← Chapters

နောက်ဆုံးသော တိုက်ပွဲ

Vol. 37 Ch. 510

နောက်ဆုံးသော တိုက်ပွဲ

Vol. 37 Ch. 510

အနက်ရောင်နယ်မြေသည် ‌မြေမျက်နှာသွင်ပြင်အနေအထားအရ ထီးထီးတည်း မြင့်တက်‌နေသော ကုန်းပြင်မြင့်ကြီးနှင့်တူသည်။ ဟိုးအောက်ဆုံးတွင်တော့ အနောက်ပိုင်းသဲကန္တာရရှိ၏။

ဤသည်မှာ အနက်ရောင်နယ်မြေနှင့် အနောက်ပိုင်းသဲကန္တာရအကြားက နယ်စပ်ကို မန်ဟို ပထမဆုံးမြင်ဖူးခြင်း ဖြစ်လေသည်။ သူ အနက်ရောင်နယ်မြေမှ ထွက်ခွာလာခဲ့သည့်နှစ်တုန်းက ဤနေရာသို့ ဖြတ်သန်းမသွားဘဲ အနောက်ပိုင်းသဲကန္တာရ၏မြောက်ပိုင်းသို့ ပို့ဆောင်ပေးသည့် နေရာရွှေ့ပြောင်းရေးမုခ်ဝကို အသုံးပြုခဲ့ခြင်းဖြစ်၏။

ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၍ မန်ဟို့၏မျက်လုံးများ မဆိုစလောက် ပြူးကျယ်သွားသည်။ ယခုတွင် အနက်ရောင်နယ်မြေက မည်သည့်အတွက်ကြောင့် အနောက်ပိုင်းသဲကန္တာရပျက်သုဉ်းခြင်းကပ်ဘေးမှ လွတ်မြောက်နိုင်သည့် တစ်ခုတည်းသောနေရာဖြစ်ကြောင်း သူသိလိုက်လေပြီ။

အနောက်ပိုင်းသဲကန္တာရတောင်ပိုင်းမှာ မြောက်ပိုင်းထက် အလွန့်အလွန်ပိုမြင့်၏။ ယင်းက ယခုတွင် အနောက်၊ မြောက်နှင့် အရှေ့ပိုင်းတို့အားလုံး ခရမ်းရောင်ပင်လယ်ကြီး ဖြစ်နေခဲ့ပြီဖြစ်သည့် အကြောင်းရင်းပင်။ ထိုနေရာများတွင် ‌‌ပင်လယ်ရေငန်၏ အနံ့အသက်များပင် ရနေပြီဖြစ်သည်။ သို့သော် သည်တောင်ပိုင်းတွင်တော့ မြစ်များပင် မဖြစ်ထွန်းသေးပေ။

ရွာ‌ကျနေသော မိုးရေများက မြင့်ရမှာနိမ့်ရာသို့ ဆိုသလို တောင်ပိုင်းမှ မြောက်ပိုင်းသို့ စီးဆင်းနေ၏။

အနောက်ပိုင်းသဲကန္တာရတောင်ပိုင်းမှာ မြင့်သင့်သလောက်မြင့်ပါသော်လည်း အနက်ရောင်နယ်‌မြေက... ပို၍ပင် မြင့်သေးလေသည်။ ၎င်းသည် ငလျင်ကြောင့် ဖြစ်ပေါ်လာသော ကျောက်ကမ်းပါးကြီးသဖွယ် ကောင်းကင်သို့ ‌မီတာထောင်ပေါင်းများစွာ ထိုးထွက်နေ၏။

‌‌အနက်ရောင်နယ်မြေ၏အနားသတ်တစ်လျှောက် တည်ရှိနေသော အဆုံးမဲ့တောင်တန်းများကိုကား ‌ဖော်ပြစရာပင်မလိုတော့ပေ။ ထိုတောင်များသည် ကောင်းကင်နှင့် ထိစပ်၍ အပေါ်ထက်ရှိ ခရမ်းရောင်မိုးသားတိမ်တိုက်များနှင့်အတူ မည်သည့်သက်ရှိအရာကိုမှ မဝင်ရောက်နိုင်အောင် ဟန့်တားနေ၏။

