နက်နဲသော အမွေအနှစ်
Vol. 31 Ch. 422
အခန်း (၄၂၂) : နက်နဲသော အမွေအနှစ်
ဝမ်ဝေ့က ပြန်လည်ငယ်ရွယ်သွားသည်နှင့် ဝမ်ထျန်းက အချိန်မဖြုန်းတော့ဘဲ သူ့သားအား နောက်ထပ် လျှို့ဝှက်နေရာတစ်ခုသို့ ခေါ်ဆောင်သွားလေသည်။ ဝမ်ဝေ့က အထဲ ဝင်လိုက်သည်နှင့် ကောင်းကင်သို့ မော့ကြည့်ကာ တိတ်တဆိတ် အံ့အားသင့်မိသွားသည်။ ကောင်းကင်တွင် မည်းနက်နေသည့် မိုးကြိုးများ တဖျတ်ဖျတ်လက်နေပြီး ထိုအရာကို ကြည့်ခြင်းဖြင့် ထိတ်လန့်မှုကို ခံစားမိလေသည်။
“ နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးလား” သူက ထိုမိုးကြိုးကို မှတ်မိ၏။ ပြောရလျှင် ဤအရာက သူ ဖြတ်ကျော်ခဲ့ရသည့်အရာထက် ပိုမိုအဆင့်မြင့်ဟန်ပေါ်သည်။
ထို့နောက် သူက နှစ်မီတာခွဲ မြင့်သည့် လူတစ်ယောက်သည် ထိုမိုးကြိုးကြား ပျံသန်းနေသည်ကို မြင်လိုက်ရ၏။
ထိုအမျိုးသားက ကြွက်သားများ အပြိုင်းပြိုင်းဖြစ်နေပြီး ဝက်ဝံတစ်ကောင်အလား ဖြစ်၏။ သူက ပုံမှန်ဝတ်ရုံအစား ကိုယ်ကြပ်သိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။
ထိုအမျိုးသားက အရှိန်အဝါ ထုတ်လွှတ်ထားခြင်း မရှိသော်လည်း သူ့ဆီမှ ခံစားရသည့် အန္တရာယ်မှ အကြီးအကဲတန့်ထက်ပင် ပိုမိုကြောက်ဖို့ ကောင်းနေသည်။ ထို့အပြင် သူ့ကို မြင်လိုက်သည်နှင့် ဝမ်ဝေ့၏ စိတ်အတွင်း အတွေးတစ်ခု ရုတ်ချည်းပေါ်ထွက်လာသည်။
ဒီလူက မဟာဧကရာဇ်ကိုတောင် တိုက်နိုင်လောက်တယ်။ ဒုတိယတန်းစားအဆင့်လောက်ပေါ့။
“ ဘိုးဘေးကို နှုတ်ခွန်းဆက်သပါတယ်” ဝမ်ထျန်းက ပြောလိုက်သည်။ သို့သော်လည်း သူ ဦးမညွှတ်ခင် မမြင်နိုင်သည့် အင်အားတစ်ခုက သူ့အား ဦးညွှတ်ခြင်းမှ တားဆီးထားလေ၏။ သို့သော်လည်း ဝမ်ဝေ့အတွက်မူ အတူတူ မဟုတ်ပေ။ သို့သော် သူက စိတ်ထဲမထားပေ။
ဂိုဏ်းချုပ်အနေဖြင့် ကျင့်ကြံဆင့် နိမ့်ကျလျှင်ပင် သူ့အဖေက ထိုမကောင်းဆိုးဝါးအိုကြီးများထံ ဦးညွှတ်ခြင်းမှ ကင်းလွတ်နိုင်မည့် အဆင့်အတန်းတစ်ခု ရှိထားလေသည်။ သို့သော် သူ့အနေနှင့် သူ ဂိုဏ်းချုပ်ရာထူး မရမချင်း ထိုသို့အဆင့်အတန်းမျိုး မရှိထားပေ။
ဝမ်ဝူချန်က ခေါင်းညိတ်လိုက်ပြီးနောက် ဝမ်ဝေ့အား ကြည့်လိုက်သည်။
“ မဆိုးဘူးပဲ။ ငါတို့ဝမ်မိသားစုက ဒီမျိုးဆက်မှာ ကြီးမြတ်တဲ့ ဆက်ခံသူတစ်ယောက် ရှိနေပြီ။ အရင်တစ်ယောက်ထက်တောင် ပိုကောင်းသေးတယ်”
