ဂိုဏ်း၏ အုတ်မြစ်
Vol. 31 Ch. 425
အခန်း (၄၂၅) : ဂိုဏ်း၏ အုတ်မြစ်
“ ကောင်လေး မင်းရဲ့ ကံအပြစ်ကြွေးကို ဖယ်ရှားဖို့ ပြောချင်တယ်ဆိုရင်တော့ မပြောနဲ့တော့” ဝမ်ဝူချန်က တိုက်ရိုက်ပြောလိုက်သည်။ ဝမ်မျိုးနွယ် လေ့ကျင့်သည့်နည်းလမ်းက အမြဲလိုလို သက်ညှာမှု ကင်းမဲ့လေသည်။ သူတို့က အလကားအမှိုက်များကို မပျိုးထောင်ပေ။
ဂိုဏ်းက အရင်းအမြစ်နှင့် အထောက်အပံ့များစွာ ပေးထားသော်လည်း လူငယ်မျိုးဆက် ယှဉ်ပြိုင်မှုနှင့် ပတ်သက်လာသည့်အခါ သူတို့က ဝင်စွက်ဖက်မည် မဟုတ်ပေ။ ဝမ်မျိုးနွယ်စုသာမကဘဲ တခြားမျိုးနွယ်စုများလည်း အတူတူသာ ဖြစ်၏။ ဤသည်က ဂိုဏ်းသည် ကြာရှည်စွာ တည်ရှိပြီး အားကောင်းကောင်းဖြင့် ကျန်ရှိနေရသည့် အကြောင်းအရင်းတစ်ချက်လည်း ဖြစ်သည်။ ထိုဘိုးဘေးများက ဂိုဏ်း၏ အမွေဆက်ခံသူ သို့မဟုတ် သူတို့၏ သက်ဆိုင်ရာအင်အားစုများတွင် အစစ်အမှန် လုပ်ဆောင်နိုင်စွမ်းရှိဖို့ရာ သေချာအောင် လုပ်ဆောင်ခဲ့ကြသည်။
ဝမ်ဝေ့၏ မိသားစုသည် မျိုးဆက်သုံးခုတိုင် ဂိုဏ်းချုပ်ဖြစ်နေသည့်အချက်ကိုပင် မကြည့်သင့်ပေ။ သူတို့တစ်ယောက်ချင်းစီက ထိုဂုဏ်ပုဒ်နှင့် ထိုက်တန်သည့်အချက်ကိုပင် သက်သေပြခဲ့ကြရသည်။ ဝမ်ချန်၏ ဖခင်က ဂိုဏ်းချုပ် မဟုတ်ခဲ့သလို သူ့မျိုးဆက်တွင် ဝမ်မျိုးနွယ်၏ ခေါင်းဆောင်လည်း မဟုတ်ခဲ့ပေ။
သူက လျှို့ဝှက်ကမ္ဘာတွင် နေထိုင်သည့် မျိုးနွယ်ဝင်တစ်ယောက်ထံ သူ့ရာထူးကို ဆုံးရှုံးလိုက်ရသည်။ ထိုစဉ်အချိန်က ဂိုဏ်းချုပ်သည် ယန်းမိသားစုမှ ကောင်းကင်ရွေးချယ်ခံ ဖြစ်၏။
သူမက အလွန်ပါရမီထူးချွန်သော်လည်း ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ရှုံးနိမ့်သွားသည်က နှမြောစရာကောင်းလှသည်။
“ မဟုတ်ပါဘူး။ အဲလို မဟုတ်ဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်သည် “ ကျွန်တော် တိုက်ပွဲမျှော်စင်ကို နည်းနည်းပြုပြင်ချင်တယ်”
ဝမ်ဝူချန်က ခေတ္တမျှ ရပ်တန့်သွားပြီး “ မင်းကို အနိုင်ယူခဲ့တဲ့ တိမိသားစုက ကောင်လေးကို ပြိုင်ဘက်အဖြစ် ထည့်ပြီးတော့ မင်းတို့နှစ်ယောက်ကြားက အင်အားကွာခြားချက်ကို အကဲဖြတ်ချင်တာလား”
“ ဟုတ်ပါတယ်”
ဝမ်ဝူချန်က ခေတ္တမျှ စဉ်းစားလိုက်ပြီး “ မင်းရဲ့ မှတ်ဉာဏ်ကို ပေးလိုက်။ ငါ တခြားတစ်ယောက်ကိုလုပ်ခိုင်းလိုက်မယ်”
