ခရမ်းပင်လယ်ကြီး၏ နှလုံးသားထဲ ဝင်ရောက်ခြင်း
Vol. 37 Ch. 518
ကောင်းကင်သည် မည်းမှောင်နေပြီး ခရမ်းမိုးကား တဝေါဝေါ ရွာကျနေသည်။ မန်ဟို မြင်မြင်ရသမျှမှာ ပင်လယ်ပြင်ကြီးသာ ဖြစ်လေ၏။
အေးစက်သော လေတစ်ချက်၏ အဝှေ့ကြောင့် ၎င်း၏ မျက်နှာပြင်တွင် လှိုင်းများ တလိပ်လိပ် ထကြွလာသည်။ မန်ဟို လေအလယ်တွင် ရပ်၍ ပင်လယ်ကြီးကို တိတ်ဆိတ်စွာ ကြည့်နေစဉ် သူ၏ ဆံပင်များသည် မျောလွင့်နေပြီး သူ၏ အ၀တ်များ တဖျပ်ဖျပ် ပျံ့လွင့်နေ၏။
တစ်လောကလုံးရှိ သက်ရှိသတ္တဝါအားလုံး သေဆုံးသွားပြီး မြှုပ်နှံခံလိုက်ရပြီထင်သည်။ ကျန်ရှိခဲ့သည့် တစ်ခုတည်းသော အရာမှာ သူ၏ အထီးကျန်မှုသာ ဖြစ်လေသည်။ ၎င်းသည် သူ၏ နှလုံးသားထဲ၌ တစ်ခဏကြာသည်အထိ ကိန်းအောင်းနေပြီးနောက် သူက ခေါင်းကို ခါရမ်းကာ ၎င်းအား ပျောက်ကွယ်သွားစေသည်။
သူသည် အမြင့်ဆုံးအရှိန်ဖြင့် ရှေ့ဆက်သွား၏။ ကြက်တူရွေးက ရံဖန်ရံခါ မောက်မောက်မာမာအော်ပြီး နောက်က လိုက်လာသည်။
" ဟေးလာလာ ဟူးလာလာ လာ လာ လာ … ငါက ပင်လယ်မှာပျော်တဲ့ စင်ရော် ပင်လယ်စင်ရော် " ကြက်တူရွေးသည် ရုတ်တရက် ရေထဲသို့ ဒိုင်ဗင်ထိုးဆင်းသွားပြီး ခပ်လှမ်းလှမ်းတွင် ပြန်ထိုးတက်လာသည်။ ၎င်းမှာ အတိုင်းထက်အလွန် ပျော်ရွှင်နေသယောင်ပင်။
ပင်လယ်ပြင်ကြီးမှာ အဆုံးမရှိသယောင် ထင်ရ၏။ မန်ဟိုသည် တစ်ချိန်က အနောက်ပိုင်းသဲကန္တာရ၏ အလယ်ပိုင်းဖြစ်ခဲ့သော နေရာအတွင်းပိုင်းသို့ ရောက်သည့်တိုင်အောင် လပေါင်းများစွာ ခရီးနှင်လာခဲ့၏။ ဤနေရာတွင် သူသည် တစ်ချိန်က တောင်အမြင့်ကြီးများ ဖြစ်ခဲ့သော်လည်း ယခုတွင် ကျွန်းဆွယ်များသာ ဖြစ်နေပြီဖြစ်သော တောင်ထိပ်များကို မြင်နေရ၏။
မည်သည့် ကျင့်ကြံသူမှ မရှိသလို၊ မည်သည့် ကမ္ဘာသစ်မိစ္ဆာမှလည်း မရှိ။ တစ်ခါတလေ ပေါလောပေါ်လာသော အလောင်းများသာ ရှိလေသည်။
အရာအားလုံးသည် သုဿန်တစပြင်ပမာ တိတ်ဆိတ်နေ၏။
နောက်ထပ် ခုနစ်ရက် ကုန်ဆုံးသွားသည်။ အရှေ့တွင် မန်ဟိုသည် ကျွန်းဆွယ်ဖြစ်နေပြီဖြစ်သော အလွန်ရင်းနှီးသည့် တောင်ထိပ်တစ်လုံးကို မြင်လိုက်ရ၏။
မန်ဟိုက လေလယ်တွင် ရပ်နေသည်။ ၎င်းကို အတန်ကြာ စစ်ဆေးကြည့်ရှုပြီးနောက်တွင် ဤတောင်ကို မန်ဟို မှတ်မိသွား၏။
