ယုယုန်
Vol. 31 Ch. 434
အခန်း (၄၃၄) : ယုယုန်
ဝမ်ဝေ့တို့က ကျဉ်းသော်လည်း သက်တောင့်သက်သာရှိသည့် အခန်းငယ်အတွင်း တင်ပျဉ်ခွေ ထိုင်နေကြသည်။ သူတို့ရှေ့တွင် လတ်တလောလေးမှ ကျိုချက်ထားသည့် အဖန်ရည်ပူပူ ရှိနေပြီး နှစ်ဦးသားက စကားပြောနေကြသည်။
လူအိုကြီးက သူ့မြေးအား ချုံငုံကြည့်လိုက်ပြီးနောက် ပြောလိုက်သည် “ မင်းကို ကြည့်စမ်းပါဦး။ အခု အရွယ်ရောက်လိုက်တာ။ မျက်စိတစ်မှိတ်အတွင်း လောကကြီးအကြောင်း သိချင်စိတ်တွေ ပြည့်နှက်နေတဲ့ ကောင်လေးက အခုတော့ လူငယ်တစ်ယောက် ဖြစ်လာခဲ့ပြီ။ သူ့ဇနီးတောင် ရတဲ့ လူငယ်ပေါ့။ မကြာခင်မှာ မိသားစု ရလာတော့မယ်”
ယုယုန်က လွန်ခဲ့သည့် နှစ်ထောင်ခန့်အချိန် သူ့မြေးမွေး ဖွားလာခဲ့သည့်အခိုက်အတန့်ကို ပြန်လည်မစဉ်းစားဘဲ မနေနိုင်တော့ပေ။ ထိုစဉ်အခါက သူသည် ဒဏ်ရာများ ကုသနေဆဲဖြစ်သည့်အတွက် သွားရောက်မတွေ့ဆုံနိုင်ခဲ့ပေ။ ထို့ကြောင့် သူက ကိုယ်ပွားကိုသာ စေလွှတ်ခဲ့သည်။
သူ ဝမ်ဝေ့ကို ပွေ့ချီလိုက်သည့် ပထမဆုံးအကြိမ်ကို အမှတ်ရနေသေးသည်။ သူက မွေးဖွားလာခါစ ဖြစ်သော်လည်း သူ့အကြည့်များက ဉာဏ်ပညာနှင့် လင်းလက်နေကာ သူ့ဘေးနားမှ ကမ္ဘာအား လေ့လာနေဟန်ပေါ်သည်။
သူ့အပြုံးက ဖြူစင်လှသည့်အတွက် ကောင်းကင်အလိုဆန္ဒတိုက်ပွဲ ပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ယုယုန်က အားပါးတရ ပြုံးမိသွားလေသည်။
“ အဘိုးကို ကျေးဇူးတင်ပါတယ်” ဝမ်ဝေ့က ပြုံးပြုံးလေးဖြင့် ပြောလိုက်သည်။
“ ငါ မင်းဘဝမှာ များများစားစား မပါဝင်နိုင်ခဲ့တာ တကယ်ကို စိတ်မကောင်းဘူး။ ငါတို့တွေ အတူတူ အချိန်ကုန်ဆုံးခဲ့ရင် ကောင်းသားပဲ”
“ အဘိုးရဲ့ အခြေအနေကို ကျွန်တော်နားလည်ပါတယ်။ ကျွန်တော် စိတ်ထဲမထားပါဘူး။ အဲဒါမှ ဒဏ်ရာရော ဘယ်လိုနေသေးလဲ” ဝမ်ဝေ့က သူ့အဘိုးသည် ရုပ်ပိုင်းဆိုင်ရာအရ အဆင်ပြေနေသည်ကို မြင်ကာ မေးလိုက်သည်။ သူ့ဝိညာဉ်အတွက်မူ သူက မနှောင့်ယှက်လိုသည့်အတွက် စစ်ဆေးမကြည့်ခဲ့ပေ။
သို့သော်လည်း ယုမျိုးနွယ်သည် စာသင်ကျောင်း ဖန်တီးသည့်ဖြစ်ရပ်မှ ကုသိုလ်အမြောက်အများ ရရှိလိုက်သည်။ ထိုအရာဖြင့် အခက်အခဲကို ဖြေရှင်းဖို့ သို့မဟုတ် ကုသဖို့အတွက် ပြဿနာရှိမည် မဟုတ်ပေ။
