ကမ္ဘာသစ်မိစ္ဆာရှစ်သိန်း
Vol. 37 Ch. 512
အသံများပေါင်းစု၍ ပတ်ဝန်းကျင်ရှိ ဓားပြမျိုးနွယ်ကျင့်ကြံသူများအား ချက်ချင်း တုန်ယင်သွားစေတော့သည်။ သူတို့သည် နဂါးနက်မျိုးနွယ်ဝင်များနှင့်အတူ အူကြောင်ကြောင် ကြည့်နေကြ၏။ လူတိုင်းမှာ အံ့ဩမှင်သက်နေကြလေပြီ။
တစ်ချိန်တည်းမှာပင် တဖွေးဖွေးလှုပ်နေသော မြူများသည် ထူထပ်လာပြီး တုန်လှုပ်ဖွယ်ရာ အရှိန်အဝါတစ်ခုကို စတင်ထုတ်လွှတ်လာသည်။ ဓားပြမျိုးနွယ်ဝင်များအတွက် ဆုတ်ခွာကြရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။ မြန်မြန် မလှုပ်ရှားသူများမှာ မြူများအတွင်းသို့ စုပ်ယူခံလိုက်ရသည်။ ချက်ချင်းပင် သူတို့မှာ တက်နင်းခံလိုက်ရသဖြင့် အသံကုန်အော်ဟစ်ကာ သေဆုံးကြရ၏။
နှစ်ဆယ်သော ဓားပြမျိုးနွယ်စုများသာ ပင့်သက်ရှိုက်နေကြခြင်းမဟုတ်။ နဂါးနက်မျိုးနွယ်ဝင်များလည်း ထိုနည်းတူဖြစ်သည်။ မဟူရာဂိတ်တံတိုင်းအပေါ်ရှိ ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့နှင့် အခြားသောမျိုးနွယ်စုကြီးများပင်အပါအဝင် လူတိုင်းမှာ မှင်သက်နေကြတော့သည်။
"သူတို့ ဘာတွေ အော်နေတာလဲ"
"သခင်ငါးက ဘယ်သူတုန်းဟ"
"တစ်နေရာရာမှာ ကြားဖူးသလိုလိုပဲ...."
ဤအခိုက်အတန့်တွင် မန်ဟိုသာလျှင် အပြင်၌ ကျန်ခဲ့သည့် တစ်ယောက်တည်းသော ကျီးနတ်မင်းမျိုးနွယ်ဝင်ဖြစ်လေသည်။ သူ၏ခန္ဓာကိုယ်သည် လက်ရှိအခြေအနေကို အခွင့်အကောင်းယူကာ ဟိုဟိုသည်သည် ခုန်ကူးသွားလာ၍ အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်ကျင့်ကြံသူများကို သတ်နေသော အစိမ်းရောင်အငွေ့မျှင်ဖြစ်လေ၏။
မချိတင်ကဲအော်သံများ ပဲ့တင်ထပ်နေစဉ်မှာပင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူအားလုံး မန်ဟို့ကို ရုတ်တရတ် လှည့်ကြည့်လိုက်သဖြင့် သွေးချင်းနီသောအကြည့်ပေါင်းများစွာ မန်ဟို့အပေါ် ကျရောက်လာသည်။
ယခုတွင် ကျီးနတ်မင်းမျိုးနွယ်စုကို တိုက်ခိုက်၍မရတော့လေရာ မန်ဟိုသည် ပစ်မှတ်ဖြစ်လာခဲ့လေပြီ။ ဓားပြမျိုးနွယ်စုအားလုံး၏ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများကား အရုပ်ဘိုးဘေးကြီးဆယ်ကောင်ကျော်နှင့်အတူ မန်ဟို့ဆီ ပြေးဝင်လာပြီဖြစ်သည်။ သူတို့သည် အသတ်အဖြတ်စိတ်ဆန္ဒများ ထုတ်လွှတ်လျက် ချဉ်းကပ်လာနေကြ၏။
