သွေးအရုပ်
Vol. 37 Ch. 513
ဤဓားပြမျိုးနွယ်မဟာမိတ်အဖွဲ့ကို ပထမဆုံး မြင်ခဲ့စဉ်တုန်းက သည်နောက်ဆုံးတိုက်ပွဲတွင် ကျီးနတ်မင်းနှင့်နဂါးနက်မျိုးနွယ်စုမှာ ပြောက်မြောက်သော အတိုက်အခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားသည့်တိုင် အဆုံးသတ်၌ ရှုံးနိမ့်လိမ့်မည်ကို မန်ဟို သိလိုက်ရသည်။
ရန်သူဓားပြကျင့်ကြံသူများမှာ များပြားလွန်းသည်မဟုတ်ပါလော။
နတ်သိကြားမ၍ ကျီးနတ်မင်းမျိုးနွယ်ဝင် တစ်သောင်းကျော် မသေဆုံးဘဲ ရာဂဏန်းမျှ အနက်ရောင်နယ်မြေသို့ ဝင်ရောက်နိုင်သွားလျှင်တောင်မှ ထိုအချိန်တွင် ကျီးနတ်မင်းမျိုးနွယ်စု ဖြစ်တော့မည်မဟုတ်ပေ။
အခြားတစ်ဖက်တွင် ကျီးနတ်မင်းမျိုးနွယ်စုအနေဖြင့် ဆက်လက် အင်အားတောင့်နေဦးမည်ဆိုလျှင် အနက်ရောင်နယ်မြေသို့ ဝင်ရောက်ပြီးနောက်ပိုင်း ရွှေအလင်းဘုရားကျောင်းနှင့် ပေါင်းစည်းနိုင်သည်။ ထို့နောက် သူတို့သည် အင်အားကြီးမားသော အစုအဖွဲ့တစ်ခုဖြစ်လာကာ မိမိဂုဏ်သိက္ခာကို ထိန်းသိမ်းလျက် ဆက်လက်ရပ်တည်နိုင်ပေလိမ့်မည်။
ယင်းက မန်ဟို မျှော်လင့်ထားသော ရလဒ်ဖြစ်၏။ ထို့အပြင် ထိုသို့ဖြစ်အောင် လုပ်ရန် နည်းလမ်းတစ်ခုတည်းသာရှိသည်... အဆိုပါနည်းလမ်းကား ကျင့်ကြံခြင်း အားကောင်းခြင်း၊ အားနည်းခြင်းနှင့်မဆိုင်။ လူအင်အားအရေအတွက်နှင့်လျှင်လည်း မဆိုင် ... အနောက်ပိုင်းသဲကန္တာရတွင် စစ်မှန်သောစွမ်းအားအရင်းအမြစ်အဖြစ် သတ်မှတ်နိုင်သည့်အရာ တစ်ခုတည်းသာ ရှိကြောင်း မန်ဟိုသိသည်။
သူ၏ခွန်အားသည် ဓာတ်ငါးပါးအရုပ်တွင် မမူတည်သလို၊ ကျင့်ကြံခြင်းစွမ်းအင်တွင်လည်းကောင်း၊ မှော်ပစ္စည်းများတွင်လည်းကောင်း မမူတည်။ ထို့ကဲ့သို့ အချက်များ၌ သူ့ထက်သာသူမှာလည်း မရှား။ သူ၏ အရုပ်ဘိုးဘေးကြီးဆိုသော ရာထူးအဆင့်အတန်းမှာလည်း ထိုမျှထည့်တွက်မရနိုင်။
သွေးကိုယ်ပွားက အစွမ်းထက်သော်လည်း ကျင့်ကြံသူ နှစ်သိန်းကို မည်သို့ ရင်ဆိုင်နိုင်မည်နည်း။
နတ်ဆိုးလှံက ဩဇာကြီးသော်လည်း သူ့တွင် တစ်လက်တည်းသာ ပိုင်သည်။