သူသည် ကျီးနတ်မင်းမျိုးနွယ်စုနှင့်အတူ ခရီးနှင်လာခဲ့ရတုန်းက ၎င်းကို ကျော်ဖြတ်ခဲ့ရလေသည်။ ယခုတွင် တောင်သည် ပင်လယ်ရေအောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ မြင်ရသမျှမှာ ကျွန်းဖြစ်နေသော ၎င်း၏ မီတာခြောက်ဆယ်အကျယ် တောင်ထိပ်သာ ဖြစ်လေ၏။
" ဒီနေရာ အလုပ်ဖြစ်လောက်တယ် " သူက မြောက်ပိုင်းသို့ ဆက်မသွားပေ။ ရှေ့ဆက်သွားပါက ကျွန်းများနည်းလာပြီး ရေနက်ပိုင်းသို့ ရောက်သွားမည် ဖြစ်သည်။ လက်ရှိ ပင်လယ်ရေမျက်နှာပြင်မှာ အတိတ်တုန်းက ဝေဟင်ထက် ဖြစ်ခဲ့လေသည်။
သူသည် တောင်ကျွန်းပေါ်သို့ ဆင်းသက်လိုက်ပြီး တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် သူ့ပတ်ပတ်လည်ရှိ ပင်လယ်ကြီးကို လှမ်းကြည့်လိုက်၏။ သူ့အတွက် ဤနေရာသည် တံခါးပိတ်ကျင့်ရန်အတွက် အပြီးပြည့်စုံသော နေရာဖြစ်လေ၏။ ၎င်းကား အန္တရာယ်ကင်းလေသည်။
ခရမ်းမိုး၏ သုတ်သင်ခြင်းစွမ်းအားသည် အနောက်ပိုင်းသဲကန္တာရ ကျင့်ကြံသူများအတွက်တော့ ပျက်သုဉ်းခြင်းကပ်ဘေးတစ်ခု ဖြစ်ခဲ့သည်။ သို့သော် မန်ဟို့အတွက်တော့ ၎င်းမှာ မည်သို့မျှ အဆင်မပြေမဖြစ်ပေ။ အမှန်တွင် သူ ဉာဏ်အလင်းရပြီး ခရမ်းမိုးအရုပ်ကို ဖော်ဆောင်နိုင်သည်နှင့်တစ်ပြိုင်နက် ဤနေရာကား သူ့အပိုင်ပင်လယ် ဖြစ်သွားပေလိမ့်မည်။
အချိန် အနည်းငယ်ကြာသော် မန်ဟိုက မျက်လုံးများ ပိတ်လိုက်၏။ သူ၏ ပတ်လည်တွင် မည်သည့် ငါးရောင်ခြယ်အရောင်အဝါမှ တောက်ပမနေတော့ပေ။ သူသည် ယခုတွင် ရွှေအမြုတေအဆင့်၏ မဟာစက်၀န်းသို့ လုံးလုံးကျဆင်းသွားခဲ့ပြီ ဖြစ်သည်။ သူ တရားထိုင်နေစဉ် ငါးရောင်ခြယ် အရုပ်ဆေးမင်ကြောင်များကား တလက်လက် တောက်ပလျက်ရှိ၏။
ကြက်တူရွေးတစ်ကောင်မှာတော့ အဝေးကို ပျံထွက်သွားလိုက်၊ ပတ်ဝန်းကျင်တွင် ဟိုပျံလိုက်၊ သည်ပျံလိုက် လုပ်နေတတ်သည်။ ၎င်းက မည်သည့်နေရာကို သွားသွား အထူးအဆန်းသဖွယ် အံဩရင်း ပျော်ရွှင်နေလေသည်။
၎င်းက ပင်လယ်စင်ရော်ပုံစံပြောင်းရင်း ၀မ်းမြောက်၀မ်းသာ အော်ဟစ်နေ၏။ အသားဂျယ်လီမှာလည်း အကြောမခံလိုသည့်ပုံပင်။ ဖောက်ခနဲ အသံနှင့်အတူ ၎င်းလည်း ပင်လယ်စင်ရော် အသွင်ပြောင်းပြီးနောက် ကြက်တူရွေးကို မတူမတန်သလို ကြည့်လိုက်သည်။
