အနက်ရောင်နယ်မြေကို လှမ်းမြင်ရပြီ
Vol. 37 Ch. 509
"ညီလေးမန် ငါ အဲ့ဒီနှစ်တုန်းက တံတားပျက်နယ်ပယ်မှာဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး မကြာခဏ တွေးမိတယ်" ရှုပိုင်က တစ်ချက်ရယ်ရင်း ပြောသည်။ သူက မန်ဟိုကို လှမ်းကြည့်၏။
သူစကားပြောလိုက်သည့်အချိန်မှာပင် နဂါးနက်မျိုးနွယ်စုသည် သက်ဆိုင်ရာဓားပြမျိုးနွယ်စုကို စတင်သတ်ဖြတ်နေပြီဖြစ်သည်။
မန်ဟိုက ရှုပိုင်ကို ပြန်ကြည့်ပြီး မခိုးမခန့် ရယ်သည်။ သူအသံသည် လေညင်းလေးသဖွယ် တည်ငြိမ်စွာ ထွက်လာ၏။ "အာ အဲ့ဒါက ကြက်ကန်းဆန်အိုးတိုးသွားတာပါဗျာ။ အစ်ကိုရှုက တစ်ယောက်တည်းနဲ့ မိစ္ဆာစိတ်ဝိညာဉ်ကို တားနိုင်ခဲ့တာလေ။ ကျုပ် အဲ့ဒီအတွက် ခင်ဗျားကို လေးစားနေခဲ့တာ"
အကြိတ်အနက် တိုက်ခိုက်နေသော ကြွေးကြော်သံများ နှစ်ဖက်လုံးမှာ ဆူညံနေသည်။ လောလောဆယ်တွင် နဂါးနက်မျိုးနွယ်စုသည် အားကုန်ထုတ်၍ တိုက်ခိုက်သတ်ဖြတ်နေ၏။
ကျီးနတ်မင်းမျိုးနွယ်စုလည်း ထိုနည်းတူပင်။ သူတို့မှာ နဂါးနက်မျိုးနွယ်စုနှင့်ယှဉ်လျှင် ဒုတိယမရချင်သည့်အပြင် သူတို့၏ဘိုးဘေးကြီးကိုလည်း အရှက်မခွဲလိုပေ။ အထူးသဖြင့် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများပင်။ သူတို့အားလုံးသည် ဉာဏ်နီဉာဏ်နက်များသော အဘိုးကြီးများဖြစ်၍ ဤသေရေးရှင်ရေးအခိုက်အတန့်တွင် ဖြစ်ပျက်နေသောအရာကို မြင်သည်နှင့်တစ်ပြိုင်နက် ဤစစ်မြေပြင်မှာ .... တကယ်တော့ မဟာမိတ်ဖွဲ့မည့်နိမိတ်ဖြစ်ပြီး မည်သူခေါင်းဆောင်ရမည်လဲ ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း နားလည်လိုက်သည်။
ထို့ကြောင့် သူတို့သည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်နေရာကို သိမ်းပိုက်ရန် သူတို့ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံကို အသုံးပြုနေတော့၏။
နှစ်ဖက်လုံးက ဤလောင်းပွဲကြီးအပေါ်တွင် စိတ်လိုလက်ရ တိုက်ခိုက်နေကြသည်။ ဓားပြမျိုးနွယ်စုများမှာ ကယ်ပါကူပါ တစာစာအော်နေကြသည်။ သူတို့မှာ မလွှဲရှောင်သာ တိုက်ခိုက်နေရသော်လည်း အနိုင်ယူခံရရုံမှတစ်ပါး မတတ်နိုင်ကြပေ။
