ဖက်တီးလေး
Vol. 31 Ch. 430
အခန်း (၄၃၀) : ဖက်တီးလေး
လီကျွင်းက လက်ထဲတွင် ငါးမျှားတံ တစ်ခုကို ကိုင်ရင်း လှေငယ်လေး တစ်ခုအပေါ်တွင် ထိုင်နေသည်။ သူက ထိုနေရာတွင် ရှိနေသည်မှာ လွန်ခဲ့သည့် နှစ်ရက်ကတည်းက ဖြစ်၏။ ရေကန်က သူ့စိတ်လို မဟုတ်ဘဲ ကြည်လင်ကာ အေးမြနေသည်။
တည်ငြိမ်နေသည့် ရေမျက်နှာပြင်အထက် လှိုင်းတွန့်လေးတစ်ခု ပေါ်ထွက်လာပြီး သူ့ကြိုးက တစ်စုံတစ်ခု ဖမ်းမိသွားကြောင်း ပြသနေသည်။ သို့သော်လည်း လီကျွင်းက အဝေးတစ်နေရာကိုသာ ငေးငေးမောမော ကြည့်နေလေသည်။ ထို့ကြောင့် ယခင်ရက်ပိုင်းအတွင်း အကြိမ်နှစ်ဆယ်မြောက်အနေဖြင့် သူ ဖမ်းထားသည့် ငါးက ထွက်ပြေးသွားလေသည်။
“ ရှင်က ငါးစာကို ဖြုန်းတီးနေတာပဲ” ရုတ်ချည်းဆိုသလို အသံတစ်သံ ထွက်ပေါ်လာသည်။ ရေကန်ထဲရှိ ငါးများက ဂုဏ်သတ္တိမြောက်များစွာရှိသည့် ဝိညာဉ်ငါးများ ဖြစ်၏။ ထို့ကြောင့် သူတို့ကို မျှားမည့် ငါးစာကလည်း အလွန်တန်ဖိုးကြီးလှသည်။
လီကျွင်းက ပန်းနံ့သင်းနေသည့် မိန်းမလှလေးကို ကြည့်ကာ တောင့်တောင့်တင်းတင်းကြီး ပြုံးလိုက်သည်။
“ ရှင် စကားပြောဖို့ အဆင်သင့် မဖြစ်သေးဘူးလား” ယန်းလီလင်းက မေးလိုက်သည်။
လီကျွင်းက မြစ်ကို ကြည့်လိုက်ပြီးနောက် “ မင်း အသုံးမကျသလို ခံစားဖူးလား”
“ ရှင် ဘာကို ပြောချင်တာလဲ”
“ အစ်ကိုကြီးအတွက် ပြောတာ။ မင်း အဲလိုမျိုး ခံစားဖူးလား”
ယန်းလီလင်းက နားထောင်နေရင်း တိတ်ဆိတ်သွားလေသည်။
“ ကိုယ်ပြောတာက မင်း စဉ်းစားကြည့်ရင် ကိုယ်တို့က သူ့အတွက် ဘာမှလုပ်မပေးနိုင်ဘူး။ တကယ်ဆို သူ့ကို နှောင့်နှေးအောင် လုပ်မိတာ ကိုယ်တို့တောင် ဖြစ်နေသေးတယ်”
ထိုအတွေးက လီကျွင်း၏ စိတ်ထဲ ရောက်ရှိနေသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ ချီကံကောင်းမှုစစ်ဆေးပွဲအတွင်း သူတို့က ရည်ရွယ်ချက်အစစ်အမှန် မရှိခဲ့ကြပေ။ သူတို့ပြုမူသည့် အနေအထားက ဂိုဏ်းမှ တခြားတပည့်များနှင့် အစားထိုးနိုင်လေသည်။
သူတို့ ကောင်းကင်ဘုံဗိမာန်ကမ္ဘာတွင် လုပ်ဆောင်ခဲ့သည့်အရာကလည်း အတူတူသာ ဖြစ်၏။ တခြားတပည့်များကလည်း ထိုအရာကို အလွယ်တကူ အုပ်စိုးနိုင်လိမ့်မည်။
