စိတ်ဝိညာဉ်ကို မခွဲထုတ်ဘဲနှင့် နှစ်တစ်ထောင်ထက်ပိုပြီး နေနိုင်မည်လော
Vol. 37 Ch. 516
မြောက်ပိုင်းမှ စပြီး အရှေ့ပိုင်းနှင့် အနောက်ပိုင်းသို့တိုင်အောင် အနောက်ပိုင်းသဲကန္တာရနယ်မြေများသည် တဖြည်းဖြည်း ခရမ်းရောင်ပင်လယ်ကြီးတစ်စင်း ဖြစ်လာကြသည်။ နောက်ဆုံးတွင် ပင်လယ်ကြီးသည် တောင်ပိုင်းအထိ ကျူးကျော်နယ်ချဲ့ကာ ဖုံးလွှမ်းသွားလေပြီ။ ၎င်းက မဟူရာဂိတ်တံတိုင်းကြီး၏အပြင်တွင် ရပ်သွား၏။ ဤအခိုက်အတန့်တွင် ၎င်းကား အဆုံးမရှိသော အနန္တပင်လယ်ကြီးတစ်စင်းဖြစ်လာခဲ့ပြီ ဖြစ်သည်။
မဟူရာဂိတ်တံတိုင်းမှာလည်း နောက်ဆုံးတွင် ရေအောက်နစ်မြုပ်သွား၏။ နှစ်သောင်းကြာ၍ ပင်လယ်ရေများ ပျောက်ကွယ်သွားလျှင် နယ်မြေအသစ် ပေါ်ထွက်လာပေလိမ့်မည်။
ယင်းက အနောက်ပိုင်းသဲကန္တာရပျက်သုဉ်းခြင်းကပ်ဘေး၏ နိဂုံးစင်စစ် ဖြစ်ပေမည်။ ပင်လယ်ရေများ ပျောက်ကွယ်သွားပြီး အနောက်ပိုင်းသဲကန္တာရကြီးသည် နောက်တစ်ဖန် ထွက်ပေါ်လာမည်ဖြစ်၏။
ထိုအချိန်သို့ရောက်လျှင် အဆိုပါနယ်မြေကြီးမှာ အနက်ရောင်နယ်မြေတွင် အခြေနေထိုင်နေပြီဖြစ်သော အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများအတွက် စိမ်းကောင်း စိမ်းနေလိမ့်မည်။ သို့စေကာမူ လွန်ခဲ့သော နှစ်တစ်သောင်းမှ မျိုးနွယ်စု၏ ဇစ်မြစ်များအား သွားရောက်ရှာဖွေကြမည့်သူများ ရှိလိမ့်မည်မှာ မလွဲဧကန်ပင်။
ယခုတွင် မဟူရာဂိတ်တံတိုင်းကြီးသည် ပြောင်းရွှေ့ခြင်းတရားဝင်ပြီးဆုံးပြီဖြစ်ကြောင်း ထုတ်ပြန်ရင်း ပိတ်နေလေပြီ။
ကံတရားနှင့်ပတ်သက်ပြီး ဉာဏ်အလင်းရသွားသဖြင့် မန်ဟို၏ တဟားဟားရယ်သံကြီးက ဟိန်းထွက်နေသည်။ သူသည် ကံကြွေးမျှင်များကို မြင်ရသွားလေပြီ။ ငါးမျှားကြိုးကို ပစ်လွှတ်ခြင်းဖြင့် ကျီမျိုးနွယ်ဝင်တစ်ယောက်နည်းတူ ငါးမျှားတံရတနာကို သူထိန်းချုပ်နိုင်သွားပြီဖြစ်သည်။ မန်ဟို့အတွက် ဤအရာမှာ မထင်မှတ်ထားသော အကျိုးအမြတ်ကြီးပင်။
"ဒီတော့ ကံကြွေးက ငါနဲ့အတူ တစ်လျှောက်လုံး ရှိနေခဲ့တာပဲ...." သူ လေကို ခွင်းသွားနေစဉ် ကြက်တူရွေးသည် သူ၏ပခုံးပေါ်တွင် နားနေ၏။ အသားဂျယ်လီက ထုံးစံအတိုင်း ကြက်တူရွေး၏ခြေထောက်အား တွယ်ကပ်နေသည်။ လူတစ်ယောက်၊ ကြက်တူရွေးတစ်ကောင်နှင့် အသားဂျယ်လီတစ်တုံး.... တဝေါဝေါ ရွာကျနေသော ခရမ်းရောင်မိုးရေများကို ဖြတ်သွားနေသည်။ သူတို့ကို သုတ်သင်ခြင်းစွမ်းအားက ဝန်းရံနေ၏။ စိတ်ဝိညာဉ်စွမ်းအင်မှာလည်း တစ်စက်မကျန်အောင် ပြတ်တောက်နေလေပြီ။
