စိတ်ဆိုးနေသော ကျင်ရှန်း
Vol. 37 Ch. 517
ကြက်တူရွေးနှင့်အသားဂျယ်လီ ပျာယာခတ်နေသည့်အချိန်မှာပင် ထိုးဖောက်မြင်နေရသော ပုံရိပ်က ရုတ်တရက် ပါးစပ်ဟလိုက်ပြီး ဟမ့်ခနဲ အသံထွက်လာသည်။
ဤတစ်ကြိမ်တွင် ၎င်းသည် စိတ်ထဲတွင် ပဲ့တင်ထပ်သွားသော အသံမဟုတ်ပေ။ ၎င်းက အမှန်တကယ် ပါးစပ်ဟပြီး ဟမ့်ခနဲ အသံထွက်လာခြင်း ဖြစ်သည်။ အသံသည် မှော်အစွမ်းသဖွယ် ဟိန်းထွက်သွားပြီး အရာအားလုံးကို တုန်ခါသွားစေသည်။
ကြက်တူရွေးနှင့် အသားဂျယ်လီမှာ ချက်ချင်း အပေါက်ပိတ်သွား၏။
ပတ်၀န်းကျင်ရှိ အရာအားလုံး ငြိမ်သက်ပြီး တိတ်ဆိတ်သွား၏။ မန်ဟိုမှာ အသက်ပင် မရှူနိုင်တော့သည့်ပုံ ရသည်။ ဤသည်မှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးကို မန်ဟိုပထမဦးဆုံး ကြုံဖူးခြင်းမဟုတ်ပေ။ သို့သော်လည်း သူတစ်ယောက်တည်း စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကို ပထမဆုံးမျက်နှာချင်းဆိုင်ရခြင်း ဖြစ်လေ၏။ ၎င်းမှာ သူ့အားသူကိုးပြီး စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်၏ ချေမှုန်းခြင်း ဖိအားကို တောင့်ခံရသော ပထမဦးဆုံးအကြိမ်လည်း ဖြစ်လေသည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက မှီခိုရာဂိုဏ်းချုပ်ကို ရင်ဆိုင်ခဲ့ရသောအခါ မန်ဟိုသည် မိစ္ဆာချုပ်နှောင်သူတစ်ယောက် ဖြစ်၍ မှီခိုရာဂိုဏ်းချုပ်မှာ မချင့်မရဲနှင့် ထွက်ပြေးရုံသာ တတ်နိုင်ခဲ့လေ၏။
နောက်ပိုင်း သန့်စင်နှင်းမြို့တော်တွင် အေးခဲနှင်းမျိုးနွယ်စု၏ အမွေအနှစ်က မန်ဟို့ကို စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးတစ်ယောက်အား တိုက်ခိုက်စေနိုင်ခဲ့သည်။ သို့သော် အမှန်အားဖြင့် ထိုတိုက်ပွဲမှာ မန်ဟို တိုက်ခိုက်ခြင်း မဟုတ်ဘဲ အေးခဲနှင်းအမွေအနှစ်နှင့် ချီနန်က တိုက်ခိုက်ခဲ့ခြင်း ဖြစ်လေသည်။
ယခုက သူကိုယ်တိုင် ပထမဦးဆုံးအကြိမ် ရင်ဆိုင်ရခြင်း ဖြစ်လေ၏။
ပြင်းထန်လှသော ဖိအားကြီးက ကောင်းကင်ဘုံမှ အင်အားကြီးသဖွယ် မန်ဟို့ကို ချင်းနင်းနှိပ်စက်နေသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ လျင်မြန်စွာ လည်ပတ်နေပြီး ငါးရောင်ခြယ်အလင်းကား ဓာတ်ငါးပါးစွမ်းအားကို ထုတ်ဖော်လျက် သူ၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသည်။ သို့သော်လည်း သူ၏ မျက်လုံးများမှာ ချက်ချင်း သွေးချင်းနီသွား၏။