ဝမ်ဝေ့က ဘာမှမပြောဘဲ သူ့ဝိညာဉ်ကို အသုံးပြုကာ ထိုတိုက်ပွဲ၏ မှတ်ဉာဏ်များအား ပြန်လည်စုစည်းလိုက်သည်။ သူက တိထျန်း မိစ္ဆာမင်းသားဖြစ်ခဲ့စဉ်အခါက ဝူဟုန်နှင့် တိုက်ပွဲအကြောင်းကိုပင် ထည့်ပေးလိုက်သည်။
“ ငါက မျှော်စင်မှာ ဒီနည်းလမ်းကို ထည့်ခိုင်းလိုက်မယ်။ ဒီနည်းနဲ့ ကျင့်ကြံဆင့်မြင့်လာတဲ့အခါ သူ့အင်အားကို မှန်းဆလို့ ရတယ်။ ဒါပေမဲ့ အတိအကျတော့ ဖြစ်မှာ မဟုတ်ဘူး။ အဲဒါကို မှတ်ထား”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် သူ့ဖခင်နှင့်အတူ ထွက်သွားလေသည်။ သူ့အပြန်ခရီးတွင် မေးလိုက်၏ “ အဖေ ပန်းသုံးပွင့်ကို ဖွဲ့စည်းဖို့ အခွင့်အရေး ရလာတာက ဘယ်တုန်းက အခြေခံအုတ်မြစ်ပျက်စီးသွားလို့လဲ”
“ အဲဒါက ငါ သဘာဝလွန်အဆင့်ရောက်ပြီးတော့ ကောင်းကင်ရွေးချယ်ခံ စစ်ဆေးပွဲ မတိုင်ခင်ပဲ။ မင်းအမေက ငါ့ကို ဝိညာဉ်ချီ မရှိတဲ့ မရဏနယ်မြေတစ်ခုထဲ လှည့်ဖျားပြီး ခေါ်သွားခဲ့တယ်။ အဲဒီမှာ အားကောင်းတဲ့ ဝါးမျိုရေးစွမ်းအားတစ်ခုက ငါ့အင်အားကို အားနည်းသွားစေတယ်။ မင်းအဘိုး ငါ့ကို ရှာတွေ့တော့ ငါ့အုတ်မြစ်က ပြိုလဲလုနီးပါးဖြစ်နေပြီ”
“ အဲဒါတောင် အဖေက အမေ့ကို လက်ထပ်ခဲ့တာဆိုတော့ တကယ်ကို ချစ်ခဲ့တာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ သူ့မိဘ၏ ကိစ္စများကို သူ သိထားသလောက် အတက်အကျ အပြည့်ဖြစ်နေပြီး သူ့အမေက အမြဲတမ်းလိုလို ပြဿနာရှာလေ့ရှိသည်။ ဝမ်ဝေ့က သူ့အဖေသည် သူ့အမေအတွက် နူးညံ့သည့်ဘက်ခြမ်း ရှိနေပြီး သူမနှင့် ရင်ဆိုင်သည့်အခါတိုင်း အမြဲလိုလို ချုပ်ထိန်းထားလေ့ရှိသည်။
“ ဟုတ်တယ်” ဝမ်ထျန်းက ပြန်ဖြေလိုက်ပြီးနောက် ပြန်လည်စဉ်းစားလိုက်သည်။ သူ့အနေနှင့် သူမကို မြင်လိုက်သည်နှင့် ချက်ချင်းဆိုသလို စွဲငြိသွားခဲ့သည်။ သူ့မျိုးဆက်တွင် သူ့နောက်လိုက်နေသည့် အမျိုးသမီးများစွာ ရှိသော်လည်း သူကမူ သူမတစ်ယောက်ထဲကိုသာ မြင်လေသည်။
ကံဆိုးစွာဖြင့် သူတို့က ပြိုင်ဘက်များ ဖြစ်နေခဲ့ပြီး သူမက တူညီစွာ ခံစားမှု မရှိလောက်ပေ။
“ အဘိုးက အဖေနဲ့ပတ်သက်ပြီး မကျေနပ်လောက်ဘူး ဟုတ်တယ်မလား”
ဝမ်ထျန်းက ထိုအရာကို ကြားပြီးနောက် ရှုံ့မဲ့သွားသည်။ သူ့အဖေက သူ သူမလက်ထဲ ရှုံးနိမ့်မှုတချို့ ခံစားပြီးသည့်နောက်တွင် ယုယန်အပေါ် သူ့ဆက်ဆံမှုမှာ ကွဲပြားနေကြောင်း သတိထားမိသွားသည်။ သူ့အဖေက စိတ်မပျော့သည့်အတွက် သူတို့နှစ်ယောက်၏ ဆုံစည်းမှုကို တားဆီးခဲ့၏။ သူ့သဘောထားဖြင့် သူ့သားအား အကြိမ်များစွာပင် ရိုက်နှက်ခဲ့လိမ့်မည်။
