← Chapters

သိုင်းသူတော်စင်တစ်ယောက်ကို မနိုင်ဘူးမထင်နဲ့

Vol. 45 Ch. 626

သိုင်းသူတော်စင်တစ်ယောက်ကို မနိုင်ဘူးမထင်နဲ့

Vol. 45 Ch. 626

အခန်း (၆၂၆) သိုင်းသူတော်စင်တစ်ယောက်ကို မနိုင်ဘူးမထင်နဲ့

ယန်ကျောက်ကျန်း၏ ကြောက်မက်ဖွယ်ရာလှံရှည်က မြောက်ပိုင်းသမုဒ္ဒရာနတ်ဘုရားလှံရှည်ကဲ့သို့ ကြမ်းတမ်းခြင်းမရှိသည့်တိုင် ကောင်းကင်တစ်ပြင်လုံးမှ အပြာရောင်မီးတောက်များ၏ တွန်းအားပေးမှုအောက်တွင် အဖျက်စွမ်းအားများဖြင့် ပြည့်နက်လျှက် ရှိ၏။

လှံရှည်တိုက်ကွက်က ကြိုးကြာဖြူတစ်ကောင် အတောင်ပံများဖြန့်ကားထားသည့်အလား အပြောင်းအလဲများနှင့် ပြည့်နက်နေပြီး ပေါ့ပါးသွက်လက်သည်။

မီးတောက်များနှင့် ရောယှက်လျှက် လှံရှည်ချင်းထိခတ်သံများ ကောင်းကင်ထက်တွင် လွင့်ပျံလာသည်။ သို့တိုင် ကြိုးကြာဖြူလှံရှည်၏စွမ်းအားက ပျက်ပြယ်မသွားခဲ့ပေ။

ထိုလှံရှည်စွမ်းအားသာ ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်နေရာရာသို့ ထိမိပါက ပျက်ဆီးခြင်းတရားဖြင့် ရင်ဆိုင်ရမည် အသေအချာပင်။

ရန်ကျောက်ကဲနှုတ်ခမ်းများတွန့်ကွေးသွားသည်။

“မီးငါးသွယ်သိုင်းပညာနဲ့ ရတနာခုနစ်သွယ်လှံသိုင်း... မဟာကပ်ဘေးကြီးမတိုင်ခင်က တကယ့်ကို ထူးခြားတဲ့အမွေအနှစ်သိုင်းပညာပဲ ၊ အခုတော့ ဒီသိုင်းပညာက ပြီးပြည့်စုံခြင်း မရှိဘူး ၊ ဟက်... ပြောရရင် ယွမ်စီထျန်းကျွင်းရဲ့ သလင်းကျောက်စိမ်းအဆက်အနွယ်လို့တောင် မှတ်ယူလို့မရနိုင်ဘူး”

ထို့နောက် ရန်ကျောက်ကဲက လက်ဖဝါးကို ထပ်မံပင့်မြှောက်လိုက်သည်။

တစ်ချိန်တည်းပင် သူ့ဦးခေါင်းထက်တွင် အလင်းရောင်များထွက်ပေါ်လာပြီး ကြီးမားသောပုံရိပ်ကြီးတစ်ခု ဖြစ်တည်လာကာ ထိုပုံရိပ်ကြီးကလည်း လက်ဖဝါးကို ပင့်မြှောက်လိုက်သည်။

ထိုပုံရိပ်ကြီးကိုတွေ့မြင်တော့ လူတိုင်းမှင်တက်သွားကြ၏။

“အစစ်အမှန်သိုင်းကိုယ်ခွဲ... ဒါဆို သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်ပေါ့”

ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်ဖြစ်နေသည်မှာ အထက်ဘုံကမ္ဘာမှလူများသည်ပင် တွေ့ကြုံဖူးခြင်း မရှိပေ။

ကြိုးကြာဖြူလှံသိုင်းကို မီးတောက်ကျောက်ဆောင်သိုင်းပညာဖြင့်ပေါင်းစပ်ကာ ရန်ကျောက်ကဲကို အစိတ်စိတ်အမွှာမွှာစုတ်ဖြဲပစ်ရန်ကြံစည်နေသော ယန်ကျောက်ကျန်းသည်ပင် ထိုမြင်ကွင်းကိုတွေ့တော့ အတော်လေး အံ့အားသင့်သွားသည်။

