မန္တန်အစီအရင်အား ထပ်မံမြင်တွေ့ရခြင်း
Vol. 37 Ch. 511
လူနှစ်သောင်း နှင့် နှစ်သိန်း တိုက်ပွဲ။
ဤသည်မှာ အင်အား အင်မတန် ကွာဟလွန်းသော တိုက်ပွဲကြီးတစ်ပွဲဖြစ်၏။ ကြည့်ရှုနေကြသူများအတွက် ၎င်းမှာ တစ်ဖတ်သတ် ချေမှုန်းခြင်းထက် မပိုတော့ပေ။
နဂါးနက်နှင့် ကျီးနတ်မင်းမျိုးနွယ်စုတို့သည် တိုက်ပွဲပေါင်းရာချီကို စွမ်းစွမ်းတမံ ဆင်နွှဲခဲ့ဖူးသော ဝါရင့်စစ်သည်တော်ကြီးများပင် ဖြစ်လင့်ကစား အင်အားဆယ်ဆကွာသော ဓားပြမျိုးနွယ်စုများကို ရင်ဆိုင်ရမည့်အရေးတွင် နိုင်နိုင်ခြေ အလွန်နည်းပါးလေ၏။ သူတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ မသေခင် ဓားပြမျိုးနွယ်ဝင်များအား သတ်နိုင်သမျှများများ သတ်ဖို့သာရှိသည်။
ရွေးချယ်စရာကား.... ထိုတစ်ခုတည်းသာ ရှိပုံရသည်။
သို့သော် .... ကျီးနတ်မင်းနှင့် နဂါးနက်မျိုးနွယ်စုအတွက် နောက်ထပ်ရွေးချယ်စရာ တစ်ခုရှိသေး၏.... မန်ဟို ၊ ကျီးနတ်မင်းမျိုးနွယ်စု၏ ကိုးကွယ်ရာဘိုးဘေးကြီးဖြစ်သူ။ သူ့တွင် ကမ္ဘာသစ်မိစ္ဆာများအား ထိန်းချုပ်ပြီး စိတ်ညှို့နိုင်စွမ်း ပိုင်ဆိုင်ထားလေသည်။ ကျီးနတ်မင်းမျိုးနွယ်စုသည် လူတစ်ထောင်မပြည့်တပြည့်လေးဖြင့် အစပြုခဲ့ရသော်လည်း တိုက်ပွဲတစ်ပွဲစီတိုင်းကြောင့် ယခုလို ရဲစွမ်းသတ္တိရှိသည်ထိ ကြီးထွားလာခဲ့ပြီဖြစ်ရာ မန်ဟို၏ကမ္ဘာသစ်မိစ္ဆာများက အနိုင်ရဖို့အတွက် အခရာဖြစ်လာပေလိမ့်မည်။
အခြားမည်သည့်မျိုးနွယ်စုမှ မပိုင်ဆိုင်နိုင်သော ကမ္ဘာသစ်မိစ္ဆာလေးသိန်းက ဤတိုက်ပွဲကို အဆုံးအဖြတ်ပေးမည်မှာ ယုံမှားဖွယ်မရှိပေ။
ညာသံပေး၍ ချီတက်သွားသံများ ဆူညံသွားပြီး အစုလိုက်အပြုံလိုက် သတ်ပွဲကြီးကား စစ်မြေပြင်ပေါ်တွင် စတင်ခဲ့လေပြီ။ မျက်စိတစ်မှိတ်အတွင်း ကျီးနတ်မင်းမျိုးနွယ်စုနှင့် နဂါးနက်မျိုးနွယ်စုမှာ ချွန်မြသောဓားသွားများသဖွယ် ဤဓားပြမဟာမိတ်အဖွဲ့အတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားလေတော့၏။
တိုက်ခိုက်သတ်ဖြတ်သံအပေါင်းက ကောင်းကင်နှင့်မြေကြီးကို ယိမ်းထိုးတုန်ခါနေစေသည်။ ဤတိုက်ပွဲတွင် ကျီနတ်မင်းမျိုးနွယ်စု၏ စစ်ဗျူဟာများမှာ ယခင်တိုက်ပွဲများနှင့် မတူကွဲပြားသယောင်ပင်။ သူတို့သည် ထူးခြားသော တိုက်ပွဲအခင်းအကျင်းအတိုင်း တိုက်ခိုက်နေကြသည့်အလား ရံဖန်ရံခါ ဟိုလှုပ်သည်လှုပ် လှုပ်နေကြ၏။