ထိုအရာက သူတို့သည် တားမြစ်နေရာတစ်ခုအတွင်း ရောက်ရှိသွားကာ ကျမ်းသစ္စာ ကျိန်ဆိုလိုက်သည့်အခါမှ သူတို့၏ ပေါင်းစပ်မှုကို လက်ခံလိုက်ခြင်း ဖြစ်၏။
“ အဲဒီအကြောင်းကို မပြောဘဲ နေကြစို့။ မင်းရော ဘယ်လိုခံစားရလဲ”
“ ကောင်းတယ်။ အရင်ကထက် ပိုကောင်းတယ်”
“ ကောင်းတယ်။ အဲဒါဆို မင်း ဘိုးဘေးတွေနဲ့ တွေ့ရတာ ဘယ်လိုနေလဲ”
ဝမ်ဝေ့က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် “ အင်အားအရပြောရမယ်ဆိုရင် ကျွန်တော်က သူတို့ ဘယ်လောက်အားကောင်းတယ်ဆိုတာကို ကောက်ချက်မချနိုင်သေးတော့ ပြောစရာမရှိဘူး။ ဒါပေမဲ့ ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က ကျွန်တော် အရင်တွေးထားတာထက် ပိုနက်ရှိုင်းကြောင်း သိလိုက်ရတယ်”
“ သား … မင်းက မသိသေးပါဘူးကွာ”ဝမ်ထျန်းက သက်ပြင်းချကာ ပြောလိုက်သည်။
“ အဖေက ဘာကို ပြောချင်တာလဲ”
“ ငါတို့က ကမ္ဘာမှာ အားအကောင်းဆုံးဖြစ်နေတဲ့ အကြောင်းအရင်း ရှိတယ်။ မင်းကို နမူနာ တစ်ခုပေးမယ်။ မင်း အတွင်းအင်္ဂါတွေကို လေ့ကျင့်တဲ့ပစ္စည်းတွေကို မှတ်မိလား”
“ မှတ်မိပါတယ်။ ဂိုဏ်းက နောက်ထပ် ပင်ကိုပစ္စည်းတွေ မရှိတော့ဘူးလို့တောင် ပြောခဲ့သေးတယ်လေ။ အဲဒါက အလိမ်အညာကြီးလား”
“ ဟုတ်တယ်။ ဂိုဏ်းက ပင်ကိုချီပြည့်နှက်နေပြီး ပင်ကိုပစ္စည်းမွေးဖွားပေးနိုင်တဲ့ လျှို့ဝှက်နယ်မြေတချို့ ရှိထားတယ်။ အဲဒီမှာ ဟွင်သွမ်းချီပြည့်နေတဲ့ နေရာသုံးခုလည်း ရှိတယ်။ ဒါပေမဲ့ တည်ထောင်သူဘိုးဘေးက အရင်းအမြစ်တွေကို ခွဲဝေဖို့ တင်းကြပ်တဲ့ စည်းမျဉ်းတွေကို ချမှတ်ထားခဲ့တယ်။ အထူးသဖြင့် သေမျိုးအဆင့် ကျင့်ကြံသူတွေအတွက်ပေါ့”
ဝမ်ဝေ့က ပြဿနာအား စဉ်းစားလိုက်ပြီးနောက် နောက်ကွယ်မှ အကြောင်းအရင်းကို နားလည်သွားသည်။ ဧကရာဇ်တစ်ပိုင်းအဆင့်များပင် ထိုပင်ကိုဆေးပင် တစ်ခုနှင့်အထက်ကို အပြည့်အဝ အစာချေဖျက်နိုင်မည် မဟုတ်သလို အပြည့်အဝ အသုံးချနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့ကို အသုံးပြုခြင်းက ဖြုန်းတီးခြင်းသာ ဖြစ်၏။