ဤအစွမ်းထက်ပညာရှင်များသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အောက်ရှိ မည်သူ့ကိုမဆို ကြောက်ဒူးတုန်သွားစေနိုင်သော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ မန်ဟိုပင်လျှင် သူတို့၏ပူးပေါင်းတိုက်ခိုက်မှုကို ခံနိုင်မည်မဟုတ်ပေ။ အမှန်တွင်... သူတို့ သူ့ကို ဘက်ပေါင်းစုံမှ တိုက်ခိုက်နိုင်သွားပါက သူ့မှာ အရိုးတခြား၊ အသားတခြားဖြစ်ပြီး အသက်နှင့်ခန္ဓာ အိုးစားကွဲသွားမည်မှာ မလွဲဧကန်ပင်။
သူ့ကို လိုက်ဖမ်းနေသော လူများ၏ အင်အားမှာ မန်ဟို ကိုင်တွယ်နိုင်သည်ထက် အဆပေါင်းများစွာ ကျော်လွန်သည်။ သို့စေကာမူ... ယင်းက မန်ဟိုလိုချင်သောအရာနှင့် ကွက်တိပင်။
ဓားပြမျိုးနွယ်စု၏ အစွမ်းထက်ဆုံးပညာရှင်များနှင့် အရုပ်ဘိုးဘေးကြီးများအနက် ခုနစ်ဆယ်ရာခိုင်နှုန်းမှာ ယခုတွင် အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် မျက်လုံးများ မီးဝင်းဝင်းတောက်လျက် မန်ဟို့အနား ချဉ်းကပ်လာနေကြလေပြီ။ ဤအခိုက်တွင် မန်ဟိုသည် တုံ့ခနဲ ရပ်သွား၏။ ပထမဆုံးအနေဖြင့် သူသည် တစ်လက်မလေးပင် မရွေ့ဘဲ လေလယ်တွင် ရပ်လိုက်သည်။
သူ ရုတ်တရက်ကြီး ရပ်သွားသည့်အချက်က ဓားပြမဟာမိတ်အဖွဲ့ဝင်အများစုထံမှ အကြည့်များကို ဆွဲဆောင်လိုက်သည်။ အစွမ်းထက်ပညာရှင်အားလုံးနီးပါး မန်ဟို့ကို အမဲဖြတ်တော့မတတ် ကြည့်ပြီးနောက် သူ့ဆီ ပြေးဝင်လာကြ၏။ ချက်ချင်းပင် သူ့မှာ အဘက်ဘက်မှ ပစ်မှတ်ထားခံလိုက်ရတော့သည်။
"သေစမ်း" လူများ နီးကပ်သထက် နီးကပ်လာကြသလို ဒေါသတကြီးအော်သံများလည်း လိုက်ပါလာ၏။ မျက်စိတစ်မှိတ်အတွင်း သူတို့ကား မန်ဟို့ကို ဘက်ပေါင်းစုံမှ ဝိုင်းထားပြီးလေပြီ။ ဤအခိုက်အတန့်တွင် မန်ဟိုသည် ညာလက်ဖြင့် သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ သစ်သားသေတ္တာတစ်လုံး ဖျတ်ခနဲ ပေါ်လာပြီး လေပေါ် မြောက်တက်သွား၏။ သူသည် မထီမဲ့မြင်မျက်နှာထားဖြင့် ၎င်း၏အဖုံးကို ဖြေးညင်းစွာ လှပ်လိုက်သည်။
သစ်သားသေတ္တာထဲတွင် ပွင့်လန်းနေသော ပန်းတစ်ပွင့်ရှိလေ၏။
နတ်ဆိုးနှလုံးသားပန်း
