လက်စားချေခြင်း ခရီးစဉ်
Vol. 20 Ch. 272
ဝမ်ပေါင်လဲ့သည် တောအုပ်အတွင်း လျင်မြန်စွာသွားမနေပေ။ သို့သော် သူ၏ အမြန်နှုန်းသည် အံ့အားသင့်စရာကောင်းနေသေးပေသည်။ သူသည် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ခြင်များသည် ပတ်ဝန်းကျင်သို့ ပျံသန်းသွားကြပြီး သူ့အတွက် ကျယ်ပြန့်သောမြင်ကွင်းများကို ထောက်ပံ့ပေးနေလေသည်။ သို့သော် သူသည် သူ့ကိုယ်တွင်းရှိ ဓားပျံကို အာရုံခံကြည့်လိုက်ရာ ပျံထွက်မသွားသေးသော ခြင်နှစ်ကောင်ရှိနေကြောင်းသိလိုက်၏။
တစ်ကောင်သည် အနက်ရောင်ဖြစ်၍ ကျန်တစ်ကောင်သည် ခရမ်းရောင်ဖြစ်သည်။
ထိုခြင်နှစ်ကောင်သည် စိတ်ကြီးဝင်နေသော ဆရာနှစ်ပါးကဲ့သို့ပင်။ ၎င်းတို့သည် ဝမ်ပေါင်လဲ့၏အမိန့်ကို မနာခံဘဲ ဓားအိမ်အတွင်း၌သာနေ,နေကြသည်။ ထိုခြင်နှစ်ကောင်ကို အားသုံး၍ မောင်းထုတ်ရန်အတွက် ဓားအိမ်၏အဆင့်သည် လွန်စွာနိမ့်ပုံရလေသည်။
‘ သူတို့က အဲဒါတွေလား... ’
ဝမ်ပေါင်လဲ့သည် ထိုခြင်နှစ်ကောင်ကြောင့် ယခင်က သူ့ကိုယ်ထဲတွင် ရှိခဲ့သည့် ရှုပ်ထွေးသောအရာများကို အမှတ်ရသွားသည်။ ၎င်းတို့သည် ယခုအခါတွင် ဓားအိမ်အတွင်းသို့ဝင်၍ ခြင်များအဖြစ်ပြောင်းလဲသွားကြောင်းကို သိလိုက်ရသောအခါ သူ အတွေးများသွားပြီး သူ့ရင်ထဲတွင် မီးတောက်တစ်ခု စတင်တောက်လောင်လာလေသည်။
ထိုခြင်နှစ်ကောင်သည် သေချာပေါက်ထူးခြားမည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့ ကောင်းစွာသိ၏။ သူသည် လက်ရှိတွင် ၎င်းတို့ကို အမိန့်ပေး၍မရသေးသော်လည်း သူသာ ဓားအိမ်ကိုဆက်၍ အဆင့်မြှင့်တင်ခဲ့ပါက ၎င်းတို့ကို ထိန်းချုပ်နိုင်မည့်စွမ်းရည်ပိုင်ဆိုင်လာပေလိမ့်မည်။
ဝမ်ပေါင်လဲ့သည် ၎င်းတို့၏အစွမ်းနှင့် အနာဂတ် စွမ်းဆောင်ချက်များအပေါ် ယုံကြည်ချက်ရှိလေသည်။ အနက်ရောင်ခြင်သည် သူ့ကိုယ်တွင်းတွင် မည်သို့ပေါ်ပေါက်လာသည်ကိုမသိရသော အနက်ရောင်လျှပ်စီးမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ခရမ်းရောင်ပင်လယ်မှာမူ သူ ဝိညာဉ်အမြစ်ရွာတွင် တွေ့ခဲ့ရသည့် သူ့ကိုသတ်ချင်နေသော ခရမ်းရောင်အလင်းဖြစ်လိမ့်မည်ဟု ဝမ်ပေါင်လဲ့ အနည်းနှင့်အများ ခန့်မှန်းနိုင်ခဲ့၏။