လေများ တဝေါဝေါ တိုက်ခတ်လာပြီး မိုးမှောင်ကျလာသည်။ တိမ်စိုင်များ ဟိုဟိုသည်သည် လွင့်စင်ကုန်သည်။ ကောင်းကင်တွင် ပြောင်းလဲမှုကြီးများ ဖြစ်နေသည့်အလား ထင်ရ၏။
ပထဝီမြေကြီးသည် တသိမ့်သိမ့်တုန်ရီလာကာ တောင်တန်းများလည်း လှုပ်ခါလာလေပြီ။ ကြွေးကြော်သံများက ကောင်းကင်ကြီးကို ယိမ်းထိုးနေစေတော့သည်။ ခရမ်းရောင်သမ်းသော မိုးရေပေါက်တို့သည်လည်း ရက်ရက်စက်စက် သတ်ဖြတ်နေသည့် စစ်မြေပြင်အပေါ် တဖွဲဖွဲ ရွာကျလျက်ရှိ၏။
နဂါးနက်မျိုးနွယ်စုကား ရူးသွပ်နေကြသည့်အလားပင်။ မျိုးနွယ်ဝင်တစ်သောင်းကျော်မှာ အပြင်းအထန် တိုက်ခိုက်နေကြ၏။ ဓားပြမျိုးနွယ်ဝင်တစ်ယောက်မှ သူတို့ကို မခုခံနိုင်။
ကျီနတ်မင်းမျိုးနွယ်ဝင်များမှာမူ သူတို့၏အသတ်အဖြတ်စိတ်ဆန္ဒသည် မိုးကောင်းကင်ယံအထိတိုင် ရိုက်ခတ်လှုပ်ရှားလျက် ရှိပေသည်။ သူတို့၏မျက်လုံးများမှာ သွေးကဲ့သို့ ရဲရဲနီလျက်ရှိ၏။ ဤတိုက်ပွဲသည် သေခြင်း၊ ရှင်ခြင်းကို ဆုံးဖြတ်ပေးမည့် တိုက်ပွဲဖြစ်သည်။ အသက်မရှင်မှတော့ ... သေလည်း ဘာအရေးနည်း။
အသက်ရှင်နိုင်သည့် အခွင့်အရေးဟူ၍ မျက်စိအရှေ့ရှိ မဟူရာဂိတ်တံတိုင်းကြီးကို ဖြတ်သွားနိုင်ဖို့သာ ရှိသည်။ မဟုတ်လျှင် ခရမ်းရောင်မိုးရေထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းကာ သေမျိုးများနည်းတူ ဘဝဆုံးရပေလိမ့်မည်။ ထို့ကြောင့် သူတို့သည် ထုတ်နိုင်သမျှသော အသက်စွမ်းအားမီးတောက်မီးလျှံတို့ဖြင့် ဝုန်းဒိုင်းကြဲလျက် ရှိ၏။ သူတို့မှာ သေခါနီးတွင်ပင် ဟားတိုက်ရယ်ကြလေသည်။
မှော်ပညာရပ်များ ပေါက်ကွဲနေသဖြင့် တဝုန်းဝုန်း၊ တဂျုန်းဂျုန်းမြည်သံများ ထွက်ပေါ်နေသည်။ ဟိန်းဟောက်ကြုံးဝါးသံများလည်း လေတွင် ပြည့်နှက်နေ၏။ ၎င်းတို့အားလုံးက အတူတကွ ပေါင်းစည်းကာ ရွှင်လန်းတက်ကြွဖွယ် စစ်တေးသံတစ်ပုဒ်ကို ဖန်တီးပေးလိုက်တော့သည်။ နောက်ခံတီးလုံးမရှိ ၊ ညာသံပေး တိုက်ခိုက်သံများသာ စိုးမိုးနေသည်။ သီချင်းစာသားမရှိ၊ ထစ်ချုန်းတုန်ခါမြည်ဟည်သံများသာ စည်းချက်ညီနေ၏။
ရှုပိုင်သည် ကောင်းကင်ကို မျက်နှာမူ၍ အားပါးတရ အော်ရယ်ပြီး စစ်မြေပြင်သို့ ပြေးထွက်သွားလေပြီ။ သူသည် ရပ်တန့်ခြင်းမရှိသလို ၊ သွေးတို့သည်လည်း အဘက်ဘက်သို့ လွင့်စင်နေတော့၏။ သွေးတချို့က သူ့သွေးဖြစ်သော်လည်း အများစုမှာ ရန်သူများနှင့် သက်ဆိုင်သည်။ သူ၏ရယ်သံကြီးမှာ ဝမ်းနည်းရိပ်သမ်းနေသည့်တိုင် ခေါင်းမာစွာဖြင့် မျှော်လင့်နေသည်ကိုလည်း ခံစားရလေသည်။ ၎င်းက ဤသို့လည်း ပြောသည်။ "ငါ အသက်မရှင်နိုင်ရင် တိုက်ခိုက်ရင်းနဲ့ သေဆုံးမယ်"
