← Chapters

မင်းက ‘ရပ်လိုက်’ ဆိုတိုင်း ရပ်ရမှာလား

Vol. 45 Ch. 625

မင်းက ‘ရပ်လိုက်’ ဆိုတိုင်း ရပ်ရမှာလား

Vol. 45 Ch. 625

အခန်း (၆၂၅) မင်းက ‘ရပ်လိုက်’ ဆိုတိုင်း ရပ်ရမှာလား

ရန်ကျောက်ကဲ၏စကားသံများကြောင့် အဘိုးကြီး’ဝေ’ ၏ စိတ်ထဲတွင် အဆုံးမရှိ အေးစိမ့်မှုများ မြင့်တက်လာသည်။ ကျင့်ကြံခြင်းအဆင့်မြင့်မားလေ ရန်ကျောက်ကဲ မည်မျှကြောက်စရာကောင်းကြောင်း ထင်ရှားစွာ ခံစားရလေပင်။

သူက သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် ဖြစ်သည့်တိုင် ဝေယွင်စန်းကို ဖမ်းဆီးရန် ရန်ကျောက်ကဲ လှုပ်ရှားလိုက်သည်ကို မတွေ့မြင်နိုင်ခဲ့ပေ။

ရယ်ရင်းမောရင်း စကားပြောရင်းဖြင့်ပင် ဝေယွင်စန်း သတ်ဖြတ်ခံခဲ့ရပြီး အဘိုးကြီး’ဝေ’ မှာ တူဖြစ်သူကို မကယ်တင်နိုင်ဘဲ ဇက်ချိုးအသတ်ခံလိုက်ရသည်ကို မည်သို့မှမတတ်နိုင်စွာ ကြည့်နေခဲ့ရသည်။

ဤအဖြစ်အပျက်က အဘိုးကြီး’ဝေ’ ကို ခန္ဓာကိုယ်တစ်ခုလုံး အေးစက်တောင့်တင်းသွားစေသည်။

သူ့အရှေ့မှ ရန်ကျောက်ကဲက အမှန်တကယ်ပင် အသက်ငယ်ရွယ်သူတစ်ယောက်ဖြစ်ပြီး ငယ်ရွယ်ဟန် အသွင်ပြောင်းထားသူတစ်ယောက်မဟုတ်ကြောင်း အတည်ပြုပြီးသည့်နောက် သူ ပိုမိုတုန်လှုပ်သွားပြီး လှည့်ထွက်ပြေးချင်စိတ်များပင် ပေါက်လာသည်။

ရန်ကျောက်ကဲက အဘိုးကြီး’ဝေ’ ကိုကြည့်ကာ ပြုံးရင်း...

“ငါ မင်းတို့ ဒီနေရာကိုရောက်လာအောင် တမင်သက်သက် မျှားခေါ်လိုက်တာဆိုတော့ ထွက်ပြေးလို့တော့ရမယ်မထင်နဲ့”

အဘိုးကြီး’ဝေ’ က လက်နှစ်ဖက်လုံး အပေါ်သို့ ပင့်မြှောက်လိုက်ပြီး ‘မိုးဖြိုတိမ်တိုက်လက်ဝါးသိုင်း’ အား ပြင်းထန်စွာ ထုတ်ဖော်လိုက်သည်။ ကောင်းကင်ထက်တွင် လှုပ်ရှားနေသော တိမ်တိုက်များထွက်ပေါ်လာပြီး အကန့်အသတ်မဲ့ လှိုင်းလုံးများအဖြစ် ပြောင်းလဲသွားကာ ရန်ကျောက်ကဲကို ထိမှန်သွားသည်။

အဘိုးကြီး’ဝေ’ ၏ ခန္ဓာကိုယ်ထက်တွင် ကြီးမားသော ပုံရိပ်ကြီးတစ်ခုထွက်ပေါ်လာသည်။ သူ၏ အစစ်အမှန်သိုင်းကိုယ်ခွဲဖြစ်သော ‘မိုးဖြိုတိမ်တိုက်လက်ဝါးသိုင်း’ ကိုယ်ခွဲပင် ဖြစ်၏။

မိုးဖြိုတိမ်တိုက်လက်ဝါးသိုင်း၏ အနှစ်သာရကို ထင်သာမြင်သာ ထုတ်ဖော်နိုင်ပြီး ခမ်းနားထည်ဝါသော သဘာဝလွန်ဆန်သည့် တိမ်တိုက်များ ၊ မြူခိုးများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော အစစ်အမှန်သိုင်းကိုယ်ခွဲတစ်ခု ဖြစ်သည်။