ရွှေကျီးကန်းမျိုးနွယ်စုနှင့် လမ်းခွဲပြီးနောက် မန်ဟိုသည် အနက်ရောင်နယ်မြေသို့ မဝင်ရန် ရွေးချယ်ခဲ့၏။ သူက တခြားရွေးချယ်မှုကို ပြုလုပ်ခဲ့သည်။
ရေအရုပ်ကို ဖော်ဆောင်ဖို့အတွက် ခရမ်းမိုးပျက်သုဉ်းခြင်းကပ်ဘေးအတွင်းထဲ နေရစ်ခဲ့မည်ဖြစ်သည်။
သွေးအရုပ်မှာမူ ၎င်းသည် မန်ဟိုရွေးချယ်သည့် အရုပ်များအထဲတွင် မပါဝင်ပေ။ သူသည် ဉာဏ်အလင်းရပြီး ခရမ်းပင်လယ်ကြီး၏ စစ်မှန်သောအဓိပ္ပာယ်ကို နားလည်ဖို့အတွက် ခရမ်းမိုးပျက်သုဉ်းခြင်းးကပ်ဘေးအတွင်း နေပေမည်။
သူ လေကို ခွင်းလာနေစဉ် သူ၏မျက်လုံးများ လင်းခနဲ လက်သွား၏။
"အခု ငါ အနက်ရောင်နယ်မြေရဲ့အပြင်၊ လွင်ပြင်ကနေ ထွက်ခွာလာပြီးပြီ..." သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ "နောက်ကလိုက်နေတဲ့သူလည်း မှီလောက်ပြီထင်တယ်..." သူက ရုတ်တရက် လေလယ်တွင်ရပ်ပြီး အနောက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။
"အနုသုခုမရုပ်ခန္ဓာအဆင့်တော့ မဟုတ်လောက်ဘူး.... စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ဖြစ်မယ်" သူက မျက်လုံးများ တဖျပ်ဖျပ်တောက်ပနေလျက် ဘေးဘီဝဲယာကို ကြည့်ပြီး ပြုံးလိုက်သည်။
အချိန်အတန်ကြာသော် သူ၏အကြည့်သည် သိပ်မလှမ်းမကမ်း၌ရှိသော နေရာတစ်နေရာကို စူးစိုက်သွားသည်။
"စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ဖြစ်နိုင်ချေများတယ်။ ငါ မဟူရာဂိတ်တံတိုင်းမှာ စွမ်းအားတွေ ထုတ်ဖော်ပြပြီးမှတော့ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတွေအနေနဲ့ ငါ့ကို တိုက်ခိုက်ချင်မှာ မဟုတ်လောက်ဘူး" မန်ဟို စိတ်ဝိညာဉ်ခွဲထွက်ခြင်းအကြောင်းတွေးနေစဉ် သူ၏မျက်လုံးများသည် ပြင်းပြသောစိတ်ဆန္ဒတို့ဖြင့် တဝင်းဝင်းတောက်ပနေတော့သည်။
စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်..... နှိုင်းယှဉ်၍မရလောက်အောင် အစွမ်းထက်လှသော အဆင့်တစ်ဆင့်။
၎င်းသည် ကျင့်ကြံသူများအတွက် အင်မိုတယ်အဆင့်တက်လှမ်းခြင်းပြီးနောက် ဒုတိယလိုချင်တပ်မက်သော အဆင့်တစ်ခုဖြစ်သည်။
စိတ်ဝိညာဉ်ခွဲထွက်ခြင်း၏ လျှို့ဝှက်ဆန်းကြယ်မှုများမှာ နတ်ဘုရားစွမ်းရည် မတူကွဲပြားမှုများနှင့် မပတ်သက်ဘဲ နယ်မြေအသွင်နှင့် သက်ဆိုင်သည်။ ခွဲထုတ်ဖြတ်တောက်ခြင်းသုံးခုအနက် တစ်ခုစီတိုင်းမှာ နယ်မြေအသုံးပြုခြင်း၏ သာဓကဖြစ်လေသည်။ {T/N ထာဝရအသက်ရှည်လိုသော်ထဲမှာဆိုရင် ပိုင်ရှောင်ချန်းက အေးစိမ့်နယ်မြေကို ပိုင်ဆိုင်ပါတယ်}
စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အတွင်း၌သာ လူတစ်ယောက်၏ ကျင့်ကြံခြင်းကို ... တာအိုဟု ခေါ်ခွင့်ရှိမည်ဖြစ်သည်။
စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်၏ ကျင့်ကြံခြင်းတွင် ဆေးလုံးများသည် ဒုတိယနေရာသာရှိ၏။ အရေးအကြီးဆုံးမှာ .... နယ်မြေဉာဏ်အလင်းပင်။
စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးတစ်ယောက်ချင်းစီ၌ မတူကွဲပြားသော ကိုယ်ပိုင်နယ်မြေတစ်ခုစီရှိသည်။ ဘဝအတွေ့အကြုံများအပေါ် အခြေခံ၍ ကျင့်ကြံသူ ရွေးချယ်ထားသော နယ်မြေတာအိုသည် ခွဲထုတ်ဖြတ်တောက်ပေးသော ဓားတစ်လက်ဖြစ်လာ၏။ ပထမခွဲထုတ်ဖြတ်တောက်ခြင်းက စဦးအပိုင်းအဆင့်၊ ဒုတိယခွဲထုတ်ဖြတ်တောက်ခြင်းက အလယ်အလတ်အဆင့်၊ တတိယခွဲထုတ်ဖြတ်တောက်ခြင်းက နှောင်းပိုင်းအဆင့် ဖြစ်ချေသည်။
ဤဖြတ်တောက်ခြင်းတစ်ခုစီက ကျင့်ကြံခြင်းအခြေခံကို အဆင့်တက်စေမည်ဖြစ်သည်။ သုံးခုလုံးပြီးမြောက်သွားသောအခါ စိတ်ဝိညာဉ်ခွဲထွက်ခြင်း၏ မဟာစက်ဝန်း တစ်ပတ်ပြည့်သည်။ ထို့နောက် ဆက်လျှောက်စရာ တစ်လမ်တည်းသာရှိတော့သည်.... တာအိုရှာဖွေခြင်း။
တာအိုရှာဖွေခြင်းဟု ခေါ်ဆိုရသော အကြောင်းအရင်းမှာ ကျင့်ကြံသူ၏ခန္ဓာကိုယ်တွင် တာအိုတစ်ခု ပါရှိသည့်အတွက်ကြောင့်ပင်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် သုံးဆင့်တွင် လူတစ်ယောက်သည် တာအိုကို တွေ့ရှိပြီး မေးခွန်းများ ပေါက်ဖွားလာမည်... တာအို ခိုင်မာသွားလျှင် တန်ခိုးရှင်အင်မိုတယ်အဆင့်ကို တက်လှမ်းနိုင်သည်။
ယင်းက တာအိုရှာဖွေခြင်းအဆင့် အတောအတွင်း သံသယများ မပေါက်ဖွားလာသရွေ့ပင်။ ထိုသို့ဖြစ်လျှင် တာအို ပျောက်ကွယ်ပြီး ခန္ဓာ ချုပ်ငြိမ်းကာ အရာအားလုံး နိတ္ထိတန်သွားလိမ့်မည်။
ဉာဏ်ထူးတရားထူးရလျှင် ပျော်ပျော်သေနိုင်သည် ဆိုသော ဆိုရိုးတစ်ခုရှိလေသည်။ တာအိုရှာဖွေခြင်းအဆင့်လည်း ထိုနည်းတူပင်။ ဉာဏ်အလင်းရသည်နှင့် တာအို ခိုင်မာသွားပြီး သေနေသည့်အချိန်မှာပင် ပြုံးနိုင်၏။
စိတ်ဝိညာဉ်ခွဲထွက်ခြင်း၊ တာအိုရှာဖွေခြင်း၊ အင်မိုတယ်အဆင့်တက်ခြင်း။