မန်ဟိုက မြင်ကွင်းကြီးကို လှမ်းကြည့်နေပြီး သူ၏နှလုံးသားမှာ ပြင်းထန်စွာ စူးအောင့်လာသည်။ သူ၏သွေးများ တပွက်ပွက် ဆူလာပြီး မျက်လုံးထဲတွင် သွေးကြောများ ပြည့်နှက်သွား၏။ ဤသည်မှာ နောက်ဆုံး တိုက်ပွဲဖြစ်သည့်အတွက် သူ၏အသက်စွမ်းအားများကို ဆူပွက်လာစေတော့သည်။
မဟူရာဂိတ်တံတိုင်းကြီး၏ ရှေ့မှောက်တွင် ဖြစ်ပျက်နေသည်မှာ ပြဇာတ်ကပြနေသည့်အလားပင်.... သူရဲခိုအပေါ်မှ လူများကတော့ ပြဇာတ်ကို ငုံ့ကြည့်နေသော ပွဲကြည့်ပရိသတ်များ ဖြစ်၏။ မန်ဟိုသည် ဓားပြမျိုးနွယ်စု (၂၀) နှင့် အဆုံးကိုပင် မမြင်ရလောက်အောင် ပြိတ်သိပ်ကြပ်နေသော ကျင့်ကြံသူထောင်များစွာကို ကြည့်နေသည်။ သူတို့မှာ သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်းတောက်လျက် လူသတ်လှိုင်းလုံးကြီးများသဖွယ် တိုက်ပွဲအတွင်းသို့ ချီတက်သွားကြလေ၏။
ခရမ်းမိုးသည် လူတိုင်း၏ခန္ဓာကိုယ်များအပေါ်သို့ တဖြောက်ဖြောက် ပက်ဖြန်းရင်း မရပ်မနား ရွာဆဲရွာမြဲပင်။
"ဇာတ်ကတဲ့သူပဲ ဖြစ်ဖြစ်၊ ဇာတ်ကြည့်သူပဲဖြစ်ဖြစ်.... ဒါဟာ တိုက်ပွဲပဲ " မန်ဟို၏မျက်လုံးထဲမှ အသတ်အဖြတ်စိတ်ဆန္ဒများ ထွက်ပေါ်လာသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ဟိန်းဟောက်နေသော ကမ္ဘာသစ်မိစ္ဆာလေးသိန်းက ဓားပြမျိုးနွယ်စုများထံသို့ ပြေးဝင်သွားလေသည်။
ဓားပြမျိုးနွယ်စုများအကြား၌ စုစုပေါင်း မိစ္ဆာသားရဲသခင်တစ်ရာကျော် ရှိချေသည်။ သူတို့သည် အကာအကွယ်များအောက်ဝယ် ကမ္ဘာသစ်မိစ္ဆာလေးသိန်းတပ်ကို ထိန်းချုပ်ရင်း မန်ဟို့ကို တန်ပြန်တိုက်ခိုက်နေကြ၏။
ဤအခိုက်အတန့်တွင် ဓားပြမျိုးနွယ်စုနှစ်ဆယ်မှ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများအားလုံး ပျံထွက်လာကြလေပြီ။ သူတို့သည် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ထုတ်လွှတ်ရင်း နဂါးနက်နှင့် ကျီးနတ်မင်းမျိုးနွယ်စုထံသို့ ဦးတည်သွားကြ၏။