မန်ဟို၏ ကမ္ဘာသစ်မိစ္ဆာတစ်သိန်းက ဝေဟင်ထက်တွင် မင်းမူနေ၏။ တစ်နေရာရောက်သော် ကျီးနတ်မင်းမျိုးနွယ်စုက သာသွားသည်။ သို့သော် အချိန်အနည်းငယ်ကြာသော် နဂါးနက်မျိုးနွယ်စု၏ ကိုးကွယ်ရာအရုပ်ဘိုးဘေးကြီးနှင့် ဓားပြမျိုးနွယ်စုနှစ်စု၏ အရုပ်ဘိုးဘေးကြီးများ စစ်မြေပြင်တွင် ရုတ်တရက် ပေါ်လာသောအခါတွင်တော့ ကျီးနတ်မင်းမျိုးနွယ်စုမှာ နောက်ကျန်ခဲ့တော့သည်။
သို့သော် အလင်းတန်းသုံးတန်း ကျီးနတ်မင်းမျိုးနွယ်စုအတွင်း၌ ဘွားခနဲ ပေါ်လာသည်။ ဤသည်မှာ ပင်လယ်မိစ္ဆာမျိုးနွယ်စုနှင့် တိုက်ပွဲတုန်းက ပေါ်မလာခဲ့သော အလင်းတန်းသုံးတန်းဖြစ်၏။ အရုပ်ဘိုးဘေးကြီးသုံးရုပ် ပေါ်လာပြီဖြစ်၍ ... တခဲနက် ဟစ်ကြွေးသံများက ကောင်းကင်သို့တိုင် ရိုက်ခတ်သွားတော့သည်။
ဤသည်မှာ ရှစ်စုမဟာမိတ်အဖွဲ့နှင့်အတူ သူ၏တပ်ဖွဲ့အတွင်းသို့ မန်ဟို သွတ်သွင်းခဲ့သော အရုပ်ဘိုးဘေးကြီးသုံးရုပ်ဖြစ်ချေသည်။ ချက်ချင်းပင် သတ်ဖြတ်မှုများကား အထိန်းအကွပ်မဲ့လာတော့သည်။
"ညီလေးမန်" ရှုပိုင်က အေးစက်စက် ပြောသည်။ "မင်းနဲ့ ကျီးနတ်မင်းမျိုးနွယ်စုက မြောက်ပိုင်းကနေ ဒီနေရာအထိ လမ်းတစ်လျှောက်လုံး တိုက်ခိုက်လာခဲ့တယ်။ ငါ သတင်းတွေ အများကြီး ကြားခဲ့ပါတယ်။ ဒါပေမဲ့... ဒီနောက်ဆုံးခရီးစဉ်က အခက်ခဲဆုံးဖြစ်လိမ့်မယ်
"အဆုံးသတ်မှာ အစွမ်းထက်ဆုံးမျိုးနွယ်စုတွေ အတူတူပေါင်းစုသွားကြမယ်။ သူတို့စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ မိစ္ဆာစိတ်ဝိညာဉ်မရှိရင် အကုန်လုံး ဓားပြမျိုးနွယ်စုတွေ ဖြစ်လာလိမ့်မယ်
"သူတို့က ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့ ဒါမှမဟုတ် အနက်ရောင်နယ်မြေမှာ ရှင်သန်နိုင်လောက်တဲ့ အရင်းအမြစ်တွေ ပိုင်ဆိုင်ထားတဲ့ မျိုးနွယ်စုကြီးတွေ သတိထားမိအောင် တိုက်ခိုက်သတ်ဖြတ်ရင်း မိစ္ဆာစိတ်ဝိညာဉ်နဲ့တခြားပစ္စည်းတွေကို လုယက်ဖို့ ကြိုးစားလိမ့်မယ်" တိုက်ပွဲမှာ ယခုတွင် အရေးကြီးသောအခိုက်အတန့်သို့ ရောက်ရှိခဲ့လေပြီ။ ကျီးနတ်မင်းမျိုးနွယ်စုမှာ သိသိသာသာ ကြောနေပြီး နဂါးနက်မျိုးနွယ်စုမှာ သိသိသာသာ နောက်ကျန်ခဲ့ပြီဖြစ်သည်။
"ငါတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာက မဟာမိတ်ဖွဲ့ဖို့ပဲ" ရှုပိုင်က ဖြေးညင်းစွာ ပြောသည်။ "ကျီးနတ်မင်းမျိုးနွယ်စုနဲ့ နဂါးနက်မျိုးနွယ်စုအတူတူ နတ်လေးမျိုးနွယ်စုကို ရှာပြီး သုံးစုမဟာမိတ်အဖွဲ့ ထူထောင်ရမယ်။ ငါတို့ အတူတူ ရှေ့ဆက်တိုးဝင်ပြီး အနက်ရောင်နယ်မြေကို ရောက်ရင်တော့ အဲဒီနောက်မှာ ငါတို့မျိုးနွယ်စုတွေ ထာဝရတည်တံ့နိုင်ပြီ။ အဲ့ဒီနည်းနဲ့ပဲ ငါတို့ အနက်ရောင်နယ်မြေကို ဝင်ရောက်နိုင်ရုံတင်မကဘူး။ အဲ့ဒီနေရာမှာ မကြောင့်မကြဘဲ နေနိုင်မယ်။မင်း ဒါတွေအားလုံး နားလည်ပြီးသား ဖြစ်မယ်လို့ ထင်ပါတယ် ညီလေးမန် ။ ငါ ပြောနေစရာတောင် မလိုပါဘူး"
ကျီးနတ်မင်းမျိုးနွယ်စုရှိရာဘက်မှ ပေါက်ကွဲသံများ ရုတ်တရက် ကြားလိုက်ရသည်။ ယခုတွင် ရန်သူရှစ်ဆယ်ရာခိုင်နှုန်း သေဆုံးသွားလေပြီ။ ကျန်ရှိသူများမှာ ဖရိုဖရဲ အပြဲပြဲ အကွဲကွဲဖြင့် အသက်လုပြေးနေကြလေသည်။
သိသာစွာပင် ဓားပြမျိုးနွယ်စုတစ်စုလုံး သုတ်သင်ခံရဖို့ သိပ်ကြာတော့မဟုတ်ပေ။
နဂါးနက်မျိုးနွယ်စုမှာမူ သူတို့တိုက်ခိုက်နေသော ဓားပြမျိုးနွယ်စု၏ ငါးဆယ်ရာခိုင်နှုန်းခန့်ကို ဖျက်စီးခဲ့ပြီးဖြစ်သည်။ သူတို့မှာ အတန်ငယ် နောက်ကျနေလေသည်။
ရှုပိုင် မျက်မှောင်ကြုတ်သွား၏။ စိတ်ထဲတွင် သူ့မှာ တုန်လှုပ်နေပြီး ကျီးနတ်မင်းမျိုးနွယ်စုအပေါ် ပို၍လေးစားလာမိသည်။ မန်ဟို သူ ယခုလေးတင် ပြောခဲ့အရာများကို အချိန်ယူစဉ်းစားနေစဉ် သူသည် လည်ချောင်းရှင်းပြီး နဂါးနက်မျိုးနွယ်ဝင်များကို လေးလေးနက်နက် ကြည့်လိုက်၏။
ဤအခြင်းအရာက နဂါးနက်မျိုးနွယ်ဝင်များ၏မျက်လုံးများအား ရဲရဲနီသွားစေသည်။ သူတို့မှာ အရှက်ရသွားသည့်အလား၊ ဖိအားကြီးတစ်ခုက သူတို့အပေါ် သက်ရောက်လိုက်သည့်အလားပင်။ မျိုးနွယ်ဝင်အားလုံး သူတို့လက်ကောက်ဝတ်တွင် ရစ်ပတ်ထားသော ကြိုးနက်များကို ချက်ချင်း ဖြေလိုက်ကြသည်။ ထိုအခိုက်အတန့်တွင် သူတို့သည် ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်ကြ၏။ သူတို့၏ကျင့်ကြံခြင်းအခြေခံများမှာ ငါးဆယ်ရာခိုင်နှုန်းခန့် ထိုးတက်သွား၏။ သူတို့သည် အမျက်ဒေါသများဖြင့် ထွက်ပြေးနေသော ဓားပြမျိုးနွယ်စုကို ဆက်လက်တိုက်ခိုက်ကြတော့သည်။
နဂါးနက်မျိုးနွယ်စု၏သောင်းကျန်းရမ်းကားမှုက သူတို့၏အခြေအနေကို ရုတ်တရက် ပြောင်းပြန်လှန်ပစ်လိုက်သည်။။ ဓားပြမျိုးနွယ်စုအကြား အသေအပျောက်များ ထိုးတက်သွားသဖြင့် သူတို့မှာ လုံးလုံးလျားလျား တုန်လှုပ်နေတော့သည်။ ဓားပြမျိုးနွယ်စု၏အသက်ရှင်ကျန်ခဲ့သော မျိုးနွယ်ဝင်များမှာ ဆောက်တည်ရာမဲ့လျက် ဖရိုဖရဲ ထွက်ပြေးကုန်ကြ၏။