ထိုအရာများသည် တောင်ကောင်းကင်ဂြိုဟ်၏ ကျင့်ကြံသူများ လိုက်စားသောအရာဖြစ်၏။ အသက်ခန္ဓာချုပ်ငြိမ်းစေနိုင်သော အဆင့်သုံးဆင့်။ သို့သော် အင်မိုတယ်အဆင့်တက်ခြင်း၏ နောက်ဆုံးပန်းတိုင်သို့ ရောက်လျှင် ကျင့်ကြံသူသည် တောင်ကောင်းကင်ဂြိုဟ်မှ ထွက်ခွာကာ အာကာသထဲ၌ ခရီးနှင်နိုင်၏။ ထိုနေရာတွင် ထိုသူ၏ ကိုယ်ပိုင်တာအိုသည် ပို၍ပင် ခိုင်မာတောင့်တင်းလာပြီး အရောင်အဝါတောက်ပသော ပန်းတစ်ပွင့်အလား ပွင့်လန်းလာမည်ဖြစ်သည်။
ထိုလှပသောပန်းတစ်ပွင့် ပွင့်လာသည့်အခါ ကျင့်ကြံသူသည် အနှစ်သာရမမဲ့သော ဘဝတစ်ခုတွင် နေထိုင်ခဲ့ရသည့်အတွက် ကောင်းကင်ဘုံကို ဟားတိုက်ရယ်မောနိုင်၏။
ယင်းကား အင်မိုတယ်အဆင့်တက်ခြင်း၏လမ်းစဉ်ပင်။
မန်ဟို၏လမ်း၊ ရှုချင်၏လမ်း၊ ချူယွီယန်၏လမ်း၊ ချန်ဖန်း၊ ဖက်တီးနှင့် အခြားသူများအားလုံး ထိုကဲ့သို့လမ်းတစ်လမ်းကို လျှောက်လှမ်းနေကြလေသည်....
သို့သော် အရှိကို အရှိတိုင်းပြောရလျှင် အနောက်ပိုင်းသဲကန္တာရကို ကြည့်ကြည့်၊ တောင်ပိုင်းဒေသကို ကြည့်ကြည့်၊ တာအိုရှာဖွေခြင်းအဆင့်ပညာရှင်များမှာ ဖီးနစ်ငှက်မွှေးနှင့် ချီလင်နဂါးချိုများသဖွယ် ရှားပါးကြောင်း မြင်တွေ့ရပေမည်.... စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်များကိုပင် သိပ်တွေ့ရလေ့မရှိပေ။ အနောက်ပိုင်းသဲကန္တာရမျိုးနွယ်စုကြီးများတွင်ပင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးတစ်ယောက်တည်းသာ ရှိတတ်သည်။ ယင်းက နှစ်ပေါင်းများစွာ တစ်လျှောက်လုံး သူတို့၏အမွေအနှစ်များကို ထိန်းသိမ်း၍ အမှန်အကန် အင်အားကြီးလာခဲ့သော အကြောင်းရင်း ဖြစ်ပေသည်။
တောင်ပိုင်းဒေသတွင်လျှင် ထိုနည်းတူ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်များအား သိပ်မမြင်တွေ့ရချေ။ ထိုမျှသာမက အများစုမှာ ပထမခွဲထုတ်ဖြတ်တောက်ခြင်းအဆင့်၌သာ တစ်နေကြ၏။ ဒုတိယအဆင့်ရောက်ရှိသူများမှာ အလွန်နည်းပါးလှပြီး... တတိယအဆင့်မှာမူ မရှိသလောက် ရှားလေသည်။
အဘယ်ကြောင့်ဆိုသော် ... ခွဲထုတ်ဖြတ်တောက်ခြင်းတစ်ခုစီက အသက်သေဆုံးစေနိုင်သည့်အတွက်ပင်။ အောင်မြင်နိုင်ခြေမရှိလျှင်... မုချသေဆုံးရလိမ့်မည်။ အမှန်တွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်အဆင့်ခေါင်းဆောင်ကြီးဖြစ်လာသော ကျင့်ကြံသူများကိုယ်တိုင် ... ဆက်လက်ခွဲထုတ်ဖြတ်တောက်ခြင်း မလုပ်ရန် ရွေးချယ်ကြ၏။
ရှုံးနိမ့်လျှင်...သေရမည်မဟုတ်ပါလော။
စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်၏စွမ်းအားသည် သူတို့ဖန်ဆင်းထားသော နယ်မြေတွင် မူတည်သည်။ ၎င်းက နတ်ဘုရားစွမ်းရည်များအပေါ် လွှမ်းမိုးနိုင်ပြီး သဘာဝတရားကြီး၏ဥပဒေသကို ပြောင်းလဲကာ အလိုရှိသမျှ ဖြည့်ဆည်းပေးနိုင်သည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ၏ ရှုထောင့်မှ ကြည့်လျှင် မဖြစ်နိုင်သယောင်ပင်။
မှီခိုရာဂိုဏ်းချုပ်ကို ဥပမာဆိုကြပါစို့။ ကျိုးပြည်ကို သူနှင့်အတူ သယ်ဆောင်သွားနိုင်ခြင်းမှာ သူ၏ကျင့်ကြံခြင်းအခြေခံနှင့် တစ်ခုခု ပတ်သက်လေသည်။ သို့သော် ထိုလုပ်ဆောင်မှုမှာ တကယ်တမ်း စိတ်ဝိညာဉ်ခွဲထွက်ခြင်း သဘောတစ်ခုဖြစ်၏။
နောက်ထပ်ဥပမာပေးရလျှင် အေးခဲနှင်းမျိုးနွယ်စု၏ခေါင်းဆောင်ကြီး။ သူသည် နဂိုစွမ်းအားဖြင့် ပတ်ဝန်းကျင်ရှိ အရာရာတိုင်းကို ကြီးစိုးခြယ်လှယ်နိုင်၏။ သို့သော် ကျင့်ကြံခြင်းအခြေခံ ကျဆင်းသွားသည်နှင့် ၎င်းက တန်ပြန်တိုက်ခိုက်လေသည်။
အကယ်၍ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သို့ ရောက်ရှိလိုပါက ကနဦးအဆင့်ဖြစ်သော ပထမဆုံးခွဲထုတ်ဖြတ်တောက်ခြင်းကို ရှောင်လွှဲမရပေ။
၎င်းသည် အနုသုခုမရုပ်ခန္ဓာအဆင့်မှ တက်ချင်သော မည်သည့်ကျင့်ကြံသူမဆိုအတွက် မဖြစ်မနေ ကျော်ဖြတ်ရမည့် ဧရာမအတားအဆီးကြီးတစ်ခုဖြစ်လေသည်။ ယင်းက အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူအတော်များများ မကျော်လွှားနိုင်သော အဟန့်အတားကြီးတစ်ခုလည်း ဖြစ်၏။ ထိုအကြောင်းကြောင့် သူတို့မှာ သက်တမ်း ကုန်ဆုံး၍ အရိုးစုဘဝရောက်ကာ ပြာကျမသွားမချင်း အနုသုခုမရုပ်ခန္ဓာ မဟာစက်တန်းအဆင့်တွင်သာ နေကြရလေသည်။
နှစ်တစ်ထောင်ထက်ပို၍ ရှင်သန်ပြီး ကောင်းကင်ဘုံကို အာမခံနိုင်မှတော့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ဖြစ်နိုင်မည်လော။
အနုသုခုနရုပ်ခန္ဓာအဆင့်၏ သက်တမ်းသည် နှစ်တစ်ထောင်ခန့်ရှိ၏။ အံ့ဖွယ်ကောင်းလှပါသည်ဆိုသော ဆေးလုံးများ သုံးစွဲခြင်းဖြင့်ပင် နှစ်တစ်ထောင်ထက်ပိုပြီး သက်တမ်းအား ဆွဲဆန့်၍မရပေ။ ယင်းက ကောင်းကင်နှင့်မြေကြီး၏ ပြဌာန်းထားသော ဥပဒေသများထဲက တစ်ချက်ဖြစ်လေသည်။ နှစ်တစ်ထောင်ဆိုသည်မှာ ကျင့်ကြံသူတစ်ယောက် အလွန်ဆုံးနေနိုင်သော သက်တမ်းပင်။