ထို့နောက် ကောင်းကင်ရွေးချယ်ခံ စစ်ဆေးပွဲအတွင်း သူက တစ်ခါက အနိုင်ပိုင်းဖူးသည့် ဖန်းလီကျွမ်းထံ ရှုံးနိမ့်သွားပြီး သူ့အစ်ကိုကြီးအား နေရာရယူပေးဖို့ ကျရှုံးခဲ့သည်။
တိထျန်းနှင့် ပတ်သက်လာသည့်အခါတွင်လည်း သူက ဘာကိုမှ အာရုံမခံမိသည့်အပြင် အကူအညီအစား ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေလေ၏။
ထို့ကြောင့် လီကျွင်းက အဖွဲ့အတွင်း သူ့တန်ဖိုးအား မေးခွန်းထုတ်လာမိသည်။
ယန်းလီလင်းက ခင်ပွန်းဖြစ်သူ၏ မှေးမှိန်နေသည့်အကြည့်များကို ကြည့်လိုက်ပြီးနောက် သူသည် အဓိပ္ပာယ်မရှိ လျှောက်ပြောနေကြောင်း သိလိုက်သည်။ ယခု သူ စိတ်ဓာတ်ကျနေသည့် ရလဒ်က နှလုံးသားနတ်ဆိုးကြောင့် ဖြစ်၏။
သူ့အောင်မြင်မှုများက သာမန်တပည့်များ သို့မဟုတ် သာမန်သူများဖြင့် အစားထိုးနိုင်မည် မဟုတ်ပေ။ တိုက်ပွဲအတွင်း ဖန်းလီကျွမ်းကို အနိုင်ယူဖို့အတွက် အပြိုင်အမွေခံသားတော်များပင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
ကောင်းကင်ဘုံဗိမာန် ကမ္ဘာအတွက်မူ အထွတ်အထိပ်နတ်ဘုရားတချို့က သူတော်စင်အဆင့်သို့ ရောက်ရှိနေကြသောကြောင့် ဂိုဏ်းအနေနှင့် ထိုကမ္ဘာကို အုပ်စိုးဖို့ လက်ရှိအခြေအနေအရ မဖြစ်နိုင်ခဲ့ပေ။
တိထျန်းအတွက်မူ ဂိုဏ်း၏ အစစ်အမှန်အုပ်ချုပ်သူများပင် အင်အားမဲ့နေပြီး အစ်ကိုကြီးဝမ်ဝေ့ကိုယ်တိုင်ပင် ဘာမှသတိမထားမိခဲ့သောကြောင့် သူတို့ တတ်နိုင်သည့် အရာတော့ မဟုတ်ပေ။
ထိုသို့ အကျိုးအကြောင်းသင့် ပြောလိုက်ခြင်းက လီကျွင်း၏ အောင်မြင်မှုအားလုံးကို ဝမ်ဝေ့တစ်ယောက်တည်း လုပ်ဆောင်နိုင်သည်ဟု ပြောသလို ဖြစ်သွားမည်။ သူက တိုက်ပွဲတိုင်းပြည်ကမ္ဘာနှင့် ကောင်းကင်ဘုံဗိမာန်ကမ္ဘာနှစ်ခုလုံးကို အုပ်စိုးနိုင်လေသည်။ သို့သော်လည်း ထိုချဉ်းကပ်မှုတွင် ပြဿနာတစ်ခု ရှိနေသေး၏။
ကံကောင်းမှုစစ်ဆေးပွဲတွင် ဝမ်ဝေ့က တိုင်းပြည်ကို အုပ်စိုးဖို့ အကူအညီ လိုအပ်ခဲ့သေးသည်။ အကယ်၍ သူသာ အုပ်ချုပ်သူ၊ စစ်သူကြီးနှင့် အမတ်ချုပ်နေရာအထိ ပါဝင်လှုပ်ရှားနေရလျှင် စိတ်ရောကိုယ်ပါ ပင်ပန်းသွားလိမ့်မည်။ တချို့သောအချိန်တွင် ကောင်းကင်ရွေးချယ်ခံများက သူ့အခြေအနေကို အခွင့်ကောင်းယူကြလိမ့်မည်။