ယုယုန်က ထိုအရာကို ကြားပြီး သက်ပြင်းချကာ “ ငါ့ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာက ဘယ်တုန်းကမှ ပြဿနာ မဟုတ်ခဲ့ဘူး။ အဓိကက ငါ့ရဲ့ စိတ်နှလုံးသားပဲ”
ဝမ်ဝေ့က ထိုအရာကိုကြားပြီး မျက်မှောင်ကြုတ်လိုက်သည် “ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမှာ ဘာဖြစ်ခဲ့လို့လဲ။ အဘိုးရော၊ အဖေ့ဘက်က အဘိုးရောက တာအိုနှလုံးသား ဘာကြောင့် သက်ရောက်ခံလိုက်ရတာလဲ”
ယုယုန်က ထိုအရာကို ကြားပြီး အတိတ်ကို ပြန်ရောက်သွားသလိုမျိုး စဉ်းစားလိုက်သည်။
“ နေမင်းကိုးပါး ဧကရာဇ်ရဲ့ ဘွဲ့နာမည်ကို ကြားဖူးတယ်မလား။ အဲလိုလူမျိုးက ဘယ်လိုစည်းမျဉ်းကို ကျင့်ကြံမယ်ထင်လဲ”
“ သန့်စင်ယန် ဒါမှမဟုတ် မီးတောက်တာအို ပုံစံတစ်မျိုးမျိုး ထင်တယ်”
“ ဟား…ဟား…ဟား…ဟုတ်တယ်။ အဲဒါက လူအများစု တွေးထားတဲ့အရာပဲ” ယုယုန်က ပြောလိုက်သည်။ သူ့အသံတွင် ရူးသွပ်မှုတချို့ ပါဝင်နေလေ၏။
“ ငါတို့မျိုးဆက်မှာ ယန်ချန်း ဒါမှမဟုတ် နေမင်းကိုးပါး ဧကရာဇ်က အထွတ်အထိပ်နယ်မြေက ကောင်းကင်ရွေးချယ်ခံတစ်ယောက်ပဲ။ သူ့ရဲ့ မီးဓာတ်စည်းမျဉ်း ကျွမ်းကျင်မှုကြောင့် လူသိများတယ်။ သူ့ ရွယ်တူတွေနဲ့ ရင်ဆိုင်နေရင် သူက အမြဲလိုလို မီးတောက်စွမ်းအားကိုပဲ အသုံးပြုလေ့ရှိတယ်။
ဒါပေမဲ့ ကောင်းကင်အလိုဆန္ဒတိုက်ပွဲ အဆုံးသတ်ခါနီးမှာ လူငါးယောက်ပဲ ကျန်တော့တယ်။ ငါရယ်၊ မင်းအဘိုးရယ်၊ ယန်ချန်းရယ်၊ နောက်ထပ်လူ နှစ်ယောက်ရယ်ပေါ့။ ကောင်းကင်အလိုဆန္ဒက ပေါ်ထွက်လာပြီဆိုတော့ ငါတို့က အချင်းချင်း ကောင်းကင်အလိုဆန္ဒကို ဘယ်သူမှမရအောင် ထိန်းထားကြတာ”
ယုယုန်က အံကြိတ်လိုက်ပြီးနောက် သူ့မျက်ဝန်းအထက် အမုန်းတရားတချို့ ဖြတ်ပြေးသွားသည်။
“ ဓားသမားတစ်ယောက်ရဲ့ ဓားအစပျိုးခြင်းဆိုတဲ့ နည်းလမ်းကို သိလား”
“ သူတို့ဓားထဲမှာ ဓားအသိစိတ် ဒါမှမဟုတ် ဓားဆန္ဒကို နှစ်များစွာ သိမ်းဆည်းအားဖြည့်ထားပြီးတော့ သူတို့ဓားကို နောက်ထပ် ဆွဲထုတ်လိုက်တာနဲ့ သူတို့ရဲ့ ပုံမှန်ထက်သာလွန်တဲ့ စွမ်းအားကို ပြသနိုင်တယ်ဆိုတာမျိုးလား”
