွယ်စုခေါင်းကိုင်ဖခင်၊ နတ်ဆရာကြီးနှင့် အကြီးအကဲချုပ်တို့အားလုံး မတူညီသောအရပ်မျက်နှာများသို့ ခွဲဖြာရင်း ထွက်ပြေးရန် ကြိုးစားလိုက်ကြ၏။
သို့သော် သူတို့ထွက်ပြေးလိုက်သည့် အခိုက်အတန့်တွင် မျှော်လင့်ချက်မဲ့သွားသော ဟိန်းဟောက်သံကြီး ပဲ့တင်ထပ်လာသည်။ ဤဟိန်းဟောက်သံကြီး၏ပိုင်ရှင်ကား ပင်လယ်မိစ္ဆာမျိုးနွယ်စု၏ ကိုးကွယ်ရာအရုပ်ဘိုးဘေးကြီးမှတစ်ပါး အခြားမဟုတ်ပေ။
မျိုးနွယ်၀င်အားလုံး၏ သေဆုံးမှုကြောင့် အရုပ်ဘိုးဘေးကြီး၏အင်အားမှာ ရုတ်တရက်ကြီး လျင်မြန်စွာ လျော့ကျလာ၏။ ထိုမျှသာမက သွေးကိုယ်ပွားက ၎င်းကိုမျက်စိကျနေခဲ့သည်မှာ ကြာခဲ့လေပြီ။ သွေးကိုယ်ပွားသည် မျိုးခြားသားရဲကြီး၏တိုက်ကွက်များကို အခွင့်ကောင်းယူရင်း ၎င်းကိုခုန်အုပ်ကာ ၎င်း၏အသက်စွမ်းအားနှင့် အဆီအနှစ်များကို စုပ်ယူနိုင်သွား၏။ မျက်စိတစ်မှိတ်အတွင်း ပင်လယ်မိစ္ဆာမျိုးနွယ်စုအရုပ်ဘိုးဘေးကြီးမှာ ယခုကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်လိုက်ရလေသည်။
ပင်လယ်မိစ္ဆာမျိုးနွယ်အရုပ် ဖျက်စီးခံလိုက်ရသဖြင့် ထွက်ပြေးနေသော ခေါင်းကိုင်ဖခင်နှင့်အခြားသူများ၏ ပါးစပ်မှသွေးများ ပန်းထွက်သွားသည်။ သူတို့၏မျက်နှာများ ဖြူဖျော့နေပြီး သူတို့မှာ ၀မ်းနည်းစိတ်ပျက်နေသော အမူအယာများဖြင့် ခါးသက်သက် ရယ်လိုက်ကြ၏။ သူတို့ထွက်ပြေးနေသည့်အချိန်မှာပင် မန်ဟိုက နတ်ဆိုးလှံကို သူ့အရှေ့တွင် ဝှေ့ယမ်း၍ ၎င်းအား ထစ်ချုန်းသံကြီးနှင့်အတူ ပျံထွက်သွားစေသည်။
ဘေးတွင် သွေးကိုယ်ပွားက ၎င်း၏နှုတ်ခမ်းရှိ သွေးများကို လျက်ပြီး နောက်မှလိုက်သွား၏။ ထို့အပြင် ရှစ်စုမဟာမိတ်အဖွဲ့မှ အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်လည်း မျက်လုံးများ တဖျပ်ဖျပ်တောက်ပလျက် နောက်မှထပ်ကြပ်မကွာ လိုက်သွားကြလေသည်။
ဘုန်း ဘုန်း ဘုန်း
အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီးသုံးသံအား တရစပ် ကြားလိုက်ရပြီး မချိတင်ကဲအော်သံသုံးသံ တစ်ပြိုင်နက် ထွက်ပေါ်လာသည်။ နတ်ဆိုးလှံက ခေါင်းကိုင်ဖခင်ကို ထိုးစိုက်သွား၏။ နတ်ဆရာကြီးမှာ သွေးကိုယ်ပွား၏အစာဖြစ်လာသည်။ အကြီးအကဲချုပ်မှာမူ ကျင့်ကြံခြင်းအခြေခံကျဆင်းသွားပြီး ရှစ်စုမဟာမိတ်အဖွဲ့ ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာကြီး၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် အသက်ထွက်သွားလေသည်။