သူတို့သည် အလွန်မြင့်မားသော အမြန်နှုန်းဖြင့် ရွေ့လျားလာရာ ခပ်ဝါးဝါးအတန်းများထက် မပိုတော့ပေ။ သူတို့က ပေါ်လာသည်နှင့်တစ်ပြိုင်နက် တိုက်ပွဲ၏အလယ်တည့်တည့်သို့ ရောက်လာခဲ့ပြီဖြစ်သည်။ နတ်ဘုရားစွမ်းရည်များနှင့် မှော်ပညာရပ်များ၏ တဝုန်းဝုန်း ပေါက်ကွဲသံများနှင့်အတူ သတ်ဖြတ်သံများ ဆူညံလာတော့သည်။ ကျီးနတ်မင်းမျိုးနွယ်စုနှင့် နဂါးနက်မျိုးနွယ်စု၏ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများမှာ သုံးဆယ်ပင်မပြည့်ပေ။ ဤဓားပြမျိုးနွယ်စုနှစ်ဆယ်မှ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် သူတို့မှာ အရေးနိမ့်လေသည်။
သို့သော် ... မန်ဟို၏ ကမ္ဘာသစ်မိစ္ဆာအုပ်မှာ ထိုတိုက်ပွဲတွင် ဝင်ကူပေးရန် အလွန်တရာ အစွမ်းထက်သောကမ္ဘာသစ်မိစ္ဆာတချို့ကို စေလွှတ်ပေးနိုင်သည်အထိ အင်အားတောင့်လေသည်။ ချက်ချင်းပင် ၎င်းတို့ကား စစ်မြေပြင်ပေါ်တွင် ဖရိုဖရဲ ပျက်စီးခြင်းတို့ ဖြစ်ပွားစေတော့၏။
ထို့နောက် ဓားပြမျိုးနွယ်စုနှစ်ဆယ်မှ အရုပ်ဘိုးဘေးကြီးများ တိုက်ပွဲထဲ ဝင်ရောက်လာသည်။ ၎င်းတို့သည် ပုံပန်းသွင်ပြင်အမျိုးမျိုးဖြစ်သော်လည်း အံ့ဩတုန်လှုပ်ဖွယ်အရှိန်အဝါများကို ထုတ်လွှတ်နေ၏။ ၎င်းတို့ ဝင်ရောက်လာသည့်အခါ နဂါးနက်မျိုးနွယ်စုနှင့် ကျီးနတ်မင်းမျိုးနွယ်စု၏ ဘိုးဘေးကြီးနှစ်ကောင်လုံး ပေါ်လာသည်။ မျိုးခြားသားရဲကြီးနှင့်အတူ ၎င်းတို့သည် တိုက်ခိုက်ရန် ပြေးတက်သွားကြ၏။
တိုက်ပွဲသည် ယခုလေးတင်မှ စတင်ခဲ့သော်လည်း အဆုံးအစွန်အထိ ထိတ်လန့်ဖွယ် ကောင်းနေပြီဖြစ်သည်။
အရုပ်ဘိုးဘေးကြီးလေးကောင်နှင့် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူနှစ်ဆယ်မှာ ရုတ်တရက် မန်ဟိုနှင့် ရှုပိုင်ကို အဘက်ဘက်မှ ဝိုင်းလိုက်ကြသည်။ အထူးသဖြင့် မန်ဟိုပင်။ သူ့ကို အရုပ်ဘိုးဘေးကြီးသုံးကောင်နှင့် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူခုနစ်ယောက်က ပစ်မှတ်ထားနေကြ၏။ သူ ဘယ်သူလဲ သူတို့ သိကြပြီး သူ့ကို သတ်လိုက်လျှင် ကမ္ဘာသစ်မိစ္ဆာအုပ် ကစဉ့်ကလျားဖြစ်သွားလိမ့်မည်ကိုလည်း သိကြသည်။ ထိုသို့ဖြစ်သွားလျှင် ... တိုက်ပွဲကို အလွယ်တကူ အနိုင်ရမည်ဖြစ်၏။
သူတို့ ချဉ်းကပ်လာကြစဉ် မန်ဟို၏မျက်လုံးများသည် အသတ်အဖြတ်စိတ်ဆန္ဒဖြင့် တောက်ပသွား၏။ သူသည် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ လျှပ်စီး ဝင်းခနဲ လက်သွားပြီး ပြီး လီမျိုးနွယ်ခေါင်းဆောင်ကြီး၏ မိုးကြိုးဝိညာဉ်မှာ ဆွဲထုတ်ခံလိုက်ရတော့သည်။