သူ အားထားရမည့် အပြောင်မြောက်ဆုံး အရည်အချင်း၊ အကြီးမားဆုံး ခွန်းအားမှာ မိစ္ဆာချုပ်နှောင်သူဆိုသော သရုပ်မှန်ဖြစ်ကြောင်း မန်ဟို သိလေသည်။ အနောက်ပိုင်းသဲကန္တာရတွင် မန်ဟိုက မိစ္ဆာချုပ်နှောင်သူဆိုသော အချက်မှာ သူသည် အဆုံးမဲ့မိစ္ဆာချီများကို စုဝေးပြီး ကြိုးကိုင်ခြယ်လှယ်နိုင်သည်ဟု ဆိုလိုလေ၏။
သူက ကမ္ဘာသစ်မိစ္ဆာများကို သူ့ကိုယ်တိုင်ထက်ပင် အစွမ်းထက်သွားအောင် ပြောင်းလဲစေနိုင်သည်။ သူသည် ၎င်းတို့ကို ထိန်းချုပ်စိုးမိုး သူတစ်ယောက်တည်းနှင့် မအောင်မြင်နိုင်သော အရာများကို လုပ်ဆောင်ရန် အသုံးပြုနိုင်၏။
ထိုအရာက သူ၏ အဖိုးတန်ဆုံး အရည်အချင်းပင်။ ၎င်းသည် ကျီးနတ်မင်းမျိုးနွယ်စု အနောက်ပိုင်းသဲကန္တာရမြောက်ပိုင်းမှ ထွက်ခွာပြီး ဤနေရာအထိ ရောက်အောင် ခရီးနှင်နိုင်စေခဲ့သော အကြောင်းရင်းလည်း ဖြစ်သည်။
သို့ဖြစ်၍ ... နတ်ဆိုးနှလုံးသားပန်း ပေါ်လာခဲ့သည်။ အရုပ်ဘိုးဘေးကြီးများနှင့် အနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲများကို သတ်ဖြတ်ခြင်းမှာ သူ၏ဒုတိယပန်းတိုင်သာ ဖြစ်ပေသည်။ လူတိုင်း သူ့ကို အာရုံရောက်နေစဉ် သူ့အနေဖြင့် တိုက်ပွဲကို တခဏ ရပ်သွားအောင် လုပ်ဖို့လိုသည်။ အဝိုင်းခံနေရသည့်အချိန် အသက်လေးငါးရှိုက်စာဆို လုံလောက်မည်။
ထိုတိုတောင်းလှသောအချိန်လေးက အတိမ်းအစောင်းမခံပေ။ အောင်မြင်မှုအား အမိအရဖမ်းဆုပ်နိုင်ဖို့အတွက် ရန်သူမိစ္ဆာသားရဲသခင်များ သူတို့၏ကမ္ဘာသစ်မိစ္ဆာများကို မထိန်းချုပ်နိုင်တော့အောင်လည်း လုပ်ရမည်ဖြစ်သည်။ ထိုနည်းဖြင့်သာ မန်ဟို၏အစီအစဉ် အထမြောက်ပေလိမ့်မည်။
ယင်းက သူ နတ်ဆိုးနှလုံးသားပန်းကို ထုတ်ခဲ့ရသော အကြောင်းရင်းပင်။
သူ၏ရည်ရွယ်ချက်မှာ သာမန်ကျင့်ကြံသူများ ငေးကြောင်သွားစေဖို့လည်းမဟုတ်သလို၊ အနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲများ ကစဉ့်ကလျား ဖြစ်စေရန်လည်း မဟုတ်။ ထိုအစား... ကမ္ဘာသစ်မိစ္ဆာအုပ်များအနောက်တွင် ပုန်းအောင်းနေခဲ့သော မိစ္ဆာသားရဲသခင်တစ်ရာကျော်အား ပစ်မှတ်ထားနေခဲ့ခြင်းဖြစ်၏။ သူတို့သည် အစတုန်းက မန်ဟို့အတွက် မျက်ချေးထဲတောင် မထည့်သော ကျင့်ကြံသူများဟု ထင်မှတ်ခဲ့ရလေသည်။