ဤအခိုက်အတန့်တွင် လူရွှင်တော်နှစ်ယောက်မှာ ပြိုင်ပွဲ စပြိုင်ကြလေသည်။
အချိန်များ ကုန်ဆုံးသွားပြီး လများ ကြာလွန်သွား၏။ မန်ဟို၏ ကျင့်ကြံခြင်းအခြေခံမှာ အထွတ်အထိပ်တွင် ဆက်လက်တည်ရှိနေသည်။ ရုတ်တရက် သူ၏ မျက်လုံးများ ဖျတ်ခနဲ ပွင့်သွားပြီး သူ၏ သူငယ်အိမ်များ အတွင်းမှ စူးရှတောက်ပနေသာ အလင်းရောင်တစ်ခုကို မြင်ရနိုင်၏။
သူ၏ ညာလက်ခလယ်ပေါ်ရှိ သွေးအရုပ်ဆေးမင်ကြောင်ကို ငုံ့ကြည့်လိုက်သည်။ ထိုသို့ ငုံ့ကြည့်လိုက်စဥ် သူ၏ မျက်နှာပေါ်၌ ခိုင်မာပြတ်သားသော အမူအရာ ပေါ်လာသည်။
" ငါ့ရဲ့ နောက်ဆုံးအရုပ်
" သွေးက ရှင်ခြင်းကို ကိုယ်စားပြုပြီး သေခြင်းကို တိုက်ထုတ်နိုင်တယ်။ ဒါက ရှင်ခြင်းသဘောဆောင်တဲ့ ရေအရုပ် ဆေးမင်ကြောင်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ
" ခရမ်းမိုးက သေခြင်းကို ကိုယ်စားပြုပြီး အသက်အားလုံးကို သုတ်သင်တယ်။ ဒါက သေခြင်းသဘောဆောင်တဲ့ ရေအရုပ်ဆေးမင်ကြောင် ဖြစ်တယ်
" သေခြင်းနဲ့ ရှင်ခြင်းက တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေပေမယ့် သံသရာလည်နေတာ ဖြစ်တယ်။ ရှင်ခြင်းမရှိရင် သေခြင်း ဘယ်လိုလုပ် ရှိနိုင်မှာတုန်း။ ပြီးတော့ သေခြင်းမရှိရင် ဘယ်အရာက ရှင်ခြင်းရဲ့ ဆန့်ကျင်ဘက်အနေနဲ့ တာ၀န်ထမ်းဆောင် ပေးနိုင်မှာတုန်း
" ရှင်ခြင်းနဲ့ သေခြင်းရဲ့ ပေါင်းစည်းမှု။ သွေးနဲ့ ခရမ်းမိုးရဲ့ တစ်သားတည်းဖြစ်မှု။ အဲ့ဒါက မန်ဟို့ရဲ့ မဟာစက်၀န်း သွေးအရုပ်ဆေးမင်ကြောင်ဖြစ်လိမ့်မယ် "
သူ တစ်ယောက်တည်း ရေရွတ်နေစဉ် သူ၏ မျက်လုံးများသည် မယုံကြည်နိုင်ဖွယ် အလင်းရောင်အား ထုတ်လွှတ်နေ၏။ လောလောဆယ်တွင် ညအခါသမယ ဖြစ်ပြီး မိုးကား ထုံးစံအတိုင်း ရွာကျနေဆဲပင်။ သို့သော် သူ မိုးရေထဲတွင် ထိုင်နေစဉ် သူ၏ မျက်လုံးများသည် လျှပ်စီးပမာ တ၀င်း၀င်း လက်လျက်ရှိ၏။
" ငါ သေခြင်းကို ကိုယ်စားပြုတဲ့ ခရမ်းမိုးအရုပ်နဲ့ ပက်သက်ပြီး တကယ် ဉာဏ်အလင်းရချင်တယ်ဆိုရင် ဒီနေရာမှာတင် ထိုင်ပြီး ပင်လယ်ကို ကြည့်နေလို့ မရဘူး။ ငါ့ကိုယ်ငါ ပင်လယ်ထဲမှာ နစ်မြုပ်လိုက်မှပဲ ငါကိုယ်တိုင် …..