ထို့ကြောင့် ထိုခြင်နှစ်ကောင်ကို လျှော့တွက်၍မရပေ။ ဝမ်ပေါင်လဲ့တစ်ယောက် စိတ်လှုပ်ရှားလာ၏။ ထိုခြင်နှစ်ကောင်ကြောင့် အမုန်းတရားများဖြင့် ပြည့်နှက်နေသော သူ၏နှလုံးသားသည် အနည်းငယ် ပြေလျော့လာလေသည်။ သို့သော် သူတွေ့ကြုံခဲ့ရသည့်အရာများသည် လွန်စွာခါးသီးပေရာ သူ၏နှလုံးသားသည် အနည်းငယ်သာ ပြေလျော့သွားခြင်းဖြစ်ပြီး အားကောင်းသည့် သတ်ဖြတ်လိုသောအငွေ့အသက်များနှင့် ပြည့်နှက်နေပေသေးသည်။
သူ၏ နှလုံးသားသည် လုံလောက်အောင် လက်စားမချေရသေးသကဲ့သို့ အမုန်းတရားများဖြင့်ပြည့်နှက်နေ၏။ သူရင်ဘတ်ပေါ်တွင် ကျောက်တုံးကြီးတစ်တုံးဖိထားသကဲ့သို့ ခံစားနေရလေသည်။
ထို့ကြောင့် သူသည် ရှုပ်ထွေးသောခံစားချက်များဖြင့် ရှေ့သို့ဆက်သွားနေသည်။ ခြင်များမှရရှိသည့် ကျယ်ပြန့်သောမြင်ကွင်းကို အသုံးချ၍ သူ ထပ်မံစောင့်ဆိုင်းရှာဖွေလိုက်သည်။ သူသည် ဆည်းဆာကြယ်စင်စုဂိုဏ်းမှလူများ သူ့ထံသို့ သူတို့ဘာသာရောက်ရှိလာမည်ကို စောင့်ဆိုင်းနေခြင်းဖြစ်ပြီး လမ်းတစ်လျှောက်တွင် သူနှင့်တိုးနိုင်မည့် နှစ်ဖွဲ့လုံးမှကျင့်ကြံသူများကို ရှာဖွေနေခြင်းပင်။
သူ၏ပစ်မှတ်များသည် မတူညီသော အဖွဲ့အစည်းနှစ်ခုမှ ကျင့်ကြံသူများဖြစ်လေသည်။
လကမ္ဘာအမှောင်ခြမ်းတွင် သွားလာနိုင်သောလူအများစုသည် အခြေတည်အဆင့်ကျင့်ကြံသူများသာဖြစ်ပြီး အာနာပါနအဆင့်ကျင့်ကြံသူအနည်းငယ်မျှသာပါလေသည်။ နာရီဝက်မျှကြာပြီးနောက် ဝမ်ပေါင်လဲ့သည် အခြေတည်အဆင့်ကျင့်ကြံသူနှစ်ဦး၏ အရှိန်အဝါကို အာရုံခံမိလိုက်၏။ ထိုကျင့်ကြံသူနှစ်ဦးသည် ထိုနေရာမှ ဖြတ်သန်းသွားသူများလော၊ အသံပို့လွှတ်မှုကိုလက်ခံရရှိ၍ သူ့ထံသို့လာနေသူများလောဆိုသည်ကိုမူ သူ သေချာမသိပေ။
သူသည် ထိုနှစ်ယောက်ကို အာရုံခံလိုက်ရသောအခါ မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ခု ဖြတ်သန်းသွားလေသည်။ သူ့နှလုံးသားထဲရှိ သတ်ဖြတ်လိုသောအငွေ့အသက်များကို ဆက်၍မဖိနှိပ်ထားနိုင်တော့ပေ။ သူသည် ထိုနှစ်ဦးကိုသိ၏။ ထိုနှစ်ဦးသည် သူသေလုမျောပါးဖြစ်နေချိန်တွင် ကန့်သတ်နယ်မြေအတွင်းသို့ ဝင်သွားအောင် သူ့အားဖိအားပေးခဲ့သော လူအုပ်ထဲတွင် ပါခဲ့သူများဖြစ်သည်။ ဝမ်ပေါင်လဲ့သည် ထိုလူများကို နက်နက်ရှိုင်းရှိုင်း မုန်းတီးနေပေသည်။