ဤအခိုက်အတန့်တွင် မျက်လုံးအားလုံးမှာ ပန်းကို အလိုလို လှမ်းကြည့်မိလိုက်သည်။ ကြည့်ရှုနေသူအားလုံး၏စိတ်ထဲတွင် ထစ်ချုန်းသံကြီး မြည်ဟီးသွား၏။ ချက်ချင်းပင် စစ်မြေပြင်တစ်ခုလုံးမှာ သုဿာန်တစပြင်ပမာ တိတ်ဆိတ်သွားတော့သည်။
ထိုသို့ တိတ်ဆိတ်နေစဉ် နတ်ဆိုးနှလုံးသားပန်းသည် ညှိုးနွမ်းလာ၏။ ဤပန်းမှာ အလွန်တရာ အစွမ်းထက်ပါသော်လည်း ရှိနေသည့်ကျင့်ကြံသူများကား များပြားလွန်းလေသည်။ မြောက်မြားစွာသော လူအရေအတွက်က ပန်းကို ညှိုးနွမ်းလာစေ၏။
မှန်ပါသည်။ မန်ဟိုသည် ယခုကဲ့သို့ ဖြစ်ပျက်လိမ့်မည်ဟု ခန့်မှန်းထားခဲ့ပြီးဖြစ်လေသည်။ ပန်းကို ရရှိပြီးနောက် သူသည် ၎င်းအကြောင်း နားလည်ခဲ့၏။ သူလိုအပ်သည်က ဤအခိုက်တန့်လေးသာ ဖြစ်လေသည်။
ထိုအခိုက်အတန့်အတောတွင်းတွင် သက်ရောက်မှုမရှိသည့်လူများမှာ မဟူရာဂိတ်တံတိုင်းကြီး၏သူရဲခိုအပေါ်ရှိ ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့၀င်များနှင့် အခြားမျိုးနွယ်စုမှအဖွဲ့၀င်များ ဖြစ်ကြလေသည်။ သူတို့မှာ အခြားကမ္ဘာတစ်ခုသို့ ရောက်နေကြသည့်အလားပင်။
သို့သော်လည်း သူတို့၏အမူအရာများမှာ အံဩတုန်လှုပ်ခြင်းတို့ဖြင့် ပြည့်နှက်နေ၏။ အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်နေမှုက စိုးမိုးနေသည်။ သူတို့သည် နတ်ဆိုးနှလုံးသားပန်းနှင့် စစ်မြေပြင်တွင် မင်းမူနေသော တိတ်ဆိတ်မှုကို ငုံ့ကြည့်လိုက်ကြသည်။
" နတ်ဆိုးနှလုံးသားပန်း...."
" ကျီးနတ်မင်းမျိုးနွယ်စုမှာ အဲ့ဒီပန်းရှိလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာတုန်း "
" အဲ့ပန်းက ရှားပေမယ့် တကယ်တော့ အားနည်းတယ်။ ဒါပေမယ့် ပါးပါးနပ်နပ် သုံးမယ်ဆိုရင်တော့ အဖိုးထိုက်ရတနာတစ်ပါးလို့ သတ်မှတ်လို့ရတယ် "
သောလန်မှာ မြင်ကွင်းကို ငုံ့ကြည့်ရင်း အသက်မနည်းရှူနေရလေသည်။ ယခုကဲ့သို့အဖြစ်အပျက်မျိုးကို မြင်ခဲ့ဖူးသည်ဟူသော ခံစားချက်သည် ဆက်လက်ကြီးထွားလာ၏။ သို့သော်လည်း သူမမှာ မန်ဟိုက မည်သူဖြစ်သည်လဲ ယခုထက်ထိ မစဉ်းစားတတ်သေးပေ။
သူမဘေးတွင် ကျန်း၀မ်ကျိုသည် အောက်ဘက်မြင်ကွင်းကို အာရုံစိုက်နေပုံရသော်လည်း မဆိုစလောက်လေးသာ ဖြစ်၏။
လောင်ချုန်းမှာမူ မန်ဟိုကို ငုံ့ကြည့်ရင်း ဖားဖိုကြီးလို အသက်ရှူနေ၏။ သူ၏ ရောထွေးနေသောခံစားချက်များအထဲတွင် လေးစားမှုလည်း ပါရှိလေသည်။