"သေခြင်းကဘာလဲဆိုတာ ကြုံတွေ့နိုင်မှာ ဖြစ်တယ်"
"အဲ့ဒီလိုလုပ်လို့ ငါနဲ့ ခရမ်းပင်လယ်ကြီးကြားမှာ ခြားနားမှုတွေ မရှိတော့ဘဲ ငါတို့ရဲ့ စိတ်ဆန္ဒတွေက ထပ်တူညီသွားမယ်ဆိုရင် ငါ သူ့ကို နားလည်နိုင်သွားလိမ့်မယ်။ ငါ သူ့ရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်တဲ့ အခါကျရင်တော့ ခရမ်းပင်လယ်အရုပ်ဆေးမင်ကြောင်တစ်ခု ဖော်ဆောင်လို့ရပြီ " အတွေးရထားကြီး၏ ဘူတာရောက်သော် မန်ဟိုသည် တုံ့ဆိုင်းတွေဝေနေခြင်း မရှိတော့ပေ။ ထိုအရာက မန်ဟို့၏ ပင်ကိုယ်စရိုက် ဖြစ်သည်။ ဆုံးဖြတ်ချက်တစ်ခုချလျှင် သူသည် ဘယ်တော့မှ အလွယ်တကူ စိတ်ပြောင်းတော့မည် မဟုတ်ပေ။
အထူးသဖြင့် သူ၏ ကျင့်ကြံခြင်းလမ်းစဉ်အား စတင်ခဲ့ပြီး နောက်တွင်ပင်။ သူသည် ဘယ်တော့မှ နောက်ပြန်မကြည့်ဘဲ အမြဲတမ်း ရှေ့ဆက်သွားခဲ့၏။ အကယ်၍ လူတစ်ယောက်သည် အပြောင်းအလဲမရှိသော ဘ၀ထဲတွင် နစ်မြုပ်နေလျှင် သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခုခုချရန် ချိတုံချတုံဖြစ်နေလျှင်တော့ သေရဖို့ သိပ်ဝေးတော့မည် မဟုတ်ပေ။
မန်ဟိုက မျက်လုံးများ တဖျပ်ဖျပ် တောက်ပနေပြီးနောက် ထရပ်ပြီး ပြိုင်နေသော ကြက်တူရွေးနှင့် အသားဂျယ်လီကို ကြည့်လိုက်သည်။ ထို့နောက် သူသည် ရှေ့သို့ လျှောက်သွားပြီး ခရမ်းပင်လယ်ကြီး အတွင်းသို့ ခုန်ချလိုက်၏။
သူ၏ ခန္ဓာကိုယ် ခရမ်းရောင်ပင်လယ်ရေများနှင့် ထိတွေ့သွားသောအခါ အလွန်အားကောင်းသော သေခြင်းအရှိန်အဝါက သူ့ကို ချက်ချင်းလွှမ်းခြုံသွားသည်။
မန်ဟိုမှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး တင်ပျဉ်ခွေလိုက်၏။ မီတာသုံးဆယ်ကျော် နစ်မြုပ်သွားပြီးနောက် သူက မျက်လုံများ ဖွင့်လိုက်ပြီး လှုပ်ရှားနေခြင်း ရပ်တန့်သွားလေသည်။
သူ သည်းခံနိုင်သည့် နောက်ဆုံးအတိုင်းအတာသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူ သည်ထက်ပိုပြီး နစ်မြုပ်သွားလျှင် သေခြင်းစိတ်ဆန္ဒမှာ အလွန် အားကောင်းလာလိမ့်မည် ဖြစ်သည်။ ဤပင်လယ်ကြီးအတွက် သူက အသက်ရှင်နေသည့်အရာ ဖြစ်လေရာ ၎င်းကို ဆန့်ကျင်နေသော အရာလည်း ဖြစ်လေသည်။