သို့သော်လည်း မဟာဧကရာဇ်၊ တာအိုဘိုးဘေးနှင့် ထာဝရအရှင်များကမူ သူတို့၏ အင်အားကို တိုးမြှင့်ဖို့အတွက် ထိုအရင်းအမြစ်များကို အသုံးပြုနိုင်သည်။ ဂိုဏ်း၏ အခြေခံအစစ်အမှန် အုတ်မြစ်အနေဖြင့် ဂိုဏ်းကြာကြာတည်ရှိသည်မှာ သူတို့ကြောင့်သာဖြစ်ပြီး သူတို့ဆီ ထားရစ်ခဲ့လိုက်သည်က အကောင်းဆုံး ဖြစ်ပေသည်။
ထို့သို့သော အရင်းအမြစ်မျိုး ဖြုန်းတီးသည့် နမူနာကောင်းတစ်ခုမှာ ရှေးဟောင်းမျိုးနွယ်များ ဖြစ်၏။ မသေမျိုးအဆင့် အရင်းအမြစ်များနှင့် ပတ်သက်လာသည့်အခါ သူတို့က အစောပိုင်းဧကရာဇ် ခေတ်ကာလမှဖြစ်သည့်အတွက် မည်သည့်ဂိုဏ်းကမှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
ထိုစဉ်အချိန်တွင် ပင်ကိုချီက လျော့ကျလာပြီး ဝိညာဉ်ချီဖြင့် အစားထိုးသွားသော်လည်း ထိုမျိုးနွယ်စုများတွင် ပင်ကိုချီပြည့်နှက်နေသည့် လျှို့ဝှက်နယ်မြေများစွာအား ထိန်းသိမ်းထားဖို့ နည်းလမ်းများစွာ ရှိသင့်ပေသည်။ ဝမ်ဝေ့၏ ဘိုးဘေးများပင် ရှေးဟောင်းဧကရာဇ် ခေတ်ကာလကတည်းက အများစုကို ရယူထားခဲ့သည့်အတွက် သူတို့လည်း အတူတူလုပ်ဆောင်နိုင်လိမ့်မည်။ ကံဆိုးစွာဖြင့် ယခုလက်ရှိခေတ်ကာလတွင် ထိုမျိုးနွယ်စုအများစုက လက်ရှိနည်းစနစ်ကို အသားတကျ နေထိုင်ဖို့အတွက် ဆင်းရဲနေကြသည်။
သူတို့က သူတို့ဘိုးဘေးများဆီမှ ပင်ကိုချီနှင့် ပစ္စည်းများကို လွန်ကဲစွာ အသုံးပြုခဲ့ကြသောကြောင့် ဖြုန်းတီးပစ်သလို ဖြစ်သွားသည်။ အကယ်၍ ထိုမျိုးနွယ်စုများသာ သူတို့အတွက် အရင်းအမြစ် ရယူပေးနိုင်သည့် မဟာဧကရာဇ်တချို့ကိုသာ မွေးထုတ်မပေးနိုင်ခဲ့လျှင် သူတို့သည် ဤမျှကြာရှည်ခံမည် မဟုတ်ပေ။
ထိုရှေးဟောင်းမျိုးနွယ်များက ခေါင်းကြောမာပြီး ရှေးရိုးစွဲလွန်းသည့် ရလဒ် ဖြစ်ပေသည်။ ထိုအရာက သူတို့ပျိုးထောင်ပေးသည့် မဟာဧကရာဇ်များအပေါ်လည်း အတူတူသာ ဖြစ်၏။ မဟုတ်ပါက သူတို့သည် သူတို့လက်ရှိ အနေအထားနှင့် ပတ်သက်ပြီး ပြဿနာကို မြင်နိုင်လိမ့်မည်။
ယနေ့အထိ သူတို့က နေထိုင်မှုပုံစံကို မပြောင်းလဲလိုကြပေ။ ဟို့ဖုန်းဟွမ် ပြောစကားအရ သူတို့သည် ပတ်ဝန်းကျင်ကိုသာ ပြောင်းလဲပြီး သူတို့ကြွယ်ဝခဲ့သည့်ခေတ်အချိန်သို့ ပြန်လည်ပြောင်းချင်ကြသည်။
“ သား စိတ်ပျက်သွားတာလား” ဝမ်ထျန်းက သူ့သား တိတ်ဆိတ်သွားသည်ကိုမြင်ကာ မေးလိုက်သည်။
“ မဟုတ်ပါဘူး။ ကျွန်တော် အဲဒီဆုံးဖြတ်ချက်နောက်ကွယ်က အကြောင်းအရင်းကို နားလည်ပါတယ်။ တည်ထောင်သူဘိုးဘေးက ကြည့်ရတာ ကျွန်တော်တို့ လက်ရှိရှေးဟောင်းမျိုးနွယ်လိုမျိုး မဖြစ်စေချင်တဲ့ပုံပဲ”
