← Chapters

ကံ ကံ၏အကျိုးအား ကနဦးနားလည်ခြင်း

Vol. 37 Ch. 515

ကံ ကံ၏အကျိုးအား ကနဦးနားလည်ခြင်း

Vol. 37 Ch. 515

"ဓာတ်ငါးပါးရဲ့ မတူကွဲပြားတဲ့ အစုအပေါင်းတွေမှာ သဘောသကန်အမျိုးမျိုးရှိတယ်..." မန်ဟိုသည် တွေးတောနေရင်း ဉာဏ်အလင်းအသစ်ပွင့်သွား၏။ သူက မျက်နှာဖြူဖပ်ဖြူလျော်ဖြစ်နေသော ဓားပြမျိုးနွယ်အစွမ်းထက်ပညာရှင်များနှင့် အရုပ်ဘိုးဘေးကြီးများကို ကြည့်သည်။ သူတို့မှာ သူ့ကို သတ်ချင်ပါသော်လည်း ယခုတွင် ကမ္ဘာသစ်မိစ္ဆာများ၏ ဝိုင်းအုံကိုက်ဖြတ်ခြင်းခံထားရသဖြင့် ဒဏ်ရာအပြင်းအထန်ရထားလေသည်။

သူတို့မှာ ထောင်သောင်းပေါင်းများစွာသော ကမ္ဘာသစ်မိစ္ဆာများ၏ အဝိုင်းခံထားရလေရာ မန်ဟို့ကို သတ်ဖို့ အသာထား... အနားပင် မကပ်နိုင်ပေ။

"ငါတို့ရှုံးသွားပြီ..." အဘိုးကြီးတစ်ယောက်က ခါးသီးစွာ ပြောသည်။ ယခုတွင် သူတို့မှာ မရှုမလှရှုံးနိမ့်သွားခဲ့ပြီဖြစ်ပြီး မန်ဟို့ကို မသတ်နိုင်တော့ကြောင်း သိသွားကြလေပြီ။

မန်ဟိုသည် စိတ်လိုက်မာန်ပါ လုပ်တတ်သူမဟုတ်၍ အတိုက်အခိုက်စွမ်းရည် တဟုန်ထိုး မြင့်တက်သွားသည့်တိုင် သတိရှိနေသေး၏။ သူအနေဖြင့် တစ်ကြိမ်လျှင် တစ်ယောက်‌ဆီကိုသာ တိုက်ခိုက်ခွင့်ပေးပြီး အကုန်လုံးအား တစ်ပြိုင်တည်း ရဲရဲတင်းတင်း ရင်ဆိုင်မည်မဟုတ်ကြောင်း သူတို့ သိကြလေသည်။

ဤကဲ့သို့ ရန်သူတစ်ယောက်၏ ရှေ့မှောက်တွင် ဓားပြမျိုးနွယ်အစွမ်းထက်ပညာရှင်များမှာ အစွမ်းအစမဲ့သလို ခံစားနေရတော့သည်။

အဘိုးကြီး၏ စကားလုံးများ ပဲ့တင်ထပ်သွားသည်နှင့်တစ်ပြိုင်နက် အောက်ရှိ မြေပြင်ပေါ်က ဖရိုဖရဲ အပြဲပြဲအကွဲကွဲဖြစ်နေသော ဓားပြမျိုးနွယ်ဝင်အားလုံး တဖြေးဖြေး အရှုံးပေးလိုက်ကြလေသည်။ သူတို့သည် တိုက်ခိုက်နေသည်ကို ရပ်ပြီး တိတ်‌ဆိတ်စွာသာ ရပ်နေကြ၏။

မူလ ဓားပြမျိုးနွယ်နှစ်သိန်းအနက် နှ‌စ်ဆယ်ရာခိုင်နှုန်းပင် မကျန်တော့ပေ။ ဤတိုက်ပွဲသည် မန်ဟိုတစ်ယောက်တည်းကြောင့် နိုင်ခြင်းမဟုတ်။ သူ ကြီးစိုးခြယ်လှယ်နေသော ကမ္ဘာသစ်မိစ္ဆာရှစ်သိန်း၏ အတောမသပ်နိုင်သော ချေမှုန်းခြင်းစွမ်းအားကြီးမှာ ရန်သူတပ်ဖွဲ့အား ချောက်ချားသွားစေခဲ့သော အင်အားတစ်ရပ်ဖြစ်ခဲ့လေသည်။

