ပင်လယ်ထဲ နစ်မျောရင်း အချိန်ကို မေ့လျော့လျက်
Vol. 37 Ch. 519
တစ္ဆေများက မန်ဟို့ကို ကြည့်နေပြီး သူက ၎င်းတို့ကို ပြန်ကြည့်နေသည်။ ၎င်းတို့မှာ တစ်စုံတစ်ခုနှင့်ပတ်သက်ပြီး တွေဝေနေသည့်အလား ချီတုံချတုံဖြစ်နေသယောင်ပင်။
မန်ဟို၏မျက်နှာထားမှာ ပုံမှန်အတိုင်းသာ။ သို့ရာတွင် သူက တစ္ဆေများ မည်သို့ တုံ့ပြန်လိမ့်မည်ကို အာရုံစိုက်လျက်ရှိ၏။
တခဏကြာသော် ၎င်းတို့ထံမှ သေခြင်းအခိုးအငွေ့များ တထောင်းထောင်ထလာသည်။ ၎င်းတို့၏ခန္ဓာကိုယ်များက ရိပ်ခနဲ မန်ဟို့ဆီ ပြေးဝင်လာကြလေပြီ။
သူက အတန်ငယ် မျက်မှောင်ကြုတ်သွားပြီး သက်ပြင်းဖွဖွချလိုက်သည်။ တစ္ဆေများ အနားရောက်လာစဉ် ညာလက်ကို ညွှန်လိုက်ရာ သွေးရောင်အလင်း ဖြာထွက်သွားစေသည်။ ဤသွေးအလင်းရောင်ထဲတွင် အရှေ့သို့ တဟုန်ထိုးထွက်သွားသော အသက်စွမ်းအားတစ်ရပ် ပါရှိ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းက တစ္ဆေများကို ဝင်ဆောင့်လိုက်လေပြီ။
ထိုသို့ဖြစ်ပျက်သွားသောအခါ အရာခပ်သိမ်းအား တုန်လှုပ်သွားစေသော သုတ်သင်ခြင်းစိတ်ဆန္ဒ ပေါက်ကွဲထွက်ထွက်လာသည်။ မိုးခြိမ်းသံကဲ့သို့ ခပ်အုပ်အုပ်အသံနှင့်အတူ တစ္ဆေကိုယ်များ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားလေပြီ။ ၎င်းတို့မှာ ယခုတွင် ခန္ဓာကိုယ်ရော၊ ဝိညာဉ်ပါ ချုပ်ငြိမ်းသွားပြီဖြစ်လေ၏။
ဤသုတ်သင်ခြင်းစိတ်ဆန္ဒမှာ သေခြင်းအရှိန်အဝါနှင့် ရှင်ခြင်းစိတ်ဆန္ဒတို့ ထိတွေ့သောအခါ ဖြစ်ပေါ်လေသည်။
လွန်ခဲ့သောဆယ်နှစ်က မန်ဟိုမှာ ယခုကဲ့သို့ ဘယ်တော့မှ မလုပ်နိုင်ခဲ့ပေ။ သို့သော် ဆယ်နှစ်ကြာ ဉာဏ်အလင်းရှာဖွေပြီးနောက်တွင် သူ့အနေဖြင့် သူ၏အသက်စွမ်းအားကို သေခြင်းအရှိန်အဝါအဖြစ် ပြောင်းပြန်မလှန်နိုင်သေးသော်လည်း မည်သည်နည်းဖြင့် သုတ်သင်ခြင်းစွမ်းအား ဖန်တီးရမည်လဲ ဆိုတာကိုတော့ နားလည်ခဲ့လေပြီ။
"ဒီခရမ်းပင်လယ်တစ္ဆေတွေတောင် ငါ့ရဲ့ အသက်စွမ်းအားကို အာရုံခံနိုင်ရင် ပင်လယ်ကိုတော့ ပြောမနေနဲ့တော့" သူက ခေါင်းခါရမ်းလိုက်၏။ ပြီးခဲ့သော ဆယ်နှစ်အတွင်း သူသည် ဉာဏ်အလင်းပိုမိုရရှိလာခြင်းနှင့်အတူ ဤတစ္ဆေများနှင့် ကြုံတွေ့ရာတွင် ၎င်းတို့သညိ အမြဲတမ်း တခဏတော့ တွေဝေငေးကြောင်သွားတတ်ကြောင်း ရှာတွေ့လာခဲ့လေသည်။ အနည်းဆုံးတော့ ၎င်းက သူ တိုးတက်လာခဲ့သည်ကို သက်သေပြနေ၏။