" ဓာတ်ငါးပါးအရုပ် အကြံကောင်းပဲ " ထိုးဖောက်မြင်နေရသော ပုံရိပ်က အေးတိအေးစက် ပြောသည်။ " မင်း အဲ့ဒါကို တည်ငြိမ်အောင် လုပ်နိုင်ရင် ရင်သပ်ရှုမောဖွယ်ကောင်းပြီး ပြိုင်ဘက်ကင်းတယ်လို့ သတ်မှတ်လို့ ရတယ်။ ကံဆိုးစွာနဲ့ မင်းက တည်ငြိမ်အောင် မလုပ်နိုင်ဘူးလေ။ မင်းရဲ့ အခုလက်ရှိ ပေါင်းစည်းထားတဲ့ဟာနဲ့ဆိုရင် အနုသုခုမရုပ်ခန္ဓာအဆင့်ကို တိုက်ခိုက်နိုင်ပေမယ့် ငါ့ဆီက တိုက်ကွက်လေး တစ်ကွက်ကိုတောင် မင်း ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။ သိပ် ကလေးဆန်တာပဲ " ၎င်း၏ အသံမှာ မောက်မာမနေသော်လည်း မာန်အပြည့်ဖြင့် ဖြစ်နေလေသည်။ ၎င်းသည် လေထုတွင်း၌ အက်ကြောင်းများ ထလာစေသော အသံကြီး ဖြစ်လေ၏။
" ဒီ အမှိုက် ကမ္ဘာသစ်မိစ္ဆာနှစ်ကောင်က ဘယ်နည်းနဲ့မှ မိစ္ဆာစိတ်ဝိညာဉ် မဖြစ်နိုင်ဘူး။ မင်း မိစ္ဆာစိတ်ဝိညာဉ်ကို ငါ့ကိုမပေးဘူးဆိုရင် ငါ ဒီတိုင်းယူရလိမ့်မယ်။ ဒါပေမယ့် မင်းရဲ့ ဒီ အပြင်အားကိုယ်က တော်တော်လေး ကောင်းတယ်လို့တော့ ငါပြောချင်တယ်… " စောစောက ဟမ့်ခနဲ နှာခေါင်းရှုံ့ရုံမှ တစ်ပါး ထိုးဖောက်မြင်ရသော ပုံရိပ်မှာ ပါးစပ် ထပ်မံ ဖွင့်မလာခဲ့ပေ။ ၎င်း၏ အသံသည် မန်ဟို၏ စိတ်ထံတွင် ဆက်လက် ပဲ့တင်ထပ်နေ၏။ ၎င်း စကားပြောပြီးသောအခါ လက်ကို မြှောက်ပြီး မန်ဟို့ကို လက်ညှိုးထိုးလိုက်သည်။
ထိုလက်ချောင်းက ပတ်၀န်းကျင်တွင် အေးစက်ပြီး ခံစားချက်မဲ့သော ခံစားချက်ဖြင့် ပြည့်နှက်သွားစေသည်။ မန်ဟို့တစ်ကိုယ်လုံး ရေခဲတမျှ အေးစက်မှုနှင့်အတူ တုန်ရီသွား၏။
စစချင်း အေးစက်မှုမှာ သူ၏ အပြင်အားကို သက်ရောက်နေသော အရာတစ်ခု ဖြစ်ပုံရ၏။ သို့သော် တကယ်တမ်းကား ၎င်းသည် သူ၏ နှလုံးသားနှင့် ဝိညာဉ်ကိုပါ စိုးမိုးနေရာယူသွားသော အအေးဓာတ်ဖြစ်၏။ ၎င်းသည် စိတ်ခံစားချက် ခုနစ်ပါးနှင့် အာရုံခြောက်သွယ်ကို သက်ရောက်နိုင်သော အအေးဓာတ်ဖြစ်လေသည်။ ဤ အအေးဓာတ်က မန်ဟို့၏ ခံစားချက်အလုံးစုံကို ခဲပစ်ရင်း သူ့အား ခံစားချက်မဲ့သော ရုပ်ထုတစ်ခုအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည့် အလားပင်။
ဤ အသွင်ပြောင်းခြင်းမှာ သူ့ကို ခန္ဓာကိုယ်အား ဝင်စီးဖို့အတွက် သင့်တော်သော အခြေအနေတစ်ခုတွင် ထားရှိလိုက်သည့် အလားပင်။