မန်ဟို့အနေဖြင့် ပင်လယ်ကြီးတစ်စင်းလုံးကို မတိုက်ခိုက်နိုင်ပေ။
မီတာသုံးဆယ် နစ်မြုပ်သွားခြင်းကို တစ်စုံတစ်ယောက်သာ ကြားသွားလျှင် လုံး၀မယုံနိုင် ဖြစ်သွားပေလိမ့်မည်။ ခရမ်းပင်လယ်ကြီးသည် ကျင့်ကြံသူများ မ၀င်ရောက်နိုင်သည့် နေရာတစ်နေရာ ဖြစ်၏။ မီတာသုံးဆယ် အသာထား၊ ခြောက်မီတာလေး နစ်မြုပ်သွားလျှင်ပင် မီးတောက်များ အတွင်းသို့ ခုန်၀င်လိုက်သည်နှင့် တူမည် ဖြစ်သည်။
မီတာသုံးဆယ် နစ်မြုပ်သွားသော သာမန်ကျင့်ကြံသူ တစ်ယောက်အတွက် အသက်စွမ်းအား ကုန်ဆုံးသွားရန် အသက်ဆယ်ရှိုက်စာသာ ကြာလိမ့်မည် ဖြစ်သည်။ သေခြင်းအရှိန်အဝါက သက်ရှိအားလုံးကို ဖျက်ဆီးခွင့်ရှိလေသည်။
မန်ဟို့အတွက်မူ ထိုနေရာတွင် အသက်ဆယ်ရှိုက်ကျော်အထိ တင်ပျဉ်ခွေထိုင်နေနိုင်သည့် အကြောင်းရင်းမှာ ပြီးပြည့်စုံသော နယ်ပယ်က သူ့ကို ကောင်းကင်နှင့် မြေကြီးမှ စွမ်းအားကို မစုပ်ယူနိုင်အောင် လုပ်ခဲ့လေသည်။ သူတွင် သူ့ကိုယ်ပိုင်စက်၀န်း ရှိသည်။ သူ၏ အသက်ရှင်နိုင်စွမ်းက အခြားသူများထက် အဆများစွာ သာလွန်လေသည်။
သို့ထိတိုင် အသက် အရှိုက်နှစ်ဆယ် ကြာသည့်နောက်တွင် မန်ဟို့ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်လာ၏။ သေခြင်းစိတ်ဆန္ဒသည် သူ၏ ပတ်ပတ်လည်တွင် တစတစ သိပ်သည်းထူထပ်လာသည်။ သေခြင်းနှင့် ရှင်ခြင်း၏ တိုက်ခိုက်မှုက သူ့ကို ဖျက်ဆီးမြုပ်နှံပစ်မည့် သုတ်သင်ခြင်းအားတစ်ရပ်အသွင် ပြောင်းသွား၏။
ရေခဲရေကို နီရဲတောက်နေသော သံပူချောင်းပေါ်သို့ လောင်းချလိုက်သည့် အလားပင်။ ထိုနှစ်ခုမှာ လိုက်လျောညီထွေ မရှိပေ။ ရေခဲနှင့် မီးက အချင်းချင်း ဆန့်ကျင်နေရာ အားတစ်ရပ်ကို ဖန်တီးပေးလိုက်သည်။ ရေခဲရေ အငွေ့ပျံလျှင်ပျံ သို့မဟုတ် သံခတ်နှိပ်ခြင်း အဆုံးသတ်မည် ဖြစ်သည်။
ဤသည်ကား သုတ်သင်ခြင်းပင်။