"ဒီတစ္ဆေတွေက ငါလမ်းမှန်ကို လျှောက်နေတယ်ဆိုတာ ညွှန်ပြနေသလိုပဲ" သူက ကောင်းကင်ကြီးကို မော့ကြည့်ရင်း အတွေးထဲ နစ်မြောနေတော့သည်။ ကြက်တူရွေးနှင့် အသားဂျယ်လီတို့နှစ်ကောင် ဘယ်ဆီရောက်၍ ဘယ်ပေါက်နေမှန်း သူမသိပေ။ ပြီးခဲ့သည့်ဆယ်နှစ်တုန်းက သူတို့နှစ်ကောင်မှာ စိတ်လွတ်ကိုယ်လွတ် မြူးထူးပျော်ပါး ဆော့ကစား နေခဲ့ကြလေသည်။
သူတို့သည် မကြာခဏ နှစ်ဝက်ကျော်လောက် ပျောက်ချင်းမလှ ပျောက်ပျောက်သွားတတ်သေး၏။ ထိုနှစ်ကောင်၏ ထုံးစံဖြစ်နေသော အကျင့်ဆိုးကိုတော့ မန်ဟိုမှာ သိပ်စိတ်မပူပေ။ ပတ်ဝန်းကျင်တွင် မည်သည့်အမွှေးအတောင်မှ မရှိလေရာ မည်သို့ဇာတ်လမ်းဆင်ဆင် သိပ်ဖြစ်မြောက်မည်မဟုတ်ချေ။
မန်ဟိုသည် ရက်အနည်းငယ် ထပ်မံအနားယူပြီးနောက် ခရမ်းပင်လယ်ထဲ ထိုးဆင်းသွားပြန်၏။
တကယ်တော့ မန်ဟိုမှာ ကျင့်ကြံရာတွင် စိတ်ရောကိုယ်ပါ နှစ်ထားသည့်အတွက် ကြက်တူရွေးနှင့် အသားဂျယ်လီကို လျော့တွက်မိခြင်းပင်...
ပတ်ဝန်းကျင်တွင် မည်သည့်အမွှေးအတောင်မှ မရှိတာမှန်သော်လည်း အနက်ရောင်နယ်မြေကတော့ မတူပေ... ကြက်တူရွေးနှင့် အသားဂျယ်လီမှာ လွန်ခဲ့သောနှစ်များကတည်းက ပင်လယ်ကြီးကို ငြီးငွေ့လာခဲ့၍ အနက်ရောင်နယ်မြေသို့ တိတ်တိတ်ကလေး ပျံသန်းသွားခဲ့ပြီဖြစ်သည်။
ရောက်ရောက်ချင်းမှာပင် သူတို့က နောက်ဆုံးတွင် ဒဏ္ဍာရီတစ်ပုဒ်အဖြစ် ပြောစမှတ်တွင်သွားသည့်တိုင်အောင် အကြီးအကျယ် အုတ်အော်သောင်းနင်းဖြစ်စေခဲ့သည်။
နောက်ထပ် ဆယ်နှစ်ကြာသွားသည်။
မန်ဟိုသည် ခရမ်းမိုးကို နားလည်အောင်ကြိုးစားရင်း အချိန်အနှစ်နှစ်ဆယ်ကျော် ဖြုန်းခဲ့ပြီးလေပြီ။ ယခုတွင် သူမှာ မီတာသုံးထောင်အထိ ငုပ်လျှိုးကာ လပေါင်းများစွာ တင်ပျဉ်ခွေထိုင်နိုင်ပြီဖြစ်သည်။
သူ၏အသက်စွမ်းအားမှာ လောလောဆယ်တွင် မယုံနိုင်လောက်အောင် အားနည်းနေ၏။ အခြားတစ်ယောက်သာဆိုလျှင် အသက်ရှိတော့မည်မဟုတ်ပေ။ သို့ရာတွင် မန်ဟိုကတော့ မတူ။ အသက်စွမ်းအားမှာ အားနည်းနေသော်လည်း သူ၏သိပ်သည်းသော သေခြင်းအရှိန်အဝါမှာ တကယ်တမ်း ရှင်ခြင်းအမျိုးအစားတစ်မျိုးဖြစ်လာ၏။
ထိုကဲ့သို့ ရှင်ခြင်းမှာ အသွေးအသားကိုယ်နှင့် ဝိညာဉ်ပိုင်ဆိုင်ထားသည်ကလွဲ၍ တစ္ဆေများနှင့် ဆင်တူလေသည်။
မန်ဟို ပင်လယ်အောက်တွင် ထိုမျှကြာမြင့်စွာ တောင့်ခံနိုင်သော အကြောင်းရင်းမှာ သူ၏အသက်စွမ်းအား နည်းပါးလာခြင်းနှင့်အတူ ပင်လယ်ရေ၏ သုတ်သင်ခြင်းစွမ်းအားလည်း ကျဆင်းလာသည့်အတွက်ကြောင့်ပင်။ သူ့ကို ပင်လယ်အတွင်းမှ ဖယ်ရှားပစ်လိုသော စိတ်ဆန္ဒမှာလည်း အားနည်းသွားခဲ့၏။