“ ဘိုးဘေးကို ကျေးဇူးတင်ပါတယ်”
“ ကောင်လေး။ မင်း တစ်ခုခုပြောစရာရှိရင် ပြောလိုက်။ ဘာမှချုပ်ထိန်းထားဖို့ မလိုဘူး”
“ ဟုတ်ကဲ့ပါ။ ဘိုးဘေးက ဆန့်ကျင်ကောင်းကင်ရွေးချယ်ခံများလား”
“ အိုး…မင်းက ဒီစကားလုံးကို ဘယ်ကနေ သင်ယူခဲ့တာလဲ”
“ ကျွန်တော်ဆီမှာ အားကောင်းပြီး အသိဉာဏ်ကြွယ်ဝတဲ့ ဇနီးတစ်ယောက် ရှိထားပါတယ်”
“ အဟုတ်ပဲ” ဝမ်ဝူချန်က ကြည့်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည် “ မင်း ဒီလိုတာအိုလက်တွဲဖော်မျိုးရှိတဲ့ အကျိုးဆက်ကို တွေးဖူးလား”
“ ဘယ်လိုအကျိုးဆက်မျိုးကို ပြောတာလဲခင်ဗျ” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ မဟာဧကရာဇ်ဆိုတာက အားကောင်းတဲ့ သက်ရှိပဲ။ သူတို့ရဲ့ တည်ရှိမှုက ကံအလေးဝန်ကို သယ်ဆောင်လာတယ်။ အားလုံးက အဲဒီဝန်ကို တောင့်ခံနိုင်ကြတာ မဟုတ်ဘူး”
ဝမ်ဝေ့က သူ့ဘိုးဘေးဆိုလိုသည့်အရာကို မဖမ်းဆုပ်မိသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။
“ နမူနာအားဖြင့် ပြောရရင် သေမျိုးတစ်ယောက်က မဟာဧကရာဇ်ဆီက ဦးညွှတ်မှုကို ခံယူနိုင်မှာ မဟုတ်ဘူး။ အဲဒီဦးညွှတ်မှုရဲ့ ကံအလေးဝန်က သူတို့ကို ချက်ချင်းသတ်ဖို့ လုံလောက်တယ်။ ပြောရရင် ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူအပါအဝင် သေမျိုးကျင့်ကြံသူတွေ အားလုံးအတွက်လည်း အတူတူပဲ။
တကယ်လို့ သူတို့က ကာကွယ်ရေးမရှိဘဲ မဟာဧကရာဇ်တစ်ပါးဆီကနေ ဦးညွှတ်မှုကို ခံယူခဲ့မယ်ဆိုရင် သူတို့ရဲ့ ကံကောင်းမှုက ချက်ချင်း ပျက်သုဉ်းသွားပြီးတော့ ကံဆိုးမှုကြောင့် သေဆုံးရလိမ့်မယ်။ မင်းက မင်းဇနီးရဲ့ ကံအလေးဝန်ကို တောင့်ခံနိုင်မယ် ထင်လား”
ဝမ်ဝေ့က ဘိုးဘေးဝမ်ဝူချန် စကား၏ နောက်ကွယ်မှ ဆိုလိုရင်းစကားကို နားလည်သွားလေသည်။ သူက ပြန်လည်ဝင်စားလာသည့် တချို့လူများနှင့် ပတ်သက်ပြီး ဖတ်ရှုဖူးသည့် ဇာတ်လမ်းများထဲတွင် အကယ်၍ ပြန်လည်ဝင်စားသူ၏ မိဘများက သေမျိုးဖြစ်နေခဲ့လျှင် သူတို့၏ ကံကြမ္မာက အမြဲတမ်းလိုလို သေဆုံးသွားခြင်း သို့မဟုတ် ဆိုးဆိုးရွားရွားနေထိုင်ရခြင်းတို့ ဖြစ်တတ်သည်။
အကြောင်းအရင်းမှာမူ ထိုသေမျိုးများက ယခင်က အားကောင်းသည့် ကျင့်ကြံသူများဖြစ်ခဲ့ဖူးသည့် သူ့သား သို့မဟုတ် သမီး၏ ကံအလေးဝန်ကို မတောင့်ခံနိုင်၍ ဖြစ်သည်။ ထိုပြန်လည်ဝင်စားသူများကိုမူ ကံဆိုးကြယ်များဟု ခေါ်ဆိုကြသည်။