" တော်လောက်ပြီ တော်လောက်ပြီ " ကြက်တူရွေးက အော်သည်။ " ငါလိုးမ စိတ်ဝိညာဉ်ခွဲထွက်ခြင်း။ ဒါက စိတ်ဝိညာဉ်ခွဲထွက်ခြင်း မဟုတ်ဘူး ခွေးမသား။ မန်ဟို မင်း ငါ့ကို ကလိမ်ကျဖို့ ကြိုးစားခဲ့ပေမယ့် မင်း စကားတစ်ခွန်းလေးပြောတာနဲ့ ငါ မင်းအတွက် လက်စားချေဖို့ လူတစ်ယောက် သွားရှာပေးမယ် " တစ်ချိန်တည်းမှာပင် အသားဂျယ်လီလည်း စောဒကတက်နေတော့၏။
မန်ဟိုက သူတို့ကို လျစ်လျူရှုထားသည်။ သူသည် သူ့ကိုယ်တွင်း၏ အအေးဓာတ်၏ အဓိပ္ပာယ်ကို ရုတ်တရက် နားလည်လိုက်သဖြင့် သူ့မျက်နှာမှာ တည်ငြိမ်သွားလေသည်။
" ဆိုတော့ ဒါက နယ်မြေပေါ့လေ " သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် သူ၏ မျက်လုံးများ စူးရှတောက်ပလာ၏။ " ကျင်ရှန်း မင်း တစ်ခုခု မလုပ်ပေးဘူးဆိုရင် ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီကျရင် မင်း တစ်ယောက်တည်း သွားရလိမ့်မယ် " သူ့အသံ ဟိန်းထွက်သွားသည့်နှင့်တစ်ပြိုင်နက် ထိုးဖောက်မြင်ရသော ပုံရိပ်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသော်လည်း ၎င်း၏ လက်က လှုပ်ရှားနေခြင်း မရပ်သွားပေ။ မန်ဟို့၏ ခန္ဓာကိုယ်မှာ ဆက်လက် အေးစက်လာ၏။ သူ၏ နှလုံးက တဖြည်းဖြည်း ခုန်နေခြင်း ရပ်တန့်လာပြီး သူ၏ ခံစားချက်များကား ရေခဲတမျှ အေးစက်လာလေသည်။
ဤသည်မှာ နတ်ဘုရားစွမ်းအင် မဟုတ်သလို၊ မှော်ပညာရပ်လည်း မဟုတ်ဘဲ လက်ချောင်းလေးတစ်ချောင်း ထိုးလိုက်ခြင်းသာ ဖြစ်လေ၏။ အရာအားလုံးမှာ တည်ငြိမ်နေပုံ ရသော်လည်း လက်တွေ့နိယာမကို သက်ရောက်နေသော ပြောင်းလဲခြင်းများ ဖြစ်ပွားနေလေသည်။ မန်ဟိုမှာ လှုပ်မရအောင် ချုပ်ထားခံထားရသကဲ့သို့ ခံစားနေရတော့သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံမှာလည်း နာမည်သက်သက်သာ ရှိတော့သည်။ ဤ နယ်မြေမှ တိုက်ခိုက်နိုင်စွမ်းကို ခုခံနိုင်စွမ်းမရှိတော့သည့်ပုံ ရသည်။
သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ သေဘေးမှ လွတ်မြောက်ဖို့အတွက် ချီနန်ကို နောက်ဆုံးအကြိမ် သုံးလျှင်သုံး ၊ သို့မဟုတ် သူ၏ နောက်ဆုံးလက်ကျန် ယိမ်းနွဲ့ဓားချီကို သုံးရန်သာဖြစ်လေသည်။ မန်ဟိုက စိတ်လိုက်မာန်ပါလုပ်မည် မဟုတ်ပေ။ ထို့အပြင် သူ့အတွက် စိတ်ဝိညာဉ်ခွဲထွက်ခြင်း အဆင့်ကို ရင်ဆိုင်ရာ၌ ဝှက်ဖဲများကို သုံးရန် မလိုအပ်သေးပေ။