" သတ်ကြဟေး " နဂါးနက်မျိုးနွယ်၀င်များသည် ဟိန်းဟောက်ရင်း ဆက်လက်သတ်ဖြတ်နေတော့သည်။ ကျီးနတ်မင်းမျိုးနွယ်စုလည်း ချီတက်သွားကြ၏။ အမွှေးတိုင်တစ်၀က်ထွန်းစာကြာသော် မျိုးနွယ်စုနှစ်စုသည် တစ်ချိန်တည်းဆိုသလို သတ်ဖြတ်ပြီးသွား၏။ နှစ်စုလုံးက အသတ်အဖြတ်စိတ်ဆန္ဒများ တဟုန်းဟုန်တောက်လောင်နေလျက် ရှုပိုင်နှင့်မန်ဟို့အနောက်တွင် ရပ်ရန်ပြန်လာကြသည်။ မျိုးနွယ်စုနှစ်စု မျက်နှာချင်းဆိုင်လိုက်၏။
တစ်စုမှ အရှုံးပေးလိုသည့်ပုံမပေါ်ပေ။
ရှုပိုင်က ကျီးနတ်မင်းမျိုးနွယ်စုကို ကြည့်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ရင်ထဲတွင် သူ့မှာ တုန်လှုပ်နေ၏။ နဂါးနက်မျိုးနွယ်စုမှာ ကြိုးနက်များကို ဖြေလိုက်ခြင်းကြောင့်သာလျှင် သရေကျခဲ့ကြောင်းသူသိ၏။ သို့သော် သူသည် တိုက်ပွဲ၏အစကတည်းက ချိတ်တံဆိပ်ကို ဖွင့်ခဲ့လျှင် ကျီးနတ်မင်းမျိုးနွယ်စု သူတို့ကို ယှဉ်ရှင်နိုင်လိမ့်မည်မဟုတ်ဟုလည်း ခံစားနေရသေးသည်။
သို့သော် ကမ္ဘာသစ်မိစ္ဆာအုပ်ကို သူ လှမ်းကြည့်မိလိုက်၏။ ဤအခိုက်အတန့်တွင် သူသည် ကျီးနတ်မင်းမျိုးနွယ်စု၏ ကမ္ဘာသစ်မိစ္ဆာအုပ်မှာ အရေအတွက် တစ်သိန်းခွဲမဟုတ်တော့ကြောင်း သတိထားမိလိုက်၏။ နှစ်သောင်းပင်ထပ်ပြီး ပိုလာလေရာ သူ့မှာ ပင့်သက်ရှိုက်မိသွားတော့သည်။ သူ၏စိတ်နှလုံးတုန်ရီလာပြီး အသက်ရှူသံများမြန်လာ၏။
" ကောလဟာလတွေအတိုင်း ကျီးနတ်မင်းမျိုးနွယ်စုက….. တိုက်ပွဲတွေကနေတစ်ဆင့် အင်အားတောင့်လာတာ မယုံစရာမရှိဘူးပဲ " သူက တွေးသည်။ " တိုက်ပွဲတစ်ခုစီတိုင်းက သူတို့ကို ပိုပြီးအင်အားတောင့်လာစေတယ်။ ဒါ့အပြင် ……. သူတို့ရဲ့ အစွမ်းထက်ဆုံးအရုပ်ဘိုးဘေးကြီးဖြစ်တဲ့ မန်ဟိုက တစ်ချက်လေးတောင် မလှုပ်ရှားခဲ့ဘူး။ ကျီးနတ်မင်းမျိုးနွယ်စုက ငါထင်ထားတာထက်ပိုပြီး အများကြီးအစွမ်းထက်ပါပေတယ် "
မန်ဟိုကမူ နဂါးနက်မျိုးနွယ်စု ချိတ်တံဆိပ်များကို ဖွင့်ပြီးနောက် ဖြစ်ပေါ်လာခဲ့သည့်အရာကို အတွေးနက်နေခဲ့၏။ နဂါးနက်မျိုးနွယ်စုအပေါ် သူ၏လေးစားမှုမှာ ပို၍ပင်အားကောင်းလာခဲ့သည်။
ရှုပိုင် လှိုက်လှိုက်လှဲလှဲရယ်သံကြီး ပဲ့တင်ထပ်လာသည်။ သူက မန်ဟို့ကို စိတ်သဘောအမှန်ဖြင့် လှမ်းကြည့်ရင်း ပြော၏။ " ညီလေးမန် မဟာမိတ်ဖွဲ့ရအောင် ဘယ်လိုလဲ "