ဓားပြမျိုးနွယ်စုကို အနိုင်ယူနိုင်ခဲ့ပြီးပြီဖြစ်၍ မန်ဟိုသည် တိုက်ခိုက်သတ်ဖြတ်ရာတွင် မပါတော့ပေ။ သူက မျိုးနွယ်စု၏ တကွဲတပြားဖြစ်‌နေသော ကျန်ရှိသူများကို စစ်မြေပြင်မှ ထွက်သွားခွင့်ပေးထား၏။ သူတို့ လွင်ပြင်များအတွင်းသို့ ဝင်ရောက်‌ပျောက်ကွယ်သွားသောအခါ မန်ဟိုသည် ကျီးနတ်မင်းမျိုးနွယ်စု၊ ရွှေအလင်းဘုရားကျောင်း၊ နဂါးနက်မျိုးနွယ်စုနှင့် ကမ္ဘာသစ်မိစ္ဆာရှစ်သိန်းကို ဦးဆောင်ပြီး မဟူရာဂိတ်တံတိုင်းကြီး၏အရှေ့တွင် ရပ်လိုက်သည်။ သူက ‌အပေါ်ဘက် သူရဲခိုကို ခေါင်းမော့ကြည့်လိုက်၏။

"ကျီးနတ်မင်းမျိုးနွယ်စု မိစ္ဆာစိတ်ဝိညာဉ်နဲ့ ရောက်ရှိလာပါပြီ" သူ၏အသံသည် အနက်ရောင်နယ်‌မြေအတွင်းသို့ ဟိန်းထွက်သွားလေသည်။

ရှုပိုင်က မန်ဟို့ဘေးတွင် ရပ်လိုက်သည်။ သူသည် အနက်ရောင်နယ်မြေသို့ ဦးတည်နေသော မဟူရာဂိတ်ပေါက်ကြီးကို မော့ကြည့်ရင်း အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ ပြောသည်။ "နဂါးနက်မျိုးနွယ်စု မိစ္ဆာစိတ်ဝိညာဉ်နဲ့အတူ ရောက်ရှိလာပါပြီ"

အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်ငြိမ်ကျသွားပြီးနောက်....

ဂျိန်းခနဲ မဟူရာဂိတ်တံတိုင်းကြီး၏ ဂိတ်ပေါက်ကြီး..... ဖြေးညှင်းစွာ ပွင့်လာသည်။

ဂိတ်ကြီးပွင့်လာစဉ် သူရဲခိုအပေါ်ရှိ လူများမှာ အောက်သို့ ငုံ့ကြည့်နေကြ၏။ အကြည့်အားလုံးနီးပါးက အောက်ရှိလူများကို ဖြတ်ပြေးပြီး မန်ဟို့အပေါ် ကျရောက်လာသည်။

စကားသံများ ချက်ချင်း ဆူညံသွား၏။

"ကြည့်ရတာ အနက်ရောင်နယ်မြေတော့ အရင်ထက်ပိုပြီး စည်ကားလာတော့မယ်ထင်တယ်"

"ဒီလူမန်ဟိုမှာ ပြောင်မြောက်တဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ ထူးဆန်းတဲ့ နတ်ဘုရားစွမ်းရည်တွေရှိတယ်။ သူ့အရုပ်တွေက ပိုလို့‌တောင် ရင်သပ်ရှုမောစရာကောင်းသေးတယ်။ အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်ကိုတောင် သတ်ဖြတ်နိုင်တယ်ဆိုတော့... ‌နောင်တစ်ချိန်ကျရင် အနက်ရောင်နယ်မြေမှာ သေချာပေါက် သည့်ထက်ပိုပြီး ထင်ရှားကျော်ကြားလာလိမ့်မယ်"

"အနောက်ပိုင်းသဲကန္တာရပျက်သုဉ်းခြင်းကပ်ဘေးက ‌စုပေါင်းနေတဲ့ကာလကို ရောက်သွားပြီ။ ဒီမဟူရာဂိတ်တံတိုင်းကြီးဆီကနေပြီး ပင်လယ်ကြီးကို မြင်ရဖို့ သိပ်ကြာတော့မှာ မဟုတ်ဘူး... ကျီးနတ်မင်းမျိုးနွယ်စုနဲ့ နဂါးနက်မျိုးနွယ်စုက အနောက်ပိုင်းသဲကန္တာရကနေ ဒီနေရာအထိရောက်အောင် တစ်လမ်းလုံး သတ်ဖြတ်ခဲ့ပြီး မိစ္ဆာစိတ်ဝိညာဉ်နဲ့အတူ အနက်ရောင်နယ်မြေကို ဝင်ခွင့်ရတဲ့ နှစ်စုတည်းသောမျိုးနွယ်စုတွေပဲ။ သိပ်ထူးခြားတယ်..."