“ အတိအကျပဲ”
ဓားသမားအများစုက ထိုနည်းလမ်းများကို သူတို့ထက် အားကောင်းသည့်သူများနှင့် ရင်ဆိုင်သည့်အခါ အသုံးပြုလေ့ရှိကြသည်။
“ ယန်ချန်းကလည်း အတူတူလုပ်ခဲ့တာ။ ပုံရိပ်ယောင်ကလွဲရင်ပေါ့။ အဲဒီလူက ပုံရိပ်ယောင်တာအိုကို သူ့မီးဓာတ်စည်းမျဉ်းလိုမျိုး မြင့်မားတဲ့အဆင့်အထိ နားလည်နေမယ်လို့ ဘယ်သူမှ ထင်မထားကြဘူး။ ပြီးတော့ သူက အားကောင်းတဲ့ ပုံရိပ်ယောင်တစ်ခုကို နှစ်သိန်းချီ ပျိုးထောင်လာတာ။ တိုက်ပွဲနောက်ဆုံးအဆုံးသတ်မှာ ငါတို့တွေ စိတ်ရောကိုယ်ပါ ပင်ပန်းနေတဲ့အချိန် သူက အဲဒီပုံရိပ်ယောင်ကို ထုတ်လွှတ်လိုက်တယ်”
ယုယုန်၏ လက်ထဲမှ ဖန်ခွက်က ကွဲကြေသွားသော်လည်း သူက သတိထားမိဟန်မပေါ်ပေ။ သူ့အကြည့်များက ငေးမောနေဆဲ ဖြစ်၏။
“ အခြားလူနှစ်ယောက်ရဲ့ ကမ္ဘာဦးစိတ်ဝိညာဉ်က ပုံရိပ်ယောင်စွမ်းအားကြောင့် ချက်ချင်းပျက်သုဉ်းသွားတယ်။ ဝမ်ချန်နဲ့ ငါနဲ့က တိုက်ကွက်မှာ အသက်ရှင်ခဲ့ပေမဲ့ ငါတို့ရဲ့ တာအိုနှလုံးသားက ပြိုလဲလုနီးပါးဖြစ်သွားပြီးတော့ ဟာကွက်တွေအပြည့် ဖြစ်သွားတယ်။ ယန်ချန်းက တာအိုကို သက်သေပြပြီးတော့ အဲဒီအရှက်မဲ့တဲ့လူက နေမင်းကိုးပါးဆိုတဲ့ ဘွဲ့ကိုတောင် ယူသွားသေးတယ်”
ဝမ်ဝေ့က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။ ကျင့်ကြံသူတစ်ယောက်၏ တာအိုနှလုံးသားဒဏ်ရာက အပြင်းထန်ဆုံး ဖြစ်ကာ ကုသဖို့ရာ နည်းလမ်းမရှိပေ။
ထိုပြဿနာကို ဖြေရှင်းဖို့ ဆေးလုံး သို့မဟုတ် နည်းလမ်း တရားဝင် မရှိပေ။ ကုသိုလ်က ပြဿနာကို ဖြေရှင်းနိုင်သည်ဟု ဆိုသော်လည်း ပမာဏအမြောက်အများ မဟုတ်မချင်း ကုသပေးနိုင်မည် မဟုတ်ပေ။ သို့သော်လည်း ထိုသို့လုပ်ခြင်းက အကျိုးဆက်ကို ပိုမိုဆိုးရွားသွားစေနိုင်သည်။
ကျင့်ကြံသူ၏ တာအိုနှလုံးသားက ဟာကွက်များ ရှိနေခြင်းမှာ သူတို့၏ လောကအမြင်က သိသိသာသာ ပြောင်းလဲသွားခြင်း သို့မဟုတ် သက်ရောက်ခံရခြင်း သို့မဟုတ် သူတို့ချစ်မြတ်နိုးရသည့် အရာများပေါ် အလေးမထားတော့ခြင်း ကိစ္စရပ်များဖြစ်၏။ ဆိုလိုသည်မှာ သူတို့၏ ရည်မှန်းချက်နှင့် အိပ်မက်များက အရေးမပါတော့ပေ။