ဤအခိုက်အတန့်တွင် သူ၏ ရည်ရွယ်ချက် ပြည့်ဝသွားခဲ့ပြီဖြစ်၏။
ကမ္ဘာသစ်မိစ္ဆာရှစ်သိန်းသည် စစ်မြေပြင်တစ်ခုလုံးအား တသိမ့်သိမ့် တုန်ခါနေစေတော့သည်။ ကြည့်ရှုနေသော အခြားအနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများနည်းတူ ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့မှာလည်း ထိတ်လန့်နေလေ၏။
ကမ္ဘာသစ်မိစ္ဆာများက ကြောက်လန့်နေသော ဓားပြမျိုးနွယ်ဝင်တစ်သိန်းကျော်ဆီသို့ တဟုန်ထိုး ချီတက်သွားကြတော့သည်။
ဤနောက်ဆုံးတိုက်ပွဲမှာ ခက်ခဲကြမ်းတမ်းသော လေမုန်တိုင်းများနှင့် သွေးချောင်းစီးရန် ကံကြမ္မာပါပြီးသား ဖြစ်သည်။ အနောက်ပိုင်းသဲကန္တာရ၏သမိုင်းတွင် ယခုကဲ့သို့ တစ်ခါမှ မဖြစ်ပွားခဲ့ဖူးလောက်ပေ။ မဟူရာဂိတ်တံတိုင်းကြီး၏အပေါ်ရှိ လူတိုင်းမှာ တိတ်ဆိတ်စွာ ကြည့်နေကြ၏။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်မှ နတ်ဘုရားအာရုံစီးကြောင်းလေးကြောင်းပင် ပါဝင်သည်။
ကမ္ဘာသစ်မိစ္ဆာရှစ်သိန်း အနားရောက်လာစဉ် ဓားပြမျိုးနွယ်ဝင် တစ်သိန်း၏ မျက်လုံးများ နီရဲသွားပြီး သူတို့လည်း ညာသံပေးရင်း ချီတက်သွားကြသည်။ "သတ်ပစ်"
တစ်ချိန်တည်းမှာပင် အရုပ်ဘိုးဘေးကြီးများနှင့် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူအားလုံးသည် မြားချွန်ချွန်တစ်စင်းသဖွယ် ကမ္ဘာသစ်မိစ္ဆာများကို ထိုးခွင်းရင်း မန်ဟို့ဆီလာနေကြသည်။
"မန်ဟို့ကို သတ်ကြ။ အဲ့ဒါမှ ကမ္ဘာသစ်မိစ္ဆာတွေ ဖရိုဖရဲဖြစ်ကုန်မှာ" ဤသေရေးရှင်ရေးအခိုက်အတန့်တွင် ဓားပြမျိုးနွယ်စုနှစ်ဆယ်၏ ခေါင်းကိုင်ဖခင်များက စစ်မြေပြင်ပေါ်တွင် ရှိသော ထိပ်သီးအစွမ်းထက်ပညာရှင်များကို စုဝေးပြီး ဟိန်းဟောက်ကြုံးဝါးကာ မန်ဟို့ဆီ ပြေးဝင်လာကြလေပြီ။
မန်ဟိုက သွေးအေးသောမျက်လုံးများဖြင့် ကမ္ဘာသစ်မိစ္ဆာများအကြားတွက် ရပ်နေသည်။ ကျင့်ကြံသူများမှာ ကမ္ဘာသစ်မိစ္ဆာများ၏ ကိုက်ဖြတ်ဝါးမြိုခြင်း ခံရကုန်သဖြင့် မချိတင်ကဲအော်သံများ အဆက်မပြတ် ပွက်လောရိုက်နေတော့သည်။