ကျိုးဒယ်ခွန်မှာတော့ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။ မန်ဟို့တွင် ဤကဲ့သို့ ရတနာမျိုး ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
မဟူရာဂိတ်တံတိုင်းကြီး၏ သူရဲခိုအပေါ်မှသည် အောက်အထိတိုင်အောင် ရှိရှိသမျှသော လူတိုင်း တုန်လှုန်နေကြသည့်အချိန်မှာပင် မန်ဟို့ကို လိုက်သတ်နေသော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများနှင့်အတူ အရုပ်ဘိုးဘေးကြီးအားလုံးလည်း မလှုပ်မရှားငြိမ်သက်လျက် တုန်ရီနေကြသည်။ ဤအခိုက်အတန့်တွင် မန်ဟိုက လှုပ်ရှားလိုက်၏။
သွေးကိုယ်ပွား ပေါ်လာသည်။ ၎င်းသည် အသက်သွေးများကို သောက်သုံးရန် ဆာလောင်မွတ်သိပ်နေသည့်အလား လောဘတက်နေသော အမူအရာရှိသည်။ ၎င်း အရုပ်ဘိုးဘေးကြီးဆယ်ကောင်ကျော်ရှိသော အဖွဲ့ထံသို့ တဟုန်ထိုးထွက်သွားစဉ် မန်ဟိုက ရှေ့သို့ တစ်လှမ်းတက်ပြီး နတ်ဆိုးလှံကို အားကုန်ပစ်လိုက်၏။ ကြောက်မက်ဖွယ်မျက်နှာအပြည့်ဖြင့် နတ်ဆိုးမြူများ တထောင်းထောင်းထလာပြီး လူအုပ်ကြီးထံသို့ ပြေးဝင်သွားလေသည်။
ထို့နောက် မန်ဟိုသည် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ရာ သူ၏နဖူးပေါ်တွင် သစ်သားအရုပ်ဆေးမင်ကြောင်တစ်ခု မှော်ဆန်ဆန် ပေါ်လာ၏။ မီးတောက်ပင်လယ်ကြီးတစ်စင်း ဖြစ်တည်လာပြီး ရေခဲနှင်းမြေကြီးများ ပျံ့နှံ့လာသည်။ ပြောင်မြောက်သော အစွမ်းအလုံးစုံ တစ်သားတည်း ဖြစ်သွားပြီး ဓာတ်လေးပါး၏စွမ်းအားကား ပေါက်ကွဲထွက်လာလေပြီ။
မီးပင်လယ်ကြီးကား အရာအားလုံးကို လောင်ကျွမ်းပြာချပစ်နေသည်။ သစ်ပင်ကြီးက အသက်များကို သုတ်သင်ပစ်နေ၏။ သတ္တုစွမ်းအားက လေကို ခုတ်ပိုင်းနေသည်။ နှင်းမြေကြီးက ကောင်းကင်ကို ခဲသွားစေသော လေတစ်ချက် တိုက်ခတ်သွားစေသည်။
ဤအရာအားလုံး တစ်ပြိုင်တည်း ဖြစ်ပျက်သွားသဖြင့် ပေါက်ကွဲသံများ လေတွင် မြည်ဟည်းသွားသည်။ သွေးပျက်မတတ်အော်ဟစ်သံတစ်သံမှ မကြားလိုက်ရ။ သို့သော် အရုပ်ဘိုးဘေးကြီး တစ်ကောင်ပြီးတစ်ကောင် ခြောက်ကပ်လာ၏။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ တစ်ယောက်ပြီးတစ်ယောက် သူတို့၏ခန္ဓာကိုယ်များ ပေါက်ကွဲလာသည်ကို ခံစားလိုက်ရသည်။