သူတို့၏စကားလုံးများက လောင်ချုံးကို အော်ဂလီဆန်သွားစေသည်။ သူသည် ရံဖန်ရံခါ အောက်ရှိလူကြားအထဲက မန်ဟို့ကို ငုံ့ကြည့်တတ်၏။ သူ ဘာတွေးနေသည်လဲဆိုသည်ကို‌တော့ ပြောမရပေ။

မန်ဟိုကို ငုံ့ကြည့်နေသော ကျိုးဒယ်ခွန်သည် စိတ်လှုပ်ရှားနေဟန်ရှိပြီး အလွန်အားရနေသောအပြုံးကြီးက သူ၏မျက်နှာတွင် ဖုံးဖိမရအောင် ပေါ်လွင်နေတော့သည်။

သောလန်သည် ပထမတွင် မျက်မှောင်ကြုတ်နေရာမှ တဖြည်းဖြည်း ပြန်လည်ပြေလျော့သွား၏။ သူမက မန်ဟို့ကို အလေးအနက် ကြည့်နေလေသည်။

သူမဘေးတွင် ကျန်း၀မ်ကျိုက ပြုံးနေသည်။ သူက ခေါင်းတခါခါဖြင့် ပြော၏။ " ဓာတ်ငါးပါးအရုပ် ပေါင်းစည်းတယ် ဟုတ်လား။ စိတ်‌ဝင်စားစရာကောင်းတဲ့ အကြံပဲ။ ကံဆိုးစွာနဲ့ အဲ့ဒါက ယာယီပဲ ခံမှာ။ အမြစ်မရှိတဲ့ ကြာရွက်လိုပဲ အလဟဿ ဖြစ်သွားဖို့ သိပ်ကြာမှာ မဟုတ်တော့ဘူး။ သူက သေချာပေါက် ရွေးချယ်ခံတောင် မဟုတ်ပေဘူး

" နောင်တစ်ချိန် အနက်ရောင်နယ်မြေမှာ သူနဲ့ ပြန်တွေ့ရင် ဓာတ်ငါးပါးပေါင်းစည်းတာ ဟာသတစ်ခုထက် မပိုဘူးဆိုတာကို နားလည်အောင် ကူညီပေးရမယ် " သူက ပြုံးလိုက်သည်။

လောလောဆယ်တွင် ဂိတ်ပေါက်ကြီးသည် ဂျုန်းခနဲ တစ်ခုလုံး ပွင့်သွားပြီဖြစ်ပြီး မီတာသုံးရာအကျယ်ခန့်ရှိသော တံခါးတစ်ချပ်သဖွယ် အပေါက်ဝတစ်ခု ပေါ်လာသည်။ ထိုအတွင်းမှ နေရောင်ခြည်သို့ ဖြာထွက်လာ၏။ ထို့အခြားတစ်ဖက်တွင် အနက်ရောင်နယ်မြေရှိလေသည်။ ဤတံခါးမှာ ကမ္ဘာနှစ်ခုကို ခြားနားထားသော အမှတ်တစ်ခုအလားပင်။

ရှုပိုင်က အသက်ပြင်းပြင်းရှူသွင်းပြီး မန်ဟို့ဘက် လှည့်လာသည်။ သူသည် လက်နှစ်ဖက်ကို ယှက်ရင်း လေးလေးနက်နက် အရိုအသေပေးလိုက်၏။ "ညီလေးမန်" သူက ဆိုသည်။ "မင်းရဲ့ကြင်နာမှုအတွက် ငါဘယ်လောက်ကျေးဇူးတင်လဲဆိုတာ စကားလုံးတွေနဲ့တောင် ဖော်ပြလို့မရပါဘူး။ ငါတို့နှစ်ဖွဲ့ကြားက မဟာမိတ်ချစ်ကြည်ရေးဟာ ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး။ အခုတော့ ငါ ၊ ရှုပိုင် မျိုးနွယ်စုကို အနက်ရောင်နယ်မြေဆီ ဦးဆောင်သွားရဦးမယ်။ ပြန်လည်ထူထောင်ပြီးလို့ အချိန်ရရင် ငါတို့နှစ်ယောက် ထွေရာလေးပါး စကားစမြည်ပြောကြတာပေါ့ကွာ"

မန်ဟိုက ရယ်ပြီး ခေါင်းညိတ်လိုက်သော်လည်း ဘာမှမပြောပေ။

ထို့နောက် ရှုပိုင်သည် သူ၏မျိုးနွယ်စုကို မဟူရာဂိတ်တံတိုင်းကြီးထံသို့ ဦးဆောင်ခေါ်သွား၏။ သူတို့သည် အနက်ရောင်နယ်မြေအတွင်း ဝင်ရောက်ပျောက်ကွယ်သွားလေပြီ။

နဂါးနက်မျိုးနွယ်စု သူတို့လမ်း သူတို့ ဆက်သွားကြစဉ် မန်ဟိုကား သူ့အနောက်ရှိ ကျီးနတ်မင်းမျိုးနွယ်၀င်များကို ပြန်လှည့်ကြည့်သည်။