အသက်သုံးရှိုက်စာ ကြာပြီးနောက်တွက် သုတ်သင်ခြင်းမှာ အလွန်တရာ အားကောင်းလာသဖြင့် မန်ဟို့မှာ မျက်လုံးများ ဖွင့်ပြီး ပင်လယ်အတွင်းမှ ခုန်ထွက်လိုက်ရ၏။ သူသည် လေထဲသို့ ပျံတက်ပြီးနောက်တွင် မျက်နှာ ဖြူဖပ်ဖြူရော်ဖြင့် တောင်ကျွန်းပေါ်သို့ ပြန်ရောက်လာသည်။ သူက သွေးတစ်ပွက် အန်လိုက်ရ၏။ သူ၏ အသက်စွမ်းအားနှင့် သေခြင်းအရှိန်အဝါကြားက ပွတ်တိုက်မှုမှာ မန်ဟို့ကို သည်းခံရခက်စေသော သုတ်သင်ခြင်းအားတစ်ရပ်ဖြစ်လာခဲ့သည်။
သို့သော် မန်ဟိုမျက်လုံးများက ယခုတွင် တလက်လက် တောက်ပနေ၏။
" ငါ အခု နားလည်လိုက်ပြီ။ ခရမ်းပင်လယ်မှာ သုတ်သင်ခြင်းစွမ်းအားက အလဟဿ ပါ၀င်နေတာ မဟုတ်ဘူး။ သူ့ရဲ့ အဓိကစိတ်ဆန္ဒက သေခြင်းရဲ့ စိတ်ဆန္ဒပဲ။ အဲ့ဒါကြောင့်မလို့ သူနဲ့ အသက်စွမ်းအားနဲ့ ထိတွေ့တဲ့အခါမှာ သုတ်သင်ခြင်း ပေါက်ဖွားလာတာ။ အဲ့ဒီသုတ်သင်ခြင်းကို ခရမ်းပင်လယ်က ဖန်တီးထားတာ မဟုတ်ဘဲ အသက်စွမ်းအားနဲ့ ပေါင်းစည်းသွားတဲ့ ဖြစ်ပေါ်လာတာကိုး။ ရှင်ခြင်းနဲ့ သေခြင်းရဲ့ ဆန့်ကျင်မှုတွေက သုတ်သင်စွမ်းအားအဖြစ် ပြောင်းသွားတာပဲ။ အဲ့ဒီ စိတ်ဆန္ဒက ရေအရုပ်က ထုတ်လွှတ်ပေးနိုင်တဲ့ စွမ်းအား အစစ်အမှန် ဖြစ်လာလိမ့်မယ်
"သေခြင်းနဲ့ ရှင်ခြင်းအတွက် အဲ့ဒီလို သုတ်သင်ခြင်းစွမ်းအားတစ်ခု မွေးဖွားပေးဖို့ အချိန်လိုအပ်တယ်
"ငါ့ရဲ့ သွေးအရုပ်ဆေးမင်ကြောင်မှာ ရှိတဲ့ ရှင်သန်ခြင်း ပျက်စီးမသွားဘဲ ခရမ်းမိုးရေရဲ့ သေဆုံးခြင်းနဲ့အတူ ယှဉ်တွဲတည်ရှိနေဖို့ လိုတယ်။ ဉာဏ်အလင်း အမှန်တကယ် ရဖို့ဆိုရင် သုတ်သင်ခြင်းစွမ်းအားကို ဆန့်ကျင်ရမှာ။ အဲ့ဒီလိုလုပ်မှ သေခြင်းရဲ့ စိတ်ဆန္ဒကို အမှန်တကယ် နားလည်နိုင်လိမ့်မယ် "
မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် တင်ပျဉ်ခွေပြန်ထိုင်လိုက်သည်။ သုံးရက်ကြာသော် သူသည် အကောင်းအတိုင်း ပြန်ဖြစ်သွား၏။ သူ၏ မျက်လုံးများ ပြန်ပွင့်လာသောအခါ တလက်လက် တောက်ပနေလေသည်။ သူသည် တခဏထိုင်နေပြီးနောက် နောက်တစ်ဖန် ရှေ့သို့ လျှောက်သွားပြီး ပင်လယ်ရေထဲ ခုန်ချလိုက်၏။ သူသည် မီတာ သုံးဆယ်နေရာသို့ ပြန်ရောက်လာပြီး တင်ပျဉ်ခွေထိုင်ကာ ပင်လယ်ရေနှင့်အတူ ပါလာသော သုတ်သင်ခြင်းကို ခံစားနေ၏။