ထိုအရာအားလုံးမှာ အသက်ရှစ်ရှိုက်စာလေးအတွင်း ဖြစ်ပျက်သွားလေသည်။ ထိုရှစ်ရှိုက်စာအတွင်း မန်ဟိုသည် စစ်မြေပြင်အခြေအနေကို ပြောင်းပြန်လှန်နိုင်သွားခဲ့ပြီ ဖြစ်သည်။
လေးရှိုက်စာကြာသည့အထိ မန်ဟို၏ဓာတ်လေးပါးအရုပ်စွမ်းအားကား အဘက်ဘက်သို့ တဟုန်းဟုန်းဖြာထွက်ရင်း လှည်းကျင်းတိုက်ခတ်သွားသည်။ စွမ်းအားသည် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများကို ၀င်တိုက်သွားသော တိုက်ကွက်ကြီးတစ်ခု အသွင်ပြောင်းသွား၏။
ဓားပြမျိုးနွယ်စု၏အကြီးအကဲ တစ်ယောက်ပြီးတစ်ယောက်မှာ နတ်ဆိုးနှလုံးသားပန်း၏စွမ်းအားအောက်၀ယ် သူတို့၏ကျင့်ကြံခြင်းအခြေခံများ လောင်ကျွမ်းနေသည်ကို ခံစားလိုက်ရသည်။ သူတို့၏ခန္ဓာကိုယ်များမှာ သူတို့၏ထိန်းချုပ်မှုအောက်တွင် မရှိတော့သလို၊ စိတ်ဆန္ဒများသည်လည်း ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။ မန်ဟို၏ နတ်ဘုရားစွမ်းအင်နှင့် မှော်ပညာရပ်တို့ကို ခုခံနိုင်သည့်စွမ်းအားတိုင်းမှာ ထိုးနှက်ချက်တစ်ချက်လေးကိုပင် မခံနိုင်တော့သည့်အတိုင်းအတာအထိ အားနည်းသွားခဲ့လေပြီ။
ပေါက်ကွဲသံများ စစ်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်နေစဉ် ဓားပြမျိုးနွယ်စု၏သာမန်ကျင့်ကြံသူများမှာ တွေဝေနေသောမျက်နှာဖြင့် တုန်ရီနေကြလေသည်။ သူတို့၏ခန္ဓာကိုယ်များမှာ ကြိတ်ခွဲခံနေရသကဲ့သို့ ဝိညာဉ်ထွက်သွားနေမှုကို ကြုံတွေ့ခံစားနေရ၏။
မန်ဟိုက စစ်မြေပြင်တစ်ခုလုံးမှာ အသက်ရှစ်ရှိူက်စာကြာသည်အထိ သူ၏အပိုင်ဖြစ်လိမ့်မည်ကို သိသည်။
တစ်ချိန်တည်းမှာပင် မဟူရာဂိတ်တံတိုင်းကြီး၏ သူရဲခိုအပေါ်၌ ဆွေးနွေးငြင်းခုံသံများ ဆူညံသွား၏။
" ဒီလူက တကယ့်ကို ရက်စက်ပြီး ကောက်ကျစ်လိုက်တာ "
" သူက အစွမ်းထက်ပညာရှင်တွေအားလုံးကို တမင်တကာ ဆွဲဆောင်ပြီး အဲ့ဒီအခြေအနေကို အခွင့်ကောင်းယူပြီးတော့ နတ်ဆိုးနှလုံးသားပန်းကို ထုတ်လိုက်တယ်။ ရက်စက်ရုံတင်မကဘူး ဉာဏ်နီဉာဏ်နက်လည်း များတယ်။ ဒါပေမယ့် အဲ့ဒီပန်းနဲ့ ဒီစစ်ပြေမြင်တစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်မယ်ဆိုရင်တော့ တုံးတယ်လို့ဆိုရမယ် "