ဤအခိုက်အတန့်တွင် မန်ဟိုသည် တိုက်ပွဲ၏ အကြင်နာမဲ့သောအငွေ့အသက်များကို ခံစားနေရ၏။ သူ၏မျက်စိရှေ့ရှိ ကမ္ဘာမှာ အနီရောင်လွှမ်းနေသော အနိဋ္ဌာရုံမြင်ကွင်းကြီးဟုဆိုလျှင်ပင် ချဲကားရာရောက်မည်မဟုတ်ပေ။
အနီရောင်သည် သွေးဖြစ်၏။ ကမ္ဘာသစ်မိစ္ဆာများ၏သွေး... ကျင့်ကြံသူအပေါင်း၏ သွေးတို့ပင်။ မြေပြင်သည် ချင်းချင်းနီလျက်ရှိပြီး သည်းထန်စွာ ရွာသွန်းနေသော ခရမ်းမိုးပင် သွေးတို့အား ဆေးကြောခြင်းငှာ မစွမ်းနိုင်ပေ။
ဤသည်မှာ အစစ်အမှန် သတ်ပွဲကြီးဖြစ်နေတော့၏။
ကမ္ဘာသစ်မိစ္ဆာမည်မျှ များသလဲဆိုလျှင် တစ်ကောင်ပြီးတစ်ကောင် အတုံးအရုံးနေသည့်တိုင် ဓားပြမျိုးနွယ်ကျင့်ကြံသူများကို တိုက်ခိုက်ရန် အမြဲကျန်နေသေးသည့်တိုင်အောင် ဖြစ်လေသည်။ သွေးပျက်မတတ် အော်သံများ ၊ အသနားခံနေသောအသံများ ဆူညံနေသည်နှင့်အမျှ သေနှုန်းလည်း မြင့်တက်လာသည်။ လက်ရှိအချိန်တွင် မြေအောက်ကမ္ဘာ၏ မရဏသင်္ချိုင်းကြီးပင် သွေးချင်းနီသွားခဲ့သည့်အလား ထင်ရလေသည်။
" သွေး… " မန်ဟိုက မြေပြင်ကို ငုံ့ကြည့်ပြီး တွေးသည်။ ရုတ်တရက် သူ့မှာ ဉာဏ်အလင်းအသစ် ပွင့်သွားသယောင်ပင်။ သွေး …. သွေးဆိုသည်မှာ ရေပင် မဟုတ်ပါလား။ ၎င်းသည် အသက်ရှိသော ရေအမျိုးအစားတစ်ခု ဖြစ်သည်။ ၎င်းကား အမှန်တကယ်တော့ အသက်စွမ်းအား၏ အရင်းအမြစ် ဖြစ်လေ၏။
သွေးရှိနေပါက အသက်ရှင်နေသည်ဟု မဆိုနိုင်သော်လည်း သွေးမရှိလျှင်တော့ သေချာပေါက် အသက်ရှင်နိုင်မည် မဟုတ်ပေ။
" ကြည့်ရတာ ငါက သွေးနဲ့ ကံကြွေးပါပုံပဲ။ သွေးအင်မိုတယ်အမွေအနှစ်။ ငါရဲ့ ကျင့်ကြံခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သတ်ဖြတ်ပွဲတွေ။ သွေးဆိုတာ ….. အရုပ်တစ်မျိုးလည်း ဟုတ်တာပဲ
" ဒါ့အပြင် အရုပ်ဆိုတာ ဘာလဲ…. အရုပ်တွေဆိုတာ ငါ့ရဲ့ ကိုယ်ပိုင်စိတ်ဆန္ဒနဲ့ ဉာဏ်အလင်းကို ထင်ဟပ်နေတာမဟုတ်ဘူး။ သူတို့က န၀မတောင်နဲ့ပင်လယ်ရဲ့ စွမ်းအားတစ်ရပ် ဖြစ်တယ်။ သူတို့က စွမ်းအားရဲ့ သန္ဓေပဲ "