အချုပ်အားဖြင့်ပြောရလျှင် သူတို့၏ စိတ်နှလုံးသား သို့မဟုတ် တာအိုလမ်းစဉ် လျှောက်လှမ်းလိုသည့် စိတ်ဆန္ဒက ခိုင်မာခြင်း မရှိတော့ဘဲ ဆုံးဖြတ်ချက်များ၊ ရည်မှန်းချက်များ သို့မဟုတ် အတွေးအခေါ်များကိုပင် မေးခွန်းဆက်တိုက် ထုတ်လာမိသေးသည်။ အနှစ်ချုပ်ပြောရလျှင် ဤသည်က ကျင့်ကြံသူများကို သီးသန့်ဦးတည်ထားသည့် စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခု၏ အဆင့်မြင့်ပုံစံဟု ယူဆနိုင်လေသည်။
တစ်ခုတည်းသော ခြားနားချက်မှာ ထိုပြဿနာကို ဖြေရှင်းဖို့က သူတို့ကိုယ်သူတို့ ပြင်ဆင်ဖို့သာ ဖြစ်၏။ တခြားလူများက ကူညီဖို့အတွက် သူတို့နှင့် စကားပြောဆိုနိုင်သော်လည်း သူတို့ဘာသာသူတို့ မဖြေရှင်းသရွေ့ ပြဿနာက ပြောင်းလဲသွားမည် မဟုတ်ပေ။
ဝမ်ဝေ့က ထိုပြဿနာသည် သူ့အဘိုးများအတွက် မည်သို့ဖြေရှင်းရမည်ကို စတင်စဉ်းစားကြည့်ရမည်။ နေမင်းကိုးပါးဧကရာဇ် အတွက်ကိုမူ သူက တစ်ခုခု အမှားလုပ်ခဲ့သည်ဟု မထင်မိပေ။
ပလ္လင်တိုက်ပွဲမှာ ဘယ်တုန်းကမှ တရားမျှတခြင်း မရှိခဲ့ပေ။ ဝမ်ဝေ့က သူ့အကြီးများ၏ အတွေ့အကြုံမှ သင်ယူပြီး ထိုသို့ တူညီသည့် အခြေအနေမျိုး မတွေ့ကြုံရအောင် ဆုံးဖြတ်ခဲ့သည်။
သူ့အဘိုး၏ တုံ့ပြန်မှုအပေါ် မူတည်၍ ထိုမျှတင် မကသေးကြောင်း ခန့်မှန်းမိလိုက်၏။
“ ဒီလိုမျိုးဆိုးဆိုးရွားရွား မှတ်ဉာဏ်တွေကို ပြန်လည်မှတ်မိသွားစေတာ ကျွန်တော် တောင်းပန်ပါတယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“ ကိစ္စမရှိပါဘူးကွာ။ မင်းက ငါ့အတွေ့အကြုံကနေ သင်ယူပြီးတော့ ဒီလိုအမှားမျိုး မလုပ်မိစေဖို့ မျှော်လင့်ရတာပဲ” ယုယုန်က ပြောလိုက်သည်။
ထို့နောက် နှစ်ဦးသားက စကားအကြောင်းအရာအမျိုးမျိုးကို ဆက်လက် ပြောဆိုလိုက်ကြသည်။ ကမ္ဘာ့အဖြစ်အပျက်မှ ဝမ်ဝေ့၏ အတွေ့အကြုံများအထိ၊ ယုယုန်၏ အတွေ့အကြုံများအထိ၊ နောက်ဆုံးတွင် ကျင့်ကြံရေးအကြောင်းများပင် ပါဝင်လာခဲ့သည်။ သူတို့၏ စကားပြောဆိုမှုက နာရီပိုင်းကြာ ကြာမြင့်ခဲ့သည်။ ရုတ်ချည်းဆိုသလို နှစ်ဦးသားက သတိပြုမိကာ ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ သူတို့သာလျှင် မဟုတ်ဘဲ လူအများစုကလည်း ထိုရုတ်ချည်းအပြောင်းအလဲကို သတိပြုမိကြသည်။