“ကောင်းတယ်။ အမှန်အတိုင်းပြောရရင် တခြားပစ္စည်းတွေက မင်းကို ထောက်ပံ့ပေးနိုင်တယ်။ ဒါပေမဲ့ မင်းအနေနဲ့ ဒီအရင်းအမြစ်တွေသုံးဖို့ ထိုက်တန်လားဆိုတာကို ပြသဖို့ စမ်းသပ်မှု ကျော်ဖြတ်ရမယ်။”
“ ကျွန်တော် စမ်းသပ်မှု ခံယူနိုင်တယ်လား”
“ ဘာလို့လဲ။ မင်းက အတွင်းအင်္ဂါတွေ လေ့ကျင့်တာပြီးသွားပြီ မဟုတ်ဘူးလား”
“ ကျွန်တော် တခြားပစ္စည်းတွေကို ပင်ကိုပစ္စည်းနဲ့ လဲလှယ်ဖို့ အစားထိုးဖို့ စဉ်းစားနေတာ”
သူက သူ့အရေပြား၊ ကြွက်သားနှင့် အရိုးအတွက် အထွတ်အထိပ်အဆင့် ပစ္စည်းများကို အသုံးပြုခဲ့ရသည်။ သူတို့ကို အစားထိုးလိုက်ခြင်းက သူ့အင်အားကို သိသိသာသာ တိုးမြင့်လာစေလိမ့်မည်။
“ မင်း လိုချင်တဲ့အခါ အဖေ့ကို ပြောလိုက်။ အဖေ စီစဉ်ပေးထားမယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် တစ်စုံတစ်ခု ရုတ်ချည်းအမှတ်ရသွားကာ “ ဒါနဲ့ နိမိတ်ဆိုးသားရဲ ရှိသေးလား”
“ နိမိတ်ဆိုးသားရဲလား။ ရှေးဟောင်းဖျက်ဆီးခြင်း ဧကရာဇ်ချန်ထားခဲ့တဲ့ လျှို့ဝှက်နယ်မြေထဲမှာတော့ ရှိဦးမယ်ထင်တယ်။ အရင်မျိုးဆက်တုန်းက စစ်ဆေးမှုအနေနဲ့ အသုံးပြုတာကို မှတ်မိတယ်။ အဖေ ဂိုဏ်းချုပ်ဖြစ်လာပြီးတဲ့နောက်မှာ တပည့်အများစုက အဲဒီစစ်ဆေးမှုမှာ သေဆုံးကြတာများလို့ ရပ်တန့်ခဲ့တာ”
နိမိတ်ဆိုးသားရဲများက ကမ္ဘာဦးနတ်ဘုရား သို့မဟုတ် ပင်ကိုနတ်ဆိုး၏ အလောင်း သို့မဟုတ် သွေးမှ မွေးဖွားလာခြင်းဖြစ်၏။ ထိုအကြောင်းအရင်းကြောင့် သူတို့က အလွန်အားကောင်းလေသည်။ အထူးသဖြင့် ခန္ဓာကိုယ်သီးသန့်ပိုင်းတွင် ဖြစ်၏။
သို့သော်လည်း သူတို့က ရက်စက်ကာ အများစုကမူ အသိဉာဏ်မရှိကြပေ။ သူတို့က သတ်ဖြတ်ရေးနှင့် ဖျက်ဆီးရေးမှာ သာယာကြ၏။
ထိုအကြောင်းအရင်းမှာ သူတို့ကို မွေးဖွားဖြစ်တည်လာစေသည့် ပင်ကိုနတ်ဆိုးနတ်ဘုရား၏ အမုန်းတရားနှင့် အငြိုးတရားတို့က သူတို့ကို ဖန်တီးလိုက်သည်နှင့် သူတို့၏စိတ်အပေါ် သက်ရောက်မှုရှိလာသောကြောင့် သူတို့ နာမည်တွင် နိမိတ်ဆိုးဟု ပါဝင်နေခြင်းဖြစ်၏။
ဝမ်ဝေ့က ထိုအဖြေကို ကျေနပ်သွားလေသည်။ အကြောင်းမှာ သူက ယခုအခါ မိစ္ဆာနတ်ဘုရားဆင့်ကဲခြင်း ပုံစံ ၁၂မျိုးကို လေ့ကျင့်ဖို့အတွက် အရင်းအမြစ် ရှိပြီမဟုတ်ပါလော။ ထို့ကြောင့် သူက စိတ်အခြေအနေ ကောင်းနေလေသည်။