ထိုတူညီသည့် သဘောတရားက ဝမ်ဝေ့နှင့် ဝူဟုန်၏ ဆက်ဆံရေးအတွက်လည်း အတူတူသာ ဖြစ်၏။ ထာဝရဧကရာဇ်နှင့် ပတ်သက်သည့် တစ်စုံတစ်ယောက် သို့မဟုတ် အားကောင်းသည့် တည်ရှိမှုဖြစ်နိုင်သည့် လူတစ်ယောက်အနေဖြင့် သူသည် သူမ၏ တာအိုလက်တွဲဖော်ဖြစ်လာဖို့အတွက် ကံအလေးဝန်ကို ခံနိုင်ရည် ရှိရမည်။
ထိုအရာကို ခေတ္တမျှစဉ်းစားပြီးသည့်နောက်တွင် ဝမ်ဝေ့က ပုခုံးတွန့်ကာ ပြောလိုက်၏ “ ကျွန်တော် အဆင်ပြေမှာပါ”
“ မင်း ဆုံးဖြတ်ထားပြီးတော့ အကျိုးဆက် ခံယူနိုင်မယ်ဆိုလည်း ပြီးတာပါပဲ”
“ ကျွန်တော် အဲဒီလိုလုပ်မှာပါ။ ဒါပေမဲ့ ဘိုးဘေးက ကျွန်တော်ရဲ့ မေးခွန်းကို ပြန်မဖြေရသေးဘူး”
“ ငါက ဆန့်ကျင် ကောင်းကင်ရွေးချယ်ခံဆိုတာ အမှန်ပဲ” ဝမ်ဝူချန်က သူ့မျက်နှာအထက် ဂုဏ်ယူမှုအပြည့်ဖြင့် ပြောလိုက်သည်။ သူ ဂုဏ်ယူသည်ကလည်း ဖြစ်သင့်ပေသည်။
ထိုစဉ် ဝမ်ဝေ့၏ အကြည့်များက တောက်ပသွားပြီး သူ အချိန်တချို့ကြာ နားမလည်နိုင်ဖြစ်နေသည့် တစ်စုံတစ်ခုကို အဖြေရှာတွေ့သွားပြီဖြစ်၏။ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်း၏ တကယ့်ရည်ရွယ်ချက်မှာ ဧကရာဇ်တစ်ပိုင်းအဆင့်ကို မဟာဧကရာဇ်နှင့် တိုက်ခိုက်ဖို့ ခွင့်ပြုထားခြင်း မဟုတ်ဘဲ တာအိုဘိုးဘေးနှင့် ထာဝရအရှင်များကို လုပ်ဆောင်နိုင်ရန် ခွင့်ပြုပေးထားခြင်း ဖြစ်၏။
ထိုနည်းစနစ်က ဆန့်ကျင် ကောင်းကင်ရွေးချယ်ခံများကို မွေးထုတ်ပေးပြီး ဂိုဏ်း၏ အခြေခိုင်မာသည့် အုတ်မြစ်ဖြစ်လာစေသည်။ ထိုအကြောင်းအရင်းကြောင့် တာအိုအခွင့်အလမ်းဂိုဏ်းသည် ကပ်ဘေးများစွာကို တောင့်ခံကာ ကျော်ဖြတ်နိုင်ခဲ့သည် မဟုတ်ပါလော။
ဝမ်ဝေ့က ခေါင်းမော့ကြည့်လိုက်ပြီးနောက် နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးကို ကြည့်လိုက်သည်။
သူက ထိုဘိုးဘေးသည် မိုးကြိုးဖြင့် သူ့ခန္ဓာကိုယ်အား လေ့ကျင့်နေသည်ကို ခန့်မှန်းမိလိုက်၏။
“ ကောင်လေး … မင်းက အရည်အချင်းပြည့်မှီတာကို သိထားပေမဲ့ ဒါကစည်းမျဉ်းဆိုတော့ လိုအပ်တဲ့အရာတွေကို စမ်းသပ်ဖို့ လိုသေးတယ်”
ထိုသို့ပြောလိုက်ပြီးနောက် ဝမ်ဝူချန်က ဝမ်ဝေ့ထံ ကျောက်တုံးနှစ်ခုကို ပေးလာသည်။
သူ ထိုအရာကို ကိုင်ဆောင်လိုက်သည်နှင့် ချက်ချင်းဆိုသလို ပြောင်းလဲသွား၏။