ထိုတောင်များက အနက်ရောင်နယ်မြေ၏ အမြင့်ကို အံ့ဖွယ်အမြင့်သို့ ရောက်စေခဲ့သည်။ ၎င်းက ခရမ်းရောင်ပင်လယ်ရေများ ပျံ့နှံ့မလာအောင် တားဆီးနိုင်သည့်အပြင် ဝင်ပေါက်လည်း တစ်ခုတည်းသာရှိ၏။

မဟူရာဂိတ်တံတိုင်း။

၎င်းသည် မီတာရှစ်သောင်းကျယ်ပြီး တောင်အားလုံး၏ အလယ်တည့်တည့်တွင် ခံညားထည်ဝါစွာဖြင့် မားမားမတ်မတ် တည်ရှိနေ၏။ ၎င်းအား မြင်လိုက်သူတိုင်း ပင့်သက်ရှိုက်သွားရမည်သာ ဖြစ်သည်။

မဟူရာဂိတ်တံတိုင်းသည် မဟူည၏အရောင်ကို ခြယ်မှုန်းထားပြီး ၎င်း၏ဂိတ်ပေါက်မှာ ပိတ်နေ၏။ မီတာရှစ်သောင်းအကျယ်တံတိုင်းကြီးအပေါ်တွင် သူရဲခိုတစ်ခုရှိပြီး အဖွဲ့လိုက် စုနေသော ကျင့်ကြံသူထောင်နှင့်ချီအား မြင်ရနိုင်သည်။ သူတို့သည် ဟေးလားဝါးလား စကားစမြည်ပြောရင်း ရံဖန်ရံခါ သူရဲခိုအပြင်သို့ လှမ်းကြည့်ကာ အောက်သို့ လက်ညှိုးထိုးတတ်သည်။

မန်ဟို့မျက်လုံးများကို ကျဉ်းမြောင်းသွားစေသည်က နှစ်ပေါင်းများစွာ ရွာကျနေခဲ့သော ခရမ်းမိုးမှာ မဟူရာဂိတ်တံတိုင်းကြီးအပေါ်သို့ ရွာကျခြင်းမရှိခြင်းပင်။ အပြင်တွင် ၎င်းသည် သည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေသော်လည်း ထိုဧရာမသူရဲခိုကြီးအပေါ်သို့လည်းကောင်း ၊ မဟူရာဂိတ်တံတိုင်းကြီးအပေါ်သို့လည်းကောင်း တစ်စက်လေးပင် ကျဆင်းခြင်းမရှိပေ။

မဟူရာဂိတ်တံတိုင်း၏အပြင်တွင် မြေပြင်မှာ မြူခိုးများဝေနေပြီး မှုန်ဝါးနေ၏။ တကယ်တမ်း မန်ဟို နေရောင်ကို မမြင်ရသည်မှာ ကြာခဲ့ပြီဖြစ်သည်။ သို့သော် ထိုမဟူရာဂိတ်တံတိုင်းကြီး၏အတွင်းတွင် ထည်ဝါသော အပြာရောင်နေကြီးတစ်စင်းကို မြင်နိုင်၏။ အဖြူရောင်တိမ်တိုက်များပင်လျှင် မျောလွင့်နေလေသည်။

မဟူရာဂိတ်တံတိုင်းကြီးမှာ မတူညီသောကမ္ဘာနှစ်ခုအား ပိုင်းခြားပေးထားသည့်အလားပင်။

မန်ဟိုနှင့်ရှုပိုင်ကို ပို၍ပင် မျက်နှာပျက်သွားစေသည်က မဟူရာဂိတ်တံတိုင်းကြီးနှင့် သူတို့မျိုးနွယ်စုနှစ်စုအကြားတွင် ... အကျအနနေရာယူထားသော ဓားပြမျိုးနွယ်စုနှစ်ဆယ်ကျော် ရှိနေခြင်းဖြစ်၏။ ဤမျိုးနွယ်စုများသည် လေလောဆယ်တွင် ကျီးနတ်မင်းမျိုးနွယ်စုနှင့် နဂါးနက်မျိုးနွယ်စုကို လောဘတက်နေသောမျက်လုံးများဖြင့် လှောင်သလိုကြည့်ရင်း အသတ်အဖြတ်စိတ်ဆန္ဒများအား ထုတ်ဖော်ထားကြ၏။