သူက ရန်ကျောက်ကဲကို ဂရုတစိုက်ကြည့်လိုက်ပြီး စိတ်ထဲတွင်လည်း တုန်လှုပ်သွား၏။

“သူ့အသက်အရွယ်နဲ့ သူ့ရုပ်သွင်က အတူတူလောက်ပဲ ၊ တမင်နုပျိုအောင် ဖန်ဆင်းထားတာမဟုတ်ဘူး ၊ အသက် (၃၀)တောင် မပြည့်သေးဘဲ သေခြင်းတရားကိုကျော်လွန်ခြင်အးဆင့် သိုင်းဆရာသခင် ဖြစ်နေတယ် ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ထိုသို့တွေးမိသည်နှင့် ယန်ကျောက်ကျန်းစိတ်ထဲမှ ဒေါသအများစု ပြေပျောက်သွားပြီး တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာသည်။

“ဒီကောင်လေးက ဘယ်ကရောက်လာတာလဲ”

ယန်ကျောက်ကျန်းတွေးနေစဉ် ရန်ကျောက်ကဲက လက်ဖဝါးကို ပင့်မြှောက်လိုက်ရာ သူ့ခန္ဓာကိုယ်ထက်မှ အစစ်အမှန်သိုင်းကိုယ်ခွဲကလည်း လက်ဖဝါးကို ပင့်မြှောက်လိုက်၏။

မိုးမြေတစ်ခုလုံး ပြောင်းပြန်လန် တုန်ခါသွားသည့်အလား ခံစားရပြီး ယင်နှင့် ယန်ပြောင်းပြန်စီးဆင်းကာ စကြာဝဠာတစ်ခုလုံး ပြောင်းပြန်လှည့်ပတ်သွားသည့်အလားပင်။

“မင်းရဲ့ သိုင်းပညာက မီးငါးသွယ်နဲ့ရတနာခုနစ်သွယ်ရဲ့ အနှစ်သာရနဲ့ စွမ်းအား အပြည့်အဝကို အသုံးပြုမယ်ဆိုရင်တောင် ငါ့ရဲ့ စက်ဝန်းသံသရာစည်းတံဆိပ်ကို ခုခံနိုင်မလား ကြည့်ရအောင်”

ရန်ကျောက်ကဲ တွေးလိုက်သည်။

ထိုခဏမှာပင် ရန်ကျောက်ကဲ၏ အစစ်အမှန်သိုင်းအဇ္စျတ္တက ကောင်းကင်ဝါဒလက်ဝါးသိုင်းမှ စက်ဝန်းသံသရာစည်းတံဆိပ်အဖြစ် ပြောင်းလဲသွားသည်။

လက်ဝါးရိုက်ချက် ကျဆင်းလာသည်နှင့် ကောင်းကင်ဝါဒလက်ဝါးသိုင်းနှင့် စက်ဝန်းသံသရာစည်းတံဆိပ် ပေါင်းစပ်သွားကာ ကောင်းကင်စည်းတံဆိပ်အဖြစ် ပြောင်းလဲသွားပြီး မိုးမြေတစ်ခွင်မှ အပြာရောင်မီးတောက်များနှင့် အဖြူရောင်အလင်းတန်းကို သုတ်သင်ပစ်လိုက်သည်။

စကြာဝဠာတစ်ခုလုံးကို ပြောင်းပြန်လန်စေလောက်သော ကြီးကျယ်ခမ်းနားသောစွမ်းအားက ယန်ကျောက်ကျန်း၏ ကြိုးကြာဖြူလှံရှည်နှင့် ရိုက်ခတ်မိသွားသည်။

“ဝုန်း...”

မိုးမြေတစ်ခွင် ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာသည်။

မမြင်နိုင်သောစွမ်းအားတစ်ခုက မိုင်ထောင်ပေါင်းများစွာသော ဗလာနယ်ကို ဖြတ်သန်းလျှက် အဆက်မပြတ် အက်ကွဲသံတစ်သံ ပျံ့လွင့်လာ၏။

ထို့နောက် ကောင်ကင်ထက်သို့ ယိမ်းယိုင်ကာလွင့်ထွက်သွားသော လူရိပ်တစ်ရိပ်ကို သူတို့အားလုံး တွေ့မြင်လိုက်ကြရသည်။

ပျံတက်သွားသူမှာ......

ရန်ကျောက်ကဲက မြေပြင်ထက်မှတိုက်ခိုက်နေသူဖြစ်ပြီး ယန်ကျောက်ကျန်းက ဝေဟင်မှတိုက်ခိုက်နေခြင်း ဖြစ်သည်။

သို့ဆိုလျှင် ကောင်းကင်ထက်လွင့်ထွက်သွားသူမှာ....