သို့သော် စိတ်ဝိညာဉ်ခွဲထွက်ခြင်း၏ ပထမအဆင့်ရောက်လျှင် နှစ်တစ်ထောင်သက်တမ်းကို ငါးရာထည့်ပေါင်းနိုင်သည်။ တိတိကျကျပြောရလျှင် ၎င်းမှာ လူပုဂ္ဂိုလ်အပေါ်တွင်သာမက နယ်မြေအပေါ်လည်း မူတည်၏... မည်သို့ဆိုစေ သက်တမ်းကတော့ သေချာပေါက် နှစ်တစ်ထောင်ထက် ကျော်သွားလိမ့်မည်။
တစ်ထောင်ထက်ကျော်ခြင်းဟူသည် ကောင်းကင်ဘုံကို အာခံခြင်းဖြစ်သည်။
ထိုကြောင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်မှာ လွန်စွာခက်ခဲ၏ ... အဆုံးအစွန်ထိ ခက်ခဲလှသည်။
မန်ဟိုသည် အသက်ပြင်းပြင်းရှူသွင်းပြီး သူ၏မျက်ဝန်းများတွင် တောက်ပနေသော ခေါင်းမာမှုနှင့် ပြင်းပြသောစိတ်ဆန္ဒတို့ကို နှလုံးသားထဲဝယ် သိမ်းဆည်းလိုက်သည်။ သူ အင်မိုတယ်အဆင့် တက်လှမ်းသည်အထိ ဆက်လျှောက်မည်....သို့သော် ယခင်က တစ်ခါမှ မလုပ်ခဲ့ဖူးသော နည်းလမ်းတစ်ခုဖြင့်ဖြစ်သည်။ ထိုသည်က မန်ဟို့နှလုံးသားအထဲ၌ ကိန်းအောင်းနေသည့် ခိုင်မာပြတ်သားသော စိတ်ဆန္ဒဖြစ်၏။
ငါးရောင်ခြယ် အနုသုခုမရုပ်ခန္ဓာမှာ ပထမဆုံးခြေလှမ်းသာ ရှိသေးသည်။
မန်ဟိုက လေထဲသို့ လှမ်းကြည့်လိုက်သော်လည်း တဖွဲဖွဲရွာကျနေသော ခရမ်းရောင်မိုးရေများကိုသာ မြင်ရလေသည်။ သူတစ်ယောက်ကလွဲပြီး အရာရာတိုင်းမှ ကျီးနှင့်ဖုတ်ဖုတ် ဖြစ်နေတော့၏။ မန်ဟိုသည် အကြာကြီး တိတ်ဆိတ်နေ၏။ တိတိကျကျဆိုရလျှင် အသက်ဆယ်ရှိုက်။ ရုတ်တရက် မန်ဟို၏အရှေ့ မီတာထောင်ဂဏန်းမျှအကွာရှိ လေအလယ်တွင် ထိုးဖောက်မြင်ရသောပုံရိပ်တစ်ခု ဖြေးညှင်းစွာ ပေါ်ပေါက်လာသည်။
ပုံရိပ် အကောင်အထည်ပေါ်လာသောအခါ မမြင်ရသော ထူးထူးဆန်းဆန်းစွမ်းအားတစ်ရပ်က ပတ်ဝန်းကျင်ရှိ ခရမ်းမိုးကို သက်ရောက်လိုက်သည့်အလားပင်။ ပုံရိပ်အပေါ်သို့ တစ်စက်ကလေးမှ မကျအောင် ၎င်းမှာ ဘေးသို့ တွန်းထုတ်ခံလိုက်ရ၏။
မန်ဟို၏အမူအရာမှာ ဘာမှမထူးခြားသည့်အလား ပုံမှန်အတိုင်းသာ။ သို့သော် ဤအခိုက်အတန့်တွင် ကြက်တူရွေး၏ မျက်လုံးကြီးများ ပြူးထွက်သွားသည်။ ၎င်း၏ရောင်စုံအမွှေးအားလုံး အဆုံးအထိ ထောင်မတ်သွားလေ၏။ ၎င်းခြေထောက်ရှိ အသားဂျယ်လီခေါင်းလောင်းမှာလည်း တုန်ရီလာရာ တချွင်ချွင် မြည်နေတော့သည်။
"ငါ့လိုး စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်" ကြက်တူရွေးမှာ အလန့်တကြား ထအော်သည်။ ၎င်း ဘာတွေးနေလဲ ပြောရခက်သည်။ ၎င်းက အသားဂျယ်လီခေါင်းလောင်းကို အမြင်ကပ်သလို ငုံ့ကြည့်ရင်း ပြောသည်။ "ပိတ်ထားစမ်း၊ လှုပ်မနေနဲ့တော့။ မင်းအသံကြောင့် ငါကိုယ်တော် သခင်ငါး နားငြီးတယ်ကွ" တုံ့ပြန်သည့်အနေဖြင့် အသားဂျယ်လီမှာ ပြောလေကဲလေ ၊ မန်းလေ ပြဲလေပင် .... ပို၍ပင် တုန်လာသေးသည်။