နောက်ထပ် ဆယ်နှစ်ကြာသွားပြန်သည်။ မန်ဟိုမှာ ခရမ်းမိုးကို နားလည်အောင် ကြိုးစားရင်း နှစ်ခြောက်ဆယ်စက်ဝန်း၏တစ်ဝက်ကို ဖြုန်းခဲ့ပြီးလေပြီ။ နောက်ဆုံး အချိန်အကြာကြီးကြာသည့်အခါတွင်တော့ သူသည် ပင်လယ်ကြမ်းပြင်အထိ ငုပ်လျှိုးသွားနိုင်ခဲ့ပြီဖြစ်သည်။
သူ ယခု ခြေချလိုက်သောနေရာမှာ... တစ်ချိန်က အနောက်ပိုင်းသဲကန္တာရဖြစ်ခဲ့သော မြေပြင်ကြီးဖြစ်လေ၏။
ပင်လယ်ကြမ်းပြင်သို့ရောက်သော် အရပ်မျက်နှာအနှံ့မှ သေခြင်းအရှိန်အဝါများ သူ့ကို ဝန်းရံလိုက်ကြောင်း မန်ဟို ခံစားလိုက်ရသည်။ အရှိန်အဝါများမှာ မယုံနိုင်အောင် ထူထဲပြီး မရေမတွက်နိုင်သော တစ္ဆေများပင် အဖော်ပြုလိုက်ပါလာတတ်လေသည်။
သို့သော် ဤတစ္ဆေများက မန်ဟို့ကို မြင်လျှင် အဖက်ပင်မလုပ်ဘဲ လွင့်မျောနေတတ်၏။ ရံဖန်ရံခါ သူ၏ခန္ဓာကိုယ်ကိုပင် ဖြတ်သွားတတ်သေးသည်။
မန်ဟို့ကိုယ်အတွင်းရှိ အသက်စွမ်းအားမှာ အလုံးစုံနီးပါး ဖိနှိပ်ခံထားရပြီးဖြစ်သည်။ သူ၏အသက်တစ်ခုလုံး မူတည်နေသော ခပ်မျှင်မျှင်လေးသာ ကျန်ခဲ့လေသည်။ ယခုတွင် သူ၏ခန္ဓာကိုယ်မှာ သေခြင်းအရှိန်အဝါဖြင့် ပြည့်နှက်နေလေရာ သူ၏အသားအရေအား အလောင်းသဖွယ် ဖြူဆုပ်နေစေတော့သည်။
သူသည် တစ်ချိန်က အနောက်ပိုင်းသဲကန္တာရဖြစ်ခဲ့ဖူးသော ပင်လယ်ကြမ်းပြင်တွင် တင်ပျဉ်ခွေလျက် ထိုင်နေ၏။ ဤတစ်ကြိမ်တွင် တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားသည်။
ခရမ်းမိုးကို နားလည်ဖို့ဆိုလျှင် ခရမ်းမိုးဖြစ်လာရလိမ့်မည်။ ထိုမှသာလျှင် ဉာဏ်အလင်းရနိုင်သည်။ နှစ်ပေါင်းသုံးဆယ်ကြာပြီးနောက်ဆုံး မန်ဟိုသည် အောင်မြင်မှုတချို့ ရယူနိုင်သွားခဲ့လေပြီ။
သူ၏ အသက်မီးတောက်ကို အားဖြည့်ပေးနေသော ထိုအသက်စွမ်းအားမျှင်မျှင်လေးမှာ ယခုတွင် သေခြင်းအရှိန်အဝါများ၏ အဝိုင်းခံလိုက်ရတော့သည်။ သို့သော် ၎င်းမှာ သုတ်သင်ခြင်းမခံရ။ ဝန်းရံနေသော သုတ်သင်ခြင်းစိတ်ဆန္ဒမှာ လက်ရှိအချိန်တွင် မယုံနိုင်လောက်အောင် အားနည်းနေပြီဖြစ်၏။
ခရမ်းမိုးရေထဲတွင် သေဆုံးရသည်က ဘာနှင့်တူသည်ကို မန်ဟို နောက်ဆုံးတော့ နားလည်လိုက်လေပြီ။
သူက မလှုပ်ရှား။ ခရမ်းပင်လယ်ကြီးမှ ထွက်သွားရန်လည်း မကြိုးစားဘဲ တင်ပျဉ်ခွေထိုင်နေသည်။ နောက်ထပ်ဆယ်နှစ် ကုန်လွန်သွား၏။