သူသည် မျက်လုံးများ ပိတ်လျက် တစ်ယောက်တည်း ရေရွတ်နေပြီး သူ့ကို သတ်ရန် အားကုန်ကြိုးစားနေသော ဓားပြမဟာမိတ်အဖွဲ့၏ အစွမ်းထက်ပညာရှင်များကို လျစ်လျူရှုထားလေသည်။ သူတို့ နီးကပ်လာစဉ် ကမ္ဘာသစ်မိစ္ဆာများက လမ်းကို ပိတ်ကြလေရာ ပို၍ပင် သွေးချောင်းစီးကုန်တော့သည်။
ဤအခိုက်အတန့်တွင် ရုတ်တရက် ကျီးနတ်မင်းမျိုးနွယ်၀င်များသည် မန္တန်အစီအရင်နှင့်အတူ ရွေ့လျားလာ၏။ မြူများ တထောင်းထောင်း ထလာပြီး ပြေးလွှားနေသံများ ပဲ့တင်ထပ်လာသည်။ အထဲ၌ ဧရာမရွှေရောင်ပုံရိပ်ကြီးများအား မြင်နိုင်ပြီး တိုက်ပွဲအတွင်းသို့ ၀င်ရောက်လာကြလေပြီ။
မြူများ ဓားပြမျိုးနွယ်၀င်များအနား ရောက်သည်နှင့်တစ်ပြိုင်နက် မချိတင်ကဲအော်သံများအား ကြားရနိုင်၏။
ဂီးခနဲ အသံနှင့်အတူ စိတ်လှုပ်ရှားနေသော ကြက်တူရွေးက ရုတ်တရက် လေလယ်တွင် ပေါ်လာသည်။ ထိုအော်သံထဲတွင် စစ်မြေပြင်တစ်ခုလုံး ကြားရနိုင်သော အသံ ပါရှိနေ၏။ ၎င်းက ပြောသည်။ " လာ လာ လာ ငါနဲ့အတူ လိုက်အော်မယ်။ သခင်ငါးကို ယုံကြည် ထာ၀ရဘ၀ ရမည်။ သခင်ငါးပေါ်လာ ဘယ်သူရန်ဖြစ်ရဲမှာ "
အသံများ မန္တန်အစီအရင်မြူထုအတွင်းမှ စတင်ပဲ့တင်ထွက်လာသည့် အခိုက်တန့်မှာပင် အနက်ရောင်နယ်မြေအတွင်း၌ တလိပ်လိပ် ထနေသော မြူထုကြီးတစ်ခုကို မြင်နိုင်၏။ ၎င်းသည် တစ်ထပ်တည်းတူပြီး အတွင်းမှ ကျယ်လောင်သော အသံများအား ကြားနိုင်၏။ ထိုအသံများကား စိတ်လှုပ်ရှားမှု၊ စိတ်ပိုင်းဖြတ်ထားမှုတို့ဖြင့် ပြည့်နှက်နေလေသည်။
" သခင်ငါးကို ယုံကြည် ထာ၀ရဘ၀ရမည်။ သခင်ငါးပေါ်လာ ဘယ်သူရန်ဖြစ်ရဲမှာ တလေးတစား ကြိုဆိုပါတယ် ခေါင်းဆောင်ကြီးရေ… ကြိုဆိုပါတယ်ဗျို့ " ဤဟိန်းထွက်နေသော အသံများကား မဟူရာဂိတ်တံတိုင်းကြီး၏ သူရဲခိုအပေါ်မှ စောင့်ကြည့်နေသော သူများအား ကြောင်တောင်တောင်နှင့် လှမ်းကြည့်လိုက်မိစေသည်။ သူတို့ လှမ်းကြည့်လိုက်သောအခါ ဧရာမပုံရိပ်ကြီး ခုနှစ်ထောင်၊ ရှစ်ထောင်ကျော်ဖြင့် ချဉ်းကပ်လာနေသော မြူထုကြီးကို မြင်လိုက်ရ၏။ အဆိုပါ ပုံရိပ်ကြီးများသည် လေလယ်တွင် ပျံဝဲရင်း အနက်ရောင်နယ်မြေကို ကျော်ဖြတ်၍ အနောက်ပိုင်းသဲကန္တာရအတွင်းသို့ ၀င်ရောက်ပြီး စစ်မြေပြင်အတွင်းသို့ ချီတက်သွားကြလေသည်။
" အဲ့တာက..."