“ သေစမ်း ”
ဝမ်ပေါင်လဲ့၏နှလုံးသားတစ်ခုလုံး ဖော်ပြ၍မရနိုင်သော အေးစက်တင်းမာနေသည်။ သူသည် ထိုနှစ်ဦးထံသို့ မြန်ဆန်သောအရှိန်ဖြင့် ပြေးထွက်သွားလိုက်ရာ ကျယ်လောင်သောအသံတစ်သံထွက်ပေါ်လာ၏။ သူသည် တောအုပ်များအတွင်း လှည့်လည်သွားလာနေတတ်သော လေလွင့်ဝိညာဉ်တစ်ကောင်ကဲ့သို့ပင်။ သူ့ထက် ကျင့်ကြံခြင်းအဆင့် များစွာမြင့်မားသူမဟုတ်ပါက သူ့ကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်မည်မဟုတ်သလို၊ သူ၏အရှိန်အဝါကိုလည်း အာရုံခံနိုင်မည်မဟုတ်ချေ။
ဝမ်ပေါင်လဲ့သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနှစ်ဦးအနီးသို့ ရောက်သွား၏။ ထို့နောက် သူသည် အေးစက်စက်လေလှိုင်းတစ်ခုသဖွယ် ကောင်းကင်ပေါ်သို့ ရုတ်ခြည်းခုန်တက်လိုက်ပြီး သူ့ရန်သူတစ်ယောက်၏ ဘေးသို့ရောက်ရှိသွားလေသည်။ ထိုရန်သူသည် သူ၏ပတ်ဝန်းကျင်ကို သတိကြီးကြီးစောင့်ကြည့်နေသော်လည်း ရုတ်တရက်ရောက်လာသော ဝမ်ပေါင်လဲ့ကြောင့် လွန်စွာတုန်လှုပ်သွားသဖြင့် နောက်သို့ဆုတ်ရန် ကြိုစားလိုက်သည်။ သူသည် အသံပို့လွှတ်မှုကို ရရှိထားသဖြင့် ဝမ်ပေါင်လဲ့၏ ရူးသွပ်မှုကို သိရှိထားသည့်ပုံပင်။
“ သူဒီမှာ... ”
ထိုအအခြေတည်အဆင့် ကျင့်ကြံသူသည် ချက်ချင်းဆိုသလိုပင် ကျောက်စိမ်းများကို လှည့်၍ သတိပေးရန်လုပ်လိုက်သော်လည်း နောက်ကျသွားပေပြီ။ သူနောက်သို့ဆုတ်လိုက်ပြီး ကျောက်စိမ်းပြားကို လှည့်လိုက်သည့်အခိုက်မှာပင် ဝမ်ပေါင်လဲ့သည် ကြောက်မက်ဖွယ် ခက်ထန်သောမျက်ဝန်းများဖြင့် ထိုကျင့်ကြံသူ၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။ သူ၏ ခက်ထန်မှုများသည် သူ၏အကြည့်မှတဆင့် ထိုကျင့်ကြံသူ၏ မျက်ဝန်းများအတွင်းသို့ စီးဆင်းကာ ထိုးဖောက်ဝင်ရောက်သွားသည်ဟုပင် ထင်ရလေသည်။ ထိုခက်ထန်မှုသည် မျက်ဝန်းမှတဆင့် သူ၏အတွေးထဲသို့ ဆက်လက်ဝင်ရောက်သွားပြီး သူ့ကို အပြင်းအထန်တုန်လှုပ်သွားစေသဖြင့် သူသည် ရူးသွပ်နေသည့် ကြမ်းကြုတ်သော သားရဲတစ်ကောင်နှင့် ရင်ဆိုင်နေရသည်ဟုပင် ထင်သွားလေသည်။