သူ့ညာဖက်လက်ရှိတစ်ခုက အရောင်အမျိုးမျိုး ပြောင်းလဲသွားပြီး အနီရောင်၊ အစိမ်းရောင်၊ အဝါရောင်၊ ခရမ်းရောင်နှင့် ရွှေရောင်တို့ဖြစ်ပြီး အရောင်တစ်ခုချင်းစီမှာ မှိန်ပျပျအလင်းရောင်၊ အလယ်အလတ် အလင်းရောင်နှင့် အလင်းတောက်တောက်ဟူ၍ ရှိကြသည်။
ကျောက်တုံးက ရွှေရောင် ပြောင်းလဲပြီးသည့်နောက်တွင် စတင်တုန်ခါလာပြီးနောက် ပေါက်ကွဲထွက်သွားသည်။
“ ကောင်းပြီ။ နားလည်နိုင်စွမ်းက အနည်းဆုံး လိုအပ်တဲ့ အလယ်အလတ် အဝါရောင်အဆင့်ကို ကျော်လွန်နေတယ်ဆိုတော့ အောင်တယ်” ဝမ်ဝူချန်က နောက်ထပ် ကျောက်တုံးတစ်ခုကို ကြည့်ရင်း ပြောလိုက်သည်။ ထိုအရာက တစ်ကနေ တစ်ဆယ်အတွင်း ရေတွက်နေစဉ် ထပ်မံ ပေါက်ကွဲသွားလေသည်။
“ တာအိုနှလုံးသားနဲ့ စိတ်ဆန္ဒတို့ကလည်း လိုအပ်ချက် ၈ခုလုံးကို ကျော်ဖြတ်နိုင်တယ်။ ဧကရာဇ်ငယ်တစ်ပါးအနေနဲ့ ဒီလောက်က မျှော်လင့်ထားပြီးသားပဲ။ အခု နောက်ဆုံးစစ်ဆေးမှုတစ်ခုပဲ ကျန်တော့တယ်။ ငါက မင်းခန္ဓာကိုယ်ကို စစ်ဆေးကြည့်မယ်”
ဝမ်ဝေ့က သူ့အံ့ဖွယ်ပင်လယ်၊ အံ့ဖွယ်ပလ္လင်၊ ကမ္ဘာဦးစိတ်ဝိညာဉ်နှင့် သူ့ဆဲလ်ရှိ အက်ကြောင်းများကို စစ်ဆေးနေသည့် စွမ်းအားတစ်ခုကို ခံစားမိလိုက်သည်။
“ တာအိုအုတ်မြစ်က တကယ်ကို ပျက်စီးသွားပြီ”
“ နောက်ဆုံးလိုအပ်ချက်က အုတ်မြစ် ပျက်စီးနေဖို့လား”
“ ဒါက တည်ထောင်သူဘိုးဘေး ချမှတ်ထားတဲ့ စည်းမျဉ်းပဲ”
ထိုသို့ပြောပြီးသည့်နောက်တွင် ဝမ်ဝေ့က ထိုလူဆီမှ စာအုပ်တစ်အုပ်ကို လက်ခံရရှိလိုက်သည်။ ထိုအရာကို ဖတ်ရှုလိုက်သည်နှင့် သူ့နှုတ်ခမ်းထောင့်တို့က တွန့်ချိုးသွားလေသည်။
ထိုအရာတစ်ခုလုံးကို ဖတ်ရှုပြီးသည့်နောက်တွင် သူ့မျက်နှာအထက် ဆွံ့အနေသည့် အမူအရာမျိုးက ပေါ်ထွက်လာလေသည်။
“ ပြဿနာရှိနေလို့လား”
ဝမ်ဝေ့က ပြန်မဖြေဘဲ သူ့ သိုလှောင်လက်စွပ်အတွင်းမှ နောက်ထပ် စာအုပ်တစ်ခုကို ထုတ်ပေးလိုက်သည်။
ဝမ်ဝူချန်က ထိုအရာကို ဖတ်ရှုပြီးသည့်နောက် အားရပါးရ ရယ်မောလိုက်သည်။ သူ့အားကောင်းသည့် အသံက လျှို့ဝှက်နယ်မြေတစ်ခုလုံးကို ပဲ့တင်ထပ်နေလေ၏။ အကယ်၍ နေရာရှိလူများသာ အားကောင်းသည့် ကျင့်ကြံဆင့် ရှိမထားလျှင် ထိုလူ၏ ဝိညာဉ်က တုန်လှုပ်နေကြလိမ့်မည်။
“ စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးပဲ။ ကြည့်ရတာ ငါတို့တာအိုအခွင့်အလမ်းဂိုဏ်းက အခုမျိုးဆက်မှာ အရင်လတ်တလော ကျဆင်းထားတာတွေကနေ ထွက်လာနိုင်မဲ့ အခွင့်အရေး ရလာပြီပဲ”