ရေဓာတ်အရုပ်ကို မည်သို့ဖော်ဆောင်ရမည်လဲ နားလည်ဖို့ အားထုတ်သော ဖြစ်စဉ်သည် နှစ်လေးဆယ်တိုင်ခဲ့လေပြီ။ သေမျိုးတစ်ယောက်အတွက် နှစ်လေးဆယ်ဆိုသည်မှာ သက်တမ်း၏တစ်ဝက်ဖြစ်သည်။ သို့စေကာမူ ကျင့်ကြံသူတစ်ယောက်အဖို့တော့...တိုလှသည်လည်း မဆိုနိုင်သလို၊ ရှည်လှသည်လည်း မဆိုနိုင်ပေ။
နှစ်လေးဆယ်တိုင်သော် အနောက်ပိုင်းသဲကန္တာရအပေါ် ရွာကျနေသော ခရမ်းမိုးကား မိုးပုဆိန်ကဲ့သို့ တဝေါဝေါ ရွာကျမနေတော့။ ယခုတွင် ၎င်းသည် မိုးဖွဲဖွဲသာ ဖြစ်နေချေပြီ။ မိုးမှာ နှစ်တစ်သောင်းကြာမည်မဟုတ်၊ အနောက်ပိုင်းသဲကန္တာရတွင် သိမ်းဆည်းထားသော မှတ်တမ်းများအရ အလွန်ဆုံးရှိမှ နှစ်တစ်ရာသာ ရွာပေလိမ့်မည်။
ကံဆိုးစွာနှင့် နှစ်တစ်ရာကြာ၍ မိုးတိတ်သွားလျှင်တောင်မှ စိတ်ဝိညာဉ်စွမ်းအင်မှာ ပြန်လည်ပြည့်တင်းလာမည်မဟုတ်ပေ။ ခရမ်းပင်လယ်သည် ကျင့်ကြံသူများအတွက် တားမြစ်နယ်မြေတစ်ခု ဖြစ်နေဦးမည်ဖြစ်သည်။ ရေပြင်အထက် ဝေဟင်တွင် ပျံသန်းသွားနိုင်သော်လည်း.... ပင်လယ်အထဲ ခြေလေးတစ်ဖက်ချဖို့ရန်မှာတော့ မဖြစ်နိုင်။
ထိုမျှသာမက အနက်ရောင်နယ်မြေသို့ မဝင်ရောက်နိုင်ခဲ့သော အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ၏ သေဆုံးမှုကြောင့် ခရမ်းပင်လယ်မှာ တစ္ဆေများဖြင့် ပြည့်နှက်နေလေသည်။ ၎င်းတို့မှာ ဟိုဟိုသည်သည် မျောလွင့်နေရင်း သက်ရှိများနှင့် ကြုံတွေ့တိုင်း ဖြေမဆည်နိုင်အောင် ဝမ်းနည်းပူဆွေးကြပေမည်။ ထိုအသက်စွမ်းအားကို သုတ်သင်အတွက် သူတို့က ချက်ချင်း တိုက်ခိုက်ကြမည်ဖြစ်သည်။
သို့ပင်ငြား ဤတစ္ဆေများသည် တကယ်တမ်း ကျင့်ကြံသူများ အသုံးပြုနိုင်သော အရာများဖြစ်၏။ သူသည် သေခြင်းအခိုးအငွေ့များမှ ဖြစ်တည်လာသည့်အတွက် ချုပ်နှောင်ချိတ်ပတ်၍ရသည်။ တချို့သော အစွမ်းထက်တစ္ဆေများကိုဆိုလျှင် မရဏငွေ့သလင်းကျောက်များအဖြစ်ပင် သန့်စင်ပြောင်းလဲပစ်နိုင်သည်။ ထိုကဲ့သို့ သလင်းကျောက်များကို ခန္ဓာကိုယ်၏ငုံ့လျှိုးနေသော စွမ်းရည်ကို လှုံဆော်ပေးသော ကျင့်စဉ်များ အားထုတ်ရာတွင် အသုံးပြုနိုင်လေသည်။
နှစ်လေးဆယ်အတွင်း ဆူပူအုံကြွမှုအမြောက်အမြား အနက်ရောင်နယ်မြေကို ရိုက်ခတ်ခဲ့သည်။ သို့သော် တစ်ခုကတော့ မပြောင်းလဲပေ.... ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့ကား အနက်ရောင်နယ်မြေ၌ အကြီးမားဆုံးအာဏာကို ကိုင်စွဲထားဆဲဖြစ်လေ၏။
ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့အပြင် အင်အားစုကြီးခြောက်စုလည်း တစတစ ထွန်းတောက်လာခဲ့သည်။ မှန်၏။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများရှိသော မျိုးနွယ်စုများဖြစ်ကြသည်။
တကယ်တော့ သူတို့အထဲက တစ်စုတွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးမရှိပေ။ ဤအင်အားစု၏နာမည်ကား ရွှေကျီးကန်းနဂါးနက်မျိုးနွယ်စုဟု အမည်တွင်သည်။
ဤမျိုးနွယ်စုမှာ ကျီးနတ်မင်းမျိုးနွယ်စုနှင့် နဂါးနက်မျိုးနွယ်စု ပေါင်းစည်းထားခြင်းဖြစ်လေသည်။ အင်အားဖွဲ့စည်းပုံအရ ရွှေကျီးကန်းမျိုးနွယ်စုက ပထမ၊ နဂါးနက်မျိုးနွယ်စုက ဒုတိယဖြစ်ကာ ရွှေအလင်းဘုရားကျောင်းက တတိယဖြစ်လေသည်။ အင်အားစုသုံးစု အတူတကွစုပေါင်း၍ အင်အားကြီးမားသောမျိုးနွယ်စုကြီးကို ထူထောင်ထား၏။
သူတို့တွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးမရှိသော်လည်း ကမ္ဘာသစ်မိစ္ဆာရှစ်သိန်းကို ပိုင်ဆိုင်ထားလေသည်။ သို့ဖြစ်၍ ရွှေကျီးကန်းနဂါးနက်မျိုးနွယ်စု၏ ထိုမျှကြောက်မက်ဖွယ်ရာအင်အားကို ဘယ်သူမှ အထင်မသေးရဲကြပေ။
အထူးသဖြင့် သူတို့၏မန္တန်အစီအရင်င်။ ပြီးခဲ့သည့် နှစ်ပေါင်းလေးဆယ်လုံး လူအတော်များများ သူတို့ကို ထောက်လှမ်းခဲ့သော်လည်း မတတ်သာဘဲ မျိုးနွယ်စုကို ဖယ်ရှားရန် အတွေးဟူသမျှစွန့်လွှတ်ခဲ့ရ၏။
သူတို့မျိုးနွယ်စုတွင် ဆူးမြို့ရိုးနွယ်ပင်လည်း ရှိသည်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အောက်ရှိ မည်သည့်ရန်သူမဆို ၎င်းအား ဘာမှလုပ်နိုင်မည်မဟုတ်ပေ။
စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်တစ်ယောက်ယောက် ရောက်လာခဲ့လျှင် ဆူးမြို့ရိုးကို ကိုင်တွယ်နိုင်မည်ဖြစ်သော်လည်း မုန်ယိုနေသော ကမ္ဘာသစ်မိစ္ဆာရှစ်သိန်းမှာ မည်သည့်မျိုးနွယ်စုမှ သွားမစမ်းရဲသည့်အရာမျိုး ဖြစ်လေသည်။
ဤအခြင်းအရာကြောင့် အနက်ရောင်နယ်မြေတွင် ဟန်ချက်ညီနေသည်... အဆိုပါဟန်ချက်ညီမှုကြောင့် ရွှေအလင်းဘုရားကျောင်းသည် ရပ်တည်နိုင်သည်သာမက ဩဇာအာဏာလွှမ်းမိုးလာခဲ့၏။
ထိုသို့ဆိုလျှင် သူတို့၏အရုပ်ဘိုးဘေးကြီးများ မည်သို့အစွမ်းထက်လာခဲ့သည်ကိုတော့ ဖော်ပြရန်ပင် မလိုအပ်တော့ပေ။ အစောင့်အရှောက် မျိုးခြားသားရဲကြီးဖြင့် ရွှေအလင်းဘုရားကျောင်းသည် သူတကာ ပေါ့ပေါ့လေးလေးတွေး၍မရသော အင်အားစုတစ်စုဖြစ်လာခဲ့သည်။
အထူးသဖြင့် ကမ္ဘာသစ်မိစ္ဆာများတချို့မှာ အရုပ်ဘိုးဘေးကြီးအဆင့်သို့ပင် တဖြေးဖြေး တက်လာနေလေပြီ။