ဝိညာဉ် ထွက်လာသည်နှင့်တစ်ပြိုင်နက် လီမျိုးနွယ်စုခေါင်းဆောင်ကြီးကို ဗဟိုပြုလျက် အနီရောင်မိုးကြိုးတန်းကြီး ထစ်ချုန်းသွားသည်။ အကန့်အသတ်မဲ့သော မိုးကြိုးတန်းများက အဘက်ဘက်သို့ ဖြာထွက်သွားကာ အရာအားလုံးကို လွှမ်းခြုံအုပ်မိုးနေသော မိုးကြိုးပင်လယ်ကြီးဖြစ်သွားလေပြီ။
မိုးကြိုးများအကြားတွင် မန်ဟို့ကို အမဲဖြတ်ချင်နေသော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူခုနစ်ယောက်နှင့်အတူ အရုပ်ဘိုးဘေးကြီးလေးကောင်လုံး ပြင်းပြင်းထန်ထန် တုန်ရီသွား၏။ ဤသည်မှာ သာမန်မိုးကြိုးမဟုတ်၊ မိုးကြိုးဝိညာဉ်အဖြစ် လီမျိုးနွယ်စုခေါင်းဆောင်ကြီး စုပ်ယူခဲ့သော ပြစ်ဒဏ်မိုးကြိုး ဖြစ်ချေသည်။
ဂျိန်းခနဲ ထစ်ချုန်းသံကြီး မြည်ဟည်းသွားစဉ် မန်ဟို၏ရန်သူအားလုံး တုန်ရီသွားကြသည်။ သူက ထိုအချိန်တွင် အစိမ်းရောင်အခိုးအငွေ့နှင့် မဟူရာလတစ်စင်းအသွင် ပြောင်းလိုက်သည်။ ထို့နောက် ဓားပြမျိုးနွယ်စုတပ်ဖွဲ့အထဲမှ အနီးဆုံးရှိ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်ဆီသို့ လျှပ်တပြက် ပြေးဝင်သွားလေပြီ။ သူ၏လက်ထဲတွင် နတ်ဆိုးလှံပေါ်လာပြီး ကြောက်မက်ဖွယ်မျက်နှာကြီးများပြည့်နေသည့် နတ်ဆိုးမြူများ တလိပ်လိပ်ထလာ၏။
နတ်ဆိုးလှံက အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်ကျင့်ကြံသူ၏ရင်ဘတ်အထဲသို့ ထိုးစိုက်ဝင်ရောက်သွားသဖြင့် မချိတင်ကဲ အော်သံများ ပဲ့တင်ရိုက်ခတ်သွားသည်။ မြူများသည် ထိုလူ့ကို လွှမ်းခြုံသွားပြီး ဟီးဟီးဟားဟားရယ်နေသော ကြောက်စရာမျက်နှာကြီးများက သူ့ကို အစိမ်းလိုက် ကိုက်စားကြတော့သည်။ မန်ဟိုက ထပ်မံ ပျောက်ကွယ်သွားလေပြီ။
အနုသုခုမရုပ်ခန္ဓာ နှောင်းပိုင်းအဆင့်ကျင့်ကြံသူခုနစ်ယောက်က အရုပ်ဘိုးဘေးကြီးလေးကောင်နှင့်အတူ ဟိန်းဟောက်ရင်း မန်ဟို့ဆီ ပြေးဝင်လာကြသည်။
သူတို့ မန်ဟို့အနားသို့ ဒုတိယအကြိမ် နီးကပ်လာစဉ် သွေးမျက်နှာကြီးတစ်ဖက်က မန်ဟို့ဘေးတွင် မှော်ဆန်ဆန် ဖြစ်ပေါ်လာသည်။ သွေးရောင်မိုးပေါက်များ ရွာကျလာ၏။ နှစ်ဖက်လုံး တစ်ဖက်နှင့် တစ်ဖက် ဝင်တိုက်သွားပြီး မန်ဟိုတစ်ကိုယ်လုံး တုန်ရီသွားသည်။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး အနောက်သို့ လွင့်ထွက်သွားကာ ရပ်လိုက်နိုင်သောအခါတွင် ထပ်မံ သွေးအန်လိုက်ရပြန်၏။ သူ၏ရန်သူများမှာ မျက်နှာဖြူဆုပ်ဖြူလျော်ဖြစ်လျက် ရပ်နေကြသည်။ တခဏကြာသော် သူတို့သည် နောက်မှ ထပ်ကြပ်မကွာ လိုက်လာပြန်လေသည်။