အဘယ့်ကြောင့်ဆိုသော် သူ့တွင် ကျင်ရှန်း ရှိနေသေးသည် မဟုတ်ပါလော။
သူသည် နည်းနည်းလေးမှ စိတ်မလှုပ်ရှား။ ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီကို မသွားခင် သူ သေမလား ၊ ရှင်မလား အမြဲစိတ်၀င်စားနေသော တစ်စုံတစ်ယောက်ရှိကြောင်း သူသိလေသည်။
ထို့အပြင် သူ၏ ခန့်မှန်းချက်များက မှားလျှင်တောင်မှ တခြားလှုပ်ရှားမှု လုပ်ဖို့အတွက် ပြင်ဆင်ထားပြီးဖြစ်လေသည်။ ချီနန်၏ စိတ်ဆန္ဒသည် တဖြည်းဖြည်း သူ့စိတ်ထဲတွင် လည်ရင်း နိုးထရန် အသင့်ဖြစ်လာ၏။
ယင်းက သူ ဤနေရာတွင် အေးအေးဆေးဆေး စောင့်နေရသော အကြောင်းရင်းလည်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူ၏မျက်လုံးများသည် အပြာရောင်သမ်းလာ၏။ သို့သော် ထိုအခိုက်အတန့်တွင် ဆူဆူအောင့်အောင့် နှာခေါင်းရှုံ့လိုက်သော အသံတစ်သံထွက်လာသည်။ တစ်ချိန်တည်းမှာပင် မန်ဟို၏အရှေ့တွင် အဖြူရောင်ကြာပန်းတစ်ပွင့် ပွင့်လာသည်။ ထိုးဖောက်မြင်ရသော ပုံရိပ်၏မျက်နှာ ပျက်ယွင်းသွား၏။
မန်ဟို၏ပတ်ပတ်လည်ရှိ လေထုမှာ အက်ကြောင်းများ ပြည့်သွားသဖြင့် ခလပ်အခလပ်အက်သံများ ပဲ့တင်ထပ်လာသည်။ အက်ကြောင်းများမှာ လျင်မြန်စွာ ပျံ့နှံ့လာပြီး ဝုန်းခဲ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားလေသည်။
အထူးအဆန်းဆုံးမှာ ပေါက်ကွဲမှုအားလုံးမှာ တကယ်တမ်း ပုံရိပ်ယောင်သာ ဖြစ်နေခြင်းပင်။ ဤပျက်စီးမှုမှာ အစစ်အမှန်ပျက်စီးခြင်းမဟုတ်ဘဲ သရဲပုံရိပ်များဖြစ်သည်။ အရာအားလုံး ကြေမွသွားသည်နှင့် အဆိုပါပျက်စီးမှုလည်း ပျောက်ကွယ်သွားသည်။
မန်ဟိုမှာ သူ၏ခန္ဓာကိုယ် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသဖြင့် အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ သို့သော် အအေးဓာတ်က ကျန်ရှိခဲ့သေးသည်။ ကြည့်ရသရွေ့ ကျင်ရှန်းမှာ သူ့ကို အမြင်ကပ်လွန်း၍ မဖယ်ရှားပေးချင်ပုံပင်။
မန်ဟို ဂရုမစိုက်ပေ။ သူ ပြုံးနေစဉ် သူ၏မျက်လုံးအရောင်မှာ နဂိုအတိုင်း ပြန်ဖြစ်သွားလေပြီ။ ခန္ဓာကိုယ် ပုံမှန်ပြန်ဖြစ်သွားသည်နှင့် သူက နောက်ဆုတ်လိုက်သည်။ ရုတ်တရက် သူသည် ရွှစ်ခနဲ အစိမ်းရောင်အခိုးအငွေ့ဖြစ်သွားပြီး မဟူရာလတစ်စင်းအသွင်ပြောင်းသွား၏။ သူက အသေးစားနေရာရွှေ့ပြောင်းခြင်းကိုပင် အသုံးပြု၍ ထွက်ပြေးသွားတော့သည်။