လွန်ခဲ့သော နှစ်သုံးဆယ်က မောင်မွှေးထူသည် အဆင့် (၁၁) သို့ တက်လှမ်းကာ အရုပ်ဘိုးဘေးကြီးတစ်ကောင်ဖြစ်လာသည်။ ထိုနေ့တုန်းက အနက်ရောင်နယ်မြေရှိ ကမ္ဘာသစ်မိစ္ဆာအားလုံး ရွှေကျီးကန်းမျိုးနွယ်စုမှ အဘက်ဘက်သို့ ဖြာထွက်လာသော အစွမ်းထက်မိစ္ဆာချီကို ခံစားခဲ့ရလေသည်။
နောက်ဆယ်နှစ်ကြာသော် မိကျောင်းနှင့် ဧရာမပုတ်သင်ကြီးတို့နှစ်ကောင် အရုပ်ဘိုးဘေးကြီးအဆင့်သို့ အောင်အောင်မြင်မြင် တက်လှမ်းခဲ့လေသည်။
ကျီးနက်များ၊ ခြင်များနှင့် အခြားကမ္ဘာသစ်မိစ္ဆာတချို့မှာမူ နွေဦးပေါက်၍ မိုးရွာပြီးနောက် မျှစ်တို့ထွက်လာသည့်ပမာ တိုးတက်ပြောင်းလဲလာကြသည်။ ၎င်းတို့အားလုံး အဆင့် (၁၁) သို့ ရောက်ရှိပြီး အရုပ်ဘိုးဘေးကြီးများ ဖြစ်လာကြလေပြီ။
၎င်းတို့၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် ရွှေကျီးကန်းနဂါးနက်မျိုးနွယ်စုမှာ အင်အားကြီးမားသည်ဟု အမှန်တကယ် ခေါ်ဖို့ ထိုက်တန်လေသည်။ သူတို့သည် အနက်ရောင်နယ်မြေတွင် ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့၏ အောက် အင်အားအတောင့်ဆုံး အင်အားစုခြောက်စုထဲက တစ်စုအပါအဝင်ဖြစ်လာခဲ့လေပြီ။
လွန်ခဲ့သော ဆယ်နှစ်က ကြက်တူရွေးနှင့် အသားဂျယ်လီသည် တစ်နည်းနည်းဖြင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်နတ်ဘုရားအာရုံ၏ စစ်ဆေးမှုအောက်မှ လွတ်မြောက်ပြီး အနက်ရောင်နယ်မြေသို့ ပြန်ရောက်လာခဲ့သည်။ ၎င်းတို့နှစ်ကောင်ကား ချက်ချင်း ပြဿနာကို မီးမွှေးရှာတော့သည်။ ကမ္ဘာသစ်မိစ္ဆာအမြောက်အမြားမှာ ကံဆိုးမိုးမှောင်ကျခဲ့ရ၏။ ရွှေကျီးကန်းနဂါးနက်မျိုးနွယ်စုမှလွဲ၍ တခြားမျိုးနွယ်စုမှ ကမ္ဘာသစ်မိစ္ဆာများခမျာ ကြက်တူရွေးနှင့်အသားဂျယ်လီကို အနံ့ရလိုက်သည်နှင့် ဆွဲဆွဲငင်ငင် အော်ဟစ်ငိုကြွေးပြီး ဆန့်ကျင်ဘက်သို့ ကမန်းကတန်း ပြေးကြရသည်။
မည်သည့်မိစ္ဆာသားရဲသခင်မှ ၎င်းတို့ကို မထိန်းနိုင်၍ လက်မြှောက်အရှုံးပေးထားရတော့သည်။ သူတို့၏ကမ္ဘာသစ်မိစ္ဆာများမှာ လှစ်ခနဲ ထွက်ပြေးသွားတတ်ပြီး မိစ္ဆာသားရဲသခင်များခမျာ လေလယ်တွင် ကတုန်ကယင်ဖြင့် တစ်ယောက်တည်း ကျန်ခဲ့တတ်လေ၏။
"မိစ္ဆာသားရဲသခင်တွေအတွက် ပြဿနာကောင်" ဆိုသော နာမည်ကား အနက်ရောင်နယ်မြေတွင် ဟိုးလေးတကျော်ကျော် ထင်ရှားလာခဲ့သည်။
