တာအိုသင်္ချိုင်းမြေ
Vol. 31 Ch. 429
အခန်း (၄၂၉) : တာအိုသင်္ချိုင်းမြေ
ဝမ်ဝေ့က သူ့ရှေ့တွင် ရှိနေသည့် ခေါင်းဆောင်းနှင့် ပုံရိပ်အား ကြည့်ကာ တခြားတစ်ဖက်တွင် ဓားမြှောင်ကိုင်ဆောင်ထားသော ကျိုးနေသည့် လက်ကို ကိုင်ထားလိုက်သည်။ သူက အာရုံများနေစဉ် ထိုလူက ရုတ်ချည်းပေါ်ထွက်လာပြီး သူ့အား ထိုးစိုက်ခဲ့လေသည်။
ထိုသူ့အတွက် ကံဆိုးသွားသည်က ဝမ်ဝေ့၏ ခန္ဓာကိုယ်က အကျိုးအကြောင်း မသင့်လောက်အောင်အထိ သန်မာနေပြီဖြစ်၏။ ထို့ကြောင့် ထင်ထားသည့်အတိုင်း ဝမ်ဝေ့အား သတ်ဖြတ်နိုင်မည့်အစား သူ့အထွတ်အထိပ်အဆင့် ဓားမြှောင်သာ ကျိုးသွားခဲ့ပြီး တန်ပြန်သက်ရောက်မှုကြောင့် သူ့လက်ကောက်ဝတ်လည်း ကျိုးသွားခဲ့သည်။
“ မင်းက ဘယ်သူလဲ။ ပြီးတော့ ငါ မသိဘဲ ဘယ်လိုလုပ် ရောက်လာနိုင်တာလဲ”
သူက သူ့အလိုလိုသိစိတ် အလုပ်မလုပ်သည်မှာ ထိုလူသည် သူ့အတွက် အန္တရာယ်မဖြစ်၍ ဖြစ်သည်။ သို့သော်လည်း သူ အာရုံများနေလျှင်ပင် ထိုလူက သူ မသိစေဘဲ ဖြတ်လာဖို့ မဖြစ်နိုင်ပေ။
ခေါင်းဆောင်းနှင့် ပုံရိပ်က ဘာမှမပြောပေ။ လုပ်ကြံသတ်ဖြတ်မှု ကျရှုံးသွားပြီဖြစ်၍ သူက နောက်ပြန်ဆုတ်ရမည်။ သူ့အနောက်ဘက်တွင် အာကာပြင်အက်ကြောင်း တစ်ခု ပေါ်ထွက်လာပြီး သူက ချက်ချင်းဆိုသလို ကိုယ်ပျောက်သွားလေသည်။ သူ့အတွက် ကံဆိုးသည်က သူ ထွက်မသွားခင် ဝမ်ဝေ့က လက်သီးဆုပ်လိုက်သည်။
ထိုလှုပ်ရှားမှုလေးဖြင့် ကောင်းကင်အထက်တွင် ဧရာမလေမုန်တိုင်းတစ်ခု ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်အား နှောင့်ယှက်နေကာ လုပ်ကြံသူ ထွက်မသွားနိုင်အောင် တားဆီးထားလေသည်။ သူ့အစစ်အမှန် အမြင်အာရုံဖြင့်ပင် ထိုအပြုအမူကို မမြင်နိုင်သည်မှာ ထူးဆန်းလှသည်။
ထို့ကြောင့် သူက အမြင်အာရုံအပေါ် နောက်ထပ်တစ်ခု ထပ်မံပေါင်းထည့်လိုက်သည်။ ကံစွမ်းအား ဖြစ်၏။ လုပ်ကြံသတ်ဖြတ်သူက သူ့အား သတ်ဖြတ်ဖို့ ကြိုးစားခဲ့သောကြောင့် သူတို့ကြားတွင် အကျိုးနှင့်အကြောင်း ရှိရမည်။ ထိုကြိုးမျှင်နောက်မှ လိုက်ကာ အရှေ့မြောက်ဘက်စူးစူးသို့ ပြိုင်ဘက်ကင်းအလျင်ဖြင့် ပျံသန်းသွားနေသည့် တစ်စုံတစ်ယောက်ကို မြင်လိုက်ရ၏။
သူက ခြေတစ်လှမ်းဖြင့် ထိုလုပ်ကြံသတ်ဖြတ်သူရှေ့တွင် ပေါ်ထွက်လာပြီး လက်ဝှေ့လိုက်သည့်အခါ ထိုလူက မလှုပ်ရှားနိုင်တော့ပေ။ ခေါင်းဆောင်းပုံရိပ်က သူ့ကို ချည်နှောင်ထားသည့် မမြင်ရသော ကြိုးမြောက်များစွာကို မမြင်နိုင်ပေ။
သူက ဘယ်လိုလုပ် ငါ့ကို မြင်နိုင်တာလဲ ….