မန်ဟို၏မျက်လုံးများ အရောင်လက်သွားသည်။ သူ့တွင် ပါးစပ်မှ သွေးများကို သုတ်ရန် အချိန်မရှိပေ။ သူ၏ ခန္ဓာကိုယ်သည် အစိမ်းရောင်အခိုးအငွေ့အသွင် ပြောင်းသွားပြီး မြန်နှုန်းမြှင့်သွေးအလင်းကိုပင် ထပ်သုံးလိုက်သည်။ သူပြန်ပေါ်လာသောအခါ အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ နောက်သို့ ရောက်နေလေပြီ။ သူသည် ညာလက်ကို ဆုပ်၍ ထိုလူ့အား ထိုးချလိုက်သည်။ မန်ဟို့လက်သီးက ထိုသူ၏အကာအကွယ်အားလုံးကို ချိုးဖျက်ရင်း ခန္ဓာကိုယ်အပေါ်သို့ ကျရောက်၍ သူ၏အနုသုခုမရုပ်ခန္ဓာရုပ်ခန္ဓာကို အရှိန်အဟုန်ပြင်းစွာ ထိုးနှက်ပစ်လိုက်သည်။
"မန်ဟို" သူ့အနောက် လိုက်နေသော အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့် ကျင်ကြံသူတစ်ယောက်က သတ်ဖြတ်လိုသော မျက်လုံးကြီးများဖြင့် အော်သည်။ "မင်း ငါတို့ကို တိုက်ရဲလား"
"ကျုပ်က အရူးမဟုတ်ဘူး" မန်ဟိုက ပြန်ဖြေသည်။ သူ၏မျက်ဝန်းများတွင် အတန်ငယ် အထင်သေးရွံရှာနေသော အရိပ်အယောင်အား မြင်ရနိုင်၏။ "အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်ကျင့်ကြံသူ ခုနစ်ယောက်နဲ့ ကျုပ်နဲ့တဲ့လား။ ဒါတောင် ကျုပ်ကို တိုက်ခိုက်ရဲလား မေးတယ်ပေါ့။ အရင်ဆုံး ကျုပ်ကို တားနိုင်လားပဲ ကြည့်ပါဦး" သူကား မြန်နှုန်းမြှင့်သွေးအလင်း သုံးရင်း ပျောက်ကွယ်သွားပြန်သည်။
သူပြန်ပေါ်လာသည့်နှင့် တစ်ချိန်တည်းမှာပင် နောက်ထပ် အရုပ်ဘိုးဘေးကြီးနှစ်ကောင် ဘွားခနဲ ထပ်ပေါ်လာ၏။ ၎င်းတို့က အခြားအရုပ်ဘိုးဘေးကြီးများနှင့်အတူ မန်ဟို ထွက်ပြေးသွားသည့်နောက်သို့ လိုက်လာကြသည်။
ထို့နောက် အချိန်အနည်းငယ်ကြာသော် မန်ဟိုမှာ စစ်မြေပြင်ပေါ်၌ ဟိုခုန်လိုက်၊ သည်ခုန်လိုက်နှင့် တိုက်ကွက် တစ်ခုပြီးတစ်ခုကို ရှောင်တိမ်းနေတော့သည်။ တစ်ခုမှ မထိဘဲ မနေသော်လည်း သူက သွေးတချို့ အန်ပြီးလျှင် ဆေးလုံးများ ထုတ်စားတတ်၏။ သူ၏အမြန်နှုန်းမှာတော့ စိုးစဉ်းမျှပင် လျှော့ကျသွားခြင်းမရှိခဲ့ပေ။
သူ့၏မြင်ကွင်းထဲရှိ အားနည်းသော အနုသုခုမရုပ်ခန္ဒာအဆင့်ကျင့်ကြံသူတိုင်း အသက်နှင့်ခန္ဓာ အိုးစားကွဲကုန်သည်သာ ဖြစ်လေ၏။