ပုံရိပ်မှာ မျက်မှောင်ကြုတ်သွားပြီး နောက်မှ လိုက်ဖမ်းတော့ရန် ပြင်လိုက်စဉ် ရုတ်တရက် တုံ့ခနဲ ရပ်သွား၏။ အဘယ်ကြောင့်ဆိုသော် အရှေ့တည့်တည့် လေအလယ်တွင် ဆူပုပ်နေသောမျက်နှာလေးနှင့် အမျိုးသမီးတစ်ယောက် ပျံဝဲနေသည်ကို တွေ့လိုက်ရသည့်အတွက်ပင်။
အမျိုးသမီးသည် ပြစ်မျိုးမှဲ့မထင် လှရက်လွန်း၏။ သူမ ဝတ်ဆင်ထားသော စိမ်းဖျော့ရောင်ဂါဝန်လေး၏ အကျီလက်စတွင် အပြာနုရောင်ပျိုနီပန်းလေးများဖြင့် အလှဆင်ထားပြီး မင်္ဂလာရှိသောတိမ်တိုက်ပုံစံကို ငွေချည်ဖြင့် ထိုး၍ အနားကွပ်ထားလေသည်။ ဂါဝန်၏အရှေ့တွင် အဝါရောင်အပွင့်ဖောင်းကြွလေးများရှိ၏။ သူမသည် လေလယ်တွင် ကျက်သရေရှိစွာ မျောလွင့်နေစဉ် သူမ၏ဂါဝန်လေးမှာ လေယူရာနောက် ယိမ်းထိုးနေသော မိုးမခသစ်ပင်ပမာ တဖတ်ဖတ် လွင့်နေလေသည်။
သူမကို ကြည့်လိုက်မိသော မည်သည့်အမျိုးသားမဆို သူမအလှတရားကြောင့် ထကြွလာသော ရမ္မက်တို့ဖြင့် သေချာပေါက် ရင်ဖိုစိတ်လှုပ်ရှားသွားပေလိမ့်မည်။ သူမအသားအရေမှာ လေညင်းလေးတစ်ချက်ကြောင့်ပင် ပွန်းပဲ့သွားနိုင်လောက်သည်အထိ နူးညံ့အိစက်နေသယောင်ပင်။ သူမမျက်နှာလေးသည်လည်း သူမရှေ့မှောက်တွင် ကမ္ဘာပေါ်ရှိ လှပသောအရာအားလုံး အမှိုက်အဆင့်သာရှိသည့်အလား အပြစ်ဆိုစရာမရှိအောင် ချောရက်လွန်း၏။ သူမအလှမှာ သူမမည်သည့်နေရာသွားသွား၊ အကြည့်အားလုံး၏ အာရုံစိုက်ရာဖြစ်စေနိုင်သည့် အလှတရားပင်။
သို့သော်လည်း လောလောဆယ်တွင် သူမသည် အံတကြိတ်ကြိတ်နှင့် စိတ်တိုနေသယောင်ပင်... သူမအလှလေးတွင် သတ်ဖြတ်လိုစိတ်တို့ ပါရှိနေပြီး သူမမျက်နှာလေးကား လေးနက်နေ၏။ သူမမှာ ကလူမြူဆွယ်နေပုံမပေါ်၊ ထိုအစား အေးတိအေးစက်ဖြင့် ခက်ထန်လျက်ရှိသည်။
သူမ ရှေ့သို့ ရွေ့လျားလာစဉ် သူမပတ်ဝန်းကျင်မှာ မရေမတွက်နိုင်သော ပန်းပွင့်ချပ်ဖြင့် လည်လာပြီး ဝဲဂယက်ကြီးတစ်ခုဖြစ်လာ၏။ ပွင့်ချပ်များက ယိမ်းနွဲ့ကခုန်နေပြီး တချို့ဆိုလျှင် သူမပခုံးအပေါ်သို့ ကျလာလေသည်။ မြင်ကွင်းကြီးတစ်ခုလုံးမှာ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှပတင့်တယ်နေတော့သည်။
ဤသည်မှာ ကျင်ရှန်းမှတစ်ပါး အခြားမဟုတ်ပေ။