“ ဒီလိုမျိုး များပြားလှတဲ့ ကြမ္မာပမာဏပါလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ယုတိုက်ယွိက ပြောလိုက်သည်။
“ လူတစ်ယောက်က လက်ရှိကောင်းကင်ရွေးချယ်ခံအားလုံးကို အနိုင်ယူလိုက်မယ်ဆိုရင်တောင် ဒီလိုမျိုး များပြားတဲ့ ကြမ္မာကို စုဆောင်းဖို့ မဖြစ်နိုင်ဘူး။ အဲဒါက ဘယ်သူလဲ”
“ အဲဒီနေရာမှာဆိုရင် သူပဲ ဖြစ်လိမ့်မယ်” ဝမ်ဝေ့က အကြည့်များတောက်ပလာပြီး ပြောလိုက်သည်။ ထိုလူက သူနှင့် ကံကြိုးမျှင် ရှိနေသောကြောင့် သူက ကြိုးမျှင်မှတဆင့် သူ့ကို စောင့်ကြည့်ထားလေသည်။
…………………………
အဆုံးမဲ့လေဟာနယ်၊ သတ်ဖြတ်ရေး စစ်ဆေးမှု
လူတစ်ယောက်ရှေ့တွင် ရွှေရောင်အရိုးခြောက် တစ်ခုရှိနေပြီး သူ့နဖူးအထက်တွင် လက်ချောင်းအရွယ် အပေါက်တစ်ခုရှိနေပြီး ကြောက်မက်ဖွယ်အသွင်မျိုး ဖြစ်နေလေသည်။
ထို့နောက် စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းများက ပြန်လည်ကောင်းမွန်လာပြီး လင်းဖန်၏ ခန့်ညားသည့် ရုပ်ရည်ကို ပြန်လည်ပြသလာသည်။ မျက်လုံးပေါ်တွင် အမာရွတ် ရှိနေဆဲ ဖြစ်၏။
“ ကျုပ်က နောက်ဆုံးအနိုင်ရရှိသူပဲ”
ထိုသို့ပြောပြီးသည့်နောက်တွင် သူက လူတစ်ယောက်၏ ခန္ဓာကိုယ်အပေါ် လက်တင်လိုက်သည်နှင့် အနက်ရောင်ဝဲကတော့ တစ်ခု ပေါ်ထွက်လာသည်။ ထိုလူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို စုပ်ယူလိုက်လေ၏။
ဒါက ငါ စုပ်ယူလိုက်တဲ့ ခုနစ်ခုမြောက် အကြွင်းမဲ့ဟွင်သွမ်းရုပ်ခန္ဓာပဲ။ နောက်ထပ်နှစ်ခုသာ ရမယ်ဆိုရင် ငါ့ကမ္ဘာဦးဟွင်သွမ်းရုပ်ခန္ဓာကို အသက်သွင်းနိုင်လိမ့်မယ်
သူက အာရုံများနေစဉ် ဝေဟင်ထဲ စာလုံးများ ထွက်ပေါ်လာသည်။
“ အသင်္ချေအင်ပါယာကမ္ဘာမှ လင်းဖန်က သတ်ဖြတ်ရေးစစ်ဆေးပွဲမှာ ၃၄၅၅၆၇ မြောက် အနိုင်ရရှိသူဖြစ်တဲ့အတွက် ဂုဏ်ပြုပါတယ်”