ကောင်းကင်ဘုံဗိမာန်ကမ္ဘာအတွက်မူ သူက မူလဆေးလုံးတာအိုဂိုဏ်းသို့ ကျူးကျော်ဖို့ အချိန်ယူခဲ့ပြီးမှ ကမ္ဘာကို အုပ်စိုးကာ လူဦးရေသည် သူ့အစီအစဉ်အတွက် သင့်တော်အောင်အထိ သေချာစောင့်ကြည့်ရမည်။ ထိုအချိန်တွင် သူ့ ကျင့်ကြံရေးအချိန်အပေါ် သက်ရောက်မှု ရှိလာလိမ့်မည်။
ရလဒ်အနေဖြင့် ယခုလောက် အားကောင်းနေမည် မဟုတ်တော့ပေ။ ထို့ကြောင့် လီကျွင်း၏ စကားများက နှလုံးသားနတ်ဆိုး၏ ပုံရိပ်ထင်ဟပ်မှု တစ်ခုကလွဲ၍ ဘာမှမဟုတ်ပေ။
ယန်းလီလင်းက သူတို့၏ တည်ရှိမှုသည် ရည်ရွယ်ချက် နှစ်ခုရှိနေကြောင်း နားလည်ထားသည်။ တစ်ခုက ဝမ်ဝေ့သည် တခြားသော အသေးအမွှားကိစ္စများဖြင့် ရှေ့ဆက်မတိုးနိုင်သလို ဖြစ်နေခြင်းမှ ကာကွယ်ဖို့ ဖြစ်၏။ ဤနည်းဖြင့် သူ့အင်အားက တခြားဘာကိုမှ စိုးရိမ်စရာမလိုဘဲ သိသိသာသာ တိုးမြှင့်လာလိမ့်မည်။
ဒုတိယအရေးကြီးဆုံးကမူ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲတွင် သူ့ဒိုင်းဖြစ်ပေးဖို့ ဖြစ်၏။
ထိုတိုက်ပွဲတွင် အသုံးအများဆုံး နည်းဗျူဟာတစ်ခုမှာ ကောင်းကင်ရွေးချယ်ခံများကို ဝိုင်း၍ တိုက်ခိုက်ခြင်း ဖြစ်၏။ အထူးသဖြင့် အရေးသာချက် ရှိနေသည့် လူများကို ဖြစ်သည်။ တခြားသော ကောင်းကင်ရွေးချယ်ခံများက အတူတကွ ပူးပေါင်းကာ ပလ္လင်ရနိုင်ချေ အခွင့်အရေး အမြင့်ဆုံးရှိသည့်သူကို ဝိုင်း၍ တိုက်ခိုက်ကြလိမ့်မည်။
သူတို့က လုပ်ကြံသတ်ဖြတ်မှု၊ အဆိပ်၊ ကျိန်စာ၊ တားမြစ်မန္တန်များနှင့် ယှဉ်ပြိုင်သူများ၏ မိသားစုနှင့် ချစ်မြတ်နိုးသူများကိုပင် ဓားစာခံအဖြစ် ခေါ်ဆောင်သည့် နည်းလမ်းများကိုပင် အသုံးပြုလာလိမ့်မည်။ ထို့ကြောင့် ဂိုဏ်းများ သို့မဟုတ် အင်အားစုများက တစ်ဖက်လူကို ပျက်စီးအောင် လုပ်ဖို့အတွက် သူတို့ကိုယ်သူတို့ ဖောက်ခွဲဖို့ ရည်ရွယ်ချက်ရှိသည့် အသေခံလူများကို ပြုစုပျိုးထောင်ခဲ့ကြသည်။
ဧကရာဇ်မျိုးနွယ်နှင့် အင်အားစုများက သူတို့ပိုင်နက်အတွင်းမှ အထွတ်အထိပ် နယ်မြေများနှင့် တော်ဝင်နယ်မြေများထံ ထိုတိုက်ပွဲအတွင်း အမြှောက်စာအဖြစ် အသုံးပြုဖို့ လူများကို တောင်းဆိုကြလိမ့်မည်။ အပြန်အလှန်အားဖြင့် သူတို့က ဆုလာဘ်များ ရက်ရက်ရောရော ပေးကြလိမ့်မည်။ တစ်ခါတစ်ရံတွင် သူတို့ကို အတင်းအကြပ် ဖိအားပေးနိုင်သည်။