အဆိပ်ငါးသွယ်မျိုးနွယ်စု သုတ်သင်ခံရပြီးနောက်တွင် သူမသည် တစ်ယောက်တည်း ထွက်သွားခဲ့ပြီဟု ထင်ခဲ့ရသည်။ တကယ်တော့ တစ်ချိန်လုံး သူမမှာ မန်ဟိုနှင့်ကျီးနတ်မင်းမျိုးနွယ်စုကို အဝေးမှ မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့လေသည်။ သူမ အနေဖြင့် သူ့ကို အဆုံးမသတ်သွားစေချင်ပေ။ ထိုသို့ဖြစ်ပျက်လျှင် ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီတွင် သူမ အောင်မြင်နိုင်ခြေနှင့်ပတ်သက်ပြီး ယုံကြည်ချက်ကျဆင်းသွားမည်ဖြစ်သည်။
သူမသည် မန်ဟို ကျီးနတ်မင်းမျိုးနွယ်စုအား အနက်ရောင်နယ်မြေသို့ ပို့ဆောင်ပေးသည်ကို စောင့်ကြည့်ခဲ့ပြီး သူ့အနောက်သို့ လိုက်နေသော စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူ၏ နတ်ဘုရားကိုယ်ပွားကိုလည်း အာရုံရခဲ့လေသည်။ ထိုအခိုက်တွင် ကျင်ရှန်းသည် လှုပ်ရှားရုံမှတစ်ပါး အခြားမရှိတော့ကြောင်း သိလိုက်၏။
သူမ အမှန်တကယ် ဝင်မပါချင်သော်လည်း မန်ဟိုက သူမနာမည်ကို အော်ခဲ့ပြီဖြစ်ရာ မပါချင်လည်း ပါရတော့သည်။ သူမမှာ သူမကိုယ်သူမ ဖော်ပြရုံမှတစ်ပါး တခြားရွေးချယ်စရာမရှိတော့ပေ။ မန်ဟို့ကို စိတ်တိုပါသော်လည်း သူမ ဘာမှမတတ်နိုင်သည်သာ။
"သခင်မလေးက ဘယ်သူများလဲ" ထိုးဖောက်မြင်ရသော ပုံရိပ်က မျက်လုံးများ ကျဉ်းမြောင်းလျက် ဖြေသည်။ ဤသည်မှာ ၎င်း ပါးစပ်ဟလိုက်သော ဒုတိယအကြိမ်ဖြစ်၏။ ၎င်း၏အသံသည် ရှေးဆန်ပြီး တည်ငြိမ်လေသည်။
"ငါက နင့်ဖင်ကို ဆောင့်ကန်မယ့် လူဆိုးမပဲ" သူမက ပြောသည်။ သူမအသံမှာ ဘီလုံးငှက်၏ တေးသီသံလေးပမာ ထွက်သွားလေ၏။ သို့သော် စကားလုံးများကတော့... ဆီနှင့်ရေပင်။
ထိုးဖောက်မြင်ရသော ပုံရိပ်၏မျက်လုံးများ အေးစက်စွာ တောက်ပသွားသည်။ ၎င်းက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် ညာလက်ကို မြှောက်ကာ လက်ညှိုးထိုးလိုက်သည်။
"ကိုယ်ပွားကများ ရာရာစစ" ကျင်ရှန်းက ဆူပုပ်ပုပ်ဖြင့် အော်သည်။ "နင် လူဆိုးမကို မြင်တယ်မလား ၊ ဒါတောင် ဘာလို့ ဒီနေရာကနေ အမြီးကုပ်ပြီး ထွက်မသွားသေးတုန်း" သူမမှာ ဆဲဆိုနေသော်လည်း ၎င်းမှာ စိတ်ဆိုးစရာမကောင်းဘဲ အတော်လေး နားထောင်ကောင်းလေသည်။
သူမသည် ပြောရင်းဆိုရင်း အင်္ကျီလက်စကို ခါလိုက်ရာ ပတ်ဝန်းကျင်တွင် လည်နေသော ပန်းပွင့်ချပ်များကို ထိုးဖောက်မြင်နေရသောပုံရိပ်ဆီသို့ ရုတ်ခြည်း ပျံထွက်သွားစေသည်။