လူတိုင်း ပါးစပ်အဟောင်းသားဖြင့် သူတို့ရှေ့မှမြင်ကွင်းကိုကြည့်ရင်း သတိလက်လွတ်ဖြစ်နေကြသည်။  လွင့်ထွက်သွားသူမှာ သိုင်းသူတော်စင်တစ်ယောက်ဖြစ်သော ‘ယန်ကျောက်ကျန်း’ ဖြစ်နေသည် မဟုတ်လား။

ရန်ကျောက်ကဲက တည်ငြိမ်သည့်အမူအရာဖြင့် နေရာမှာပင် မတ်တတ်ရပ်နေသည်။

လောင်ဖုန်းမြို့တစ်မြို့လုံး တိတ်ဆိတ်ငြိမ်သက်နေပြီး အဖြစ်အပျက်ကို တွေ့မြင်သူတိုင်း မယုံကြည်နိုင်စွာ အိပ်မက်ပမာ ခံစားနေကြရသည်။

သူတို့ရှေ့မှလူငယ်သည် အသက်ငယ်ငယ်ဖြင့် သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် ဖြစ်နေရုံသာမက စွမ်းအားမြင့်မားသော သိုင်းသူတော်စင်တစ်ယောက်ကိုပင် အနိုင်ယူတိုက်ခိုက်ခဲ့ပေသည်။

ယန်ကျောက်ကျန်းက သိုင်းသူတော်စင်ပထမအဆင့်မျှသာဖြစ်သော်လည်း ကျင့်ကြံခြင်းအခြေခံ ခိုင်မာသူတစ်ယောက်ဖြစ်သည်။

တာ့ရွှမ်မင်းဆက်၏ ဇာမဏီနယ်မြေအခြေစိုက် စစ်သူကြီးတစ်ယောက်ဖြစ်သောကြောင့် ကျင့်ကြံခြင်းအဆင့်မြင့်မားရုံသာမက အဆင့်တူသူများအလယ်တွင်လည်း စွမ်းအားကြီးမားသူအဖြစ် နာမည်ကျော်ကြား၏။

မည်သို့ပင်ဖြစ်စေ ကျင့်ကြံသူတစ်ယောက် သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိသည်နှင့် သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်နှင့် တန်ခိုးစွမ်းအားက မိုးနှင့်မြေပမာ ကွာခြားသွားသည်ပင်။

သို့ပေသိ ယခုတော့ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်ဖြစ်သော ရန်ကျောက်ကဲသည် သိုင်းသူတော်စင် ‘ယန်ကျောက်ကျုန်း’ ကို ပြတ်ပြတ်သားသားပင် ချေမှုန်းတိုက်ထုတ်ပစ်လိုက်သည်။

ထိုအချိန် အဝေးတစ်နေရာ ကောင်းကင်ထက်တွင် ရွှေရောင်ချပ်ဝတ်များဝတ်ဆင်ထားပြီး ရင်သပ်ရှုမောဖွယ်ရောင်ဝါများ တောက်ပနေသည့် စစ်သည်တော်များ ပေါ်လာသည်။ ထိုသူများက ယန်ကျောက်ကျန်းလက်အောက်တွင် တာဝန်ထမ်းဆောင်သော တာ့ရွှမ်စစ်သည်တော်များ ဖြစ်ကြ၏။

သူတို့က ပုန်ကန်သူများကို ချေမှုန်းရန် ယန်ကျောက်ကျန်းနှင့်အတူ လိုက်ပါလာသူများဖြစ်ပြီး ကျင့်ကြံခြင်းအဆင့် အနည်းငယ်နိမ့်ပါးသည့်အတွက် နောက်ကျကျန်ခဲ့ခြင်း ဖြစ်သည်။

တာ့ရွှမ်ပြည်မှ စစ်သည်တော်များ သူတို့ရောက်ရှိလာပြီးနောက် သူတို့ ပထမဆုံးတွေ့လိုက်ရသောမြင်ကွင်းမှာ သူတို့၏ခေါင်းဆောင် စစ်သူကြီး ‘ယန်’ လွင့်ထွက်သွားအောင် အရိုက်ခံလိုက်ရခြင်းပင်။ သိုင်းသူတော်စင်တစ်ယောက်ဖြစ်သော ယန်ကျောက်ကျန်း ထိုသို့တိုက်ခိုက်ခံလိုက်ရမည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။

မည်မျှ တန်ခိုးစွမ်းအားမြင့်မားသော ရန်သူမျိုးနှင့် ရင်ဆိုင်ရပါသနည်းဟု လူတိုင်းသိချင်သွားကြသည်။

သို့သော်...