လီကျွင်းနှင့် အခြားသူများ၏ တည်ရှိမှုက ထိုလူများကို တားဆီးဖို့ ဖြစ်၏။ ဝမ်ဝေ့သည် ထိုလူများကို အလွယ်တကူ သုတ်သင်နိုင်လျှင်ပင် သူ့အနေနှင့် ဖြစ်စဉ်အတွင်း အနည်းငယ် ဒဏ်ရာရရှိသွားနိုင်သလို သူ့သက်လုံအားလည်း လျော့ကျသွားနိုင်ပြီး စိတ်အခြေအနေကလည်း အထွတ်အထိပ်တွင် ရှိမနေခြင်း ဖြစ်နေနိုင်သည်။
ထိုသို့သော အနည်းငယ် အရေးနိမ့်မှုတို့က သူ့အား ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို ရှုံးနိမ့်သွားဖို့ အကြောင်းအရင်း ဖြစ်လာစေနိုင်သည်။ အထူးသဖြင့် တိထျန်းလိုမျိုး ရန်သူနှင့် တွေ့ဆုံသည့်အခါတွင် ဖြစ်၏။ ထို့ကြောင့် အဖွဲ့၏ ရည်ရွယ်ချက်က ထိုလူများနှင့် နည်းဗျူဟာများကို ရင်ဆိုင်တိုက်ခိုက်ဖို့ဖြစ်ပြီး လိုအပ်လာပါက သူတို့သည်လည်း ဝမ်ဝေ့၏ ရန်သူအပေါ် နည်းလမ်းအတူတူ အသုံးပြုနိုင်လေသည်။
ဤသည်က သူတို့အတွက် ဖော်ဆောင်ထားသည့် တာဝန် မဟုတ်သော်လည်း ဧကရာဇ်၏ စစ်သူကြီးဟူသော အတွေးအခေါ်က အသင်္ချေအင်ပါယာကမ္ဘာတစ်လျှောက် ပျံ့နှံ့နေပြီဖြစ်၏။ ကောင်းကင်ရွေးချယ်ခံအားလုံးက သူတို့ကို ကူညီဖို့အတွက် ဂိုဏ်းမှ လေ့ကျင့်ပေးထားသည့် စစ်သူကြီးတစ်ယောက် ရှိတတ်ကြသည်။
ထိုစစ်သူကြီးအားလုံးက ဝမ်ဝေ့နှင့် လီကျွင်းလိုမျိုး နီးကပ်နေသည်တော့ မဟုတ်ကြပေ။ ထိုသူများက သူတို့လောက် အရင်းအမြစ်နှင့် လေ့ကျင့်ရေးများ လက်ခံရကြမည် မဟုတ်ပေ။ စစ်သူကြီးအများစုက ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွင်း လိုအပ်လာသည့်အခါ စတေးခံနယ်ရုပ်များအဖြစ်သာ သတ်မှတ်ခံကြရသည်။
လီကျွင်းနှင့် ဝမ်ဝေ့အပြင် ခြွင်းချက်များ ရှိနေသေးသည်။ နမူနာအနေဖြင့် ကျီစုန့်၏ အစ်ကိုကြီးသည် ကျီစုန့်၏ အဓိကစစ်သူကြီး ဖြစ်ဖို့ စီစဉ်ထားခဲ့သည်။
ယန်းလီလင်းက သက်ပြင်းချလိုက်ပြီးနောက် သိုလှောင်လက်စွပ်အတွင်းမှ စာတစ်စောင် ထုတ်ကာ ပေးလိုက်၏။
လီကျွင်းက မျက်မှောင်ကြုတ်ကာ ဖတ်ရှုလိုက်ပြီးသည့်နောက် “ ဒါက…”