" ဖွဲ့တာပေါ့ " မန်ဟိုက တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေသည်။ ဤကဲ့သို့ မဟာမိတ်အဖွဲ့ဖွဲ့ခြင်းသည် အခက်အခဲများစွာအား ဖယ်ရှားနိုင်၏။ ထို့အပြင် မန်ဟိုသည် အနက်ရောင်နယ်မြေသို့ ရောက်လျှင် ကျီးနတ်မင်းမျိုးနွယ်စုအနေဖြင့် ရွှေအလင်းဘုရားကျောင်းနှင့်ပေါင်းစည်းနိုင်ကြောင်း သိသည်။ ထိုအချိန်သို့ရောက်လျှင် သူ သူတို့နှင့်အတူမသွားတော့ဘဲ လမ်းခွဲမည်ဖြစ်သည်။
ထို့ကြောင့် အဆုံးသတ်တွင် နောက်ထပ်မဟာမိတ်ဖွဲ့ထားခြင်းက ကျီးနတ်မင်းမျိုးနွယ်စုအတွက် ဘေးကင်းလုံခြုံလိမ့်မည်ဖြစ်သည်။
" ကိုယ့်လူတို့ ယဇ်ပူဇော်ဖို့နဲ့ သွေးကျမ်းသစ္စာကျိန်ဆိုဖို့ ပြင်ကြ" ရှုပိုင်က အော်သည်။ နဂါးနက်မျိုးနွယ်စုအတွက် မဟာမိတ်မှာ အလွန်အရေးပါ၏။ ရှုပိုင်၏ပါးစပ်မှ စကားလုံးများ ထွက်သွားသည်နှင့်တစ်ပြိုင်နက် နဂါးနက်မျိုးနွယ်စု၏အကြီးအကဲနှင့် နတ်ဆရာကြီးများ ချဥ်းကပ်လာကြသည်။ နဂါးနက်မျိုးနွယ်စု၏ခေါင်းကိုင်ဖခင်မှာမူ ရှုပိုင်ကလွဲ၍ တခြားမဟုတ်ပေ။
မန်ဟို့ဘက်တွင် ကျီးနတ်မင်းမျိုးနွယ်စု၏ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများအားလုံး ချဉ်းကပ်လာကြ၏။ ယဇ်ပူဇော်ပွဲကျင်းပပြီး သွေးသောက်ခြင်းဖြင့် ကျမ်းသစ္စာကျိန်ဆိုကြသည်။ မဟာမိတ်အဖွဲ့သည် အနောက်ပိုင်းသဲကန္တာရ၏ဓလေ့ထုံးတမ်းအတိုင်း ထူထောင်လိုက်ပြီဖြစ်သည်။ ကမ္ဘာသစ်မိစ္ဆာဘိုးဘေးများနှင့် အရုပ်ဘိုးဘေးကြီးများက ကျမ်းသစ္စာကျိန်ဆိုပြီး နှစ်ဖွဲ့ပါ၀င်သောမဟာမိတ်အဖွဲ့သည် ခေါင်းဆောင်လည်းမရှိသလို လက်အောက်ဟူ၍လည်း မရှိပေ။
နောက်တစ်နေ့သည် အနားယူပြီး ပြန်လည်အစီအစဉ်ချသည့် နေ့ရက်ဖြစ်သည်။ နှစ်ဖွဲ့လုံးက သူတို့၏အရင်းအမြစ်များကို အညီအမျှ ပြန်လည်ခွဲဝေကြသည်။ မန်ဟိုကမူ နဂါးနက်မျိုးနွယ်စု၏ ကမ္ဘာသစ်မိစ္ဆာခုနစ်သောင်းကို ထိန်းချုပ်နိုင်၏။ သို့ဖြစ်၍ တိုက်ပွဲအချိန်ကျလာလျှင် မန်ဟို့ကမ္ဘာသစ်မိစ္ဆာအုပ်သည် နှစ်သိန်းလေးသောင်းဖြစ်သွားပေလိမ့်မည်။
နဂါးနက်ကြီးနှင့် စစ်သင်္ဘောကြီးသည် လေကိုခွင်းလျက် တောင်သို့ ဦးတည်ထွက်သွား၏။