ဝမ်ဝေ့ လက်ခံရရှိလိုက်သည့် စာအုပ်က ပန်းသုံးပွင့်ကို သရဖူအဖြစ် ဖန်တီးပြီး ချီငါးပါးကို ဇစ်မြစ်သို့ ပြန်လည်ပို့ဆောင်ခြင်း ဖြစ်သည်။ ပြောရလျှင် သူ့ဘိုးဘေးဧကရာဇ်ချီယွမ်က ထိုအရာများကို မူလနည်းစနစ်နှင့် တစ်ခါတည်း ဖန်တီးခဲ့သော်လည်း အများအတွက် အသိမပေးဘဲ သူ့ဂိုဏ်းအတွက်သာ သိမ်းဆည်းထားခဲ့သည်။
ပြောရလျှင် အရက်ရောဆုံး ဧကရာဇ်ပင် စိတ်ဆန္ဒ ၇ မျိုးနှင့် လိုအင်ဆန္ဒ ၆ မျိုးတို့မှ ကင်းလွတ်နိုင်သည် မဟုတ်ပေ။ ဧကရာဇ်ချီယွမ်အတွက် သူ့ဂိုဏ်းအတွက် အရေးသာချက်တချို့ ထားရှိခဲ့သည်မှာ ပုံမှန်သာဖြစ်၏။
တာအိုအခွင့်အလမ်းဂိုဏ်းမှ တပည့်အားလုံးကို လေ့ကျင့်ခွင့်မပြုသည့် အချက်မှာမူ
ဝမ်ဝေ့ စဉ်းစားမိသည့် အကောင်းဆုံးအဖြေမှာ ကံကောင်းမှုနှင့် ပတ်သက်နေရမည်။ အကယ်၍ တပည့်အားလုံးသာ ထိုနည်းစနစ်ကို ကျင့်ကြံကြလျှင် တခြားဂိုဏ်းမှ ရှာတွေ့သွားဖို့ အချိန်တစ်ခုသာ ကြာမြင့်လိမ့်မည်။ ထိုအခါ သူတို့က ထိုအခွင့်အရေးကို အသုံးပြုပြီး ဧကရာဇ်ချီယွမ်၏ ဂုဏ်သတင်းကို ဖျက်ဆီးကြကာ သူသည် တစ်ကိုယ်ကောင်းဆန်ကြောင်း ပြောဆိုပြီး တာအိုအခွင့်အလမ်းဂိုဏ်း၏ ချီကံကောင်းမှုအပေါ် သက်ရောက်မှု ဖြစ်လာစေလိမ့်မည်။
သို့သော်လည်း အကယ်၍ ပါရမီကောင်းသည့်လူတချို့သာ ကျင့်ကြံလျှင် လျှို့ဝှက်နည်းစနစ်အားလုံးက ပါရမီဖြင့် ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။ အမှန်အတိုင်းပြောရလျှင် ဝမ်ဝေ့က မဟာဧကရာဇ်များရှိထားသည့် ဧကရာဇ်မျိုးနွယ်အများစုသည် တူညီသည့် နည်းလမ်းရှိနေသည်ကို ခန့်မှန်းမိ၏။ အထူးသဖြင့် ထာဝရဧကရာဇ်ရှိသည့် ဂိုဏ်းများ ဖြစ်၏။
သူ့အား နားမလည်နိုင်စေသည့် တစ်ခုတည်းသော အချက်မှာ လူတစ်ယောက်၏ အခြေခံအုတ်မြစ် ပျက်စီးနေရသည့် လိုအပ်ချက်ကိုမူ နားမလည်နိုင်ပေ။ ထိုအရာက တာအိုနှလုံးသားနှင့် အစရှိသည်ကို လေ့ကျင့်ပေးခြင်းနှင့် ပတ်သက်နေရမည်။