" ရွှေအလင်းဘုရားကျောင်းပဲ "
" ကျီးနတ်မင်းမျိုးနွယ်စုရဲ့ မန္တန်အစီအရင်က ရွှေအလင်းဘုရားကျောင်းနဲ့ တစ်ပုံစံတည်းပါလား "
ရွှေအလင်းဘုရားကျောင်း ပေါ်လာသောအခါ ၎င်းသည် ဖရိုဖရဲပြန့်ကြဲနေပြီဖြစ်သော ဓားပြမဟာမိတ်အဖွဲ့အား ပိုင်းဖြတ်ပစ်လိုက်သော ဓားထက်ထက်တစ်လက် အလားပင်။ ကျီးနတ်မင်းမျိုးနွယ်စုနှင့်အတူ သူတို့သည် အရပ်မျက်နှာနှစ်ဖက်မှ ညှပ်၍ ရန်သူကို တိုက်ခိုက်နေသော မန္တန်အစီအရင်များ ဖြစ်လာကြ၏။
နဂါးနက်မျိုးနွယ်၀င်များလည်း ကျီးနတ်မင်းမျိုးနွယ်စု မန္တန်၀င်္ကပါ၏ အလယ်ဗဟိုမှ ခုန်ထွက်လာကြပြီး သွေးချောင်းစီးသော တိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံ ပါ၀င်လာတော့သည်။
တိုက်ပွဲမှာ ယခုတွင် လုံး၀တစ်ဖက်သတ်ကြီး ဖြစ်နေလေပြီ။ ဓားပြမျိုးနွယ်စု အသာစီးရနေခဲ့သော အခြေအနေမှာ ကမ္ဘာသစ်မိစ္ဆာရှစ်သိန်းကြောင့် ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။ ဆောက်တည်ရာမဲ့မှု၊ ကူကယ်ရာမဲ့မှုနှင့် အကြောက်တရားတို့သည် သူတို့၏ ရင်စိတ်နှလုံးထဲတွင် ပြည့်နှက်နေတော့၏။ မချိတင်ကဲအော်သံများ ပြည့်နှက်နေစဉ် သူတို့မှာ တိုက်ခိုက်လိုစိတ်များ ကုန်ဆုံးသွားကြလေသည်။
မည်သို့ဆိုစေ သတ်ပွဲကြီးကား ဆက်လက်ဖြစ်ပွားနေ၏။
တစ်သိန်းခွဲ၊ တစ်သိန်းသုံးသောင်း၊ တစ်သိန်း…. ရှစ်သောင်း၊ ငါးသောင်း….