ရန်ကျောက်ကဲက မသိမသာ ပြုံးလိုက်ပြီး ကောင်းကင်ဝါဒလက်ဝါးသိုင်းကို ထုတ်ဖော်လိုက်သည်။ သူ၏လက်ဝါးရိုက်ချက်က ကောင်းကင်တစ်ခွင်လွှမ်းခြုံထားသည့်အလား အဆက်မပြတ် ထွက်ပေါ်လာသည်။

ကောင်းကင်ထက်တွင် မည်မျှ တိမ်ပင်လယ်ဝေနေပါစေ ကောင်းကင်ယံ၏ လွှမ်းမိုးမှုအောက်တွင် အမြဲတမ်း ရှိနေသည်သာ။

ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သည်နှင့် မိုးမြေတစ်ခုလုံး ပြောင်းပြန်လန်သွားပြီး တိမ်ပင်လယ်လှိုင်းလုံးကြီး ချက်ချင်းအက်ကွဲသွားသည်။

အဘိုးအို’ဝေ’ က အံကိုတင်းတင်းကြိတ်လျှက် လက်ဝါးရိုက်ချက် ပြန်လည်ရုတ်သိမ်းလိုက်ပြီး သူ့မျက်ဝန်းများထဲတွင် ဝိညာဉ်သင်္ကေတများ ဖျတ်ခနဲ တောက်ပလာသည်။

တစ်ချိန်တည်းပင် လောင်ဖုန်းမြို့ကောင်းကင်ယံထက်တွင် ဒေါင်လိုက် အလျားလိုက် အလင်းတန်းများ ဖြစ်ပေါ်လာပြီး ကြီးမားသော ပင်မအစီအရင်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။

ပင်မအစီအရင်ကြီးမှ စွမ်းအားများထွက်ပေါ်လာပြီး အဘိုးကြီး’ဝေ’ ကို အင်အားဖြည့်တင်းပေးလိုက်သည့်အခါ ရန်ကျောက်ကဲလက်ဝါးရိုက်ချက်ဖြင့် ဖိနှိပ်ခံရလုနီးပါးဖြစ်နေသော အဘိုးကြီး‌’ဝေ’ ၏ မိုးဖြိုတိမ်တိုက်လက်ဝါးကိုယ်ခွဲသည် ပြန်လည်တည်ငြိမ်သွားသည်။

အရင်အချိန်က တစ်စုံတစ်ယောက်က အသက် (၃၀)အောက် လူငယ်တစ်ယောက်ကို ရင်မဆိုင်ရဲသဖြင့် ပင်မအစီအရင်စွမ်းအားကို အားကိုးရသည်ဟု အဘိုးကြီး’ဝေ’ ကို ပြောလာမည်ဆိုလျှင် ထိုသူ၏မျက်နှာကို တံတွေးဖြင့် ထွေးမိပေလိမ့်မည်။

သို့သော် ယခုတော့ သူ စိုးရိမ်ပူပန်နေသည်မှာ ပင်မအစီအရင်သည်ပင် ခံနိုင်ရည်ရှိပါမည်လားဆိုသောအချက် ဖြစ်၏။

တစ်ချိန်တည်းမှာပင် အစီအရင်ကို အလျှင်အမြန်ထိန်းချုပ်လိုက်ရာ အဘိုးကြီး’ဝေ’ ၏ လက်ကောက်ဝတ်တွင် အလင်းရောင်များတောက်ပလာပြီး လက်ဝတ်တန်ဆာတစ်ခု ပေါ်လာသည်။

အဆင့်မြင့်မှော်ဝင်ပစ္စည်းတစ်ခုဖြစ်ပြီး ထိုပစ္စည်း၏အကူအညီဖြင့် အဘိုးကြီး’ဝေ၏ စွမ်းအားများက တိုးတက်လာသည်သာမက ပင်မအစီအရင်ကြီးကိုလည်း သက်သောင့်သက်သာ ထိန်းချုပ်လာနိုင်သည်။

ရန်ကျောက်ကဲက မြင်ကွင်းကိုကြည့်ရင်း သူ၏ ကောင်းကင်ဝါဒလက်ဝါးသိုင်းကို ရုတ်သိမ်းခြင်းမရှိပေ။ သူက အဘိုးကြီး’ဝေ၏ ၏ လုပ်ရပ်ကို လျစ်လျူရှုလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။