“ မင်းက ဒီနည်းလမ်းကို ဒီမှာ ကျင့်ကြံနိုင်တယ်။ မင်း ပန်းကို ဖွဲ့စည်းပြီးတာနဲ့ ငါ မဟာတာအိုအရင်းအမြစ်ရဲ့ စွမ်းအားအနည်းငယ်ကို မင်းရဲ့ အခြေခံအုတ်မြစ်ကို အားကောင်းစေပြီး မင်းခန္ဓာကိုယ်ထဲမှာရှိတဲ့ အန္တရာယ်တွေကို ဖယ်ရှားဖို့ လုပ်ပေးမယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် ထိုနည်းလမ်းအား နက်နက်နဲနဲ အာရုံစူးစိုက်ပြီး ဖတ်ရှုလိုက်သည်။ ယခင် သူဖန်တီးထားသည့် နည်းလမ်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ဤအရာက ပိုမိုကောင်းမွန်လေသည်။ နမူနာအားဖြင့် သူသည် ဖွဲ့စည်းသည့် ပန်းပွင့်များ၏ အဆင့်အမျိုးမျိုးကို သိလိုက်ရ၏။
ပန်းပွင့်များကို အဆင့် ၁ မှ ၁၂ အထိ ခွဲခြားထားပြီး အကောင်းဆုံးက ၁ ဖြစ်ကာ အဆိုးဆုံးက ၁၂ ဖြစ်လေသည်။ ဤစာအုပ်အရ လူတစ်ယောက်က ထိုပန်းပွင့်ကို အဆင့် ၃ အထိ ဖွဲ့စည်းနိုင်ခဲ့လျှင် သူတို့၏ အုတ်မြစ်က ဒုတိယတန်းစား ဧကရာဇ်ဖြစ်လာဖို့အတွက် အားကောင်းသည်ဟု ဆိုနိုင်သည်။
ထိုအရာက အာမခံထားလေ၏။ ဆိုလိုသည်မှာ သူတို့၏ နားလည်နိုင်စွမ်းက ဆိုးဝါးနေလျှင်ပင် သူတို့သည် ကောင်းကင်အလိုဆန္ဒကို စုပ်ယူပြီးသည်နှင့် ဒုတိယတန်းစား မဟာဧကရာဇ် ဖြစ်လာနိုင်သည်။
ဤသည်က ပြီးပြည့်စုံသည့် အခြေခံအုတ်မြစ် ရှိထားသည့် အကျိုးကျေးဇူး ဖြစ်၏။ ထိုစာအုပ်မှ ဝမ်ဝေ့သည် ပန်းသုံးပွင့် ဖွဲ့စည်းခြင်းသည် မူလလမ်းစဉ်ကျမ်းအား ပိုမိုပင် ပြည့်စုံသွားစေသည်ကို သိလိုက်၏။
သူက ဂိုဏ်း၏ ဧကရာဇ်အားလုံးသည် ပထမတန်းစားဖြစ်နေသည့် အကြောင်းအရင်းကိုလည်း နားလည်သွားသည်။ သူတို့သုံးယောက်လုံးက မဟာတာအိုအရင်းအမြစ်၏ နှစ်ဆယ်ရာခိုင်နှုန်းကို နားလည်ထားကြသည်။
ဤလျှို့ဝှက်နည်းစနစ်က ကြီးကြီးမားမား ထောက်ပံ့ပေးထား၏။
ဝမ်ဝေ့ ကျင့်ကြံနေစဉ် ဝမ်ဝူချန်က ဝမ်ထျန်းအား ကြည့်ကာ “ မင်းက ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်ပြီလား”
ဝမ်ထျန်းက ခေါင်းခါလိုက်သည်။ သူက အသန့်စင်ဆုံးသော ဓားရေးလမ်းစဉ်ကိုသာ လျှောက်လှမ်းလေသည်။ သူ့အတွက် ဤသည်က အကြွင်းမဲ့တိုက်ကွက် ဖြစ်၏။ ဓားသမားတစ်ယောက်အနေနှင့် သူ့အကြီးမားဆုံး ခုခံရေးက တိုက်ခိုက်ရေး ဖြစ်သောကြောင့် ခန္ဓာကိုယ်ကို လေ့ကျင့်ခြင်းက သူ့လမ်းစဉ်နှင့် သွေဖယ်နေသည်။
ဝမ်ထျန်းအတွက် ခန္ဓာကိုယ်ကို လေ့ကျင့်သည့် ဓားသမားများက သူတို့၏ တိုက်ကွက်တွင် ယုံကြည်မှုမရှိဟု ဆိုလိုနေခြင်း ဖြစ်၏။ ထိုအကြောင်းအရင်းကြောင့် သူသည် အဆင့် ၅ အဆီအနှစ်ပန်းပွင့်အထိသာ ဖွဲ့စည်းခဲ့သော်လည်း နောင်တမရပေ။ မည်သို့ပင်ဆိုစေကာမူ တခြားနှစ်ယောက်ကမူ အဆင့် ၁ ဖြစ်ကြ၏။