ရန်ကျောက်ကဲ ခန္ဓာကိုယ်ထက်မှ အစစ်အမှန်သိုင်းကိုယ်ခွဲကို တွေ့လိုက်ရသောအခါ လူတိုင်းမှင်တက်သွားကြသည်။

ကမ္ဘာလောကတစ်ခွင်၌ တန်ခိုးစွမ်းအားမြင့်မားသူများ ပြည့်နက်နေပြီး ပါရမီရှင်များစွာ ရှိကြသည် အမှန်ပင်။

သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်က သိုင်းသူတော်စင်တစ်ယောက်ကို အနိုင်ယူနိုင်သည်ဆိုသောစကားမှာ ဒဏ္ဍာရီထဲတွင်သာ တည်ရှိပြီး သူတို့ဘဝတွင် တစ်ခါမှ မတွေ့မြင်ဖူးခဲ့ကြပေ။

ယခု မျက်မြင်ကြုံတွေ့လိုက်ရပြီဖြစ်ရာ ထိတ်လန့်တုန်လှုပ်ခြင်းနှင့်အတူ မယုံကြည်နိုင် ဖြစ်ရသည်။

အထူးသဖြင့် ရန်ကျောက်ကဲက အသက် (၃၀)ပင် မပြည့်သေးသော လူငယ်တစ်ယောက်ဖြစ်ကြောင်း တွေ့မြင်လိုက်ရသည့်အခါ အစစ်အမှန်မဟုတ်ဘဲ အိပ်မက်မက်နေသည့်ပမာ ထင်မှတ်မိကြ၏။

နှစ်ပေါင်းအတန်ကြာ သိုင်းပညာလေ့ကျင့်ခဲ့ကြသည့်တိုင် ယခုတော့ သူတို့အဆင့်က ခွေးလောက်ပင်တန်ဖိုးရှိပါရဲ့လားဟု သူတို့အားလုံး ပြန်လည်မေးခွန်းထုတ်မိကြသည်အထိပင်။

ထိုစဉ် ကောင်းကင်ထက်မှ ကြုံးဝါးသံတစ်သံ ထွက်ပေါ်လာပြီး အဖြူရောင်အလင်းတန်းများတောက်ပသွားကာ ရန်ကျောက်ကဲထံ တည့်တည်မတ်မတ် ဝင်ရောက်လာသည်။

ယန်ကျောက်ကျန်း ဒေါသတကြီး ကြုံးဝါးလိုက်ချိန် သူ့လက်ထဲတွင် အနက်ရောင်လှံရှည်တစ်လက်ပေါ်လာပြီး လှံရှည်ထိပ်ဖျားတွင် မျက်စိကျိန်းစပ်လောက်အောင် တောက်ပသော အဖြူရောင်အလင်းတန်း ရှိနေသည်။ အပြာရောင်မီးတောက်များကလည်း လှံရှည်ထက်တွင် စုစည်းလာလေရာ လှံရှည်တစ်ခုလုံးက အပြာနုရောင်တောက်ပလွှမ်းခြုံနေ၏။

သို့ပေသိ မီးတောက်အပူကို မခံစားရဘဲ အရိုးထဲအထိ အေးစိမ့်ခြင်းကိုသာ ခံစားရသည်။

ရန်ကျောက်ကဲ အနက်ရောင်လှံရှည်ကို တစ်ချက်အကဲခတ်လိုက်သည်။ အဝေးမှပင် ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားများကို ခံစားနိုင်ပေသည်။

အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘ရွှေရောင်ငှက်မွှေးလှံရှည်’ ...။

တာ့ရွှမ်မင်းဆက် ၊ အမတ်မင်းတစ်ပါး၏ တူတော်မောင်ဖြစ်သူ ‘ယန်ကျောက်ကျန်း’ သည် တော်ဝင်မိသားစု၏ ဆွေတော်မျိုးတော်များကဲ့သို့ပင် သိုင်းသူတော်စင် ပထမအဆင့်သာဖြစ်သော်လည်း အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ကိုင်ဆောင်ခွင့်ရရှိသည်။

သိုင်းသူတော်စင်တစ်ယောက်၏စွမ်းအားနှင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု၏စွမ်းအားပေါင်းစပ်လိုက်သည့်အခါ အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ အနှီလှံရှည်သည် ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်အား အရှိန်အဟုန်ဖြင့် ထိုးဖောက်ဝင်ရောက်လာသည်။