ဓားပြမျိုးနွယ်စု၏ အရေအတွက်မှာ ကျင့်ကြံသူငါးသောင်းအထိ လျော့ကျသွားရန် သိပ်မကြာလိုက်ပေ။ ကျန်ရှိသော တစ်သိန်းခွဲမှာ အလောင်းများထက် မပိုတော့ပေ။ သူတို့၏ သွေးများက ချောင်းသဖွယ် စီးဆင်းနေရာ မဟူရာဂိတ်တံတိုင်းကြီး၏ အပြင်ရှိ ပတ်၀န်းကျင်ကို သွေးကန်ကြီးပမာ ဖြစ်နေစေတော့၏။
သွေးညှီနံ့များကလည်း လေတွင် ပျံ့လွင့်နေ၏။ ဓားပြမဟာမိတ်အဖွဲ့၏ ထိပ်သီးပညာရှင်များနှင့် အရုပ်ဘိုးဘေးကြီးများမှာမူ မန်ဟိုအနားရောက်အောင် ကမ္ဘာသစ်မိစ္ဆာများအား အရူးပမာ ထိုးဖောက်တိုက်ခိုက်နေကြသဖြင့် ဒဏ်ရာ အပြင်းအထန် ရထားကြလေသည်။
အောက်ရှိ သတ်ပွဲကြီးကား စိတ်၀င်စားစရာ မကောင်းတော့ပေ။ ယခုတွင် မဟူရာဂိတ်တံတိုင်းကြီး၏ သူရဲခိုအပေါ်ရှိ ကျင့်ကြံသူအားလုံး၏ မျက်လုံးများမှာ လေလယ်တွင် မန်ဟိုကို ကာကွယ်ပေးနေသော ကမ္ဘာသစ်မိစ္ဆာများအပေါ် ကျရောက်နေပြီဖြစ်သည်။
မန်ဟိုက အရာအားလုံး၏ သော့ချက်ဖြစ်၏။ သူသေသွားလျှင် ဓားပြမျိုးနွယ်စုအနေဖြင့် အနိုင်ရနိုင်လေသည်။
ဘုန်းခနဲ အသံကြီး လေတွင် ပြည့်နှက်သွားပြီး အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများနှင့် လျင်မြန်စွာ အားနည်းနေပြီဖြစ်သော အရုပ်ဘိုးဘေးကြီးဆယ်ကောင်မှာ ကမ္ဘာသစ်မိစ္ဆာအုပ်ကြီးကို ထိုးဖောက်နိုင်သွား၏။ ကမ္ဘာသစ်မိစ္ဆာများက အသက်ကိုပင် ပဓာနမထားဘဲ ရန်သူများအား တိုး၀င်ပြေးတိုက်နေကြသဖြင့် သူတို့ လမ်းတစ်လျှောက်လုံး သွေးချောင်းစီးနေတော့သည်။ ရန်သူမှာ မန်ဟိုအနားသို့ ရောက်ရန်အတွက် သတ်ဖြတ်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။
နှစ်ဖွဲ့ကြားရှိ အကွာအဝေးမှာ မီတာပေါင်းများစွာ ကွာဝေးနေသေးပြီး ရူးသွပ်နေသော ကမ္ဘာသစ်မိစ္ဆာများဖြင့် ပြည့်ကြပ်နေတော့သည်။ ကံဆိုးစွာနှင့် ရန်သူကျင့်ကြံသူများက မန်ဟိုအနား မကပ်နိုင်ပေ။ ကမ္ဘာသစ်မိစ္ဆာများက များလွန်းသည်သာ ဖြစ်သည်။ ကမ္ဘာသစ်မိစ္ဆာရှစ်သိန်း၏ မိစ္ဆာချီများကို အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများ မမြင်နိုင်ပေ။ သို့သော် သူတို့သည် အသေးစားနေရာရွှေ့ပြောင်းခြင်းအား မပြုလုပ်နိုင်အောင် ဟန့်တားနေသည့် ဖိအားတစ်ခုအား ခံစားနေရ၏။
သူတို့လုပ်နိုင်သည့်အရာမှာ ပြေး၀င်ပြီး မန်ဟို့ဆီရောက်အောင် လမ်းတစ်လျှောက်လုံး သတ်ဖြတ်သွားရုံသာ ဖြစ်လေသည်။