ထိုစဉ် ဝမ်ဝေ့က ထိုလူအား ခြုံငုံကြည့်လိုက်သည်။
“ မင်းက မရဏအမိန့်နန်းတော်က မဟုတ်ဘူး။ သူတို့က စည်းမျဉ်းချိုးဖောက်ပြီးတော့ ငါ့ကို သတ်ဖြတ်ဖို့ အစစ်အမှန်အုပ်ချုပ်သူကို လွှတ်မှာမဟုတ်ဘူး။ ဒီလိုဆိုတော့ မင်းက အရိပ်သတ်ဖြတ်သူ ဗိမာန်ကပဲ ဖြစ်ရမယ်။ တစ်ယောက်ယောက်က ငါ့ခေါင်းကို အလိုရှိနေတာလား။ မဟုတ်သေးဘူး။ ပိုပြီးအရေးကြီးတာက မင်းတို့တွေက ဒီမျိုးဆက်မှာ ပြန်လည်ပေါ်ထွက်လာကြပြီလား”
ဝမ်ဝေ့က အရိပ်သတ်ဖြတ်သူဗိမာန်သည် မရဏနန်းတော်ကဲ့သို့ လုပ်ကြံသတ်ဖြတ်သူအဖွဲ့ ဖြစ်ကြောင်း သိထားသည်။ သို့သော်လည်း ထိုအဖွဲ့နှင့် မတူသည်က သူတို့သည် စည်းမျဉ်း သို့မဟုတ် အဟန့်အတားမျိုး မရှိကြပေ။ တစ်စုံတစ်ယောက်က ပိုက်ဆံလုံလုံလောက်လောက် ပေးသရွေ့ သူတို့က ပစ်မှတ်ကို သတ်ဖြတ်ကြလိမ့်မည်။
ထိုအကြောင်းအရင်းကြောင့် ဧကရာဇ်မျိုးနွယ်အများစုက သူတို့နှင့် ပတ်သက်ပြီး မကျေနပ်ကြသည့်အတွက် ပူးပေါင်းကာ အရိပ်သတ်ဖြတ်သူဗိမာန်၏ ဌာနချုပ်ကို ရှာဖွေပြီး ဖျက်ဆီးခဲ့ကြသည်။
ကံဆိုးစွာဖြင့် အရိပ်သတ်ဖြတ်သူဗိမာန်သည် ခေတ္တမျှငြိမ်နေပြီးသည့်နောက်တွင် အမြဲလိုလို ပြန်လည်ပေါ်ထွက်လာလေ့ ရှိသည်။ သူတို့ကို မည်မျှပင် ဖျက်ဆီးပစ်စေကာမူ သူတို့က ထပ်မံ ပေါ်ထွက်လာစမြဲသာ ဖြစ်၏။
ထိုအဖွဲ့အစည်း၏ ထူးခြားသည့်အချက်မှာ သူတို့က ဧကရာဇ်မျိုးနွယ်၊ တာအိုမျိုးနွယ် သို့မဟုတ် မသေမျိုးမျိုးနွယ်ပင် မဟုတ်ကြပေ။ သူတို့က အထွတ်အထိပ်နယ်မြေ တစ်ခုမျှသာဖြစ်သော်လည်း လျှို့ဝှက်ဆန်းကြယ်ကာ အားကောင်းလွန်းလှသည်။
သူတို့ကို ဖျက်ဆီးလိုက်သည့် အချိန်တိုင်း သူတို့က ခေတ္တမျှ ငြိမ်သက်ပြီးသည့်နောက်တွင် ပြန်လည်ပေါ်ထွက်လာကြသည်။ ဧကရာဇ်မျိုးနွယ်များက ဘိုးဘေးအဆင့် ပုဂ္ဂိုလ်များကို စေလွှတ်ကာ သူတို့နောက်ကွယ်မှ လူကို စုံစမ်းခဲ့သော်လည်း ဘာမှ မတွေ့ရှိရပေ။
ဝမ်ဝေ့ သိထားသလောက် မဟာဧကရာဇ်တချို့က ထိုအင်အားစု၏ နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်မှုကို ရှာဖွေဖို့ ကြိုးစားခဲ့ကြဖူးသည်။ သူတို့ရရှိသည့် အဖြေမှာ ထိုအဖွဲ့အစည်းက တာအိုသင်္ချိုင်းမြေနှင့် ပတ်သက်နေကြောင်း ဖြစ်၏။ ထိုအရာက အသင်္ချေအင်ပါယာကမ္ဘာတွင် တားမြစ်နယ်မြေ ၆ ခုထဲမှ တစ်ခုဖြစ်သည်။