လူများစွာက အစီအရင်မှတဆင့် စောင့်ကြည့်နေကြသည်။ ထိုစစ်ဆေးပွဲတွင် ရှိနေသည့်လူအများစုက နောက်ဆုံးတိုက်ပွဲတွင် မပါဝင်ဖို့ သူတို့၏ အမှတ်များကိုပင် အသုံးပြုခဲ့ကြသည်။ ထိုလူများအတွင်း လူတချို့ကသာ တူညီသည့် အတွေးအခေါ်ရှိကြ၏။
ကြည့်ရတာ အသင်္ချေအင်ပါယာကမ္ဘာက ဒီမျိုးဆက်မှာ မြင့်တက်လာမဲ့ပုံပဲ။ ငါ အကြီးအကဲတွေကို ပြင်ဆင်ထားဖို့ လှမ်းအကြောင်းကြားရမယ်
ထိုစဉ် လင်းဖန်က နောက်ဆုံးဆုလာဘ် ပါဝင်နေသည့် သိုလှောင်လက်စွပ်ကို ရယူလိုက်သည်။ ထို့နောက် သူ့စံအိမ်သို့ ပြန်သွားလေ၏။ ထိုသိုလှောင်လက်စွပ်အတွင်း ပစ္စည်းသုံးခု ရှိနေသော်လည်း တစ်ခုချင်းစီက အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးလှသည်။
ပထမတစ်ခုက ဟွင်သွမ်းရတနာများ ဖြစ်၏။ သူ သိထားသလောက် ထိုသို့သော ရတနာမျိုးသည် ပင်ကို သို့မဟုတ် ဧကရာဇ်လက်နက်ထက်ပင် ပိုမိုတန်ဖိုးကြီးလှသည်။ အကြောင်းမှာ သူတို့က ရှားပါး၍ ဖြစ်သည်။
သူက သူ့အင်အား၏ ပမာဏအနည်းငယ်ကို အသုံးပြုနိုင်သော်လည်း ထိုအရာက သူ့ခွန်အား သို့မဟုတ် စွမ်းအားကို မြှင့်တင်ပေးနိုင်လိမ့်မည်။ ထို့အပြင် အထဲရှိ ဟွင်သွမ်းစွမ်းအားက သူ ဖန်တီးနေသည့် ကမ္ဘာဦးဟွင်သွမ်းရုပ်ခန္ဓာအတွက် ပြီးပြည့်စုံစွာ သင့်တော်နေသည်။
ဒုတိယဆုလာဘ်က တာအိုအရင်းအမြစ် မျိုးစေ့သုံးခု ဖြစ်၏။ နောက်တစ်ကြိမ်ဆိုသလို လင်းဖန်က နောက်ဆုံးဆုလာဘ်၏ ရက်ရောမှုကြောင့် အံ့အားသင့်သွားမိသည်။
ငါ ဒီမျိုးစေ့ကို အသုံးပြုပြီးတော့ ငါ့မိသားစု ပိုမိုအားကြီးလာပြီး ကျောင်းတော်မှာ အာဏာရှိလာအောင် လုပ်နိုင်တယ်
ထို့နောက် သူက ထိုမျိုးစေ့နှစ်ခုကို သူ့မိသားစုအတွက် ပေးကာ တစ်ခုကိုမူ ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်ဆီပေးဖို့ ဆုံးဖြတ်ခဲ့သည်။
နောက်ဆုံးတွင် လင်းဖန်က အဆုံးမဲ့ပါရမီဟု တပ်ထားသည့် စာအုပ်ကို ဖတ်ရှုလိုက်သည်။ သူ ထိုအရာကို ဖတ်ရှုပြီးသည်နှင့် မျက်မှောင်ကြုတ်လိုက်၏ “ တုယီနယ်ပယ်လား။ ဒါက ဝမ်ဝေ့ တစ်ယောက် ရှုရှစ်ရဲ့ပွဲမှာ အသုံးပြုသွားတဲ့ စွမ်းအားလား။ ဒီအချက်အလက်နဲ့ ငါ့အစီအစဉ်ကို ပြန်ပြီးတော့ ပြောင်းလဲနိုင်ပြီ”