ဤသို့ဖြင့် ပင်လယ်မိစ္ဆာမျိုးနွယ်စုမှာ သုတ်သင်ခံလိုက်ရပြီဖြစ်သည်။ တစ်ယောက်မှပင်မကျန်ခဲ့ပေ။
လမ်းအတွင်းရှိ ကျင့်ကြံသူထောင်ပေါင်းများစွာမှာ လုံးလုံးလျားလျား အံ့ဩမှင်သက်နေကြ၏။ သူတို့၏ ကျီးနတ်မင်းမျိုးနွယ်စုကို ကြည့်နေသောမျက်လုံးများမှာ ကြောက်ရွံ့ရိုသေမှုများဖြင့် ပြည့်နှက်နေလေသည်။
ထိုစဉ် မန်ဟိုက လမ်း၏အခြားတစ်ဖက်ကို ခေါင်းလှည့်ကြည့်လိုက်၏။ ထိုနေရာတွင် မျိုးနွယ်စုလေးစု တိုက်ခိုက်နေကြသည်။
ဓားပြမျိုးနွယ်စုသုံးစုမှာ လောလောဆယ်တွင် စစ်မြေပြင်မှ ဆုတ်ခွာရန် ကြိုးစားနေသည့် အခြေအနေဖြစ်သည်။ သို့သော် နဂါးနက်မျိုးနွယ်စုကြီးအင်အားက သူတို့ကို ဖိစီးနေ၏။
မန်ဟို့မျက်လုံးများ အသတ်အဖြတ်စိတ်ဆန္ဒဖြင့် တောက်ပသွားသည်။ သူသည် စောစောလေးကမှ ပင်လယ်မိစ္ဆာမျိုးနွယ်စုကို သုတ်သင်ခဲ့ပြီး၍ အခြေအနေကို အခွင့်အကောင်းယူရန် ကြံစည်ခဲ့သော ဤမျိုးနွယ်စုသုံးစုံကို သဘောထားကြီးနေမည်မဟုတ်ပေ။
မန်ဟိုအတွက် ဘာမှပြောစရာပင်မလို။ သူသည် လက်မြှောက်ပြီး ဖမ်းဆုပ်သည့်လှုပ်ရှားမှုလုပ်လိုက်ရာ နတ်ဆိုးလှံအား အကောင်အထည်ဖြစ်တည်လာစေ၏။ သူ အရှေ့သို့ ညွှန်လိုက်သည်နှင့် ကျီးနတ်မင်းမျိုးနွယ်ဝင်များသည် နီရဲနေသောမျက်လုံးကြီးများဖြင့် လမ်း၏အပြင်ရှိ စစ်မြေပြင်သို့ ချီတက်သွားကြလေပြီ။
မန်ဟိုက ရှေ့သို့ လျှောက်ရင်း အရှိန်တင်လိုက်ရာ တောင်ကျော်မြို့နှင့် တောင်ကျော်လမ်းအား ဖြတ်သွားသော အလင်းတန်းတစ်တန်း ဖြစ်သွား၏။ သူ စစ်မြေပြင်နှင့် နီးကပ်လာစဉ် နဂါးနက်မျိုးနွယ်စုသည် မျိုးနွယ်စုသုံးစုထဲက တစ်စုအား အဓိကထားတိုက်ခိုက်နေရကြောင်း တွေ့လိုက်ရသည်။ အခြားနှစ်စုမှာ ဝိုင်းညှပ်ခံထားရပြီး မထွက်နိုင်ကြပေ။
သူ စစ်မြေပြင်ကို ဝေ့ကြည့်လိုက်ချိန်တွင် သူ့အကြည့်က ရှုပိုင်အပေါ် ကျရောက်သွား၏။ ရှုပိုင်လည်း သူ့ကို မြင်သွားပြီး သူတို့၏မျက်လုံးများ စူးရှတောက်ပလာတော့သည်။