ရုတ်တရက် ထိုကျင့်ကြံသူ၏မြင်ကွင်းများ ဗလာနတ္ထိဖြစ်သွား၏။ ဝမ်ပေါင်လဲ့သည် ထိုကျင့်ကြံသူ၏အနီးသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် လက်သီးချက်တစ်ချက်ကို ပစ်သွင်းလိုက်လေသည်။ ဝမ်ပေါင်လဲ့ ဆွေ့ရှင်းပေါင်ကို ထုတ်လွှတ်လိုက်သည့်အခိုက်တွင် ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာပြီး အရှိန်လှိုင်းများ ပဲ့တင်ထပ်သွားကာ သူ့နှင့် ထိုအခြေတည်အဆင့်ကျင့်ကြံသူတို့၏ အရှေ့တွင် ကြီးမားသော ဝဲကတော့ကြီးတစ်ခုပေါ်လာလေသည်။
ဝဲကတော့ကြီးသည် လွန်စွာများပြားသော အံ့အားသင့်ဖွယ် စွမ်းအားများကို သယ်ဆောင်ထားသည်ဟု ထင်ရပေသည်။ ၎င်းထွက်ပေါ်လာသောအခါ ပတ်ဝန်းကျင်ရှိ စွမ်းအားများကိုပင် ၎င်းနှင့်အတူ သယ်ဆောင်သွားသကဲ့သို့ပင်။ ထို့ကြောင့် ပတ်ဝန်းကျင်ရှိ အပင်များသည် ၎င်း၏စွမ်းအားများကြောင့် အပိုင်းပိုင်းပြတ်ကုန်လေသည်။ အဝေးမှကြည့်လျှင် ထိုနေရာတွင် အာကာသတွင်းနက်ကြီးတစ်ခု ထွက်ပေါ်လာသည်ဟုပင် ထင်ရပေမည်။
ထိုအရာသည် ဆွေ့ရှင်းပေါင်၏ အသွင်အပြင်အစစ်ဖြစ်သည်။ အသုံးပြုသူ၏ ခွန်အားသက်သက်ကိုသာ အခြေခံ၍ ဟင်းလင်းပြင်နေရာကိုတိုက်ခိုက်ကာ မုန်တိုင်းတစ်ခုကိုဖန်တီးပြီး အာကာသတွင်းနက်ကြီးကဲ့သို့ ဝဲကတော့ကြီးတစ်ခုအဖြစ် ပြောင်းလဲခြင်းပင်။ ၎င်းသည် ၎င်း၏လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဝါးမျိုသွားနေသည်ဟုထင်ရသော်လည်း အမှန်တွင် ဝါးမျိုခြင်းမဟုတ်ဘဲ အရာအားလုံးကို တစ်စစီဖျက်ဆီးပစ်ခြင်းဖြစ်လေသည်။
အရာအားလုံးသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်သွား၏။ ဆွေ့ရှင်းပေါင်ကြောင့်ဖြစ်ပေါ်လာသော အာကာသတွင်းနက်ကြီးကဲ့သို့ ဝဲကတော့ကြီးက တစ်ကိုယ်လုံးကို ဝါးမျိုလာသောအခါ ထိုအခြေတည်အဆင့်ကျင့်ကြံသူ၏ ခုခံမှုများ၊ ရုန်းကန်လှုပ်ရှားမှုများသည် အချည်းနှီးဖြစ်သွားလေတော့သည်။