လင်းဖန်က သူ့ခန္ဓာကိုယ်အတွင်း ကမ္ဘာတစ်ခု ဖန်တီးခြင်းမှာ မဟာတာအိုသုံးထောင်လုံးကို ထိန်းချုပ်နိုင်သော ပြီးပြည့်စုံသည့် နည်းလမ်းဖြစ်ကြောင်း သိခဲ့ရသည်။ ထို့ကြောင့် သူက ကမ္ဘာ့အသိုက်အဝန်းအသီးသီးမှ ကျင့်ကြံရေးနည်းစနစ်များကို သင်ယူကာ ကမ္ဘာဖန်တီးခြင်း လမ်းစဉ်နောက် လိုက်ခဲ့သည်။
သို့သော်လည်း တုယီနယ်ပယ်အဆင့်ကို သိရှိပြီးသည့်နောက်တွင် ပိုမိုကောင်းမွန်သည့် အကြံတစ်ခု ဖြစ်လာခဲ့သည်။ သူတော်စင်အဆင့်သို့ ဝင်ရောက်ပြီး လုံလောက်သည့် နယ်မြေပမာဏရအောင် ပြုစုပျိုးထောင်ပြီးသည်နှင့် သူ့နယ်မြေကို တကယ့်ကမ္ဘာအဖြစ် ပြောင်းလဲနိုင်လိမ့်မည်။
ထိုသို့လုပ်ခြင်းအားဖြင့် သူက မူလနည်းစနစ်၏ ကန့်သတ်ချက်ကို ကျော်လွန်ကာ တုယီနယ်ပယ်အဆင့်သို့ ဝင်ရောက်နိုင်လိမ့်မည်။
“ ဝမ်ဝေ့၊ တိထျန်း ငါ့ကို စောင့်နေ။ ငါက ငရဲကနေ တက်လာပြီ။ အခု ငါက မင်းတို့ လျစ်လျူရှုထားရမဲ့ လူ မဟုတ်တော့ဘူး”
ထိုသို့ပြောပြီးသည့်နောက်တွင် လင်းဖန်က တုံ့ဆိုင်းနေခြင်း မရှိဘဲ အိမ်သို့ ပြန်လာလိုက်သည်။ သူက ထွက်လာခဲ့ရသည်မှာ ကြာမြင့်လှပြီဖြစ်၏။
ထိုစဉ် လျှို့ဝှက်နေရာတစ်ခုအတွင်း ချန်းထုံက လင်းဖန် ထွက်သွားသည်ကို ကြည့်နေလိုက်သည်။
“ ဒီကောင်လေးက ဒီတစ်ကြိမ်ရဲ့ အနိုင်ရရှိသူလား။ အတော်လေး ပါရမီထူးသားပဲ။ ကံဆိုးတာက သူက အထွတ်အထိပ် တားမြစ်ခံ တစ်ယောက်ဖြစ်နေတာပဲ။ ဘာပဲဖြစ်ဖြစ်လေ သူ့မှာ အသက်ရှင်ဖို့ အခွင့်အရေး ရှိပါသေးတယ်”
သူက စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်သည်။ အနိုင်ရရှိသူက မဟာဧကရာဇ် သို့မဟုတ် ထာဝရဧကရာဇ် ဖြစ်လာလျှင် သူ့အတွက် ပိုတောင် အကျိုးအမြတ် ရှိသေးသည်။
ထိုစစ်ဆေးပွဲအတွင်း သူတို့ကြားမှ ကံဆက်နွယ်မှုကို အသုံးပြုကာ နောက်ပိုင်း သူ ပြန်လည်ရှင်သန်လာဖို့အတွက် အရင်းအမြစ်များစွာကို ရယူနိုင်လိမ့်မည်။ ကံဆိုးစွာဖြင့် သူတို့အားလုံးတွင် စစ်ဆေးပွဲမှ ပေးလိုက်သော အရေးသာချက်များ ရှိသော်လည်း လူတိုင်း အောင်မြင်ကြသည်တော့ မဟုတ်ပေ။