တားမြစ်နေရာများအတွင်း တာအိုသင်္ချိုင်းမြေသည် အားအကောင်းဆုံး မဟုတ်လျှင်ပင် ဖြေရှင်းဖို့ အခက်ဆုံးဖြစ်ပြီး ကမ္ဘာတစ်ခုလုံးထံ အန္တရာယ်အများဆုံး ပေးနိုင်သူလည်း ဖြစ်သည်။ အကြောင်းမှာ သူတို့က ခိုးကြောင်ခိုးဝှက်လုပ်ကြ၍ ဖြစ်သည်။
အချိန်အနည်းငယ်ကြာမြင့်တိုင်း သူတို့၏ မျက်နှာများကို အနက်ရောင်မြူများဖြင့် ဖုံးအုပ်ထားသည့် ပုံရိပ်များစွာက ထိုနေရာမှ ထွက်ပေါ်လာပြီး သူတို့လမ်းကြောင်းတွင် ရှိနေသမျှအရာအားလုံး သေမျိုးဖြစ်စေ၊ ကျင့်ကြံသူဖြစ်စေ၊ နတ်ဆိုးဖြစ်စေ၊ အရာအားလုံးကို သတ်ဖြတ်ပြီး သူတို့၏ အဆီအနှစ်ကို စုပ်ယူတတ်ကြသည်။
သို့သော်လည်း ထိုလူများက အားကောင်းသည့် ဧကရာဇ်မျိုးနွယ် သို့မဟုတ် သူတို့မဟာမိတ်များ၏ ပိုင်နက်များကိုမူ မတိုက်ခိုက်ကြပေ။ သူတို့က ထိုမျိုးနွယ်များ၏ အခြေစိုက်ကို တိုက်ရိုက် တိုက်ခိုက်ခြင်း မရှိဖူးပေ။
အားနည်းသည့် ဧကရာဇ်မျိုးနွယ်များ၏ ပိုင်နက်အတွက်မူ သူတို့က ချမ်းသာမပေးပေ။ ထိုဂိုဏ်းများက သူတို့၏ တာအိုဘိုးဘေးများနှင့် ထာဝရအရှင်များကို နိုးထစေလျှင်ပင် ထိုကျင့်ကြံသူများနှင့် လက်ရည်ယှဉ်နိုင်သည့် တားမြစ်နေရာမှ လူများ ထွက်ပေါ်လာတတ်ကြသည်။
ပို၍ဆိုးရွားသည်က သူတို့ထွက်ပေါ်လာသည့်အချိန်သည် အတိအကျ မဟုတ်ပေ။ တစ်ခါတစ်ရံတွင် မျိုးဆက်တစ်ခုပြီးမှ ထွက်ပေါ်လာလေ့ရှိပြီး တစ်ခါတစ်ရံတွင် ပြန်လည်ပေါ်ထွက်လာဖို့ မျိုးဆက်ဒါဇင်ချီ စောင့်ဆိုင်းရတတ်သည်။
မဟာဧကရာဇ်များက ထိုပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့သော်လည်း တားမြစ်နယ်မြေဟု သတ်မှတ်ထားသည့် အကြောင်းအရင်း တစ်ချက်က ရှိနေသေးသည်။ ဒုတိယတန်းစား မဟာဧကရာဇ်များစွာက အထဲတွင် သေဆုံးသွားကြပြီး ပထမတန်းစား မဟာဧကရာဇ်များပင် ဒဏ်ရာအပြင်းအထန်ရပြီး ထွက်ပြေးခဲ့ကြရသည်။ တချို့မူ အထဲတွင် သေဆုံးခဲ့ကြရ၏။
ထာဝရဧကရာဇ်အတွက်လား …
ထိုတားမြစ်နေရာ၏ နာမည်ကျော်မှုက ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထာဝရဧကရာဇ်တစ်ပါး မွေးဖွားလာသည်နှင့် ထိုနေရာတစ်ခုလုံးက အစအနမရှိ ပျောက်ကွယ်သွားတတ်ကြသည်။ ထာဝရဧကရာဇ်ပင် သူတို့ကို ရှာမတွေ့နိုင်တော့ပေ။
ထိုအကြောင်းအရင်းကြောင့် ထိုတားမြစ်နေရာသည် ရှေးဟောင်းဧကရာဇ်ခေတ်ကာလကတည်းက တည်ရှိနေခဲ့၏။
သူက ငါ့ဇစ်မြစ်ကို ဘယ်လိုလုပ်သိတာလဲ ….