အချိန် အတော်လေးကြာသော် သူအကြည့်သည် တစ်ချိန်က မျိုးနွယ်စုငါးစု ဖြစ်ခဲ့သော အဖွဲ့၀င်များ အ‌ပေါ်သို့ ကျရောက်သွား၏။ ယခုတွင် ရာဂဏန်းမျှသာ ကျန်တော့လေသည်။ ဝူချိန်နှင့် ဝူလင်းလည်း သူတို့ကြားတွင် ရှိ၏။

အသက်စွမ်းအား အလုံးစုံကို လောင်ကျွမ်းပစ်ခဲ့သော ခေါင်းကိုင်ဖခင်လည်း ရှိ၏။ သူသည် ယခုတွင် အလွန်အိုမင်းနေပြီ ဖြစ်ပြီး နေထိုင်ရန် သက်တမ်း မရှိတော့ပေ။

မန်ဟိုက သူတို့ကို ကြည့်ပြီး သူတို့က မန်ဟို့ကို ပြန်ကြည့်သည်။ မည်သည့် စကားလုံးမှ ပြောဆိုခြင်းမရှိ။ နှစ်ပေါင်းများစွာ အတူတကွ အချိန်ကုန်ဆုံးပြီး နောက်တွင် သူတို့သည် မန်ဟို့ကို ကောင်းကောင်း သိလာခဲ့လေပြီ။ တိတ်ဆိတ်နေမှု အတွင်းတွင် အတိတ်ကို ပြန်ပြောင်းတမ်းတနေမှုများ ပါရှိ၏။

အချိန်အတန်ကြာသော် မန်ဟိုက ပြုံးလိုက်သည်။

သူသည် ကျီးနတ်မင်းမျိုးနွယ်စု၏ မူလ အဖွဲ့၀င်များနှင့်အတူ သူတို့ လမ်းတစ်လျှောက်လုံး ထည့်သွင်းစုဆောင်းခဲ့သော အခြားမျိုးနွယ်၀င်များကို ကြည့်လိုက်သည်။ သူက နွေးထွေးပြီး ဖော်ရွေသော အသံဖြင့် ပြော၏။ " ကဲ ငါ မင်းတို့ကို ဒီနေရာထိ ခေါ်လာခဲ့ပြီးပြီ။ အခု မင်းတို့ရဲ့ မျှော်လင့်ချက်ကို မင်းတို့ဆီ ပြန်လွှဲအပ်ပေးဖို့ အချိန်ကျပြီ "

သူသည် ဤလူများဖြင့် နှစ်ပေါင်းများစွာ ခရီးနှင်ခဲ့ပြီး ဤနေရာသို့ ရောက်သည်အထိ သူတို့နှင့်အတူ ရင်ဘောင်တန်း၍ တိုက်ပွဲများ ဆင်နွှဲခဲ့ရလေသည်။ နောက်ဆုံး အကြာကြီးကြာသည့် အခါတွင်တော့ သူတို့သည် အနက်ရောင်နယ်မြေကို ဦးတည်နေသော ဂိတ်တံတိုင်းကြီးဆီသို့ ရောက်ရှိလာခဲ့လေပြီ။

ဂိတ်တံခါးကြီးကား ပွင့်နေပြီ ဖြစ်ပြီး သူတို့ လျှောက်၀င်လာမည်ကို စောင့်ဆိုင်းနေ၏။

" မင်းတို့ ငါ့ရဲ့ အရုပ်တွေနဲ့ ဆက်ပြီး ကျင့်ကြံအားထုတ်နိုင်တယ် " သူက ဆက်ပြောသည်။ " ဒါ့အပြင် ငါတို့ ရရှိခဲ့တဲ့ တခြား အရုပ်ဘိုးဘေးကြီးတွေနဲ့လည်း ပဋိညာဉ်ပြုထားတဲ့အတွက်ကြောင့်မို့လို့ ကျီးနတ်မင်းမျိုးနွယ်စုအနေနဲ့ သူတို့ဆီကနေပြီးတော့ အရုပ်တွေဖန်တီးလို့ ရလိမ့်မယ်

"ငါ့ရဲ့ နွယ်ပင်တွေကလည်း နေပြန်ကောင်းလာပြီ။ အဲ့ဒါကြောင့်မလို့ မင်းတို့ကို အစောင့်အရှောက်အနေနဲ့ လက်ဆောင်ပေးခဲ့မယ် "

သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ဆူးမြို့ရိုးနွယ်အစေ့ ပေါ်လာသည်။ သူက ၎င်းကို တာ၀န်တစ်ခု ပေးအပ်လိုက်၏။