ခရီးစဉ်၏ နောက်ဆုံးပိုင်းမှာ သုံးလသာကြာမြင့်မည်ဖြစ်သည်။ သို့သော် ထိုသုံးလကား နဂါးနက်မျိုးနွယ်စုနှင့် ကျီးနတ်မင်းမျိုးနွယ်စု ဆင်နွှဲခဲ့ဖူးသည့်တိုက်ပွဲများအနက် အခက်ခဲဆုံးဖြစ်မည်မှာ သံသယဖြစ်စရာမရှိပေ။
ပထမဆုံးလတွင် သူတို့မှာ မျိုးနွယ်စုကိုးစုနှင့် ခုနစ်ကြိမ်တိုက်ခိုက်ခဲ့ရ၏။ အမြဲသုံးရက် သို့မဟုတ် ငါးရက်ကြာတိုင်းတွင် ဓားပြမျိုးနွယ်စုတို့နှင့် သူတို့ကြုံတွေ့တတ်သည်။ ကျီးနတ်မင်းမျိုးနွယ်စုမှာ စစ်ပွဲများကြုံတွေ့ခဲ့ရသေည်လည်း ထိုကဲ့သို့ခဏတိုင်း ကြုံတွေ့ရမှုများအား ကြားပင်မကြားဘူးပေ။
နဂါးနက်မျိုးနွယ်စုများအတွက်လည်း ထိုနည်းတူပင်။ မျိုးနွယ်စုနှစ်စု မဟာမိတ်ဖွဲ့ထားခြင်းကြောင့်မဟုတ်လျှင် သူတို့မှာ သေချာပေါက် အကျအဆုံးများခဲ့ပြီး တစ်၀က်ပင်လျှင် ဆုံးရှုံးကောင်းဆုံးရှုံးရနိုင်သည်။ ကျီးနတ်မင်းမျိုးနွယ်စုအတွက်မူ ကမ္ဘာသစ်မိစ္ဆာများကြောင့် သိပ်ပြီးဆိုးရွားခဲ့မည်မဟုတ်ပေ။ သို့သော် နဂါးနက်မျိုးနွယ်စုအတွက်တော့ အခြေအနေက ပိုခက်ခဲလိမ့်မည်ဖြစ်သည်။
သို့သော် နှစ်စုမဟာမိတ်အဖွဲ့ကြောင့် တိုက်ပွဲများက သူတို့ကို ပင်ပန်းနွမ်းနယ်ခဲ့သော်လည်း အထိအခိုက်အကျအဆုံးတော့ လျော့နည်းစေခဲ့သည်။
တိုက်ပွဲဖြစ်ပွားခဲ့သောကာလများအတွင်း ယခုတွင် နဂါးနက်မျိုးနွယ်စု၏ ကမ္ဘာသစ်မိစ္ဆာများ ပါဝင်နေပြီဖြစ်သော မန်ဟို့၏ ကမ္ဘာသစ်မိစ္ဆာအုပ်ကြောင့် ပြောင်းလဲသွားခဲ့သော အခြေအနေသုံးရပ်ရှိသည်။
သူ ကိုင်စွဲနိုင်သော ကြောက်မက်ဖွယ်ရာ စွမ်းအားက နဂါးနက်မျိုးနွယ်ဝင်များအား တုန်လှုပ်သွားစေသည့်အပြင် ပို၍ပင် စိတ်လှုပ်ရှားစေတော့သည်။ မန်ဟိုကဲ့သို့ စွမ်းဆောင်နိုင်သော မိစ္ဆာသားရဲသခင်မျိုး သူတို့တစ်ခါမှ မမြင်ခဲ့ဖူးပေ။
ထိုပထမလအတောအတွင်း မျိုးနွယ်စုနှစ်စုလုံး အနည်းအကျဉ်း ထိခိုက်ဆုံးရှုံးခဲ့ရသည့်တိုင် မန်ဟိုက သူ၏ကမ္ဘာသစ်မိစ္ဆာအုပ်ကို ပို၍ပင် တိုးပွားကြီးထွားလာစေခဲ့သည်။ ဤအခြင်းအရာကြောင့် နဂါးနက်မျိုးနွယ်စုသည် ရန်သူကမ္ဘာသစ်မိစ္ဆာတစ်ကောင်ကိုမှ မတိုက်ခိုက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေး၏။ အဆုံးသတ်တွင် မန်ဟို့၏ကမ္ဘာသစ်မိစ္ဆာအုပ်သည် အရေအတွက်အားဖြင့် သုံးသိန်းသို့ ရောက်ရှိခဲ့ပြီဖြစ်၏။
ထိုမျှများပြားလှသော ကမ္ဘာသစ်မိစ္ဆာများ ပေါ်လာသောအခါ မိုးကောင်းကင်မှာ တသိမ့်သိမ့် တုန်ခါလာပြီး မြေငလျင်တို့ ရိုက်ခတ်လာ၏။