ရန်ကျောက်ကဲ၏ ခြေလှမ်းက ရိုးရှင်းသော သာမန်ခြေလှမ်းတစ်ခုသာဖြစ်သော်လည်း သူ၏ ခြေထောက်ရင်းတွင် အချိန်နှင့် ဗလာနယ်လေထုက ပြောင်းလဲသွားသည့်အလား ထင်မှတ်ရသည်။

လောင်ဖုန်းမြို့တစ်ခုလုံးကို လွှမ်းခြုံထားသော ပင်မအစီအရင်ကြီး၏ လည်ပတ်နေမှုမှာ ခဏမျှ ရပ်တန့်သွားသည်။

မြေပြင်ထက်တွင် တောက်ပနေသော ဝိညာဉ်သင်္ကေတများက ရှည်လျားသောမြွေများအလား တွန့်လိမ်သွားပြီး ရန်ကျောက်ကဲက ထို မြွေအမြီးများကို တစ်ချက်တည်း နင်းချေလိုက်သည်။

ထို့နောက် ရန်ကျောက်ကဲက တစ်ချက်ပြုံးရင်း အဘိုးကြီး’ဝေ’ ရှိရာသို့ ခြေတစ်လှမ်းထပ်တိုးလာသည်။ တစ်ချိန်တည်းပင် လက်ဝါးရိုက်ချက်ကလည်း ကျဆင်းလာ၏။

အဘိုးကြီး’ဝေ၏ လက်တွင်ဝတ်ဆင်ထားသော အဆင့်မြင့်မှော်ဝင်ပစ္စည်းမှာ တစ်စစီ ကျိုးကျေသွားတော့သည်။

အဘိုးကြီး’ဝေ’ က ကောင်းကင်အမိုးခုံးကြီးတစ်ခုပမာ သူ့အမြင်အာရုံကိုဖုံးကွယ်ကျဆင်းလာသော လက်ဝါးရိုက်ချက်ကို အပြင်းအထန်ခုခံရန် ကြိုးစားလိုက်သော်လည်း သူ့ခန္ဓာကိုယ် လှုပ်ရှားမရနိုင်တော့ကြောင်း သိလိုက်ရသည်။

ထိုစဉ်...

“ရပ်လိုက်...”

အဝေးတစ်နေရာ ကောင်းကင်ထက်ဆီမှ အော်ဟစ်သံတစ်သံထွက်ပေါ်လာပြီး ထိုအသံက ချက်ချင်းပင် အနားသို့ ရောက်လာသည်။ ထိုအသံကြီးကြောင့် လောင်ဖုန်းမြို့တစ်မြို့လုံး တုန်လှုပ်သွားကြပြီး မြို့သူမြို့သားများအားလုံး မူးဝေတုန်လှုပ်သွားကြသည်။

ဖန်းယွင်ရှန်း ၊ အားဟူ ၊ ကျန်းချန်စုန့်နှင့် အခြားသူများသည်လည်း အံ့သြထိတ်လန့်သွားကြ၏။

“သိုင်းသူတော်စင်တစ်ယောက်ပဲ...”

ထိုခဏတွင် ကောင်းကင်တစ်ခွင်လုံး မီးတောက်မီးလျှံများပြည့်နက်သွားပြီး လောင်ဖုန်းမြို့တစ်ဝက်ခန့်ကို ဖိနှိပ်ထားသည်။

မီးတောက်များက အပြာရောင်ဖြစ်ပြီး ရက်စက်ကြမ်းတမ်းသောစွမ်းအားများဖြင့် ကောင်းကင်ယံကို ထိုးဖောက်ဝင်ရောက်လာလေရာ လောင်ဖုန်းမြို့မှလူတိုင်း လောင်ကျွမ်းကာ ပြာကျတော့မတတ် ခံစားရသည်။

ထိုနောက်မှာတော့ အဆုံးမရှိသော အပြာရောင်မီးတောက်ပင်လယ်ကြီးအတွင်းမှ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရန်ကျောက်ကဲထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာ၏။

၎င်းအဖြူရောင်အလင်းတန်းက ကြိုးကြာဖြူတစ်ကောင် အတောင်ပံဖြန့်ကာ အပြာရောင်မီးတောက်များကြားမှ ပျံသန်းလာသည့်အလားဖြစ်သည်။

ရန်ကျောက်ကဲက ပြုံးရင်း...