မန်ဟိုက မျက်လုံးများကျဉ်းမြောင်းသွားပြီး မဆိုစလောက် ပြုံးပြလိုက်၏။ သူ၏ခန္ဓာကိုယ်သည် အလင်းတန်းအသွင်ပြောင်းကာ နဂါးနက်မျိုးနွယ်စုနှင့် အကြိတ်အနယ် တိုက်ခိုက်နေသော မျိုးနွယ်စုထံသို့ ပြေးဝင်သွားတော့သည်။ မန်ဟို၏ဦးဆောင်ရာနောက်သို့ ကျီးနတ်မင်းမျိုးနွယ်ဝင်ထောင်ပေါင်းများစွာလည်း ပျံသန်းလိုက်ပါလာကြသည်။
ရှုပိုင်က အားပါးတရ ရယ်လိုက်ပြီး သူ၏မျက်လုံးထဲရှိ အလင်းရောင်မှာ ပို၍စူးရှတောက်ပသွား၏။ သူက နောက်နှစ်လှမ်းဆုတ်လိုက်သည်။ သူ့နည်းတူ နဂါးနက်မျိုးနွယ်ဝင်များလည်း ဆုတ်လိုက်ကြသည်။ သူတို့သည် နဂါးကြီးတစ်ကောင်သဖွယ် ထိုးခွင်းလာနေသော မန်ဟိုနှင့်ကျီးနတ်မင်းမျိုးနွယ်စု ဖြတ်သွားနိုင်အောင် ဘေးသို့ ရှဲပေးလိုက်ကြ၏။
နဂါးနက်မျိုးနွယ်စုနှင့် ကျီးနတ်မင်းမျိုးနွယ်စုအတွက် စကားဖလှယ်နေစရာမလိုပေ။ တိုင်ပင်ဆွေးနွေးထားခဲ့သည်လည်း မရှိ။ ထိုအစား မျိုးနွယ်စုနှစ်စုသည် ဓားပြမျိုးနွယ်စုအား သဲကြီးမဲကြီး တိုက်ခိုက်ကြတော့၏။
သတ်သံဖြတ်သံများ ပဲ့တင်ထပ်နေသည်။ ရှုပိုင် ရက်ရက်စက်စက် တိုက်ခိုက်နေစဉ် နဂါးနက်များက သူ၏ပတ်ပတ်လည်တွင် လှည့်ပတ်နေကြ၏။ မန်ဟိုကမူ နတ်ဆိုးလှံကို ကိုင်စွဲလျက် သူသွားသည့်နေရာတိုင်း၌ သွေးပျက်မတတ်ဟစ်အော်သံများသာ ချန်ရစ်ခဲ့လေသည်။
ဤမျိုးနွယ်စုနှစ်စုလုံးသည် အတိုင်းထက်အလွန် အင်အားကြီးပြီး သတိရှိ၏။ သူတို့ အတူတူတိုက်ခိုက်နေသောအခါတွင် ဓားပြမျိုးနွယ်စုအား တိုက်ရိုက်ထိုးစိုက်နေသော ဓားထက်ထက်နှစ်လက်အလားပင်။
မျက်စိတစ်မှိတ်အတွင်း နာနာကျင်ကျင် အော်သံများ ပွက်လောရိုက်နေတော့သည်။ အခြားဓားပြမျိုးနွယ်စုနှစ်စုမှ ခေါင်းကိုင်ဖခင်များ ကြောက်လန့်နေကြ၏။ သူတို့သည် တစ်ချက်လေးမှ တုံ့ဆိုင်းမနေဘဲ အခြေအနေကို အခွင့်အကောင်းယူကာ သူတို့မျိုးနွယ်စုနှင့်အတူ စစ်မြေပြင်မှ ဆုတ်ခွာရန် ကြိုးစားလိုက်ကြသည်။
"သေလိုက်ပါတော့။ နဂါးနက်မျိုးနွယ်စုနဲ့ ဓားပြမျိုးနွယ်စုက တကယ်ပဲ သတ္တိရှိလိုက်တာ။ ဒါပေမဲ့ အရေးမကြီးဘူး။ သိပ်မကြာခင် တခြားမျိုးနွယ်စုတွေရဲ့ တိုက်ခိုက်မှုတွေကို သူတို့ရှောင်လွှဲမရမှာ သေချာတယ်"