" အဲ့ဒီ့ပန်းမှာ သူ့အတိုင်းအတာနဲ့သူ ရှိတယ်။ အလွန်ဆုံးမှ အသက်ဆယ်ရှိုက်စာအထိပဲ ခံနိုင်မှာ။။ သူ အဲ့ဒီအချိန်အတွင်း လူတစ်ချို့ သတ်ကောင်းသတ်နိုင်ပေမယ့် ဘယ်လောက်များ သတ်နိုင်မှာမလို့တုန်း။ ဥပမာ အဲ့ဒီအနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်ပညာရှင်တွေဆိုရင် နတ်ဆိုးနှလုံးသားပန်းရှေ့မှောက်မှာ အသက်ဆယ့်ခြောက်ရှိုက်စာလောက် တောင့်ခံနိုင်တဲ့အထိ အစွမ်းထက်တယ်လေ "
ဤအချိန်တွင် အသက်ငါးရှိုက် ကုန်သွားခဲ့ပြီဖြစ်သည်။ နတ်ဆိုးနှလုံးသားပန်းမှာ တစ်ဝက် ညှိုးနွမ်းနေပြီး ၎င်း၏စွမ်းအားမှာလည်း ကျဆင်းစပြုနေလေပြီ။ အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်ကျင့်ကြံသူများလည်း ရုန်းထွက်နေသောလက္ခဏာများ ပြနေကြသည်။ သူတို့အနေဖြင့် ပန်း၏သက်ရောက်မှုများကို ဖယ်ရှားပစ်နိုင်ရန် သိပ်ကြာတော့မည်မဟုတ်ပေ။ မန်ဟို၏မျက်လုံးများ တောက်ပသွားသည်။ သူက ဆက်လက်မသတ်ဖြတ်တော့ဘဲ မုဒြာလက်ကွက်တစ်ကွက် စဖော်သည်။ ထို့နောက် လက်ချောင်းကို မြေကြီးသို့ ညွှန်လိုက်ရာ အဆုံးမဲ့သောမိစ္ဆာချီများအား ချက်ချင်း လွင့်လူတက်လာစေ၏။ သူတစ်ယောက်တည်းသာ မြင်ရသော ဝဲကြီးတစ်ခုသည် အသံတစ်သံမျှ မထွက်ဘဲ လည်လာလေသည်။ မန်ဟိုသည် အရှိန်အဟုန်ပြင်းစွာ မျောလွင့်တက်လာနေသော မိစ္ဆာချီများ၏ ဗဟိုချက် ဖြစ်လာ၏။
ဤမိစ္ဆာချီများ၏ ချေမှုန်းခြင်းဖိအားအောက်ဝယ် နတ်ဆိုးနှလုံးသားကြောင့် မလှုပ်ရှားနိုင်ဖြစ်နေသော ရန်သူကမ္ဘာသစ်မိစ္ဆာလေးသိန်းလုံးမှာ အထိန်းအကွပ်မဲ့သွားကြပြီး တဆတ်ဆတ် တုန်လာကြသည်။
၎င်းတို့၏မျက်လုံးထဲတွင် မန်ဟိုသည် မိစ္ဆာဧကရာဇ်တစ်ပါးအလားပင်။ မိစ္ဆာချီကြောင့် ၎င်းတို့မှာ ဖိအားကို အရှုံးပေးရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ အသက်ရှစ်ရှိုက်လုံး ကုန်ဆုံးသွားသည့်နောက်တွင်တော့ ကမ္ဘာသစ်မိစ္ဆာတစ်ကောင်ပြီးတစ်ကောင် ခေါင်းငုံ့ပြီး မန်ဟို့အနား တိုးကပ်လာကြလေပြီ။
နတ်ဆိုးနှလုံးသားပန်းမှာလည်း တစ်ပွင့်လုံး ညှိုးနွမ်းသွားခဲ့ပြီဖြစ်သည်။ ၎င်းသည် ပြာကျသွားပြီး လေယူရာသို့ မျောလွင့်သွားလေ၏။
စစ်မြေပြင်ပေါ်ရှိ လူတိုင်းမှာ အိပ်ရာမှ နိုးထလာသည့်အလား တစ်ကိုယ်လုံး တုန်ရီလျက် ကြောင်တောင်တောင် ဖြစ်နေကြသည်။ ဓားပြမျိုးနွယ်ဝင်များအတွက် ရုတ်တရက် ပင့်သက်ရှိုက်မိရန် တခဏသာ ကြာလိုက်သည်။ သူတို့၏မျက်နှာများကို မယုံနိုင်ဖြစ်သွားသော အရိပ်အယောင်များက ချက်ချင်း လွှမ်းခြုံသွား၏။