“ဒါက မီးငါးသွယ်သိုင်းပညာနဲ့ ရတနာခုနစ်သွယ်လှံသိုင်းထဲက ကြိုးကြာဖြူလှံသိုင်းပေါင်းစပ်ထားတာပဲ ၊ ဒီသိုင်းပညာက တာ့ရွှမ်တော်ဝင်မိသားစုရဲ့ သိုင်းပညာဆိုပေမယ့် မပြည့်စုံသလိုပဲ ၊ ဒီလူက မင်းမျိုးမင်းနွယ်တွေနဲ့ နည်းနည်းသွေးဝေးတဲ့ ဆွေတော်မျိုးတော်တစ်ယောက် ဖြစ်ရမယ်”

တွေးရင်းဖြင့်ပင် ရန်ကျောက်ကဲက အဘိုးကြီး’ဝေ’ ကို လက်တစ်ဖက်ဖြင့်တိုက်ခိုက်နေရင်း ကျန်လက်တစ်ဖက်က လက်သီးဆုပ်လိုက်သည်။ ထို့နောက် ကောင်းကင်ထက်မှ သူ့ထံဝင်ရောက်လာသော အဖြူရောင်အလင်းတန်းကို လက်သီးဖြင့် ထိုးစိုက်ချလိုက်သည်။

ထိုလက်သီးချက်က “မြောက်ပိုင်းသမုဒ္ဒရာနတ်ဘုရားလှံရှည်သိုင်းပညာ” ဖြစ်ပြီး လှံရှည်အတတ်ကို လက်သီးသိုင်းအဖြစ် ပြောင်းလဲထားခြင်းဖြစ်သည်။ ထို့ကြောင့် လက်သီးချက်က လှံရှည်တစ်လက်ပမာ ပြင်းထန်လွန်း၏။

လောဖုန်းမြို့အထက် ကောင်းကင်ယံတွင် အနက်ရောင်ပင်လယ်ကြီးတစ်စင်း ဖြစ်တည်လာပြီး ပင်လယ်ရေထဲမှ ဧရာမဝေလငါးကြီးက ကောာင်းကင်ကိုးထက်ဆီသို့ ခုန်ပျံသွားပြီး ဂဠုန်ငှက်ကြီးတစ်ကောင်အသွင် ပြောင်းလဲသွားသည်။

လက်သီးလက်သီးချင်း ၊ လှံရှည်လှံရှည်ချင်း လေထုထဲတွင် ထိခတ်မိသည်နှင့် နောက်ဆက်တွဲ တိုက်ပွဲရလဒ်အဖြစ် လောင်ဖုန်းမြို့ ပင်မအစီအရင်ကြီး ပြိုကွဲလုနီးပါး ဖြစ်သွားသည်။

တစ်ချိန်တည်းပင် ရန်ကျောက်ကဲ၏ အခြားလက်တစ်ဖက်မှ ကောင်းကင်ဝါဒလက်ဝါးသိုင်းကလည်း ရပ်တန့်ခြင်းမရှိဘဲ အဘိုးကြီး’ဝေ’ ၏ ဦးခေါင်းထက်သို့ ကျရောက်သွားလေရာ အဘိုးကြီးမှာ ဦးခေါင်း အစိတ်စိတ်အမွှာမွှာကွဲကြေပြီး အသက်ပျောက်သွားတော့၏။

ကောင်းကင်ယံထက်မှ အပြာရောင်မီးတောက်ပင်လယ်ကြီး ပေါက်ကွဲထွက်သွားပြီး လူရိပ်တစ်ခု ပေါ်လာသည်။

ထိုသူက ရွှေရောင်ချပ်ဝတ်ကိုဝတ်ဆင်ထားသော သက်လတ်ပိုင်းလူရွယ်တစ်ယောက် ဖြစ်၏။ မာန်ပါသောမျက်နှာထားဖြင့် သူ့ခန္ဓာကိုယ်မှ သွေးရနံ့များနှင့် ကြောက်မက်ဖွယ်ရာရောင်အငွေ့အသက်များ ထွက်ပေါ်နေသည်။

စိတ်ဓာတ်မခိုင်မာသော သာမန်ကျင့်ကြံသူများဆိုလျှင် ထိုမျှ အရှိန်အဝါကြီးမားသူတစ်ယောက်အား ရင်ဆိုင်ရသည်နှင့် အလိုလိုစိတ်ဓာတ်ပျက်ယွင်းပြီး ချက်ချင်းပင်လက်နက်ချကာ အသနားခံ တောင်းပန်ကြပေမည်။