မန်ဟိုကတော့ မျက်နှာတစ်ချက်ပျက်ခြင်းမရှိ။ ကျီးနတ်မင်းမျိုးနွယ်စု အနက်ရောင်နယ်မြေသို့ ဝင်ရောက်၍ မိစ္ဆာစိတ်ဝိညာဉ်ကို လွှဲအပ်ပေးပြီးနောက်ပိုင်း သူ့တွင် ဒုတိယမိစ္ဆာစိတ်ဝိညာဉ်ရှိနေသောအချက်မှာ ဘူးပေါ်သလို ပေါ်သွားခဲ့မည်ဖြစ်ကြောင်း ခန့်မှန်ထားခဲ့ပြီးဖြစ်၏။
ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့မှ မိစ္ဆာစိတ်ဝိညာဉ်များ လိုချင်နေပုံထောက်လျှင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများရှိသည့် အခြားမျိုးနွယ်စုကြီးများ လောဘတက်လာမည်မှာ သေချာသည်။ ထို့ကြောင် ... သူကို ဖမ်းပြီး သတ်ပစ်နိုင်ခြေများလေသည်။
သူသာ အနက်ရောင်နယ်မြေသို့ တစ်ယောက်တည်း ဝင်ရောက်ခဲ့လျှင် ထိုကဲ့သို့ အခြေအနေများမှာ ပို၍ပင် ရှောင်ရတိမ်းရ ခက်ပေလိမ့်မည်။ ထိုမျှသာမက ကျီးနတ်မင်းမျိုးနွယ်စုကိုလည်း ဂယက်ရိုက်နိုင်သည်။ သူ၏ တစ်ခုတည်းတော့ ရွေးချယ်စရာမှာ ထွက်သွားရန်သာရှိ၏... သို့ရာတွင် ထွက်လာခဲ့သည့်တိုင် သူ့နောက်လိုက်လာကြဦးမည်ဖြစ်သည်။
သို့သော်လည်း ယခုတွင် ကျီးနတ်မင်းမျိုးနွယ်စုနှင့် ဘာမှမပတ်သက်တော့ပေ။ မန်ဟို မဟူရာတံတိုင်းမှ ထွက်ခွာသွားခဲ့သည့်မြင်ကွင်းကိုလည်း လူပေါင်းများစွာ မျက်မြင်တွေ့ခဲ့ပြီးလေပြီ။ ထိုအခိုက်အတန့်မှစပြီး မန်ဟိုသည် ကျီးနတ်မင်းမျိုးနွယ်စုနှင့် သူ၏ပတ်သတ်မှုကို ဖြတ်တောက်လိုက်သည့်သဘော သက်ရောက်၏။
"ငါ ဘာလို့ ဒီရောက်လာလဲ သိလား" ထိုးဖောက်မြင်နေရသောပုံရိပ်က မျက်လုံးများကို ဖြေးညှင်းစွာ ဖွင့်ပြီး မေးသည်။ သူ၏မျက်လုံးများ ပွင့်လာခြင်းက အနီးပတ်ဝန်းကျင်ရှိ အရာအာလုံးကို ပြောင်းလဲသွားစေ၏။ မမြင်ရသော အားနိယာမတစ်ခုက တစ်နေရာလုံးကို လွှမ်းခြုံသွားသကဲ့သို့ပင်။ ပုံရိပ်သည် ပါးစပ်ဖွင့်၍ စကားပြောခြင်းမဟုတ်၊ အသံက မန်ဟို့စိတ်ထဲတွင် မိုးခြိမ်းသံသဖွယ် မြည်ဟည်းသွားခြင်းဖြစ်သည်။
အရှိန်အဝါမှာ လွန်စွာအားကောင်းလှသဖြင့် မန်ဟိုကို ရေနစ်နေသည့်အလား မွန်းကြပ်သွားစေသည်။ ဤပုံရိပ်၏အတွေးလေးတစ်ချက်က အနီးပတ်ဝန်းကျင်၌ ရွာကျနေသော ခရမ်းမိုးကို ရပ်သွားစေလေ၏။ ၎င်းမှာ လေလယ်တွင် လှုပ်ရှားခြင်းမရှိ တန့်နေလေပြီ။ မိုးရေစက်များ လေ၏အလယ်တွင် ငြိမ်သက်နေခြင်းမှာ အမှန်တကယ် ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။