မန်ဟို၏ပိတ်ထားသော မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ ၎င်းတို့ပွင့်လာသောအခါ သူ၏သူငယ်အိမ်များသည် အောက်ရှိ သွေးကန်မှ ရောင်ပြန်ဟပ်နေသကဲ့သို့ အနီရောင်သွေးစိတ်ဆန္ဒဖြင့် တောက်ပနေလေပြီ။ ၎င်းမှာ သူ၏မျက်နှာဖုံးအရောင်နှင့် ချွတ်စွပ်ဖြစ်ပြီး မျက်နှာဖုံးနှင့် တစ်သားတည်းဖြစ်နေသည့်အလား ထင်ရသည်။
"သွေးက ရေပဲ....အရုပ်က ငါနဲ့အတူ တစ်ချိန်လုံး ရှိနေခဲ့တာကို ငါ သဘောမပေါက်တာပဲရှိတာ... ဒါက ဒီမှာ အမြဲရှိနေခဲ့တာပဲ" သူ၏အရေပြားသည် ယခုတွင် သွေးရောင်ဖြစ်နေလေပြီ။ မန်ဟို၏တစ်ကိုယ်လုံးမှာ သွေးမျက်နှာဖုံးနှင့် တစ်ရောင်တည်းဖြစ်သွားသဖြင့် သွေးအင်မိုတယ်မျက်နှာဖုံးပင် ပျောက်ကွယ်သွားခဲ့သည့်အလား ထင်ရ၏။ ၎င်းသည် မျက်နှာဖုံးမဟုတ်တော့၊ မန်ဟို၏ မျက်နှာစင်စစ်ဖြစ်သွားခဲ့လေပြီ။
ဤအခိုက်တွင် သူ၏ဝတ်ရုံရှည်မှာလည်း အနီရောင်ပြောင်းသွားခဲ့ပြီဖြစ်သည်။ သူ၏ဆံနွယ်များပင် ရဲရဲနီနေ၏။ ယခုတွင် သူသည်... သွေးကိုယ်ပွားနှင့် တစ်ပုံစံတည်း တူနေပြီဟုပင် ပြောနိုင်လေသည်။
"မဟုတ်သေးဘူး" သူက ခပ်တိုးတိုး ရေရွတ်သည်။ "ကံဆိုးစွာနဲ့ ... ဒီသွေးအရုပ်က သွေးအင်မိုတယ်အပိုင်ဖြစ်မှာ။ ငါ့ဟာမဟုတ်ဘူး...." သူက ညာလက်ကို မြှောက်လိုက်ရာ အဝေးတွင် ကျင့်ကြံသူတစ်ယောက်ကို ခုန်အုပ်နေသော ကျီမျိုးနွယ်သွေးကိုယ်ပွားအား တဆတ်ဆတ် တုန်သွားစေသည်။ ၎င်းမှာ မတုံ့ပြန်ချင်သော်လည်း ၎င်းကိုယ်၎င်း မထိန်းချုပ်နိုင်ပုံပင်။ ၎င်း ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသောအခါ မန်ဟို၏အရှေ့တည့်တည့်သို့ ရောက်နေလေပြီ။
မန်ဟိုသည် သွေးကိုယ်ပွားကို လက်ညှိုးထိုးလိုက်ရာ ၎င်းသည် ချက်ချင်းပင် မန်ဟို၏ လက်ချောင်းထဲသို့ ဝင်ရောက်ပေါင်းစည်းသွားသော အလင်းတန်းတစ်တန်းဖြစ်လာ၏။ အံ့ဖွယ်ကောင်းစွာနှင့် ထိုအလင်းတန်း ဝင်ရောက်သွားသောနေရာတွင် အရုပ်ဆေးမင်ကြောင်တစ်ခု ရုတ်တရက် ပေါ်လာလေသည်။
အနီရောင်အရုပ်ဆေးမင်ကြောင်... သွေးအရုပ်တစ်ခု။
အရုပ်ပေါ်လာသည်နှင့်တစ်ပြိုက်နက် မန်ဟို၏ကျင့်ကြံခြင်းအခြေခံမှာ တဟုန်ထိုး မြင့်တက်သွား၏။ ၎င်းမှာ အချိန်အကြာကြီး ချုပ်တည်းထားခဲ့ရ၍ နောက်ဆုံးတော့ ထိုးတက်သွားနိုင်သွားသည့်အလားပင်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် လာနေသော ဓားပြမျိုးနွယ်စု၏ အစွမ်းထက်ပညာရှင်များနှင့် အရုပ်ဘိုးဘေးကြီးများအား မှင်သက်သွားစေသည်အထိ ပေါက်ကွဲထွက်လာတော့သည်။
***