သူတို့ နိုးထလာသည့်အခိုက်အတန့်တွင် သွေးကိုယ်ပွားက ငါးကောင်မြောက် အရုပ်ဘိုးဘေးကြီးကို ဝါးမြိုစားသောက်ပြီးသွားလေပြီ။ တစ်ချိန်တည်းမှာပင် မန်ဟို့ကို ဝိုင်းထားခဲ့သော အနုသုခုမရုပ်ခန္ဓာဆယ့်သုံးယောက်မှာ ဓာတ်လေးပါးအရုပ်စွမ်းအားအောက်ဝယ် တဖောင်းဖောင်း ပေါက်ကွဲကုန်ကြပြီဖြစ်၏။
ထိုမျှသာဆိုလျှင် တော်သေးသည်။ သို့သော် ဓားပြမျိုးနွယ်ပေါင်းစုမဟာမိတ်အဖွဲ့၏ ကျင့်ကြံသူများမှာ အံ့ဩ၍ပင်မပြီးသေးခင် မန်ဟိုသည် ကမ္ဘာသစ်မိစ္ဆာလေးသိန်းဖြင့် ခြံရံလျက် လေလယ်တွင် ပျံဝဲနေသည်ကို မြင်လိုက်ရ၏။
တစ်ချိန်တည်းမှာပင် ဓားပြမျိုးနွယ်စုအပိုင် ကမ္ဘာသစ်မိစ္ဆာလေးသိန်းသည်လည်း ဟိန်းဟောက်ရင်း မန်ဟို့ဆီ သွားနေကြသည်။ ၎င်းတို့က တိုက်ခိုက်ဖို့အတွက်မဟုတ်ဘဲ သူ့ကို ဝန်းရံလိုက်ကြပြီး သစ္စာခံသောအော်သံများ ထုတ်လွှတ်လာကြ၏။
ဤအခိုက်အတန့်တွင် ရှစ်သိန်းသော ကမ္ဘာသစ်မိစ္ဆာများကား မိုးကောင်းကင်နှင့် ပထဝီမြေကြီးကို လုံးလုံးလျားလျား တုန်ခါသွားစေလေပြီ။
ရှေးခေတ်အခါမှ ယနေ့ထက်ထိ ကမ္ဘာသစ်မိစ္ဆာရှစ်သိန်းကို ထိန်းချုပ်နိုင်သူဟူ၍ ကမ္ဘာပေါ်တွင် မရှိခဲ့ဖူးပေ။ ကြည့်ရှုနေသူတိုင်းအတွင် ဤသည်မှာ စိတ်ကူး၍မရနိုင်သည်အထိ ဖြစ်ပေ၏။
မည်သို့ဆိုစေ မဟူရာဂိတ်တံတိုင်းကြီး၏အပြင်ဘက် ကောင်းကင်ယံတွင် ဟိန်းဟောက်ကြုံးဝါးနေသော ကမ္ဘာသစ်မိစ္ဆာရှစ်သိန်းကား နေရာအပြည့် ယူထားလေပြီ။ ကောင်းကင်မှာ တုန်ခါနေပြီး စစ်မြေပြင်ပေါ်ရှိ လူတိုင်းမှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်ဖြစ်နေကြတော့သည်။ မဟူရာဂိတ်တံတိုင်းကြီးအထဲတွင်လည်း ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့မှာ တုန်လှုပ်ချောက်ချားနေကြ၏။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများဖြင့် မျိုးနွယ်စုကြီးများ၏ အစွမ်းထက်ပညာရှင်များမှာလည်း စိတ်နှလုံးတုန်ရီနေကြတော့သည်။