မန်ဟို့ကို သတ်ရန် ကြိုးစားနေသော အဖွဲ့နှင့် လာရောက်ပူးပေါင်းသော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ တစတစ ပိုမိုများပြားလာသည်။ လောလောဆယ်တွင် (၁၉) ယောက်ရှိနေပြီ ဖြစ်သည့်အပြင် အရုပ်ဘိုးဘေးကြီးကိုးကောင်လည်း ပါရှိ၏။ သူတို့သည် မန်ဟို့ကို ဘယ်ပေါင်းစုံမှ လိုက်နေကြလေသည်။ ခပ်လှမ်းလှမ်းရှိ အစွမ်းထက်ဆုံး ရန်သူကျင့်ကြံသူများလည်း အသတ်အဖြတ်စိတ်ဆန္ဒများ ထုတ်ဖော်လျက် ချဉ်းကပ်လာနေကြသည်။
မထီမဲ့မြင်အပြုံးတစ်ခု မန်ဟို့၏မျက်နှာပေါ်တွင် ဖြစ်ထွန်းသွားသည်။ သူသည် ရိပ်ခနဲ ဓားပြမျိုးနွယ်စု၏ အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ဘေးတွင် ပြန်ပေါ်လာ၏။ ထိုလူမှာ မျက်နှာပျက်သွားပြီး သူဘာမှမလုပ်နိုင်ခင် မန်ဟိုက လက်ကို ဝှေ့ယမ်းလိုက်ရာ တံခွန်သုံးခုအလံ ထွက်လာသည်။ ၎င်းက ထိုလူကို ချက်ချင်း ရစ်ပတ်ပြီး အဝေးသို့ အားကုန်ပစ်ပေါက်လိုက်လေသည်။
အလံပြန်ပြန့်လာစဉ်တွင် ထိုလူ၏ခန္ဓာကိုယ်မှာ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားတော့၏။
ထိုကဲ့သို့ ရန်စမှုမျိုးနှင့် အထူးသဖြင့် မန်ဟို၏ ကမ္ဘာသစ်မိစ္ဆာလေးသိန်းမှာ စစ်မြေပြင်အပေါ် သက်ရောက်မှု ရှိလေသည်။ သူ့ကို သတ်ရန် ကြိုးစားနေသော အဖွဲ့တွင် လာရောက် ပူးပေါင်းသည့် ကျင့်ကြံသူများ တစတစ များပြားလာ၏။
တစ်ချိန်တည်းမှာပင် ရန်သူအဖွဲ့၏ အစွမ်းထက်ဆုံးကျင့်ကြံသူများက သူ့အပေါ် အာရုံစိုက်နေကြသည့်အတွက် ကျီးနတ်မင်းနှင့်နဂါးနက်မျိုးနွယ်စုအပေါ်တွင် ဖိအားလျော့ကျသွားလေသည်။ ကနဦးပိုင်း တိုက်ပွဲတွင် မျိုးနွယ်စုနှစ်စုလုံး သုံးဆယ်ရာခိုင်နှုန်းကျော် ထိခိုက်ဆုံးရှုံးခဲ့၏။ သေဆုံးသွားခဲ့သည့် အနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲများပင် ရှိသည်။
ထိုနည်းတူ ဓားပြမျိုးနွယ်မဟာမိတ်အဖွဲ့သည်လည်း မျိုးနွယ်ဝင် သုံးသောင်းကျော်၏ သေဆုံးခြင်းဖြင့် ပေးဆပ်ထားရ၏။
ဤအခိုက်အတန့်တွင် ကျီးနတ်မင်းမျိုးနွယ်ဝင်များက အခင်းအကျင်းတစ်ခုအတိုင်း နေရာယူနေကြသည်မှာ ပိုမိုထင်ရှားလာသည်။ တကယ်တမ်း သူတို့ကြားတွင် တထောင်းထောင်းထနေသော မြူများကိုပင် မြင်နေရပြီဖြစ်သည်။