ထိုနှစ်လေးဆယ်အတွင်း တောင်ပိုင်းဒေသသည် အနက်ရောင်နယ်မြေကို မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့၏။ သို့သော် တောင်ပိုင်းဒေသ၏ ဂိုဏ်းအသီးသီးမှ ဂိုဏ်းသားများသည် အင်အားစုခြောက်စုနှင့် ကူးလူးဆက်ဆံမှုလုပ်ရန် မကြာခဏ ရောက်လာကြလေသည်။ အပေါ်ယံတွင် အေးချမ်းတည်ငြိမ်ပုံရသော်လည်း လက်တွေ့တွင်တော့ နှစ်ဖက်မှာ တစ်ဖက်ကို တစ်ဖက် သတိထားစောင့်ကြည့်နေကြ၏။
ရွှေကျီးကန်းနဂါးနက်မျိုးနွယ်စုနှင့် ဆက်ဆံမှုအများဆုံး ဂိုဏ်းမှာတော့.... ဇီယွင်ဂိုဏ်းပင်။
အကြောင်းမူ လွန်ခဲ့သော နှစ်လေးဆယ်က ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းများ စတင်ပျံ့နှံ့လာခဲ့ခြင်းကြောင့် ဖြစ်သည်။ မကြာမီ ကျီးနတ်မင်းမျိုးနွယ်စုကို မြောက်ပိုင်းမှ ဦးဆောင်ခေါ်လာခဲ့သော ကိုးကွယ်ရာဘိုးဘေးကြီး မန်ဟိုမှာ... တစ်ခါက ဇီယွင်ဂိုဏ်း၏ ဂိုဏ်းသားတစ်ဦးဖြစ်ခဲ့သည်ကို အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ သိရှိလာကြ၏။
သူကား အလွန်တရာ ထူးချွန်ပြောက်မြောက်ပြီး ထင်ရှားကျော်ကြားလှသော၊ တောင်ပိုင်းဒေသ၏ မဟာအကြီးအကဲဆေးဒယ်အိုးဖြစ်နေလေသည်။
ဤသတင်း ပျံ့လာသည်နှင့် အကြီးအကျယ် အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြ၏။ မဟူရာဂိတ်တံတိုင်းကြီး၏ အပြင်ဘက်တွင် မန်ဟို ဓာတ်ငါးပါးအား ပေါင်းစည်းခဲ့သည်ကို မြင်ခဲ့ရသူတိုင်းမှာ လုံးလုံးလျားလျား ထိတ်လန့်မှင်သက်ခဲ့ရသည်မဟုတ်ပါလော။
သို့သော်လည်း အချိန်များကြာမြင့်လာသည်နှင့်အမျှ မန်ဟို့အကြောင်း ဇာတ်လမ်းများမှာ အတိတ်တုန်းက ဒဏ္ဍာရီများသာ ဖြစ်လာခဲ့လေသည်။ နှစ်ပေါင်းလေးဆယ်တိုင်တိုင် ဘယ်သူမှ မန်ဟို့ကို မြင်လည်းမမြင်ရ၊ သတင်းလည်း မကြားခဲ့ရပေ။ တစ်ခါက အနောက်ပိုင်းသဲကန္တာရဖြစ်ခဲ့ဖူးသော နေရာကြီးအထဲ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်ကိုသာ သူတို့သိ၏။ ခရမ်းမိုးကြောင့် ခရမ်းပင်လယ်ကြီး ကျူးကျော်နယ်ချဲ့လာသည့်အခါ လူအတော်များများမှာ မန်ဟို ကွယ်လွန်သွားခဲ့ပြီဟူ၍ ယုံကြည်လာကြလေသည်။
သူ အနက်ရောင်နယ်မြေအထဲ မဝင်ရောက်ဘဲ ခရမ်းပင်လယ်ကြီးအတွင်း ခရီးနှင်ရန် ရွေးချယ်ခဲ့သော အကြောင်းအရင်းမှာ အရှေ့ဘက်နယ်မြေက ကျီမျိုးနွယ်စုကြောင့် ဖြစ်သည်ဟူ၍ တဖြည်းဖြည်း လက်ခံလာကြသည်။
မန်ဟိုနှင့် ကျီမျိုးနွယ်စုအကြားရှိ ရန်ငြိုးသည်လည်း လူတိုင်းသိသောအရာ ဖြစ်လာခဲ့လေပြီ။