ကျင့်ကြံသူနှစ်သိန်း ၊ ကမ္ဘာသစ်မိစ္ဆာလေးသိန်းရှိသော …ဓားပြမျိုးနွယ်စုနှစ်ဆယ်ကျော်။ သူတို့သည် တံတိုင်းကြီးအရှေ့တွင် နေရာယူထားရလေရာ အနက်ရောင်နယ်မြေသို့ ဘယ်သူမှ မဝင်ရောက်နိုင်အောင် ဟန့်တားကြမည်ဖြစ်ကြောင်း သိသာသည်။

သူတို့၏မျက်လုံးထဲတွင် လောဘ၊ ရိုင်းစိုင်းကြမ်းကြုတ်မှုနှင့် သတိပေးချက်တစ်ခုကိုလည်း မန်ဟို မြင်လိုက်ရသည်။

"ငါတို့ မဝင်နိုင်ရင် မင်းတို့လည်း ဝင်ရမယ်မထင်နဲ့။ ငါတို့ သေရင် ... မင်းတို့လည်း ငါတို့နဲ့အတူ သေရမယ်"

မန်ဟို တိတ်ဆိတ်စွာ ရပ်နေသည်။ ထို့နောက် သူသည် ဤမျိုးနွယ်စုနှစ်ဆယ်ကျော်၏အရှေ့တွင် တည်ရှိသော တစ်စုံတခုကို သတိထားမိလိုက်၏။ ဝါးတုတ်ထောင်ချီ စိုက်နေပြီး လေသယ်ရာသို့ မဆိုစလောက် ယိမ်းနေကြသည်။ ဤတုတ်အားလုံးမှာ ကြာလွန်း၍ ‌အနက်ရောင်ပင်သမ်းကာ ခြောက်ကပ်နေပြီဖြစ်သော သွေး‌များဖြင့် ဖုံးနေ၏။

ဝါးတုတ်တစ်ချောင်းစီ၏ထိပ်တွင် ခေါင်းတစ်ခေါင်းစီရှိသည်။ အဘိုးအဘွားများ၊ ကလေးသူငယ်များပင်မကျန် မျိုးနွယ်စုတစ်စုလုံးဖြစ်ချေသည်။ အပေါ်တွင် ကမ္ဘာသစ်မိစ္ဆာကြီးတစ်ကောင်၏ ခေါင်းကိုပင် မြင်ရနိုင်၏.... ၎င်းကား ဤမျိုးနွယ်စု၏ အရုပ်ဘိုးဘေးကြီးဖြစ်ကြောင်း ယုံမှားဖွယ်မရှိပေ။

တစ်ယောက်မကျန် သေဆုံးနေကြ၏။

ဤသည်မှာ နတ်လေမျိုးနွယ်စုဖြစ်လေသည်။

မန်ဟိုနှင့် ရှုပိုင်တို့ဖြင့် ပို၍ပင်နီးသည်က ‌ဝါးတုတ်အလွတ် နှစ်သောင်းကျော်ဖြစ်၏။ ဤတုတ်အရေအတွက်အရ... ကျီးနတ်မျိုးနွယ်စုနှင့် နဂါးနက်မျိုးနွယ်စုမှ ကျင့်ကြံသူ‌များ၏ခေါင်းအတွက် ရှိနေကြောင်း သိသာသည်။

သူတို့အရှေ့ရှိ စစ်မြေပြင်မှာ သုဿန်တစပြင်ပမာ တိတ်ဆိတ်နေ၏။ ဘယ်သူမှ စကားမပြော။ ‌လေတိုးသံသာ ကြားရနိုင်သည်။ ကျင့်ကြံသူထောင်ပေါင်းများစွာမှာ အသက်ပြင်းပြင်းရှူနေကြပြီး သူတို့၏ အသတ်အဖြတ်စိတ်ဆန္ဒမှာ မိုးထိတိုင် ရိုက်ခတ်နေလေသည်။