ခေါင်းဆောင်းနှင့် ပုံရိပ်က စဉ်းစားလိုက်သည်။
ဝမ်ဝေ့က ထိုလူ၏ ကံကြမ္မာကြိုးမျှင်ကို ဖတ်ရှုနေခြင်း ဖြစ်၏။ ထိုလုပ်ကြံသူက သူ့ကံကြမ္မာကြိုးမျှင်ကို တားဆီးသည့် မှော်အသုံးအဆောင်ပစ္စည်းများ ရှိထားသော်လည်း ဝမ်ဝေ့၏ လက်ရှိစွမ်းအားအပြင် ကံနှင့် ကံကြမ္မာပေါင်းစပ်ထားသည့် စွမ်းအားကြောင့် သူက သတင်းအချက်အမြောက်အများကို ရယူနိုင်လိုက်သည်။
သူ့မျက်ဝန်းအတွင်း ထိုအရိပ်သတ်ဖြတ်သူဗိမာန်ထဲတွင် ကြုံတွေ့ခဲ့ရသည့် ရက်စက်သော လေ့ကျင့်ရေးများကိုလည်း မြင်လိုက်ရသည်။ သူ လုပ်ကြံသတ်ဖြတ်သူအဖြစ် ရှိနေစဉ်အတွင်း တိတ်တဆိတ် သတ်ဖြတ်ခဲ့သည့် လူအားလုံးကိုလည်း မြင်လိုက်သည်။
ကံဆိုးစွာဖြင့် သူက သူ့ခေါင်းအတွက် ဆုလာဘ်ထားသူကို ရှာမတွေ့ခဲ့ပေ။ သို့သော် ထိုလူသည် သူ့အာရုံမှ မည်သို့ လွတ်မြောက်သွားသည်ကို မသိရသေးပေ။ ဗိမာန်က ထိုလူအား ထိုတာဝန်ကို အောင်မြင်ဖို့အတွက် ပင်ကိုရတနာတစ်ခု ထုတ်ပေးခဲ့သည်။
ကိုယ်ပျောက်စွမ်းရည်ရှိသည့် အရာတစ်ခု ဖြစ်၏။
“ ငါ့ကံက ကောင်းလာတဲ့ပုံပဲ။ ပင်ကိုရတနာနှစ်ခုကို တစ်ခုပြီးတစ်ခု ဆက်တိုက်ရလိုက်တာပဲ” ဝမ်ဝေ့က ရေရွတ်လိုက်ပြီးနောက် သူ့ချီကံကောင်းမှုကို စစ်ဆေးကြည့်ပြီး ထိုအရာဖြင့် သူ့အား ထောင်ချောက်ဆင် မဖမ်းနိုင်ရန် သေချာအောင် စစ်ဆေးကြည့်လိုက်သည်။
ကံကောင်းခြင်းက ကိစ္စကောင်း ဖြစ်သော်လည်း ကံအရမ်းကောင်းလွန်းခြင်းမှာ တစ်စုံတစ်ခု မှားယွင်းနေသည့် လက္ခဏာ ဖြစ်၏။ ထို့ကြောင့် သူက သေချာအောင် ပြုမူရသည်။
“ ငါက နည်းစနစ်တစ်ခု ဖန်တီးထားတာဆိုတော့ မင်းအပေါ် စမ်းကြည့်ရအောင်” ဝမ်ဝေ့က ပြုံးလိုက်ပြီးနောက် ကြောက်ရွံ့နေသည့် လုပ်ကြံသတ်ဖြတ်သူကို ကြည့်လိုက်သည်။
“ ကံကြမ္မာ ဖြတ်တောက်ခြင်း”
လုပ်ကြံသတ်ဖြတ်သူက သူနှင့် ဆက်နွယ်နေသည့် အဝါရောင်ကြိုးမျှင် မြောက်များစွာ ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။ ထိုစဉ် ထိုကြိုးမျှင်များကို တစ်ခုပြီးတစ်ခု ဖြတ်တောက်နေသည့် ဓားတစ်ချောင်း ပေါ်ထွက်လာသည်ကိုလည်း မြင်လိုက်ရသည်။ ထို့နောက် ချက်ချင်းဆိုသလို သူ့မျက်နှာအထက် ကြောက်ရွံ့သည့် အမူအရာတစ်ခု ပေါ်ထွက်လာသည်။