“ ဟုတ်တယ်။ ဒါက အစ်ကိုကြီးရဲ့ စက်မှုလုပ်ငန်းနဲ့ အမြောက်အများ ထုတ်လုပ်မဲ့ အစီအစဉ်အပေါ် အခြေခံထားတာ။ ယခင်နှစ်ထောင်ပိုင်းအတွင်းမှာ ကျွန်မက ဒီရှေ့ပြေးပုံစံကို ဖန်တီးဖို့ အသုံးအဆောင်ဖန်တီးတဲ့ အတတ်ပညာကို လေ့လာခဲ့တယ်။”
“ မင်းက ဘာပြောချင်တာလဲ”
“ ကျွန်မ ပြောချင်တာက ရှင့်ကိုယ်ရှင် ယုံကြည်မှု နည်းပါးနေတာက ရှင့်အင်အားကင်းမဲ့နေလို့ပဲ။ အစ်ကိုကြီးက သူ့အတွက် အသုံးဝင်ဝင်၊ မဝင်ဝင် ဂရုမစိုက်ဘူးဆိုတာ ရှင်သိထားပေမဲ့ ရှင့်အားနည်းချက်ကို ရှင့်ဘာသာရှင် လက်မခံနိုင်သေးဘူး။ အဲဒါကြောင့် ရှင်သာ အားကောင်းလာသရွေ့ အရာအားလုံး အဆင်ပြေသွားလိမ့်မယ်”
လီကျွင်းက ခေတ္တမျှ ရပ်တန့်သွားပြီးနောက် သူမစကားသည် မှန်ကန်ကြောင်း သဘောပေါက်လိုက်သည်။ သူ့ ခံစားချက်များနှင့် အတွေးအခေါ်များက သူ့ ယုံကြည်မှုချက်နှင့် အင်အားကင်းမဲ့မှုမှ ဖြစ်တည်လာခြင်း ဖြစ်၏။
သူ့တစ်စိတ်တစ်ပိုင်းကမူ မည်သူမှ မကြိုက်သည့် ဖက်တီးလေး တစ်ယောက်သာ ဖြစ်နေဆဲဟု တွေးထင်နေမိပြီး အနိုင်ကျင့်မခံရသရွေ့ မည်သူကမှ အာရုံမစိုက်ကြဘဲ နိမ့်ပါးသည့် သူ့ပါရမီကြောင့် အားလုံးက သူ့အား အထင်သေးကြလေသည်။
သူကို အားကိုးပေးမည့် အစ်ကိုကြီးသာ မရှိခဲ့လျှင် သူ့အနေနှင့် ယခင်နှစ်ထောင်ပိုင်းအတွင်း ရရှိလာသည့် အင်အားနှင့် ယုံကြည်ချက်မျိုးကို ဘယ်တော့မှ ရရှိနိုင်မည် မဟုတ်ပေ။
လီကျွင်းအနေဖြင့် သူ့အစ်ကိုကြီး မဟာဧကရာဇ်ဖြစ်လာရန်အတွက် သူ့အသက်ကို ပေးဆပ်ရမည်ဆိုလျှင်ပင် သူ တတ်စွမ်းသမျှ အရာအားလုံးကို လုပ်ဆောင်ပေးမည်ဟု ကျိန်ဆိုထားခဲ့သည်။ သူ့ အံ့ဖွယ်ခန္ဓာကိုယ်အဆင့် ဝင်ရောက်ခဲ့စဉ်အခါကပင် သူ့ကံကြမ္မာကောင်း မီးတောက်အတွင်း ထည့်သွင်းခဲ့သည့် အိပ်မက်နှင့် ရည်ရွယ်ချက်မှာ ဝမ်ဝေ့၏ လမ်းစဉ်အတွင်း အနှောင့်အယှက်ဖြစ်နေသည့် အရာအားလုံးကို ဖယ်ရှားပေးမည့် လှံတစ်ချောင်း ဖြစ်ဖို့ဖြစ်သည်။
ကံဆိုးစွာဖြင့် လတ်တလော အဖြစ်အပျက်များက သူသည် သူ့ရည်မှန်းချက်အတိုင်း မလိုက်နိုင်ကြောင်း သက်သေပြသွားခဲ့သည်။ ထို့ကြောင့် သူက သူ ယုံကြည်ထားသမျှ အရာအားလုံးနှင့် လုပ်ဆောင်ခဲ့သမျှ အရာအားလုံးအပေါ် မေးခွန်းထုတ်လာမိသည်။