"ငါတို့ ဘာမှလုပ်စရာကို မလိုတာ။ သူတို့ရဲ့အရှေ့က လမ်းကြောင်းမှာ သားကောင်းကို ချောင်းနေတဲ့ ကျားလို ဓားပြမျိုးနွယ်စုတွေ ပြည့်နေမှာပဲ"
ဓားပြမျိုးနွယ်စုနှစ်စုသည် ပြေးနိုင်သမျှ မြန်မြန်ပြေးနေ၏။ သို့သော် သူတို့စစ်မြေပြင်မှ ထွက်ခွာလိုက်သည့်အခိုက်အတန့်မှာ ပထမဆုံးဓားပြမျိုးနွယ်စု၏ နောက်ဆုံးလက်ကျန် မျိုးနွယ်ဝင်များ ကျီးနတ်မင်းမျိုးနွယ်စုနှင့် နဂါးမျိုးနွယ်စု၏ ဝိုင်းအုံသတ်ဖြတ်ခံလိုက်ရသည့် အခိုက်အတန့်ဖြစ်သည်။
ဓားပြမျိုးနွယ်စုတစ်စုလုံး တစ်ယောက်မကျန် သုတ်သင်ခံလိုက်ရလေပြီ။
ဤအဖြစ်အပျက်က အခြားဓားပြမျိုးနွယ်စုနှစ်စု၏ ခေါင်းကိုင်ဖခင်များနှင့် မျိုးနွယ်ဝင်များအား နွေခေါင်ခေါင် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ရင်ဒိန်းခနဲ ခုန်သွားစေသည်။ သူတို့မှာ ပို၍မြန်မြန် ပြေးကြတော့၏။
ပထမဆုံးဓားပြမျိုးနွယ်စုကို သုတ်သင်ပြီးသည့်အခိုက်အတန့်တွင် ရှုပိုင်က ရယ်ပြီး ပြောသည်။ "ညီလေးမန်၊ ငါတို့ ပြိုင်ပွဲလေးလုပ်ရင်ကောင်းမလား"
"ကျုပ်လည်း အဲ့ဒါတွေးနေတာ" မန်ဟိုက အေးစက်စက် ပြန်ဖြေသည်။
"ကောင်းပြီ။ ဒီကျန်ရှိတဲ့ ဓားပြမျိုးနွယ်စုနှစ်စုက အင်အားအရေအတွက်တူတူပဲ။ ငါတို့မျိုးနွယ်စုနှစ်စုထဲက ဘယ်သူအရင်အပြတ်ရှင်းပစ်နိုင်မလဲ ကြည့်ကြတာပေါ့" ရှုပိုင်၏မျက်လုံးများ တောက်ပသွားသည်။ မန်ဟိုတွင်လည်း မဟာမိတ်ဖွဲ့ရန် စိတ်ကူးရှိကြောင်း သူပြောနိုင်၏။ သို့သော် မဟာမိတ်ဖွဲ့ဖို့ဆိုလျှင် တစ်စု ခေါင်းဆောင်နေရာ၊ တစ်စုက ဒုတိယနေရာတွင် နေရလိမ့်မည်။
ဤပြိုင်ပွဲက မည်သူက ခေါင်းဆောင်ဖြစ်ပြီး၊ မည်သူက လက်ထောက်ဖြစ်မလဲ ရွေးချယ်ပေးမည်ဖြစ်သည်။
ရှုပိုင် ပါးစပ်မှ စကားလုံးများ ထွက်သွားသည်နှင့် သူက ညာလက်ဖြင့် ရှေ့သို့ ညွှန်လိုက်၏။ နဂါးနက်မျိုးနွယ်ဝင်များက အသတ်အဖြတ်စိတ်ဆန္ဒများ ထုတ်ဖော်လျက် ဓားပြမျိုးနွယ်စုတစ်စုဆီသို့ ပြေးတက်သွားကြလေပြီ။
မန်ဟိုက မဆိုစလောက်ပြုံးလိုက်၏။ ကျန်ဓားပြမျိုးနွယ်စုဆီသို့ ညာသံပေး၍ တက်သွားသော ကျီးနတ်မင်းမျိုးနွယ်ဝင်များ၏ အသတ်အဖြတ်စိတ်ဆန္ဒမှာ တစ်ခါမှ မမြင်ဖူးသော အတိုင်းအတာထိပင် ရောက်နေ၏။
မန်ဟိုနှင့် ရှုပိုင်မှာမူ မတိုက်ခိုက်ဘဲ လေလယ်တွင် ရပ်နေကြသည်။
***