အဝေးတွင် မန်ဟိုသည် အစိမ်းရောင်အခိုးအငွေ့များထဲတွင် လေကိုခွင်းလျက် ပျံသန်းနေ၏။ ရုတ်တရက် သူ့အနောက်မှ လာသော ပေါက်ကွဲသံကြီးကို ကြားလိုက်ရသည်။ တစ်ဆက်တည်းမှာပင် ကျင်ရှန်း၏အသံက သူ့နားထဲရောက်လာ၏။
"ငါ့မှာတော့ ဒီအင်မိုတယ်စွမ်းအားနည်းနည်းလေးကို စုဆောင်းဖို့ မနည်းကြိုးစားလိုက်ရတာ အခုတော့ သဲထဲရေသွန်ဖြစ်ကုန်ပြီ။ မန်ဟို.....နင် ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီ ဖွင့်တဲ့နေ့မှာ ပေါ်မလာလို့ကတော့ သေပြီသာမှတ်"
မန်ဟို၏မျက်နှာအမူအရာက ဘာမှမကြားသည့်အလား ပုံမှန်အတိုင်းသာ ဖြစ်သည်။ သူသည် မြန်နှုန်းမြင့်သွေးအလင်းကို သုံးရင်း ဖျတ်ခနဲ အဝေးရောက်သွားလေ၏။
ကျင်ရှန်း ဘယ်လိုလုပ်လိုက်သည်လဲ သူ ဂရုမစိုက်ပေ။ အနက်ရောင်နယ်မြေမှ နောက်ထပ် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးတစ်ယောက်ထွက်လာ၍ တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရမည်ဆိုလျှင်တောင်မှ သူမအနေဖြင့် မန်ဟိုထွက်ပြေးနိုင်အောင် ထိုလူ့အား တားရဦးမည်ဖြစ်သည်။ သူ တောင်ပိုင်းမှ ထွက်လာပြီး ခရမ်းပင်လယ်ကျယ်ကြီးအတွင်း ဝင်ရောက်သွားသည်နှင့် သူ့ကို ရှာဖို့ရန်မှာ ကောက်ရိုးပုံထဲ အပ်ရှာရသလို ဖြစ်ပေလိမ့်မည်။
နောက်စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးတစ်ယောက်အနေဖြင့် သူ့နောက်လိုက်ရန် နှစ်ကြိမ်စဉ်းစားရမှာဖြစ်သည်။ အနက်ရောင်နယ်မြေမှ သူတို့ထွက်ခွာလိုက်သည်နှင့်တစ်ပြိုင်နက် သူတို့လစ်လပ်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆူပူတိုက်ခိုက်မှုများကလည်း ချီတုံချတုံဖြစ်စေမည့် အကြောင်းရင်းတစ်ခုပင်။
မန်ဟိုသည် ဤအရာအားလုံးကို ဟာကွက်မရှိအောင် နှံ့နှံ့စပ်စပ် တွေးခဲ့၏။ သူသည် တတ်နိုင်မျှ အမြန်ဆုံးနှုန်းဖြင့် အဝေးသို့ ထွက်သွားလေပြီ။
အချိန်များ ကုန်လွန်သွားသည်။ ကျင်ရှန်း ရန်သူတစ်ယောက်မှ မလိုက်လာနိုင်အောင် မည်သို့လုပ်လိုက်သည်လဲ မန်ဟိုမသိပေ။ သို့သော် တစ်လလုံးလုံး ဘယ်သူ့မှ မတွေ့ရ။ ဤအခိုက်အတန့်တွင် သူသည် တတ်နိုင်သမျှသော အမြန်ဆုံးနှုန်းဖြင့် အနောက်ပိုင်းသဲကန္တာရ တောင်ပိုင်း၏တစ်ဝက်ကျော်ကို ဖြတ်သန်းခဲ့ပြီးပြီဖြစ်လေသည်။