မဟူရာဂိတ်တံတိုင်းကား... ဝင်ဖို့ရာ လွယ်ကူမည်မဟုတ်။

အသံနောက်တစ်သံအား ကြားလိုက်ရသည်။ ၎င်းသည် အနက်ရောင်နယ်မြေပေါ်ရှိ မြင့်မားသောသူရဲခိုကြီးမှ လာ၏။ ထိုနေရာတွင် ကျင့်ကြံသူထောင်ပေါင်းများစွာမှာ အဖြစ်အပျက်များကို ပွဲကြည့်သလို ကြည့်နေကြသည်။

သူရဲခိုအပေါ်ရှိ လူများအတွက် ကျီးနတ်မင်းမျိုးနွယ်စုနှင့် နဂါးနက်မျိုးနွယ်စု၏ အဖွဲ့ဝင်များနှင့် ဓားပြမျိုးနွယ်စုနှစ်ဆယ်ကျော်မှာ သူတို့အပျင်းပြေစေရန်အတွက် ဖျော်ဖြေပေးနေရသော စင်မြင့်ထက်က သရုပ်ဆောင်များထက်မပိုပေ။

တချို့သည် ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့၏ အဖွဲ့သားများဖြစ်၏။ တချို့က စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများရှိသော အနောက်ပိုင်းသဲကန္တာရမျိုးနွယ်စုကြီးများမှ အဖွဲ့ဝင်များဖြစ်သည်။ သူတို့အနေဖြင့် အရှေ့တွင် ဖြစ်ပျက်နေသော သေရေးရှင်ရေးကစားပွဲကို အပေါ်စီးမှ အေးအေးလူလူ ငုံ့ကြည့်နေနိုင်လေသည်။

ကျိုးဒယ်ခွန်သည် ဝမ်းနည်းနေသောမျက်နှာအမူအရာဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း သူရဲခိုပေါ်တွင် ရပ်နေ၏။ ယခုအခြေအနေကို ပြောင်းလဲပေးရန် သူတတ်နိုင်သည့်အရာ မရှိပေ။ သူ့မှာ မန်ဟို့ကို တိတ်ဆိတ်စွာသာ ကြည့်နေနိုင်၏။

ကျိုးဒယ်ခွန်း၏ဘေးတွင် ရပ်နေသူကား ကျိုင်းကောင်မျိုးနွယ်စုနှင့်တိုက်ပွဲဖြစ်ခါနီး ပေါ်လာခဲ့သော ပုံရိပ်ဖြစ်သည့် တိမ်ကောင်းကင်မျိုးနွယ်စုမှ လူငယ်ဖြစ်သည်။ သူက မန်ဟိုနှင့်ကျီးနတ်မင်းမျိုးနွယ်စုကြည့်ရင်း သက်ပြင်းချလိုက်၏။

"နှမြောစရာပဲ" သူက ခေါင်းကို ခါရမ်းရင်း ပြောသည်။

သူရဲခို၏ အခြားအပိုင်းတွင် အစွမ်းထက်ပညာရှင်များဖြင့် ခြံရံလျက် အမျိုးသမီးတစ်ဦးရပ်နေသည်။ သူမသည် အလွန်မြင့်မားသောအဆင့်အတန်းတစ်ခုအား ပိုင်ဆိုင်ထားကြောင်း ပေါ်လွင်၏။ ဤသည်မှာ... အနက်ရောင်နယ်မြေမှာတုန်းက မန်ဟိုနှင့် အမှတ်မထင် ဆုံတွေ့ခဲ့ပြီး သူ့ကြောင့် ကြောက်ကြောက်လန့်လန့် ထွက်ပြေးသွားခဲ့ရသော အမျိုးသမီးဖြစ်၏။ သူမက ကောင်းကင်တရားရေးရာမျိုးနွယ်စုအဖြစ် ဖွဲ့စည်းထားသော အင်အားစုသုံးစုထဲက မိစ္ဆာလိပ်ပြာမျိုးနွယ်စုကြီး၏ရွေးချယ်ခံ…… နတ်သမီးလေးသောလန်။