သို့သော် ယန်းလီလင်း ပြောသကဲ့သို့ သူ့စိတ်ရှုပ်ထွေးမှုနှင့် သံသယများက အင်အားကင်းမဲ့မှုကြောင့်သာ ဖြစ်၏။ ကျင့်ကြံရေးလောကတွင် ဤသို့သော ရိုးရှင်းသည့်အချက်ကြောင့် စိတ်ဓာတ်ကျသွားသည်မှာ ရှက်စရာကောင်းလှသော်လည်း အမှန်တရားကမူ မလိုလားသော်လည်း အမှန်တရားဖြစ်နေဆဲသာ ဖြစ်၏။
“ မင်း ပြောတာမှန်တယ်။ ဒါပေမဲ့ ဒါက အလွယ်တကူ ဖြေရှင်းလို့ရတဲ့ကိစ္စ မဟုတ်ဘူး။ ကိုယ့်လက်ရှိအင်အားနဲ့ ရုတ်တရက် အင်အားတိုးမြင့်လာဖို့ဆိုတာ အလွန်ခက်တယ်”
သူက သူ့အခြေခံအုတ်မြစ်ကို တတ်နိုင်သမျှ အမြင့်ဆုံးအထိ တိုးမြှင့်ထားပြီးသား ဖြစ်၏။ ထို့ကြောင့် ဤအဆင့်တွင် သူ့စွမ်းဆောင်ရည်အား တိုးမြှင့်ဖို့ မဖြစ်နိုင်တော့ပေ။
“ နည်းလမ်း ရှိပါတယ်” ယန်းလီလင်းက ဖြေလိုက်သည် “ အစ်ကိုကြီးက ဂိုဏ်းမှာ ရှားပါးတဲ့ အရင်းအမြစ်တွေရှိတယ်လို့ မပြောဘူးလား။ ရှင်က အဲဒီစစ်ဆေးမှုကို အောင်မြင်ပြီး ရယူနိုင်တာနဲ့ ရှင့်အင်အားက သိသိသာသာ တိုးမြင့်လာလိမ့်မယ်”
လီကျွင်းက ထိုအရာကို တွေးလိုက်ပြီးနောက် အကြည့်များက တောက်ပသွားသည်။ လီမိသားစု၏ အမွေဆက်ခံသူ တစ်ယောက်အနေဖြင့် သူသည် ထိုစစ်ဆေးမှုတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရှိလေသည်။ သူသာ သူ့အဖေကို ပြောလိုက်သည်နှင့် စစ်ဆေးမှုဝင်ဖြေဖို့ ပြဿနာရှိတော့မည် မဟုတ်ပေ။
သူက တုံ့ဆိုင်းနေခြင်း မရှိဘဲ တစ်နေရာသို့ ပျံသန်းသွားလိုက်သည်။ သို့သော်လည်း စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက ပြန်လှည့်လာကာ ယန်းလီလင်း၏ ပါးပြင်အား နမ်းရှုံ့ပြီး ပြောလိုက်သည် “ ကိုယ် မင်းကို ချစ်တယ်”
ထို့နောက် သူက တစ်ဖန် ထွက်သွားပြီး ပြုံးနေသည့် မိန်းမလှလေးအား ချန်ထားခဲ့သည်။
“ တကယ်လို့ သူသာ အစ်ကိုကြီးလိုမျိုး လူတစ်ယောက်တည်းကိုပဲ ချစ်မြတ်နိုးနေရင် တကယ်ကို ပြီးပြည့်စုံသွားမှာပဲ” ယန်းလီလင်းက ရေရွတ်လိုက်သည် “ ဘာပဲဖြစ်ဖြစ် ငါက အိမ်တော်ရဲ့ အရှင်သခင်မ ဖြစ်နေသရွေ့ အားလုံးကို လက်ခံနိုင်ပါတယ်”
ထိုစဉ် မျှော်လင့်ချက်မြို့ရှေ့တွင် အာကာပြင်အက်ကြောင်းတစ်ခု ပေါ်ထွက်လာပြီး ခဲဖြူရောင်ဆံပင်၊ မျက်ဝန်းနှင့် ခန့်ညားကြော့ရှင်းနေသည့် အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။