ကျီးနတ်မင်းမျိုးနွယ်စုကို စောင့်ရှောက်ပါ

ထို့နောက်တွင် သူသည် နွယ်စေ့ကို ကျီးနတ်မင်းမျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်သို့ ပေးလိုက်သည်။ အဘိုးကြီးက မန်ဟို့ကို တိတ်ဆိတ်စွာ ကြည့်ရင်း လွန်ခဲ့သည့် နှစ်ပေါင်းများစွာက မြင်ကွင်းများကို ပြန်တွေးနေပြီး မျိုးနွယ်စုကို မျှော်လင့်ချက်ပေးရန်နှင့် ပတ်သက်၍ မန်ဟိုပြောခဲ့သည့် အရာကို ပြန်စဉ်းစားနေ၏။

ဖြစ်ပျက်ခဲ့သော အရာအားလုံးမှာ သူ၏ စိတ်ထဲတွင် တရိပ်ရိပ် ဖြတ်ပြေးနေရာ မန်ဟို့ကို ကြည့်နေသော သူ၏ မျက်လုံးများအား အတော်လေး ဝေဝါးသွားစေသည်။

" ဒီနေ့ကစပြီး " မန်ဟိုက ပြောသည်။ " ရွှေအလင်းဘုရားကျောင်းက ကျီးနတ်မင်းမျိုးနွယ်စုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မယ်။ အခုကစပြီး မျိုးနွယ်စုကို ကျီးနတ်မင်းမျိုးနွယ်စုလို့ မခေါ်ဘဲ ရွှေကျီးကန်းမျိုးနွယ်စုလို့ ခေါ်ရမယ် " ကျီးနတ်မင်းမျိုးနွယ်စု၀င်များ တုန်ရီလာကြသည်။ မည်သူ ပထမဦးဆုံး လုပ်လိုက်သည်လဲ ပြောရခက်သော်လည်း သူတို့အားလုံးသည် ဒူးထောက်ပြီး မန်ဟို့ကို အရိုအသေ ပေးကြ၏။

ဘယ်သူမှ စကားမပြောပေ။ သို့သော်လည်း သူတို့၏ မျက်ရည်ဝဲနေသော မျက်လုံးများနှင့် မျက်နှာအမူအရာများက မန်ဟို့ကို အလေးအနက်လေးစားပြီး ယုံကြည်သက်၀င်ကာ ကျေးဇူးတင်နေကြောင်း ထင်ဟပ်ပြသနေလေသည်။

မန်ဟိုက သူတို့ကို ကြည့်ပြီး ပြုံးလိုက်သည်။ ၎င်းကား ယခုကဲ့သို့ ပြောနေသော အပြုံးဖြစ်၏။ " ခွဲခွာဖို့ အချိန်ကျပြီ "

သူက ဂုလာကို လှည့်ကြည့်သည်။ " ဂုလာရေ… အခုကစပြီး မင်း လွတ်လပ်သွားပြီ။ ဒါပေမယ့် မင်းကို လွှတ်မပေးခင် ငါပြောရလိမ့်မယ်။ ရွှေကျီးကန်းမျိုးနွယ်စုရဲ့ အဖွဲ့၀င်တစ်ယောက်အနေနဲ့ နေပြီးတော့ သူတို့ရဲ့ မိစ္ဆာသားရဲသခင် ဖြစ်လာပေးဖို့ မျှော်လင့်ပါတယ် "

ဂုလာသည် ဒူးထောက်နေလျက် တုန်ရီသွားပြီး မန်ဟို့ကို တွေတွေကလေး မော့ကြည့်၏။ ဤခရီးရှည်ကြီး ကို ဖြတ်သန်းလာခဲ့ပြီးနောက်တွင် သူ ယခင်က ခံစားနေခဲ့ရသော ၀မ်းနည်း‌ကြေကွဲမှုတို့မှာ ပျောက်ကွယ်သွားခဲ့တာ ကြာလေပြီ။ သူသည် လောလောဆယ်တွင် မခွဲနိုင် မခွာနိုင် ဖြစ်နေသော အမူအရာကို ဆင်မြန်းထား၏။ တစ်ခဏကြာသော် သူက ခေါင်းငုံ့ပြီး သဘောတူကြောင်း ပြောလိုက်သည်။