သူမသည် လောလောဆယ်တွင် အောက်ရှိလူများကို ကြည့်ရင်း မျက်မှောင်ကြုတ်နေလေသည်။ သူမအကြည့်သည် နောက်ဆုံး မန်ဟို့အ‌ပေါ် ကျရောက်လာသည်။

" သောလန် ဘာလို့မျက်မှောင်ကြီးကြုတ်နေတာလဲ။ ဒီလူက နင့်ကို ကလန်ကဆန်လုပ်ခဲ့တာလား " နူးညံ့သောအသံလေးက သူမဘေးတွင် ရပ်နေသော လူငယ်တစ်ယောက်ဆီမှ လာ၏။ သူသည် ချောမောသောပုံပန်းသွင်ပြင်၊ ဆံပင်ရှည်ရှည်များဖြင့် အရပ်မြင့်မြင့်၊ ထောင်‌ထောင်မောင်းမောင်းဖြစ်သည်။ သူသည် ပြောင်ရှင်းနေသော အဖြူရောင်၀တ်ရုံနှင့် နှစ်လိုဖွယ်ရာအပြုံးတစ်ခုကို ဆင်မြန်းကာ ရွေးချယ်ခံတစ်ဦး၏အသွင်ကို ဆောင်နေ၏။

သူ့ကို နက်နဲသောကျင့်ကြံခြင်းအခြေခံများရှိသည့် အဘိုးကြီးသုံးဦးက ၀န်းရံထားသည်။ သိသိသာသာပင် ဤလူငယ်သည် တော်ရုံတန်ရုံ အဆင့်တန်းတော့မဟုတ်ပေ။

ဤသည်မှာ ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်များထဲက တစ်စုဖြစ်သည့် ကောင်းကင်ရှာဖွေမျိုးနွယ်စုမှ ရွေးချယ်ခံ …. ကျန်း၀မ်ကျိုဖြစ်သည်။

" အာ ဘာမှမဟုတ်ပါဘူး " သောလန်က အေးတိအေးစက် ပြန်ဖြေသည်။ "သူ့ပုံစံကြည့်ရတာ နည်းနည်းရင်းနှီးတဲ့ ပုံပေါက်နေလို့။ တစ်နေရာရာမှာ တွေ့ခဲ့ဖူးတယ်လို့ ခံစားရပေမယ့် ဘယ်နေရာမှာလဲ မမှတ်မိဘူး "

ကျန်း၀မ်ကျိုက သောလန်၏ဘေးတွ‌င် ရပ်၍ မန်ဟို့ကို ကြည့်ရင်း ပြုံးလိုက်သည်။

"မလောက်လေးစား ပိုးမွှားတစ်ကောင် " သူက တောက်ပစွာ ပြုံးပြီး သောလန်ကို ပြန်ကြည့်၏။ " မင်းမမှတ်မိဘူးဆိုရင် တွေးနေစရာအကြောင်းမရှိဘူးလေ။ အဖက်လုပ်ဖို့မှ မတန်တာ "

သောလန်သည် သူ သူမနှင့်နီးစပ်ရန် ကြိုးစားနေသည်ကို သိပ်သဘောတွေ့ဟန်မတူပေ။ သူမက နောက်သို့ အလိုလိုဆုတ်မိလိုက်၏။ သူမသတိမထားမိသည်က သူရဲခိုပေါ်က လူအုပ်ထဲရှိတစ်စုံ‌တစ်ယောက်၏အကြည့်သည် သူမထံမှ ကျန်း၀မ်ကျိုထံသို့ ရောက်သွားသည်ကိုပင်။ ထိုလူ၏အကြည့်က မုန်းတီးမှုတို့ပြည့်နှက်နေ၏။