ဝဲကတော့ကြီးမှ ထွက်ပေါ်နေသော ကျယ်လောင်သောအသံများသည် သူ၏ စူးစူးဝါးဝါးအော်ဟစ်သံကို လွှမ်းခြုံသွားသည်။ အသံများ တိတ်ဆိတ်သွားကာ ဝဲကတော့ကြီးသည် သွေးများပန်းထုတ်ပြီးနောက် ပျောက်ကွယ်သွားသည်။ ထို့နောက် ဝမ်ပေါင်လဲ့၏ တည်ငြိမ်သောအသံ ထွက်ပေါ်လာလေသည်။
“ လေးယောက်မြောက်... ”
အခြားတစ်ဖက်တွင်ရပ်နေသည့် ဒုတိယအခြေတည်အဆင့်ကျင့်ကြံသူသည် ဖြစ်ျက်သွားသောအရာအားလုံးကို မျက်စိတပ်အပ်မြင်လိုက်ရသဖြင့် အကြောက်တရားလှိုင်းတစ်ခုသည် သူ၏ခေါင်းထဲတွင် ရိုက်ခတ်သွားရာ ဦးခေါင်းပေါက်ထွက်သွားတော့မတတ်ခံစားလိုက်ရသည်။ သူသည် ဖြစ်ပျက်သွားသောအရာအားလုံးကို မယုံနိုင်ဖြစ်နေသည်။ သူသည် အစောပိုင်းက အသံပို့လွှတ်မှုကို ရရှိထားသော်လည်း ယခု ကိုယ်တိုင်မြင်လိုက်ရသောအခါ ကြောက်ရွံ့တုန်လှုပ်နေပေသေးသည်။
သူ၏ မျက်နှာပေါ်တွင် မည်သည့်သွေးရောင်မှ မရှိတော့ဘဲ ဖြူဖျော့နေပေသည်။ သူ၏ ခေါင်းထဲတွင်လည်း အတွေးတစ်ခုသာ ရှိလေတော့သည်။ ထိုအတွေးကား ထွက်ပြေးရန်ပင်။
ထိုဒုတိယအခြေတည်အဆင့်ကျင့်ကြံသူသည် အသက်မြန်မြန်ရှူ၍ အရူးတစ်ယောက်သဖွယ် ထွက်ပြေးလိုက်လေသည်။ သူသည် သူ၏မှော်အတတ်တစ်ခုဖြစ်သော မိမိလျှာကိုသွေးထွက်သည်အထိကိုက်၍ မိမိ၏အမြန်နှုန်းကို မြှင့်တင်သောအတတ်ကိုပင် သုံးလိုက်သည်။ သို့သော် သူအဝေးသို့ထွက်ပြေးလိုက်စဉ်မှာပင် သေးမင်းတစ်ပါးကဲ့သို့ဖြစ်နေသော ဝမ်ပေါင်လဲ့၏ အေးစက်စက်အသံသည် သူ့နားအတွင်းသို့ ဝင်လာလေသည်။
“ ငါးယောက်မြောက် ”
ထိုစကားသည် သူအသက်ရှိနေချိန်တွင် နောက်ဆုံးကြားလိုက်ရသောစကားပင်။ သူ၏နှလုံးသားထဲတွင် အကြောက်တရားများ၊ စိတ်အားငယ်ခြင်းများ ပြည့်နှက်သွား၏။ ထို့နောက် သူသည် အလျင်အမြန်ပါးစပ်ဟကာ ရှင်းပြ၍ သနားညှာတာပေးရန် တောင်းဆိုလိုက်သည်။
“ ငါပြောတာနားထောင်ပါဦး ဝမ်ပေါင်လဲ့.. ငါ... ”
အကယ်၍ အသနားခံခြင်းသည်သာ အသုံးဝင်ခဲ့ပါက ရှေးဦးဝိညာဉ်ခေတ်တွင် ကျင့်ကြံသူအများအပြားသေခဲ့မည် မဟုတ်ပေ။ သူသည် စကားမဆုံးသေးခင်မှာပင် တစ်ကိုယ်လုံးတုန်ခါသွားပြီး အမြင်များ မှောင်မိုက်သွားကာ သူ၏လောကကြီးတစ်ခုလုံး ချာချာလည်သွားလေသည်။ ထိုအခြေတည်အဆင့်ကျင့်ကြံသူသည် သူ၏လည်ပင်းတွင် ပြင်းစွာသောနာကျင်မှုတစ်ခုကို စတင်ခံစားလိုက်ရပြီးနောက် အသိစိတ်ပျောက်ဆုံးသွားလေ၏။ သူနောက်ဆုံးမြင်လိုက်ရသောအရာမှာ သူ့လည်မျိုပေါ်သို့ကျဆင်းလာသော ဓားသွားတစ်ခုပင်ဖြစ်လေသည်။