သူက သူ့တည်ရှိမှုသည် ပယ်ဖျက်ခံနေရကြောင်း ခံစားမိလိုက်၏။ သူ့တည်ရှိမှုအကြောင်း သိထားသည့် လူအားလုံးက သူ့အကြောင်း မှတ်ဉာဏ်အားလုံးကို အတင်းအကြပ် ဖျောက်ဖျက်ခံလိုက်ရသည်။ ဗိမာန်အတွင်းမှ သူ့ပြိုင်ဘက်များဖြစ်စေ၊ နည်းပြဖြစ်စေ၊ ခေါင်းဆောင်ဖြစ်စေ သို့မဟုတ် သူချစ်မြတ်နိုးရသူလည်း အပါအဝင်သာ ဖြစ်၏။
သူက ဒဏ်ရာရနေစဉ်အတွင်း သူမနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်၏။ သူက သူစိမ်းတစ်ယောက်ဖြစ်နေသော်လည်း သူမက ဆေးကုသပေးခဲ့ပြီး ကြင်ကြင်နာနာ ဆက်ဆံပေးခဲ့သည်။ သူ တွေ့ဖူးသမျှ လူများထဲ သူမက အကြင်နာဆုံး ဖြစ်သောကြောင့် သူ့ဇစ်မြစ်ကို သူမဆီမှ ဝှက်ထားခဲ့သည်။
သူမနှင့် လက်တွဲဖော် ဖြစ်လာပြီးသည့်နောက်တွင် သူက တာဝန်မရှိသရွေ့ အတူတူ အချိန်ကုန်ဆုံးလေ့ရှိသည်။
သူ့ခေါင်းဆောင်က ယခုတစ်ခေါက် တာဝန်သည် ကျရှုံးနိုင်ချေများကြောင်း ပြောပြခဲ့သော်လည်း သူ အောင်မြင်မည်ဆိုပါက လွတ်လပ်ခွင့်ကို ရယူပြီး အမှန်တကယ် အခြေချနိုင်လိမ့်မည်။ လုပ်ကြံသတ်ဖြတ်သူက သူ့ခေါင်းဆောင်သည် လိမ်ညာနေတာ ဖြစ်နိုင်ကြောင်း သိထားသော်လည်း စတေးဖို့ရာ တုံ့ဆိုင်းနေခြင်း မရှိပေ။ အကြောင်းမှာ သူမနှင့် အတူတူ ရှိနိုင်မည့် အခွင့်အရေးဖြစ်နေ၍ ဖြစ်သည်။
ယခုတွင်မူ သူက သူမအတွက် မတည်ရှိတော့ပေ။ သူမက သူတို့ အတူတူ ပျော်ဖူးခဲ့သမျှ အချိန်များ၊ ဝမ်းနည်းမှုများ၊ မှတ်ဉာဏ်များကို မှတ်မိတော့မည် မဟုတ်ပေ။ ထိုကြိုးမျှင်တစ်ခု ဖြတ်တောက်လိုက်တိုင်း လုပ်ကြံသတ်ဖြတ်သူက သူ့အစိတ်အပိုင်းတစ်ခုသည် ပျောက်ကွယ်သွားပြီး သူ့တည်ရှိမှု အရိပ်အယောင်အားလုံး အတင်းအကြပ် ဖျောက်ဖျက်ခံလိုက်ရသည်ကို ခံစားမိလိုက်သည်။ ထိုကြိုးမျှင်အားလုံး ဖြတ်တောက်ပြီးသည်နှင့် သူက သေဆုံးသွားနိုင်ကြောင်း သိထားသည်။