မုန်းတီးမှုသည် ချက်ချင်းပင် ပျောက်ချင်းမလှ‌ ပျောက်ကွယ်သွားသည်။ အကြည့်ပိုင်ရှင်ကား အနက်ရောင်နယ်မြေတာအိုကလေး လောင်ချုန်းမှတစ်ပါး အခြားမဟုတ်ပေ။ သူသည် ပုံမှန်အတိုင်း လူအုပ်ကြားထဲတွင် ရပ်နေသော်လည်း စိတ်ထဲတွင်တော့ အံတကြိတ်ကြိတ်ဖြစ်နေ၏။ သူ၏ယခင်ဂိုဏ်းမှာ ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့၏ အရံအဖွဲ့ခွဲဖြစ်လာခဲ့သည့်အတွက် သူ့မှာ ယခင်အဆင့်အတန်းကို ဆုံးရှုံးခဲ့ရလေသည်။ သူသည် အမြုတေဖြစ်တည်မှုအဆင့်ဖြစ်သော်လည်း ထိုကဲ့သို့ ကျင့်ကြံခြင်းအခြေခံမှာ ထူးခြားပြောင်မြောက်နေသည့်အရာ မဟုတ်ပေ။

" မိန်းမပျက်" သူက တစ်ယောက်တည်းတွေးသည်။ “ပြီးတော့ ခွေးမသား ကျန်း၀မ်ကျို။ မင်းက ငါကြိုက်နေတဲ့မိန်းကလေးကို ထိရဲတယ်ပေါ့လေ။ အေး တစ်နေ့နေ့တော့ မင်းသေစေရမယ် " ဤအခိုက်အတန့်တွင် ရုတ်တရက် သူသည် အောက်ရှိမြေပြင်အား ကြောင်တောင်တောင် ကြည့်လိုက်မိ၏။ သူ့မှ မျက်လုံးများကို အကြမ်းပတမ်း ပွတ်သပ်ပြီးနောက် မန်ဟို့ကို ပြန်ကြည့်လိုက်သည်။ ထို့နောက် သူ၏အသက်ရှူသံများ မြန်လာတော့သည်။

"ဘယ်လိုလုပ် သူဖြစ်နေတာတုန်း "

ထိုစဉ် အနက်ရောင်နယ်မြေတွင် ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့ ထိန်းချုပ်သောနယ်မြေများထဲ၌ လူမသိသူမသိ ဂိုဏ်းတစ်ဂိုဏ်းရှိ၏။ ၎င်း၏နာမည်ကား ရွှေအလင်းဘုရား‌‌ကျောင်းဖြစ်၏။

လောလောဆယ်တွင် ‌ရွှေအလင်းဘုရားကျောင်းတွင် ဂိုဏ်းသား ခုနစ်ထောင်၊ ရှစ်ထောင်ရှိနေ၏။ သူတို့အားလုံးက စိတ်လှုပ်ရှားနေသောအမူအရာများဖြင့် လေလယ်တွင် ဟိုဟိုသည်သည်ပျံဝဲရင်း ယောက်ယက်ခတ်နေကြသည်။ အံ့ဩစရာအရှိန်အဝါတစ်ခုနှင့်အတူ တောက်ပသောလင်းရောင်တစ်ခုသည် တဖြည်းဖြည်း ဖြာထွက်လာ၏။

" သခင်ငါးဆီက သတင်းရောက်တယ်ဟေ့။ သခင်ငါးဆီက သတင်းရောက်တယ်။ ခေါင်းဆောင်ကြီး ပြန်လာပြီ။ သခင်ငါးကို သွားကြိုရအောင် "

" သခင်ငါးကိုယုံကြည် ထာ၀ရဘ၀ရမည်။ သခင်ငါး ပေါ်လာ ဘယ်သူရန်ဖြစ်ရဲမှာ "

အနက်‌ရောင်နယ်မြေနှင့် ‌အနောက်ပိုင်းသဲကန္တာရကြားက နယ်စ‌ပ် မဟူရာဂိတ်တံတိုင်းကြီး၏ အပြင်ဘက်တွင် မန်ဟိုနှင့်ရှုပိုင်သည် တိတ်ဆိတ်စွာ ရပ်နေကြ၏။