" ငါ မင်းကို ဘီလူးရိုင်းကြီး ပေးခဲ့မယ် " မန်ဟိုက ဆက်ပြောသည်။ " သူ့ကို ကောင်းကောင်းဂရုစိုက် ကြားလား " သူသည် ဘီလူးရိုင်းကြီးကို လှမ်းကြည့်လိုက်သည်။ နှစ်တွေကြာသည့်အခါ ၎င်းမှာ ထိခိုက်ဒဏ်ရာရခဲ့သဖြင့် ၎င်း၏ ကိုယ်ထည်ကြီးမှာ ယခုတွင် အမာရွတ်များဖြင့် ဖုံးလွှမ်းနေလေသည်။ သို့ထိတိုင် အင်အားကြီးမားပြီး ခန့်ညားထည်ဝါနေသေး၏။ ၎င်းက မည်သည်တို့ဖြစ်ပျက်နေသည်လဲ နားမလည်သည့်အလား မန်ဟို့ကို ကြောင်တောင်တောင်လေး ကြည့်နေ၏။

" ဒီကမ္ဘာမိစ္ဆာရှစ်သိန်းကိုတော့ ငါနဲ့အတူ ‌တစ်ကောင်မှ ယူမသွားဘူး။ ရွှေကျီးကန်းမျိုးနွယ်စု အင်အား ကျောရိုးဖြစ်လာဖို့အတွက် မင်းတို့ကို ငါ ပေးခဲ့မယ်။ ငါကိုယ်တိုင် အကုန်လုံးနဲ့ ပဋိညာဉ်ပြုထားတဲ့အတွက် မင်းတို့ သူတို့ကို ထိန်းချုပ်စရာ မလိုဘူး။ သူတို့ ဒီရွှေကျီးကန်းမျိုးနွယ်စုကို ကာကွယ်ပေးဖို့အတွက် ဒီမှာရှိနေပေးလိမ့်မယ် " ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ကမ္ဘာသစ်မိစ္ဆာရှစ်သိန်းက တညီတညွတ်တည်း ဟိန်းဟောက်လိုက်ကြ၏။ တစ်ကောင်စီတိုင်းမှာ မန်ဟိုနှင့် ဆက်သွယ်နေသည့်အလား သူ့ကို ကြည့်လာကြသည်။

မောင်မွှေးထူနှင့် အခြားကောင်များမှာ မခွဲခွာချင်သည့်အလား တအီအီ ငိုကြွေးနေ၏။

မန်ဟိုက နူးညံ့သောအပြုံးလေးဖြင့် သစ်စိမ်းဝံပုလွေများကို ကြည့်လိုက်သည်။ သူသည် ကျီးနတ်မင်းမျိုးနွယ်စုငါးစုကို ပထမဦးဆုံး ၀င်ရောက်ခဲ့သည့် နှစ်များတုန်းက သစ်စိမ်းဝံပုလွေ ပေါက်စလေးငါးကောင်ကို ပထမဆုံး မြင်ခဲ့သည့်အချိန်ကို ပြန်တွေးမိလိုက်သည်။

တစ်ညလုံး ဆာလောင်နေသဖြင့် သူတို့၏ တအီအီ အော်နေသံများကို သူ ယခုထိ မှတ်မိနေသေးလေသည်။

သူတို့အတွက် အစာများ အပြေးအလွှားရှာခဲ့သည်ကိုလည်း ပြန်တွေးလိုက်မိ၏။

" မင်းတို့ အခုအရွယ်ရောက်လာပြီပဲ " သူက နူးညံ့ပျော့ပြောင်းစွာ ပြောသည်။ " ငါ့နောက်လိုက်ဖို့ မလိုတော့ဘူး။ ငါ သွားမယ့်နေရာက …. မင်းတို့ငါးကောင် လိုက်လို့မရဘူးလေကွာ "

သူတို့၏ ၀မ်းနည်းကြေကွဲနေသော အသံလေးများက ရွှေကျီးကန်းမျိုးနွယ်စု၀င်များကို ဒူးထောက်အရိုအသေပေးနေရာမှ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ သူတို့က မန်ဟို့ကို ၀မ်းနည်းကြေကွဲနေသော အမူအရာများဖြင့် ခေါင်းမော့ကြည့်ကြ၏။

" ဘိုးဘေးကြီး ကျေးဇူးပြုပြီး ရွှေကျီးကန်းမျိုးနွယ်စုကနေ ထွက်မသွားပါနဲ့ခင်ဗျာ…. "

" ဘိုးဘေးကြီး ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့အတူ အနက်ရောင်နယ်မြေမှာ နေလို့မရဘူးလား "

" ဘိုးဘေးကြီး မရှိရင် ကျွန်တော်တို့ ဒီလမ်းမှာ သေသွားခဲ့တာ ကြာပြီ။ ရွှေကျီးကန်းမျိုးနွယ်စုအနေနဲ့ ဘိုးဘေးကြီးရဲ့ ကြင်နာသနားမှုကို ထာ၀ရ အမှတ်ရနေမှာပါ "