ထို့နောက် သူသည် အသက်ရှူရပ်ကာ သေဆုံးသွားလေတော့သည်။
ဝမ်ပေါင်လဲ့သည် ထိုအခြေတည်အဆင့်ကျင့်ကြံသူ၏ အလောင်းကိုနင်း၍ သူ့လည်ပင်းထဲတွင် နစ်ဝင်နေသောဓားကြီးကို ပြန်ဆွဲနှုတ်လိုက်သည်။ ထို့နောက် သူသည် မျက်နှာသေဖြင့် ဓားပေါ်မှသွေးများကို ထိုကျင့်ကြံသူ၏ အင်္ကျီဖြင့်သုတ်လိုက်ပြီး မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သည့်ဟန်ဖြင့် ရှေ့သို့ဆက်သွားလိုက်လေသည်။
အကယ်၍ ဝမ်ပေါင်လဲ့ကိုသိသော တစ်စုံတစ်ယောက်သာ လက်ရှိဝမ်ပေါင်လဲ့၏ပုံစံကို မြင်တွေ့ခဲ့ရပါက ထိုသူသည် ဝမ်ပေါင်လဲ့ကို လွန်စွာခပ်တန်းတန်းဖြစ်သွားပေလိမ့်မည်။ ပုံမှန်ဆိုလျှင် ဝမ်ပေါင်လဲ့သည် ပျော်ပျော်နေတတ်ကာ အကောင်းမြင်စိတ်ရှိသူတစ်ဦးဖြစ်သည်။ သို့သော် ထိုပုံစံသည် သူ၏ဟန်ဆောင်ထားသော ပြင်ပအသွင်အပြင်သာဖြစ်သည်။ အကယ်၍ လောကကြီးထဲတွင် ကျင့်ကြံခြင်းသာမရှိခဲ့ပါက၊ ကမ္ဘာမြေသာ ရှေးဦးဝိညာဉ်ခေတ်သို့ မရောက်ခဲ့ပါက ဝမ်ပေါင်လဲ့၏ အမူအကျင့်သည် သူ၏ဘဝတစ်လျှောက်လုံးတွင် ပြောင်းလဲချင်မှ ပြောင်းလဲခဲ့ပေမည်။
သို့သော် လောကကြီးသည် ရက်စက်ပေသည်။ အသက်ရှင်သန်လိုလျှင် တိုက်ခိုက်ရမည်ဖြစ်ပြီး အစွမ်းထက်ဆုံးလူသာ ရှင်သန်နိုင်ပေလိမ့်မည်။ ထို့ကြောင့် သူသည် အတွေ့အကြုံများမှတဆင့် အဆက်မပြတ်သင်ယူခဲ့ပြီးသောအခါ သူ၏ အကောင်းမြင်စိတ်အတွင်း ကိန်းအောင်းနေသော ခက်ထန်မှုနှင့် ပြတ်သားမှုတို့သည် ပို၍ကြီးထွားလာခဲ့ခြင်းပင်။
လက်ရှိတွင် ထိုအရည်အသွေးများသည် အထက်မြက်ဆုံးအခြေအနေသို့ ရောက်နေပေပြီ။
ထိုသို့ဖြင့် သူသည် ဖြတ်သန်းခဲ့သော နေရာအနှံ့တွင် အားကောင်းသော ခက်ထန်သည့်အငွေ့အသက်များကို ထုတ်လွှတ်နေရင်း ရှေ့သို့ဆက်လက်သွားနေလေသည်။ သူသည် ယခင်က သူ့ကိုသတ်ရန်ကြိုးစားခဲ့သော ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ကျင့်ကြံသူအယောက်တိုင်းကို သတ်ပစ်နေလေသည်။ ထိုသူများသည် အာနာပါနအဆင့်ကျင့်ကြံသူဖြစ်စေ၊ အခြေတည်အဆင့်ကျင့်ကြံသူဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ သူဂရုမစိုက်ပေ။