ဒုတိယလတွင် သူတို့ တိုက်ပွဲနှစ်ဆယ်ကျော် ကြုံတွေခဲ့ရသည်။ ဓားပြမဟာမိတ်အဖွဲ့များနှင့် နှစ်ကြိမ် ရင်ဆိုင်ခဲ့ရသည်။ သို့သော် မန်ဟို့၏ ကြောက်မက်ဖွယ်ရာ ကမ္ဘာသစ်မိစ္ဆာများ၏ ရှေ့မှောက်တွင် သူတို့မှာ မြက်ခြောက်လေးများသဖွယ် နင်းခြေခံကြရမည်သာ။
ဒုတိယလကုန်ခါနီးတွင်တော့ မန်ဟို၏ ကမ္ဘာသစ်မိစ္ဆာအုပ်သည် .... အင်အားလေးသိန်းသို့ ရောက်ရှိသွားခဲ့၏။
ကမ္ဘာသစ်မိစ္ဆာလေးသိန်းဆိုသည်မှာ အနောက်ပိုင်းသဲကန္တာရတွင် တစ်ခါမှ ကြားပင်မကြားဖူးသော အရေအတွက် ဖြစ်လေသည်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများရှိသော မျိုးနွယ်စုများတွင်ပင် ဤမျှများပြားလှသော ကမ္ဘာသစ်မိစ္ဆာများကို ဘယ်တော့မှ ပိုင်ဆိုင်နိုင်မည်မဟုတ်ပေ။ မိစ္ဆာသားရဲသခင်တစ်ဦးသာ ကမ္ဘာသစ်မိစ္ဆာအမြောက်အမြားဖြင့် ပဋိညာဉ်ပြုနိုင်သည်မဟုတ်ပါလော။ ထို့အပြင် .... ကမ္ဘာသစ်မိစ္ဆာလေးသိန်းအတွက် ကုန်ကျမည့် အစာပမာဏမှာ မျိုးနွယ်စုကြီးတစ်စုကိုပင် တခဏလေးအတွင်း မွဲပြာကျသွားစေနိုင်၏။
မန်ဟို့၏ ကမ္ဘာသစ်မိစ္ဆာအုပ် အင်အားလေးသိန်းသို့ ရောက်ရှိသွားသောအခါ တိုက်ပွဲများမှာ ရိုးရှင်းလာ၏။ ပြီးခဲ့သည့်လအတွင်း ရန်လိုနေသောကျင့်ကြံသူတစ်စုံတယောက်နှင့်မှ သူတို့မတွေ့ခဲ့ပေ။ သူတို့သည် အနက်ရောင်နယ်မြေသို့ အတားအဆီးမရှိ ခရီးနှင်နေခဲ့၏။
တောင်ကျော်လမ်းရှိ ပင်လယ်မိစ္ဆာမျိုးနွယ်စု သုတ်သင်ခံခဲ့ရသည်နှင့်ပတ်သက်ပြီး မည်သည့်ဂယက်မှ မရိုက်ခတ်ပုံပင်။
မည်သို့ဆိုစေ မန်ဟို့မှာ သူ့နှလုံးသားထဲတွင် ခံစားနေရသော အန္တရာယ်အာရုံကြီးအား ဖျောက်ဖျက်မရဖြစ်နေ၏။ ရှုပိုင်ပင် မျက်မှောင်အမြဲကြုတ်နေတတ်သည်။ တစ်ခုခုက မူမမှန်ပေ။ အခြားအနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲများတွင်လည်း တူညီသောအမူအရာများရှိ၏။
တောင်ကျော်လမ်းမှ ဖြတ်လာခဲ့ပြီးနောက် သုံးလကြာသည့်အခါတွင်တော့ နဂါးနက်မျိုးနွယ်စုနှင့် ကျီးနတ်မင်းမျိုးနွယ်စုသည် နောက်ဆုံး .... အနက်ရောင်နယ်မြေကို လှမ်းမြင်လိုက်ရပြီဖြစ်၏။
ထိုအခိုက်အတန့်တွင် မန်ဟို၊ ရှုပိုင်နှင့် မျိုးနွယ်ဝင်များအားလုံး ချက်ချင်း မျက်နှာပျက်သွားကြတော့သည်။
***