မန်ဟိုက ရှုပိုင်ကို ဖြေးညည်းစွာ လှမ်းကြည့်ရင်းပြောသည်။ " နောက်ဆုံးတိုက်ပွဲ "

ရှုပိုင်က တခဏ တိတ်ဆိတ်နေပြီးနောက် ရယ်လိုက်၏။ ၎င်းသည်‌ ခေါင်းမာမှုတို့နှင့် ပြည့်နှက်နေသော ခါးသက်သက်ရယ်သံကြီး ဖြစ်လေသည်။ သူက မန်ဟို့ကို ပြန်ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။

" နောက်ဆုံးတိုက်ပွဲ။ အနိုင်ရရင် ငါတို့အနက်ရောင်နယ်မြေကို ၀င်ရောက်နိုင်မယ်။ ကြေညာချက်အတိုင်း မိစ္ဆာစိတ်ဝိညာဉ်ရှိတဲ့ဘယ်သူမ‌ဆို အနက်ရောင်နယ်မြေကို‌ ၀င်လို့ရတယ်မဟုတ်လား။ ဒါကြောင့် ငါတို့နောင်တရစရာအကြောင်းမရှိဘူး။ ဒါပေမယ့် ရှုံးသွားရင်တော့….

“မန်ဟို ငါသေသွားရင် နဂါးနက်မျိုးနွယ်စုကို မင်းတို့ကျီးနတ်မင်းမျိုးနွယ်စုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာခွင့် ပေးနိုင်မလား" ရှုပိုင်သည် ရိုးသားဖြူစင်သောအမူအရာဖြင့် မန်ဟို့ကို ကြည့်နေ၏။

မန်ဟိုက ရှုပိုင်ကို ပြန်ကြည့်ပြီး အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။

" အဲ့ဒီလိုဆိုမှတော့ သေရမှာကို ဘာကြောက်စရာရှိတော့မလဲ။ ပျော်စရာတိုက်ပွဲကြီးပဲဟေ့ " ရှုပိုင်က အားပါးတရရယ်ရင်း နဂါးနက်ကြီးအပေါ်သို့ ခုန်တတ်လိုက်၏။ တချွတ်ချွတ်အသံများနှင့်အတူ ကြွက်သားများ ဖောင်းကြွလာပြီး သူ၏ခန္ဓာကိုယ်ကြီးသည် ကြီးထွားလာကာ ကြောက်မက်ဖွယ်ရာ အပြင်အားကိုယ်ခွန်အားကြီးကို ဖော်ပြလိုက်သည်။

သူက နဂါးနက်မျိုးနွယ်စု၀င်အားလုံးကို ပြန်ကြည့်ပြီး အော်သည်။ သူတို့အားလုံးသည် ခေါင်းထောင်ပြီး သူ့ကို ကြည့်လိုက်ကြ၏။ " ချိတ်တံဆိပ်တွေဖွင့် တိုက်ကြ "

နဂါးနက်မျိုးနွယ်စုတစ်စုလုံး ပြန်တုံ့ပြန်ကြသည်။ " တိုက်ကြ "

နဂါးနက်မျိုးနွယ်ဝင်များက ရှုပိုင်နောက်မှ ချီတက်လိုက်ပါသွားကြလေပြီ။ သူတို့သည် လက်ကောက်ဝတ်တွင်ပတ်ထားသော ကြိုးနက်များကို ဖြေလိုက်ရာ ကြောက်မက်ဖွယ်ရာ အရှိန်အဝါကြီး ပေါက်ကွဲထွက်လာသည်။ သူတို့အားလုံးသည် ချက်ချင်း ထွားကြိုင်းလာကြ၏။ ဤချိတ်တံဆိပ်က နဂါးနက်မျိုးနွယ်စု၏ အပြင်အားကိုယ်စွမ်းအား အစစ်အမှန်ကို ထိန်းချုပ်ထားခြင်းဖြစ်လေသည်။ ချိတ်တံဆိပ်ကို ဖွင့်ပြီးနောက် မျိုးနွယ်ဝင်များ၏ ခန္ဓာကိုယ်များမှာ ခေါင်းတစ်လုံးတိတိ ကြီးထွားလာ၏။ သူတို့သည် ရိုင်းစိုင်းသော နဂါးနက်ကြီးများသဖွယ် ပြေးတက်သွားကြလေပြီ။