အချိန်များ ကုန်ဆုံးသွားသည်။ တစ်နှစ်ဆိုသော အတိုင်းအတာကား မျက်စိ တစ်မှိတ်အတွင်း ကုန်ဆုံးသွားလေ၏။ ထို တစ်နှစ်အတွင်း မန်ဟိုသည် မည်သည့် ကျင့်ကြံသူမျှ မမြင်ရသလို၊ မည်သည့် သက်ရှိသတ္တဝါမှလည်း မမြင်ရပေ။ ဤ ကမ္ဘာကြီးတွင် သူတစ်ယောက်တည်းသာ အသက်ရှင်ကျန်ခဲ့သည့် အလား ခံစားနေရ၏။
သုတ်သင်ခြင်းစွမ်းအားကို ဆန့်ကျင်ရန်ကား မလွယ်ကူပေ။ ပြီးပြည့်စုံသောနယ်ပယ် ရောက်ရှိနေသည့်တိုင် သူ့အတွက် အလွန် ခက်ခဲနေသေး၏။ သူသည် မလိုအပ်သရွေ့ သွေးအရုပ်ကို အသုံးပြုမည် မဟုတ်ပေ။ ထိုသို့ သုံးလိုက်လျှင် ခရမ်းပင်လယ်အတွင်းရှိ သေခြင်းနှင့် ရှင်ခြင်းအကြားရှိ ကွာဟမှုမှာ ဖောင်းပွလာပြီး သုတ်သင်ခြင်းစွမ်းအားတို့ကို ဖြစ်ပေါ်လာကာ သူ့ကို ဖယ်ရှားပစ်နိုင်သွားလိမ့်မည် ဖြစ်သည်။
" သေခြင်းနဲ့ ပက်သက်ပြီး ဉာဏ်အလင်းရဖို့ ရှင်ခြင်းကို အသုံးပြုလို့ မရဘူး။ သေခြင်းကို နားလည်ဖို့အတွက် ငါ တကယ်သေမှ ဖြစ်မယ် " မန်ဟိုသည် ယခုတွင် ခရမ်းပင်လယ်အတွင်း မီတာတစ်ရာခန့်အထိ ကျဆင်းလာခဲ့ပြီး ထိုနေရာတွင် အသက်တစ်ရာ့ခုနစ်ဆယ်ရှိုက် နေပြီးနောက် မျက်နှာပြင်သို့ မြန်မြန်ဆန်ဆန် ပြန်တက်လာ၏။
သူ့တွင် သည်နှစ်အတွင်း တော်တော်လေး တိုးတက်ခဲ့သော်လည်း သူ့မှာ ခရမ်းမိုးကို နှံ့နှံ့စပ်စပ် နှားလည်ဖို့နှင့် ပက်သက်ပြီး အလှမ်းဝေးသေးလေသည်။
" သေခြင်းက ဒီတိုင်း ပျက်စီးသွားတာပဲ မဟုတ်ဘူး။ ငါ သေချာ စနစ်တကျ သွားဖို့ လိုတယ်။ ငါ့ရဲ့ အသက်စွမ်းအားကို သုတ်သင်ခြင်းစွမ်းအားရဲ့ အောက်မှာ တဖြည်းဖြည်း လျှော့ချရမယ်။ ပြီးရင် အခြေအနေကို ရုတ်တရက် ပြောင်းပြန်လှန်ပစ်ရမယ်။ သုတ်သင်ခြင်း စိတ်ဆန္ဒရဲ့ လွှမ်းမိုးမှုကြောင့် မဟုတ်ဘဲ ငါ့ရဲ့ ကိုယ်ပိုင်သေခြင်းအရှိန်အဝါနဲ့မှ ခရမ်းမိုးရဲ့ သေခြင်းအရှိန်အဝါကို ခံစားရနိုင်မှာ " ဤသို့ ဉာဏ်အလင်းရရှိပြီးနောက် မန်ဟိုသည် ရက်အနည်းငယ် အနားယူကာ နောက်တစ်ဖန် တရားထိုင်ရန်အတွက် ခရမ်းပင်လယ်အတွင်းသို့ ၀င်ရောက်သွားပြန်သည်။
အချိန်များ ထပ်မံ ကုန်ဆုံးသွားပြန်သည်။ နှစ်နှစ်၊ သုံးနှစ်...