သို့သော်လည်း သူက မှားယွင်းသွားခဲ့၏။ ထိုကြိုးမျှင်များအားလုံးကို ဖြတ်တောက်ပြီးသည့်နောက်တွင် သူ့အနားတွင် အကာအရံတစ်ခု ပေါ်ထွက်လာပြီး သူ့အား ကမ္ဘာမှ ပျောက်ပျက်မသွားအောင် ကာကွယ်ပေးထားဟန်ပေါ်သည်။
ထိုစဉ် ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။ သူက ထိုနည်းစနစ်ကို နောင်အနာဂတ်တွင် ထာဝရဧကရာဇ်များနှင့် ရင်ဆိုင်ဖြေရှင်းဖို့ ရှေ့ပြေးပုံစံအဖြစ် ဖန်တီးထားခြင်း ဖြစ်သည်။ သူတို့၏ အကျိုးအကြောင်းအရာအားလုံးကို ဖျောက်ဖျက်ခြင်းဖြင့် သူတို့၏ တည်ရှိမှုကို ပယ်ဖျက်နိုင်လိမ့်မည်။
သမိုင်းကြောင်းမှာ သူတို့၏ အောင်မြင်မှုများ၊ သူတို့နာမည် ရေးထွင်းထားသည့် စာရွက်စာတမ်းများ၊ သူတို့ကို မှတ်မိသည့်လူအားလုံးလည်း အပါအဝင် ဖြစ်၏။
ဤသည်က သူ မျက်မှောင်ကြုတ်လိုက်ရသည့် အကြောင်းအရင်း မဟုတ်ပေ။ သူက ဤရှေ့ပြေးပုံစံနှင့် ပတ်သက်ပြီး အလွန်ကျေနပ်နေမိသည်။ သူ မျက်မှောင်ကြုတ်လိုက်ရသည့် အကြောင်းအရင်းမှာမူ သူ့မန္တန်မှ သက်ရောက်ခြင်း မရှိသည့် တည်ရှိမှုတစ်ခုကို ခံစားလိုက်ရ၍ ဖြစ်သည်။
ထိုတည်ရှိမှုက ဤလုပ်ကြံသတ်ဖြတ်သူနှင့် ကံကြိုးမျှင် ရှိမနေပေ။ ပြောရလျှင် အနည်းဆုံးတော့ ဝမ်ဝေ့ ယခု မမြင်နိုင်သေးပေ။ ဝမ်ဝေ့က ထိုလူသည် ထိုမန္တန်ဖြင့် သက်ရောက်မခံရကြောင်း ခံစားမိလိုက်စဉ် ထိုတည်ရှိမှုက လုပ်ကြံသတ်ဖြတ်သူကို အလိုရှိပါက အမှတ်ရနေနိုင်ပြီး သူ့အား ပျောက်ကွယ်သွားခြင်းမှ ကာကွယ်ပေးထားနိုင်သည်။
ဒီလူက တာအိုသင်္ချိုင်းမြေနဲ့ ဆက်နွယ်နေတဲ့လူများ ဖြစ်နေမလား
ထိုသို့စဉ်းစားပြီးသည့်နောက်တွင် သူက လက်ဝှေ့လိုက်ပြီးနောက် လုပ်ကြံသတ်ဖြတ်သူအား ပုတီးစေ့အဖြစ် ပြောင်းကာ အထဲတွင် စည်းပိတ်ထားလိုက်သည်။ ထိုသူက တခြားအသုံးဝင်သည့် အရာများရှိလာနိုင်သည်ဟု ထင်နေမိသည်။
ထို့နောက် သူက တုံ့ဆိုင်းခြင်းမရှိ လေဟာနယ်ကို ဆုတ်ဖြဲကာ ယုမိသားစုနယ်မြေသို့ ဦးတည်လိုက်သည်။