သူတို့၏ စကားများက မန်ဟို့ကို အချိန်အကြာကြီး တိတ်ဆိတ်စွာ ရပ်နေစေ၏။ နောက်ဆုံးတွင် သူက ခေါင်းခါပြီး သူတို့ကို အလေးအနက်ကြည့်၏။

" ငါ့ကို ကျေးဇူးတင်စရာ မလိုဘူး " သူက အေးအေးလူလူ ပြောသည်။ " ငါ လုပ်ခဲ့တာတွေအားလုံးက ရွှေကျီးကန်းနဲ့ သစ်ပင်ကြီးရဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့ အတွက်ပဲ။ ဒါက ငါ တောင်းပန်တဲ့နည်းလမ်းလည်း ဟုတ်တယ်။ ပြောရရင် ဒါက ကံကြွေးတစ်ခုလို့လည်း ဆိုနိုင်တာပေါ့ " သူက လက်ကို ဝှေ့ယမ်းလိုက်ရာ သူချိတ်ပိတ်ထားခဲ့သည့် မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင်ကို ခေါင်းကိုင်ဖခင် လက်အတွင်းသို့ သက်ဆင်းသွားစေသည်။

" ဒါကို ယူပြီး အနက်ရောင်နယ်မြေကို ၀င်ရောက်ပါ " သူသည် ရွှေကျီးကန်းမျိုးနွယ်စုကို လေးလေးနက်နက် တစ်ချက်ကြည့်ပြီးနောက် အနက်ရောင်နယ်မြေကို ပြန်ကြည့်လိုက်သည်။ သူ့တွင် ကျန်ရှိနေသေးသည့် မိစ္ဆာစိတ်ဝိညာဉ်ကြောင့် မကြာခင် ပဋိပက္ခများ ဖြစ်ပွားတော့မည်ကို သူသိလေသည်။ ထို့ကြောင့် ကြာကြာ မနေတော့ရန် ဆုံးဖြတ်ပြီး အနက်ရောင်နယ်မြေကို ကျောခိုင်းကာ လမ်းလျှောက်ထွက်သွား၏။ သူသည် ဓာတ်ငါးပါးယာယီပေါင်းစည်းထားသည်ကို အခွင့်ကောင်းယူပြီး အဝေးသို့ လျင်မြန်စွာ ထွက်သွားကာ ပျောက်ကွယ်သွားလေတော့သည်။

" ကိုကို့ရဲ့ ကိုယ်လုပ်တော်လေး " ကြက်တူရွေးက မန်ဟို့ပုံစံကို တုပရင်း ပြောသည်။ " ဒီမှာ မင်းရဲ့ ဒဏ်ရာတွေကို ကုသဖို့အတွက် နေခဲ့နော်။ ပြီးတော့ ရွှေအလင်းဘုရားကျောင်းကိုလည်း ငါ့အစား ဂရုစိုက်ပေးဦး။ ငါကိုယ်တော် သခင်ငါးအနေနဲ့ ချစ်လေးကို ပြန်လာရှာမှာပါ …. " ၎င်းကား ၀မ်းလည်း၀မ်းနည်း၊ မောက်လည်းမောက်မာနေသော အသံဖြင့် တောင်ပံနှစ်ဖက်ကို တဖျပ်ဖျပ် ခတ်ပြီး မန်ဟို့နောက်ကို လိုက်သွားလေ၏။

" ဟား ဟား ဟား။ လွတ်လပ်ပြီ ခွေးမသားတွေရေ လွတ်လပ်ပြီကွ။ ကိုယ်လုပ်တော်လေးက အရမ်းကို ချုပ်ခြယ်လွန်းအားကြီးတယ်။ တကယ်ပဲ သည်းမခံနိုင်ဘူး။ နောက်ဆုံးတော့ ငါ လွတ်လပ်သွားပြီ။ ဟား ဟား အမလေး …. လွတ်လပ်မှုရဲ့ အနံ့တွေ ဘယ်လောက်တောင် ချစ်စရာ ကောင်းလိုက်သလဲ "

"ဘိုးဘေးကြီး" မန်ဟို ထွက်သွားစဉ် ရွှေကျီးကန်းမျိုးနွယ်ဝင်အားလုံးက လှည့်ပြီး သူ့ကို ထပ်မံရှိခိုးအရိုအသေပေးလိုက်ကြသည်။ သူတို့သည် အချိန်အတော်ကြာမှ ထရပ်ပြီး အနာဂတ်က မည်သို့မည်ဖုံ ဖြစ်လိမ့်မည်ကို တွေးတောရင်း အတိတ်ကို ပြန်အောက်မေ့‌နေလျက် ကမ္ဘာသစ်မိစ္ဆာရှစ်သိန်းနှင့်အတူ အနက်ရောင်နယ်မြေသို့ ဝင်ရောက်သွားကြတော့သည်။

မန်ဟို ထွက်သွားခြင်းက သူရဲခိုအပေါ်ရှိ လူအုပ်ကြီးကို အံ့အားသင့်သွားစေသည်။ ကျန်းဝမ်ကျို၏သူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။ မန်ဟို့အပေါ် အကဲဖြတ်မှားသွားသည်ကို သူ ရုတ်တရက် သဘောပေါက်သွားတော့သည်။

"သူ ဘယ်သွားနေတာလဲ..."