ဤသည်မှာ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ မလုပ်နိုင်သော အရာပင်။ ယင်းက နတ်ဘုရားစွမ်းရည်မဟုတ်....နယ်မြေတစ်ခုဖြစ်လေသည်။
စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်များသာ နယ်မြေကို ပိုင်ဆိုင်နိုင်၏။
ထိုးဖောက်မြင်ရသော ပုံရိပ်ကို ကြည့်နေစဉ် မန်ဟို၏မျက်လုံးများ တောက်ပရွှန်းလဲ့သွားသည်။ "ဒီတော့ ကျုပ် အနောက်က လိုက်နေတာက အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူမဟုတ်ဘဲ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ဖြစ်နေတာကိုး"
"မိစ္ဆာစိတ်ဝိညာဉ်ကို ပေး" ပုံရိပ်က မန်ဟို့ကို စိုက်ကြည့်ရင်း ပြောသည်။ "ဒါဆို မင်းလမ်း မင်းဆက်သွားလို့ရမယ်" ၎င်း၏အမူအရာမှာ ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်းမရှိပေ။ ၎င်းသည် ပါးစပ်ပိတ်လျက်သာ ရပ်နေပြီး ၎င်း၏အသံက မန်ဟို၏စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။
"ခဏနေပါဦး" ကြက်တူရွေးက အသံစူးစူးနှင့် ပြောသည်။ ၎င်းသည် လေပေါ်သို့ ဖျတ်ခနဲ ပျံတက်သွား၏။ တစ်ချိန်တည်းမှာပင် အသားဂျယ်လီ ခေါင်းလောင်းကလည်း တချွင်ချွင် မြည်နေသည်။
ကြက်တူရွေးက တောင်ပံနှစ်ဖက်ကို တဖျပ်ဖျပ်ခတ်ရင်း ဆက်ပြော၏။ "ဟီးဟီး ဒီလိုဗျာ အစ်ကိုကြီးရာ။ သခင်ငါးကလေ အဲ့ဒီငနဲလေးနဲ့ တစ်လှေတည်း မဟုတ်ဘူးဗျ ဟဲဟဲ။ အိုင်းရား အခု တွေးကြည့်မှပဲ ကိုယ်လုပ်တော်လေးတော့ အိမ်မှာ သူ့ကိုကို ကျွန်တော့်ကို စောင့်နေလောက်ပြီထင်တယ်။ နောက်မှ တွေ့မယ်နော်"
"အစ်ကိုကြီး" အသားဂျယ်လီက အံကြိတ်လိုက်သည်။ "သခင်သုံးလည်းလေ ဒီငနဲလေးနဲ့ တစ်လှေတည်းမဟုတ်ပါဘူး..."
မန်ဟိုက မျက်နှာကြီးမဲ့လျက် ကြက်တူရွေးနှင့် အသားဂျယ်လီကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။ "အဲ့ဒါ မိစ္ဆာစိတ်ဝိညာဉ်ပဲ" သူက ရုတ်တရက် ကြက်တူရွေးကို လက်ညှိုးထိုးရင်း ပြော၏။
ပုံရိပ်က ကြက်တူရွေးကို လှမ်းကြည့်သည်။
"မန်ဟို ငါတို့ တစ်လှေတည်းလေကွာ ခွေးမသား မင်း မင်း မင်း....." ကြက်တူရွေးမှာ တဆတ်ဆတ်တုန်လာပြီး ချက်ချင်း ပျာယာခတ်နေတော့သည်။
"မဟုတ်ဘူး" အသားဂျယ်လီက ဟိန်းဟောက်သည်။ "ဒါ မုသားပြောတာပဲ။ ပြစ်ဒဏ်မိုးကြိုးနဲ့ ပစ်ချခံရမယ်နော် မင်းတော့...."
***