ဆယ်နှစ်
မန်ဟိုသည် ယခုတွင် ခရမ်းပင်လယ်ကြီး၏ မျက်နှာပြင်မှ မီတာခြောက်ရာအကွာတွင် သေလူပမာ မလှုပ်မယှက် တင်ပျဉ်ခွေထိုင်နေ၏။ သေခြင်းအရှိန်အဝါက သူ့ကိုပတ်၍ လွင့်မျောနေသည်။ ရံဖန်ရံခါ သုတ်သင်ခြင်းစွမ်းအား ထွက်ပေါ်လာတတ်သော်လည်း ၎င်းမှာ ချိုးနှိမ်ဖိနှိပ်ခံထားရ၍ လွန်ခဲ့သောဆယ်နှစ်ကထက် သိသိသာသာ အားနည်းနေပြီဖြစ်သည်။
တစ်လကြာသွားသည်။ မန်ဟို၏ မျက်လုံးများ ဖျတ်ခနဲ ပွင့်လာ၏။ သူ့ကို ဝန်းရံလျက်ရှိသော သုတ်သင်ခြင်းစွမ်းအားမှာ ရုတ်ခြည်းဆိုသလို မယုံနိုင်လောက်အောင် ပြင်းထန်လာချေသည်။ ၎င်းပေါက်ကွဲထွက်မသွားခင် မန်ဟိုက ခရမ်းပင်လယ်၏အပြင်သို့ ပြန်ထွက်သွား၏။
"မလုံလောက်သေးဘူး....." သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ငါ ပင်လယ်ကြမ်းပြင်မှာ သေသေချာချာ ထိုင်နိုင်တဲ့အချိန်ရောက်မှ ခရမ်းပင်လယ်ရဲ့အမှန်တရားကို စဉ်းစားနိုင်လိမ့်မယ်" ဆယ်နှစ်တာအတောအတွင်း သူ၏ကျင့်ကြံခြင်းအခြေခံမှာ ပြောင်းလဲမှုများများစားစား မရှိခဲ့ပေ။ သို့သော် သူ၏ခန္ဓာကိုယ်နှင့် အရှိန်အဝါကတော့ ပထဝီမြေကြီးအား တုန်ဟည်းသွားစေနိုင်သော ပြောင်းလဲမှုကို ကြုံတွေခဲ့ရပြီးလေပြီ။
သူသည် အရပ်ပိုရှည်လာပြီး အချိုးအဆစ်ကျလာကာ သူ၏စာပေသမားအသွင်အပြင်မှာလည်း ကွန်ဖြူးရှပ်ဝါဒီသမားဆန်မှု လျော့ကျပြီး မိစ္ဆာဆန်လာ၏။ သူ၏အသက်စွမ်းအားမှာ ကျဆင်းသွားပြီး သူ၏ကြောက်မက်ဖွယ်အရှိန်အဝါမှာလည်း ကြီးထွားလာလေသည်။
သူ၏အသားအရေမှာ စိုနေပြီး ကြည်လဲ့နေ၏။ သူ၏ပုံပန်းသွင်ပြင်မှာ မိစ္ဆာဆန်ဆန် ချောမောလာသည်။
ဆယ်နှစ်ကြာပြီးနောက်တွင် ခရမ်းမိုးသည် ရွာနေဆဲဖြစ်သော်လည်း ပင်လယ်မှာ သည့်ထက် သိပ်နက်မသွားခဲ့ပေ။ ကျွန်းများလည်း တည်ရှိနေသေးသည်...ဤအခိုက်အတန့်တွင် အနောက်ပိုင်းသဲကန္တာရတောင်ပိုင်းမှာလည်း ပင်လယ်၏တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့လေပြီ။ အနက်ရောင်နယ်မြေသို့ ဝင်ရောက်ခွင့်မရှိခဲ့သော မည်သည့်ကျင့်ကြံသူမဆို ခရမ်းပင်လယ်၏မြှုပ်နှံခြင်းခံလိုက်ရသော အရိုးစုများထက် မပိုတော့ပေ။
ယခုတွင် သူတို့မှာ တံတားပျက်နယ်ပယ်ရှိ တံတားကျွန်များသဖွယ်သာ။ ရံဖန်ရံခါ ပင်လယ်ရေမျက်နှာပြင်ထက်တွင် တစ္ဆေများ ပေါ်လာတတ်၏။ တစ်ခါတလေ မျိုးနွယ်စုတစ်စုလုံး အသက်စွမ်းအားကင်းမဲ့လျက် လွင့်မျောနေတတ်သည်။ သူတို့မှာ ခရမ်းပင်လယ်ကြီး၏ တမန်တော်များအလားပင်။
ပြီးခဲ့သည့် ဆယ်နှစ်လုံး ထိုကဲ့သို့ တစ္ဆေများကို အကြိမ်ပေါင်းစွာ မန်ဟို မြင်တွေ့ခဲ့ရ၏။
အမှန်တွင် ယခု ခရမ်းပင်လယ်ကြီးအတွင်းမှ သူ ထွက်လာသည့်အခိုက်အတန့်၌ ငေးငေးငိုင်ငိုင်အမူအရာများဖြင့် ပင်လယ်ရေမျက်နှာပြင်အထက်တွင် လွင့်မျောနေသော ရာဂဏန်းမျှရှိသည့် တစ္ဆေတစ်အုပ်ကို မြင်လိုက်ရ၏။ မန်ဟို ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့က တုံ့ခနဲ ရပ်ပြီး သူ့ကို လှမ်းကြည့်သည်။
***