သောလန် မှင်သက်သွားပြီး ‌ကျိုးဒယ်ခွန်မှာ မျက်လုံးကြီးပြူးလျက် ငေးကြည့်နေသည်။

ခပ်‌လှမ်းလှမ်းတွင် မန်ဟိုသည် ရှေ့ဆက်သွားနေ၏။ သူ၏အမူအရာသည် ပကတိတည်ငြိမ်လျက်ရှိပြီး သူကား ယခင်တုန်းကနှင့် လုံးဝမတူတော့ပေ။

"ငါသာ အဲ့ဒီနှစ်တုန်းက ကျီးနတ်မင်းမျိုးနွယ်စုဆီ မသွားခဲ့ရင် ရွှေကျီးကန်းကြီးက နောက်နှစ်ထောင်ပေါင်းများစွာ အသက်ရှင်နေဦးမှာ။ ငါရောက်သွားတာက ကံ‌မျိုးစေ့ချခဲ့တာဖြစ်ပြီးတော့... ရိတ်သိမ်းတဲ့အခါ ရွှေကျီးကန်းကြီး သေဆုံးသွားရတယ်။ ဒါပေမဲ့ အဲ့ဒီရိတ်သိမ်းခြင်းက နောက်မျိုးစေ့ချပြန်တယ်။ ‌ရွှေကျီးကန်းကြီး သေဆုံးသွားတဲ့အတွက် ကျီးနတ်မင်းမျိုးနွယ်စု အာဏာကျဆင်းသွားပြီး သုတ်သင်ခံရခါနီး ဖြစ်ခဲ့တယ်။ ပျက်ကိန်း‌ကြောင့်လည်း ပျက်စီးသွားတော့မလိုပဲ။ အဲ့ဒါက ကံကြွေးကို ရိတ်သိမ်းတဲ့ရလဒ်ဖြစ်ပေတယ်

"မျိုးစေ့ချတယ် ရိတ်သိမ်းရတယ်၊ ရိတ်သိမ်းတာက နောက်မျိုးစေ့ချပြန်တယ်။ အရင်ကဖြစ်ခဲ့တာ အကုန်လုံးက မျိုးစေ့ချတာပဲ။ ကျီးနတ်မင်းမျိုးနွယ်စုကို ‌မြောက်ပိုင်းကနေ အနက်ရောင်နယ်မြေအထိ ခေါ်လာပေးခဲ့တဲ့နောက်မှာ အဲ့ဒီမျိုးစေ့ကို ရိတ်သိမ်းပြီးသွားပြီ

"ကျေးဇူးပြန်ဆပ်တာလည်း ထိုနည်း၎င်းပဲ။ ကျေးဇူးက ကံကြွေးမျိုး‌စေ့ချတာဖြစ်ပြီးတော့ ‌ကျေးဇူးပြန်ဆပ်တာက အဲ့ဒီမျိုးစေ့ကို ပြန်ရိတ်သိမ်းတာဖြစ်တယ်"

"ကံကြွေးဆိုတာ အကြောင်းတရား၊ အကျိုးတရား နဲ့ ပတ်သက်‌နေတာပဲ။ ငါ....အခု နားလည်ပြီ" ခရီးနှင်နေစဉ် သူ၏မျက်လုံးများသည် ဉာဏ်အလင်းဖြင့် ‌‌တဖျပ်ဖျပ် လက်နေတော့သည်။ သူကား ဝေနေယျသက်ရှိသတ္တဝါအားလုံးနှင့် ချိတ်ဆက်နေသော ကံကြွေးမျှင်များကို ခပ်ရေးရေး မြင်နိုင်သွားသည့်အလားပင်။

မန်ဟိုသည် တဟားဟားရယ်ရင်း သိုလှောင်အိတ်ကို ပုတ်ကာ ကျီမျိုးနွယ်စု၏ ငါးမြှားတံကို ထုတ်လိုက်၏။ သူ ၎င်းအား ပစ်လွှတ်လိုက်စဉ် သူ၏နှလုံးသားထဲ၌ သက်ရှိသတ္တဝါအားလုံး၏ ကံကြွေးအာရုံ ပေါ်ပေါ်လာသည်။

***

All Chapters