အမှန်တွင် .... မယုံနိုင်လောက်အောင် အစွမ်းထက်လှသော နတ်ဘုရားအာရုံစီးကြောင်းလေးကြောင်းက အနက်ရောင်နယ်မြေအတွင်းမှ ဖြာထွက်လာခဲ့၏။ ၎င်းတို့သည် မဟူရာဂိတ်တံတိုင်းကြီးကို ဖြတ်၍ အနောက်ပိုင်းသဲကန္တာရနယ်မြေများတစ်လျှောက် လွင့်မျောလာရင်း နောက်ဆုံးတွင် မန်ဟိုနှင့် သူ၏ကမ္ဘာသစ်မိစ္ဆာရှစ်သိန်းအပေါ် ကျရောက်သွားသည်။
ဤအခိုက်အတန့်တွင် တိုက်ပွဲ၏အခြေအနေကား အမှန်တကယ် ပြောင်းပြန်ဖြစ်သွားခဲ့လေပြီ။
မဟူရာဂိတ်တံတိုင်းအပေါ်တွင် ရပ်နေသော လူတိုင်းမှာ ဟောဟဲလှိုက်လျက် မှင်သက်နေကြသည်။ ဤအခိုက်အတန့်တွင် သောလန်ကိုယ်လုံးလေး ဖျဉ်းခနဲ တုန်သွား၏။ ဘာကြောင့် မန်ဟိုက အလွန်ရင်းနှီးနေရသည်လဲ သူမ ရုတ်တရက် သဘောပေါက်လိုက်လေပြီ။
"သူက ...." သူမမျက်နှာတွင် မယုံနိုင်မှုတို့ ပြည့်နှက်သွား၏။
သူမဘေးတွင် ကျန်းဝမ်ကျို၏မျက်နှာမှာ အာရုံစူးစိုက်မှုအပြည့်ဖြစ်နေသည်။ ကမ္ဘာသစ်မိစ္ဆာရှစ်သိန်းကို ကြည့်နေစဉ် သူ၏ဦးရေပြားမှာ တဖျဉ်းဖျဉ်း ထုံကျင်လျက်ရှိလေသည်။
ယခုတွင် ကျီးနတ်မင်းမျိုးနွယ်စုမှာ တိုက်ခိုက်ရန်ပင် မလိုတော့ပေ။ နဂါးနက်မျိုးနွယ်စုလည်း ထိုနည်းတူဖြစ်သည်။ မန်ဟိုက လက်ကို ဝှေ့ယမ်းကာ ကမ္ဘာသစ်မိစ္ဆာရှစ်သိန်းကို ဓားပြမျိုးနွယ်မဟာမိတ်အဖွဲ့ထံသို့ ချီတက်သွားစေလိုက်သည်။ မြေပြင်ကြီးမှာ ငလျင်လှုပ်ခတ်နေသကဲ့သို့ ယိမ်းထိုးနေပြီး ကောင်းကင်မှာ တုန်ခါနေတော့သည်။ တိမ်တိုက်များမှာလည်း တပွက်ပွက် ဆူနေပြီး သတ်ဖြတ်သံများ စတင်ပျံ့နှံ့လာလေပြီ။
ဓားပြမျိုးနွယ် ကျင့်ကြံသူတစ်ယောက်ပြီး တစ်ယောက်ထံမှ မချိတင်ကဲ အော်သံများ၊ ငိုသံများ ဆူညံပွက်လောရိုက်နေစဉ် အရုပ်ဘိုးဘေးကြီးများ၊ ခေါင်းကိုင်ဖခင်နှင့် အခြားအစွမ်းထက်ပညာရှင်များမှာ တွေတွေကြီး ရပ်နေကြတော့သည်။
သူတို့မှာ မန်ဟို့ကို သတ်ချင်သော်လည်း သူက ယခုတွင် ကမ္ဘာသစ်မိစ္ဆာရှစ်သိန်း၏အနောက်မှ မထွက်လေရာ မည်သို့ သတ်ရတော့မည်နည်း။
သူတို့အနေဖြင့် မန်ဟို မျက်နှာမပြဘဲ မနေနိုင်ရန် ကျီးနတ်မင်းနှင့် နဂါးနက်မျိုးနွယ်စု၏ အဖွဲ့ဝင်များကို သတ်ဖြတ်ချင်ကြသည်။ သို့သော် ပြေးလွှားနေသောအရိပ်ကြီးများဖြင့် ကျီးနတ်မင်းမျိုးနွယ်စု၏ မန္တန်အစီအရင်မြူများ တထောင်းထောင်းထလျက် စိုးမိုးနေသည်ကိုသာ မြင်နေရ၏။ နဂါးနက်မျိုးနွယ်ဝင်များသည်လည်း မန္တန်အစီအရင်၏ မြူငွေ့များအတွင်း၌ ပုန်းကွယ်လျှိုးနေကြသည်။
***