မန်ဟိုမှာမူ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ သူသည် ညာဘက်ကို မြှောက်လိုက်ရာ နတ်ဆိုးလှံပေါ်လာ၏။ သူက ကျီးနတ်မျိုးနွယ်ဝင်များနှင့် ဟိုးအနောက်ရှိ အနောက်ပိုင်းသဲကန္တာရ၏မြောက်ပိုင်းကို ပြန်ကြည့်လိုက်သည်။ ထိုနေရာက ကျီးနတ်မင်းမျိုးနွယ်စု၏ အိမ်ဖြစ်ခဲ့သည်။ သူသည် ရွှေကျီးကန်းနှင့် သစ်ပင်ကြီးအကြောင်း တွေးမိ၏။ သူတို့ပေးခဲ့သည့် ကတိ၊ ကျီးနတ်မင်းမျိုးနွယ်စုကို ဤနေရာသို့ ရောက်အောင် ဦးဆောင်လာခဲ့ရသည့် ရှည်လျားသောလမ်းကြီးကို ပြန်တွေးမိသည်။

ပုံရိပ်များစွာ သူ့စိတ်ထဲတွင် ဖြတ်ပြေးသွားပြီး နောက်ဆုံး၌ လက်ရှိ အခိုက်အတန့်ဖြစ်သွားခဲ့၏.... နောက်ဆုံးတိုက်ပွဲ။

"တိုက်" မန်ဟို့ပါးစပ်မှ ထွက်လာသော ဤစကားလုံးတစ်လုံးက မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်သွားသည်။ ကျီးနတ်မင်းမျိုးနွယ်ဝင်များ၏ သွေးတို့ ပွက်ပွက်ဆူလာ၏။ အသတ်အဖြတ်စိတ်ဆန္ဒများ တဟုန်းဟုန်းတောက်လာသည်။ သူတို့သိသည်.... ဤသည်မှာ သေခြင်းနှင့်ရှင်ခြင်းကို ဆုံးဖြတ်ပေးမည့် နောက်ဆုံးအခိုက်အတန့်ဖြစ်သည်။

ကမ္ဘာသစ်မိစ္ဆာလေးသိန်းက ကောင်းကင်အား တသိမ့်သိမ့်တုန်ခါနေသော ဟိန်းဟောက်သံများ ထုတ်လွှတ်ရင်း ကောင်းကင်အပြည့်နေရာယူထား၏။ ‌မောင်မွှေးထူလည်း ရှိသည်။ ယခုတွင် သူသည် အဆင့် (၁၀)ကမ္ဘာသစ်မိစ္ဆာ ဖြစ်နေလေပြီ။ မွှေးထူနှစ်၊ မွှေးထူသုံးနှင့် အခြားအကောင်များမှာ သူ့အတွက် ပြိုင်ဘက်မဟုတ်သော်လည်း မည်သို့ဆိုစေ သူတို့သည် ရဲဝင့်ကြ၏။ ‌ဘီလူးရိုင်းကြီးကိုလည်း မြင်ရသည်။ ဂုလာလည်း ‌စစ်မှန်သော မိစ္ဆာသားရဲသခင်တစ်ဦးအ‌နေဖြင့် ခရီးတစ်လျှောက်လုံး မန်ဟိုအတွက် အတော်လေး အားကိုးရခဲ့၏။ ယခုတွင် သူ၏မျက်လုံးများမှာ နီရဲတွတ်နေလေသည်။

ကမ္ဘာသစ်မိစ္ဆာလေးသိန်းကား ဟိန်းဟောက်ကြုံးဝါးရင်း ချီတက်သွားကြ၏။

ကြက်တူရွေး၏ ခပ်စူးစူးအော်သံက ရုတ်တရက် ထွက်လာသည်။

"နေရာယူကြ မှတ်ထား နေရာယူကြနော်..."

***

All Chapters