နှစ်လေးဆယ်အတွင်း တောင်ကောင်းကင်ဂြိုဟ်၏ နယ်မြေများသည် အတော်လေး ပြောင်းလဲလာခဲ့၏။ တစတစ မေ့ပျောက်ခံလာရသော မန်ဟိုဆိုသူမှာ လောလောဆယ်တွင် သေခြင်းစိတ်ဆန္ဒနှင့်ပတ်သက်ပြီး ဉာဏ်အလင်းရအောင် အားထုတ်ရင်း ခရမ်းပင်လယ်ကြီး၏ကြမ်းပြင်တွင် ထိုင်နေ၏။ ထိုစဉ် မန်ဟို့ထံမှ အလွန်ဝေးကွာလှသော ၊ တစ်ချိန်က ကျီးနတ်မင်းမျိုးနွယ်စု၏ အိမ်ဖြစ်ခဲ့သော ပင်လယ်ကြမ်းပြင်တစ်နေရာတွင် ... အနက်ရောင်ဝတ်ရုံနှင့်လူငယ်တစ်ယောက် တင်ပျဉ်ခွေထိုင်နေလေသည်။ သူက ရံဖန်ရံခါ မျက်လုံးဖွင့်ကြည့်တတ်ပြီး ၎င်းတို့သည် အနီရောင်အလင်းဖြင့် တောက်ပသွားမည်ဖြစ်သည်။
ထိုလူငယ်ကို သေသေချာချာကြည့်လျှင် .... မန်ဟိုနှင့် အလွန်တူကြောင်း တွေ့ရပေမည်။ သို့သော် သူက ပို၍အေးစက်ပြီး ရက်စက်မည့်ပုံပေါ်၏။
သူသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏နဖူးအပေါ်၌ လင်းနို့တစ်ကောင်အမှတ်အသားရှိသည်။ တင်ပျဉ်ခွေထိုင်နေသော သူ၏ပုံစံမှာလည်း .... လင်းနို့နက်ကြီးတစ်ကောင်နှင့် လွန်စွာတူလေသည်။
"စိတ်ဝိညာဉ်ခုနစ်ပါးဟာ ကောင်းကင်ဘုံရဲ့ အတားအဆီးတွေကနေ အလစ်ထွက်လာနိုင်ခဲ့ပြီး စစ်မှန်သော ရှေးဟောင်းစိတ်ဝိညာဉ်ခုနစ်ပါး အသွင်ပြောင်းခဲ့တယ်... နှစ်သောင်းချီကြာတဲ့အခါမှာ သူတို့ရဲ့ စိတ်ဝိညာဥ်ဆန္ဒတွေဟာ အဆင့်တက်သွားပြီး စိတ်ဝိညာဉ်ခန္ဓာတွေဟာလည်း အင်မိုတယ်ဇီဝိန်ချုပ်ဓား ခုနစ်လက် ဖြစ်လာခဲ့တယ်။ မန်ဟို မင်းက ဓားလေးလက်ကို ပိုင်ဆိုင်ထားရလောက်အောင် ဘယ်လောက်တော်နေလို့လဲ
"အစစ်အမှန်စိတ်ဝိညာဉ်တွေဟာ ကမ္ဘာပေါ်မှာ မမြင်ရဘူး။ ငါတို့ ခန္ဓာမဲ့စိတ်ဝိညာဉ်တွေဟာ စွမ်းအားအစစ်အမှန်တွေပဲ။ စိတ်ဝိညာဉ်ခန္ဓာတွေကို ပြန်ဖမ်းပြီးရင် အစစ်အမှန်စိတ်ဝိညာဉ်လမ်းစဉ်ကို ငါတို့လျှောက်လှမ်းနိုင်ပြီ" အနက်ရောင်ဝတ်ရုံနှင့်လူငယ်၏ မျက်လုံးများ တဖျပ်ဖျပ် တောက်ပနေ၏။ တကယ်တမ်း သူ၏ ဘယ်မျက်လုံးတွင် မျက်လုံးအိမ်မရှိဘဲ ဝဲတစ်ခု ရှိနေချေသည်။ ဝဲအတွင်းတွင် လူတစ်ပိုင်း၊ သားရဲတစ်ပိုင်း အလောင်းတစ်လောင်းရှိသည်။ ဤသည်မှာ ကျီးနတ်မင်းမျိုးနွယ်စု၏ အထွတ်အမြတ်နယ်မြေမှာတုန်းက မန်ဟို အင်မိုတယ်ဇီဝိန်ချုပ်ဓားများကို ရယူခဲ့သော ထူးဆန်းအလောင်းကြီးဖြစ်လေ၏။
ယခုတော့ ထိုအလောင်းကြီးမှာ အနက်ရောင်ဝတ်ရုံနှင့်လူအတွက် အားဖြည့်အစာ ဖြစ်လာခဲ့လေပြီ။ အလောင်းကို စားခြင်းဖြင့်... အနက်ရောင်ဝတ်ရုံနှင့်လူငယ်မှာ အသွင်ပြောင်းနိုင်စွမ်းရှိသွားပုံထောက်သည်။
***