“ဇာမဏီနယ်မြေကို စောင့်ကြပ်တဲ့စစ်တပ်က စစ်သူကြီး ‘ယန်ကျောက်ကျန်း’ ပဲ”

လောင်ဖုန်းမြို့မှလူများက တုန်လှုပ်ချောက်ချားစွာ ရေရွတ်လိုက်ကြသည်။

ဟုတ်ပေ၏။ ထိုသူက တာ့ရွှမ်ပြည်မှ အလွန်တရာစွမ်းအားမြင့်မားသော စစ်သူကြီးတစ်ယောက်ဖြစ်ပြီး ဇာမဏီနယ်မြေကို စောင့်ကြပ်သောစစ်တပ်အား ဦးဆောင်သူ ဖြစ်သည်။

ယခင်က မရေမတွက်နိုင်သော လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သူဖြစ်သည်။ တာ့ရွှမ်တိုင်းပြည်ကို တော်လှန်ပုန်ကန်ခြင်း မစတင်မီကပင် သူ့ကြောင့် သေကြေပျက်ဆီးရသူများ မနည်းမနောပင်။ ပုန်ကန်မှုစတင်ပြီးနောက်တွင်လည်း  သူကိုယ်တိုင်သတ်ဖြတ်ချေမှုန်းခဲ့သော တော်လှန်ရေးသမားများ မရေမတွက်နိုင်အောင် များပြား၏။

ယခုတော့ စစ်သူကြီး’ယန်’ ၏ မျက်ဝန်းများက ဒေါသကြောင့် တောက်ပနေသည်။ မီးတောက်အလင်းရောင်များကြား သူ့မျက်နှာက မဲမှောင်လျှက် အတော်လေး ဒေါသထွက်နေဟန်ပင်။

ရန်ကျောက်ကဲက အဘိုးကြီး’ဝေ’ ကို သူ့ရှေ့မှာပင် သတ်ဖြတ်လိုက်သည့်အပြင် သူ၏တိုက်ခိုက်မှုကိုလည်း လက်တစ်ဖက်တည်းဖြင့် တားဆီးလိုက်သဖြင့် ယန်ကျောက်ကျန်း အနည်းငယ် အရှက်ကွဲသွားသည်။

ရန်ကျောက်ကဲက အဘိုးကြီး’ဝေ’ ၏ ရုပ်အလောင်းကို အဝေးသို့ ရိုက်ထုတ်လိုက်ပြီး ဘာမှမဖြစ်သလိုပင် သူ့လက်ကို ပြန်လည်ရုတ်သိမ်းကာ ယန်ကျောက်ကျန်းကို တည်ငြိမ်စွာကြည့်လိုက်သည်။

“ဟက်... မင်းကိုယ်တိုင် ရောက်လာတာလား ၊ ဘာလဲ ... ငါတို့ကိုဖမ်းပြီး နောက်ထပ် ယိုးမင်ဂိုဏ်းကလူတွေကို ထောင်ချောက်ဆင်ဖို့ ဓားစာခံအဖြစ် အသုံးပြုမလို့လား”

ယန်ကျောက်ကျန်းက ရန်ကျောက်ကဲကို ကြည့်လိုက်ပြီး...

“မင်းက ယိုးမင်ဂိုဏ်းကတပည့်မဟုတ်ဘူး ၊ မင်းက ဘယ်သူလဲ”

ရန်ကျောက်ကဲက ပြုံးရင်း...

“ငါ ဘယ်သူဆိုတာက အရေးမကြီးပါဘူး ၊ ဒါပေမဲ့ ငါက ယိုးမင်ဂိုဏ်းကလူကို ကယ်တင်ခဲ့တဲ့သူပဲ”

ယန်ကျောက်ကျန်းက အေးစက်စွာဖြင့်...

“အရေးမကြီးပါဘူး ၊ သူပုန်တွေအကုန်လုံး အပြစ်ပေးခံရမှာပဲ”

ပြောပြီးသည်နှင့် ယန်ကျောက်ကျန်းထံမှ အဖြူရောင်အလင်းတန်းများ ပြန်လည်ထွက်ပေါ်လာပြီး အပြာရောင်မီးတောက်များက ရန်ကျောက်ကဲထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာလေ၏။

All Chapters