"မန်ဟို မင်း ပြေးဖို့ပဲ တတ်တာလား။ ထွက်ပြေးပြီး ငါတို့လူတွေကို သတ်နေဦးမယ်ဆိုရင် မင်းရဲ့ ကျီးနတ်မင်းမျိုးနွယ်စုက သာမန်ကျင့်ကြံသူတွေကိုလည်း ငါတို့ သွားသတ်ရလိမ့်မယ်"
"ဟုတ်တယ် မင်းလိုပဲ သွားသတ်ရုံပေါ့"
မန်ဟိုသည် သူ့ကို လိုက်ဖမ်းနေသူများ၏ အော်သံများကို လျစ်လျူရှုထား၏။ သူ၏ခန္ဓာကိုယ်က အမြန်ဆုံးနှုန်းဖြင့် ရွေ့လျားနေဆဲပင်။
ထိုစဉ် မဟူရာဂိတ်တံတိုင်းကြီးအပေါ်တွင် ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့နှင့် အခြားသောမျိုးနွယ်စုများမှ ကျင့်ကြံသူများသည် ဟေးလားဝါးလား ရယ်ကာမောကာဖြင့် စကားစမြည်ပြောဆိုနေကြ၏။
"အဲ့ဒီကောင်က ကမ္ဘာသစ်မိစ္ဆာလေးသိန်းကို ထိန်းချုပ်နိုင်တယ်။ ပါရမီရှိသားပဲ။ ဒါပေမဲ့ တစ်ယောက်တည်းက အများကြီးကို ထိန်းချုပ်နေတာ တော်တော် ဦးနှောက်မရှိတာပဲ"
"သူ သေချာပေါက် အနှေးနဲ့အမြန် သေလိမ့်မယ်"
ထိုကဲ့သို့ စကားသံများ ဆူညံနေစဉ် လောင်ချုံးသည် လက်သီးဆုပ်လျက် ရပ်နေ၏။ မန်ဟို့အပေါ် သူ၏ခံစားချက်များမှာ ရောထွေးနေလေသည်....
သောလန်မှာမူ မျက်မှောင်ကြုတ်နေသော်လည်း ဘာမှမပြောပေ။ သူမဘေးတွင် ကျန်းဝမ်ကျိုသည် တစ်ချိန်လုံး ပြုံးနေ၏။ သူ့အတွက် အောက်ရှိ တိုက်ခိုက်နေသူများမှာ ပုရွက်ဆိတ်များထက် မပိုပေ။
ထိုအချိန်တွင် အောက်ဘက် စစ်မြေပြင်အပေါ်ရှိ အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်ပညာရှင်များမှာ မန်ဟို သူတို့ကို အဖက်လုပ်ခြင်းမရှိကြောင်း သဘောပေါက်သွားကြသည်။ သူတို့မှာ ဒေါသူပုန်ထနေကြပြီး မန်ဟို မတိုက်ခိုက်ဘဲ မနေနိုင်အောင် ကျီးနတ်မင်းမျိုးနွယ်စု၏ သာမန်ကျင့်ကြံသူများကို သတ်ဖို့ လူစုခွဲရန် ပြင်နေကြ၏။
လောလောဆယ်တွင် ကျီးနတ်မင်းမျိုးနွယ်စု၏ ကျန်ရှိသော ကျင့်ကြံသူခုနစ်ထောင်သည် မန္တန်အစီအရင်အတွက် ပြင်ဆင်မှုများ လုပ်ဆောင်ပြီးသွား၏။ သူတို့သည် အသတ်အဖြတ်စိတ်ဆန္ဒများအား ထုတ်ဖော်မနေတော့။ ထိုအစား ပြေးကြသည်။ သူတို့ပြေးနေစဉ် အရပ်ရှစ်မျက်နှာ၌ မြူများ တထောင်းထောင်း ထလာလေသည်။
ဤအခိုက်တွင် ကြက်တူရွေးက ကောင်းကင်သို့ ထိုးတက်ပြီး ပတ်ပျံနေ၏။ ၎င်း၏မျက်နှာသည် မောက်မာသော အသွင်ဆောင်ပြီး အထင်သေးစက်ဆုပ်မှုအား ထုတ်လွှတ်နေသည်။ ၎င်းက စူးစူးဝါးဝါး အော်လိုက်သည်။
"လာကြဟေး လာကြ ။ သခင်ငါးနဲ့ လိုက်ဆိုမယ်။ သခင်ငါးကို ယုံကြည်၊ ထာဝရဘဝ ရမည်။ သခင်ငါးပေါ်လာ၊ ဘယ်သူရန်ဖြစ်ရဲမှာ"
***