သိုင်းဆရာသခင်တစ်ယောက်နှင့် တိုက်ခိုက်ရသည်မှာ ယန်ကျောက်ကျန်းအတွက် ထူးခြားသည့်ကိစ္စ မဟုတ်သော်လည်း သိုင်းဆရာသခင်တစ်ယောက်ကို အထွတ်ထိပ်မှော်ဝင်ပစ္စည်းအသုံးပြုပြီး ရင်ဆိုင်နေရခြင်းက ရှက်ဖွယ်ကောင်းလှသည်။

သို့သော် ယခုအချိန်တွင် သိက္ခာတရားကို မစဉ်းစားနိုင်ဘဲ ရန်ကျောက်ကဲကို သတ်ဖြတ်ပစ်လိုစိတ်သာ ကြီးစိုးနေ၏။ သူ့ရှေ့မှ ထူးဆန်းစွာ တန်ခိုးစွမ်းအားမြင့်မားနေသောလူငယ်ကို သတ်ဖြတ်နိုင်လျှင် သူ့သိက္ခာလည်း ပြန်လည်အဖတ်ဆည်နိုင်ပေမည်။

ကျန်းချန်စုန့်မှာ ကြောက်မက်ဖွယ်ရာမြင်ကွင်းကိုတွေ့ရသဖြင့် မနေနိုင်ဘဲ ‌အော်ဟစ်လိုက်၏။

ရန်ကျောက်ကဲကတော့ ခပ်ပေါ့ပေါ့ပင် ရယ်မောလိုက်ပြီး နဂါးဟိန်းသံအလား ကြုံးဝါးသံတစ်ချက်ပြုလိုက်ရာ သူ၏ ခန္ဓာကိုယ်မှ ရေခဲပြာရောင်အလင်းတန်းများထွက်ပေါ်လာပြီး ရေခဲချပ်ဝတ်ထွက်ပေါ်လာသည်။

ရေခဲချပ်ဝတ်ထွက်ပေါ်လာသည်နှင့် ရန်ကျောက်ကဲ၏ပတ်ဝန်းကျင်တစ်ခုလုံးကို ရေခဲပင်လယ်ကြီးတစ်ခုက ကာကွယ်ပေးထားသည့်အလား ခံစားရသည်။

ရေခဲပင်လယ်အတွင်းမှ ရေခဲနဂါးများစွာထွက်ပေါ်လာပြီး ယန်ကျောက်ကျန်း၏ လှံရှည်ကို ပိတ်ဆို့ထားလိုက်၏။

တာ့ရွှမ်တိုင်းပြည်မှလူများအားလုံး မျက်လုံးများ ပြူးကျယ်ဝိုင်စက်သွားကြသည်။

“သူ့မှာလည်း အထွတ်ထိပ်မှော်ဝင်ပစ္စည်းရှိနေတာလား”

ရေခဲနဂါးကြုံးဝါးသံကြီးက ကောင်းကင်ကိုးထပ်တွင် ပဲ့တင်ထပ်လျှက်ရှိသည်။

ထို့နောက် ရန်ကျောက်ကဲ၏လှုပ်ရှားမှုနှင့်အတူ သူ၏ဦးခေါင်းထက်မှ အစစ်အမှန်သိုင်းကိုယ်ခွဲလှုပ်ရှားသွားပြီး လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်လိုက်သည်။

လက်ဝါးရိုက်ချက်ကိုခုခံနိုင်ရန် ယန်ကျောက်ကျန်း အံတင်းတင်းကြိတ်ရင်း အကောင်းဆုံး ကြိုးစားလိုက်သည်။

သို့သော် ကြုံးဝါးသံများကြားမှာပင် တာ့ရွှမ်တိုင်းပြည် ၊ ဇာမဏီနယ်မြေ၏ ခမ်းနားလှသော သိုင်းသူတော်စင် ‘ယန်ကျောက်ကျန်း’ မှာ ရိုက်နှက်ခံရပြီး ထပ်မံ လွင့်ထွက်သွားပြန်၏။

ယခင်က ကြိုးစားခဲ့သမျှ အရာအားလုံး အချည်းနှီးဖြစ်ပြီး နောက်ဆုံးတော့ လက်ဝါးရိုက်ချက်ထိမှန်ကာ လွင့်ထွက်သွားရဆဲပင်။

ယန်ကျောက်ကျန်းစိတ်ထဲ မခံချင်စိတ် ၊ အရှက်တရားများဖြင့် ပြည့်နက်နေပြီး ဒဏ်ရာများကို ထိန်းမထားနိုင်တော့ဘဲ သွေးတစ်ပွက်အန်ထုတ်လိုက်ရာ သွေးစက်များက ကောင်းကင်တစ်ခွင် ပျံ့နှံ့လွင့်စင်သွားလေ၏။

All Chapters