သူသည် စိတ်ပျော့မသွားသလို နောက်ဆက်တွဲပြဿနာများကိုလည်း တွေးတောမနေချေ။ သူ၏ရန်သူများသည်ပင် သူ့ကိုသတ်ရန် သူ့နောက်သို့လိုက်ခဲ့စဉ်က နောက်ဆက်တွဲပြဿနာများကို မတွေးခဲ့သည်ဖြစ်ရာ သူလည်း သိပ်၍ဂရုစိုက်နေရန် မလိုတော့ပေ။
သို့သော် သူ၏ပစ်မှတ်အများစုသည် အခြေတည်အဆင့်ကျင့်ကြံသူများသာဖြစ်ပေသည်။ သူသည် လမ်းတွင် သူနှင့်မကြာကြာဆုံသည့် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အာနာပါနအဆင့်ကျင့်ကြံသူများကို သိပ်အရေးမလုပ်ခဲ့ပေ။
သို့ပေသည့် သူ၏သတ်ဖြတ်ရမ်းကားနေမှုကို လကမ္ဘာပေါ်ရှိ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဂိုဏ်းသားများက သိရှိသွားပြီဖြစ်သည်။ လကမ္ဘာပေါ်တွင် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အမြုတေအဆင့်ကျင့်ကြံသူ တစ်ဦးထက်မကရှိ၏။ သို့သော် သူတို့သည် အခြားအရေးကြီးသည့်ကိစ္စများကို လုပ်ကိုင်နေရရာ ဝမ်ပေါင်လဲ့ကို အာရုံမစိုက်နိုင်ပေ။ သို့ရာတွင် ဝမ်ပေါင်လဲ့ထံမှ သုံးချောင်းထောက်ဒယ်စောက်အိုးလေးကို လုယူသွားသည့် အဘွားကြီးသည် ထိုကိစ္စများကိုကြားလိုက်ရသောအခါ အံ့အားသင့်သွားလေသည်။ သူမသည် အေးစက်စက်ရယ်မောလိုက်ပြီး သူမလုပ်နေသည့်အလုပ်ကို ရပ်ထားခဲ့ကာ ဝမ်ပေါင်လဲ့ရှိနေသောနေရာဆီသို့ ပြေးထွက်သွားလိုက်လေသည်။
‘ ခွေးကောင်လေး ... အရင်တစ်ခေါက်က မင်းကံကောင်းသွားတယ်မှတ်။ မင်းက လွတ်မြောက်သွားပေမယ့် ထပ်ပေါ်လာရဲသေးတယ်ပေါ့လေ။ ကြည့်ရတာ မင်းမှာ တခြားရတနာတွေရှိသေးတဲ့ပုံပဲ... ပြီးတော့ မင်းက မင်းရဲ့အဘွားဆီ သတင်းရောက်လာတဲ့အထိ ရမ်းကားနေတာဆိုတော့ ငါ့ကို မင်းရဲ့အသားတွေထဲ ထပ်နှိုက်ဖို့ ဖိတ်ခေါ်နေတာပဲ ’
သူမသည် တချိန်တည်းမှာပင် အနီးရှိ အခြေတည်အဆင့်ကျင့်ကြံသူများကို စုဝေးစေ၍ ဝမ်ပေါင်လဲ့နောက်သို့လိုက်ကာ သူ့ကိုသတ်ပစ်ရန် အသံပို့လွှတ်၍ တာဝန်ပေးလိုက်သည်။
‘ ဒီလိုဆိုတော့လည်း ဒီတစ်ခေါက် ငါမင်းကို လက်စတုံးပေးရတော့မှာပေါ့ ’