ခရမ်းမိုးမှာ ပိုသည်းလာသည်။ ပင်လယ်ကို မမြင်ရတော့သော်လည်း ပင်လယ်ရေနံ့ကို ခံစားရနိုင်သည်။ ခရမ်းမိုးကား အရာအားလုံးကို တိုက်စားနေ၏။ မြေပြင်ပေါ်တွင် မည်သည့်အပင်မှ မမြင်ရတော့။ အသက်စွမ်းအားဟူသမျှ ပျက်ပြုန်းနေပြီး စိတ်ဝိညာဉ်စွမ်းအင်များလည်း လွင့်ပါးပျောက်ကွယ်သွားခဲ့လေပြီ။ တစ်စက်ဆို တစက်မှ မကျန်တော့ပေ။
ရံဖန်ရံခါ အောက်တွင် ဓားပြမျိုးနွယ်စုများကို မြင်ရ၏။ နောက်ဆုံးတွင် မန်ဟိုသည် တော်ကျော်လမ်းကို လှမ်းမြင်လိုက်ရလေပြီ။
သူသည် တောင်ကျော်လမ်းကို ကြည့်ရင်း တခဏရပ်ကာ သက်ပြင်းဖွဖွချလိုက်သည်။ သူကား သိပ်ကြာကြာ မနေ။ ထိုအချိန်အတောအတွင်း ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ သူ့ကို သတိပင်မထားမိပေ။
သူ၏ခန္ဓာကိုယ်သည် မြောက်ပိုင်းသို့ တဟုန်ထိုး သွားနေ၏။
ခရီးနှင်နေသည့်တစ်လျှောက်လုံး သူ၏ကျင့်ကြံခြင်းအခြေခံမှာ ဆက်တိုက်အားအင် ယုတ်လျော့လာခဲ့သည်။ ငါးရောင်ခြယ်ကောင်းကင်မှာ မှေးမှိန်လာ၏။ သူသည် အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့်၏ အထွတ်အထိပ်တွင် မဟုတ်တော့ဘဲ အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်သို့ ရောက်ရှိခဲ့လေပြီ။
မန်ဟို၏ တွက်ချက်မှုများအရ ဓာတ်ငါးပါးပျောက်ကွယ်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှာ ပြီးပြည့်စုံသော ရွှေအမြုတေအဆင့်သို့ ပြန်ရောက်ရန် သိပ်ကြာတော့မည်မဟုတ်ပေ။
သူ နောက်လုပ်ရမည့်အရာမှာ ခရမ်းမိုးပင်လယ်တွင် ဉာဏ်အလင်းရှာဖွေပြီး ၎င်းအား သွေးအရုပ်နှင့် ပေါင်းစည်းရန် နည်းလမ်း စဉ်းစားရန်ပင်။ ထို့နောက် သူ၏ကိုယ်ပိုင် ရေအရုပ်ကို ဖော်ဆောင်ကာ .... ငါးရောင်ခြယ်အနုသုခုမရုပ်ခန္ဓာလမ်းစဉ်ကို လျှောက်လှမ်းနိုင်ပေမည်။
ထိုအချိန်တွင် သူသည် အမှန်တကယ် တဟုန်ထိုး မြင့်တက်သွားမည် ဖြစ်၏။
မန်ဟိုက အမြင့်ဆုံးအရှိန်ဖြင့် သွားနေရင်းစဉ် အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ ယခုတွင် ပြီးပြည့်စုံသော ရွှေအမြုတေအဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။ သူသည် နောက်ဆုံးတွင် အနောက်ပိုင်းသဲကန္တာရတောင်ပိုင်းမှ အလယ်ပိုင်းသို့ ဝင်ရောက်လာတော့သည်။ ဤနေရာတွင် မျက်စိတစ်ဆုံး တစ်ခုတည်းကိုသာ မြင်နေရ၏။ အကန့်အသတ်မရှိ ၊ အဆုံးမဲ့လေသော....
ခရမ်းပင်လယ်။
***