လျှို့ဝှက်နယ်မြေမှ ထွက်လာပြီးနောက် သူက အသက်ပြင်းပြင်း ရှူရှိုက်လိုက်သည်။ ထို့နောက် သူ့စိတ်အခြေအနေကို ပိုမိုကောင်းမွန်စေဖို့ အတွေးတစ်ခု ပေါ်ထွက်လာ၏။
“ ကျွန်တော်တို့တွေ နည်းနည်းလောက် လက်ရည်စမ်းကြမလား”
ဝမ်ထျန်းက ရှုံ့မဲ့သွားပြီး ပြောလိုက်သည် “ အဖေ ငြင်းတယ်”
သူက ထိုလက်သီးချက်အပြီးတွင် သူ့သား၏ လက်ရှိခွန်အားအကြောင်း သိလိုက်သည်။ အကယ်၍ သူသာ ရှေးဟောင်းခန္ဓာကိုယ်အဖြစ် ပြောင်းလဲလိုက်လျှင် သူက ဆိုးဆိုးရွားရွားရှုံးနိမ့်သွားနိုင်သည်။
“ အဖေက ဘာလို့ငြင်းရတာလဲ။ ကျွန်တော်က အခုမှ အဖေကို ရိုက်ဖို့ တရားဝင် အခွင့်အရေးရလာတာလေ”
“ အဲဒါကြောင့်ပဲ ငါ ငြင်းလိုက်တာ”
“ အဖေ ကျွန်တော်ကို မတိုက်ခိုက်ဘူးဆိုရင် တိုက်ပွဲတွေအကုန်လုံးမှာ အဖေက ချုပ်ထိန်းထားတယ်ဆိုပြီး အဘိုးကို သွားပြောလိုက်မှာ”
ဝမ်ထျန်းက သူ့သားအား ကြည့်လိုက်သည်။ သူ့ အကြီးမားဆုံး လျှို့ဝှက်ချက်တစ်ခုမှာ သူ လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ရောက်ကတည်းက သူ့အဖေသည် သူ့ပြိုင်ဘက် မဟုတ်တော့ပေ။ သို့သော်လည်း သူက လူအိုကြီး၏ မျက်နှာအား ထောက်ထားကာ သူ့ထက် အားကောင်းနေဆဲဖြစ်ကြောင်း ယုံကြည်အောင် လုပ်ခဲ့သည်။
သူ့သားက ဒီအမှန်တရားကို ဘယ်လိုရှာတွေ့သွားတာလဲ…
သူတို့ အင်အားကိုပေါင်းစပ်ဖို့ ကံနည်းစနစ်ကို အသုံးပြုခဲ့စဉ်က ဖြစ်လောက်တယ်။
“ မင်း ပြောချင်ရင်လည်း ပြောလိုက်ပေါ့။ သူက ဒီဟာကို ခန့်မှန်းပြီးသားပဲ နေလိမ့်မယ် ”
ဝမ်ထျန်းက သူ့သားဆီမှ အရိုက်ခံရမည့်အစား သူ့အဖေထံမှသာ အရိုက်ခံလိုက်မည်။ သူက အဖေတစ်ယောက်အနေနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းရမည်။
“ အဲဒါဆို အမေ့ကို ပြောလိုက်မယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“ ကောင်းပြီ။ ငါ မင်းလက်ထဲမှာ ရှုံးမဲ့အစား ငါ့ဘာသာငါ နှစ်တစ်ထောင် အပြင်မှာ အိပ်လိုက်မယ်”
ဝမ်ဝေ့က အံကြိတ်လိုက်ပြီးနောက် သူ့အဖေအား ကြည့်လိုက်သည်။ သူက နှာခေါင်းရှုံ့လိုက်ပြီးနောက် ပျံသန်းသွားသည်။ သူက အဆုံးထိ ကပ်သပ်နေလေရာ သူ့အမေကိုသာ ဖြေရှင်းခိုင်းလိုက်မည်။ ယခုမှစ၍ သူက မခံချိမခံသာ နည်းလမ်းအကုန်သုံးကာ သူ့အဖေအား တိုက်ဖို့ အတင်းအကြပ် ဖိအားပေးရမည်။