နာမည်ကျော်ထိုက်ပါပေတယ်
Vol. 12 Ch. 169
အခန်း (၁၆၉) နာမည်ကျော်ထိုက်ပါပေတယ်
ကျောက်စိမ်းပင်လယ်မြို့တော်၏ လူငယ်ခေါင်းဆောင် ပင်လယ်ခုနစ်စင်းသခင်လေး ‘စုန့်ချောင်’ ဆိုသည်က မာနလည်းကြီးသလို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမြင့်မားသူလည်း ဖြစ်သည်။
သူက ထန်ယုံဟောင်နှင့် လက်ရည်စမ်းရန် အမှန်တကယ် ရည်ရွယ်ခဲ့သည်ပင်။
ထန်ယုံဟောင်နှင့် ရွှီဖေးသာ တိုက်ခိုက်ရန် အစီအစဉ်မရှိခဲ့လျှင် စုန့်ချောင်က သေချာပေါက် တိုက်ပွဲကြီးတစ်ခု ဆင်နွှဲမည် ဖြစ်သည်။
ယခုတော့ ထန်ယုံဟောင်က ရွှီဖေးနှင့်တိုက်ခိုက်ရန် ဆုံးဖြတ်ထားလေရာ သူက အခွင့်အရေး မယူချင်တော့ပေ။
သူနှင့် ထန်ယုံဟောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြလျှင် ထိုတိုက်ပွဲက ရွှီဖေးအပေါ်လည်း လွှမ်းမိုးမှု ရှိသွားမည်ဖြစ်သလို ထန်ယုံဟောင်ကိုလည်း အားနည်းချက် ဖြစ်သွားစေနိုင်သည်။
ပညာရှင်များကြားတိုက်ပွဲဆိုသည်က သိုင်းကွက်များစွာ အသုံးပြုစရာမလိုပေ။ ထို့ကြောင့် စုန့်ချောင်က သိုင်းကွက်တစ်ကွက်တည်းယှဉ်ပြိုင်ရင် စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။
သူက ထွန်ယုံဟောင်အပေါ် အခွင့်ကောင်းယူချင်စိတ်မရှိသလို နေသူတော်စင်ဂိုဏ်းမှ တပည့်ပြောသလို ‘ကောင်းကင်ဒီရေလျှံ’ သိုင်းကွက်ကိုလည်း အသုံးပြုမည် မဟုတ်ပေ။
ထန်ယုံဟောင် သဘောတူသည်ကိုတွေ့သည်နှင့် စုန့်ချောင်က ခေါင်းတစ်ချက်ညိတ်ရင်း...
“ကောင်းပြီ... ဒါဖြင့် စတိုက်တော့မယ်”
ပြောပြီးသည်နှင့် သူက လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် စတင်တိုက်ခိုက်လိုက်သည်။ ချက်ချင်းပင် သူ၏ ကြယ်တာရာချီစွမ်းအားများဖြင့် ဖန်ဆင်းထားသည့် ပုံရိပ်ယောင်မိုးမြေတစ်ခု ထွက်ပေါ်လာသည်။
ကောင်းကင်ချိတ်ဆက်အဆင့် သိုင်းပညာရှင်တစ်ယောက်အနေဖြင့် စုန့်ချောင်၏ ကြယ်တာရာချီစွမ်းအားများဖြင့် ဖန်ဆင်းထားသည့် ပုံရိပ်ယောင်မိုးမြေက ရှန်ထန်းအဆင့် သိုင်းပညာရှင်များထက် ပိုမိုမြင်သာထင်သာရှိကာ ခိုင်ခန့်မာကျောသည်။
ထန်ယုံဟောင်ထံသို့ လက်ဝါးရိုက်ချက်ဝင်ရောက်သွားသည်နှင့် ရန်ကျောက်ကဲနှင့် အခြားကြည့်ရှုနေသူများမှ ကောင်းကင်ထက်တိုင် လွင့်ပျံသွားသည့် ပင်လယ်လှိုင်းလုံးကြီးများကို တွေ့မြင်လိုက်ကြရသည်။
သူတို့ရှေ့တွင် အဆုံးမရှိသည့် ပင်လယ်ပြင်ကြီးတစ်ခု ထွက်ပေါ်လာပြီး လှိုင်းရိုက်ခံသံများနှင့် ပင်လယ်အော်သံများကို တဝုန်းဝုန်းကြားနေရ၏။
သူ့ရှေ့မှ မြင်ကွင်းကို ရင်ဆိုင်ရင်း ထန်ယုံဟောင်က လက်ညှိုးနှင့်လက်ခလယ်ကိုအသုံးပြုကာ ဓားဝိညာဉ်တစ်ခု ထုတ်ဖော်လိုက်လိုက်ပြီး ပင်လယ်ကိုထိုးခွင်းလိုက်သည်။
ရွှေရောင်ဓားဝိညာဉ်တစ်ခုက နေရောင်ခြည်ပမာ ထွက်ပေါ်လာပြီး ပူလောင်ပြင်းပြမှုနှင့် တောက်ပလင်းလက်မှုက တစ်လောကလုံးသို့ လွှမ်းခြုံသွားသည်။
နေသူတော်စင်ဂိုဏ်း၏ ကိုယ်ပိုင်သိုင်းပညာ ၊ မဟာနေမင်းသိုင်းပညာ (၇)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သော အရုဏ်ဦးနတ်ဓားသိုင်းပင် ဖြစ်သည်။
ရန်ကျောက်ကဲမျက်ဝန်းများလင်းလက်သွားပြီး သူက ခေါင်းအနည်းငယ်မော့ကာ တိုက်ပွဲဆီသို့ ကြည့်လိုက်သည်။
နေရောင်ခြည်သည် ကောင်းကင်ထက်မှ တိမ်တိုက်များကို ထိုးခွင်းပြီး အောက်သို့ဆင်းသက်လာသည့်အလား ထင်မှတ်ရသည်။
ထန်ယုံဟောင် ဓားဝိညာဉ်ထုတ်ဖော်လိုက်သည်နှင့် အလင်းရောင်များ ပေါက်ကွဲထွက်လာသည်။ ထိုအလင်းရောင်များအတွင်းတွင် အားကောင်းသည့် စွမ်းအားတစ်ခုတည်ရှိနေပြီး ကောင်းကင်ထက်မှ နေရောင်ခြည် ဆင်းသက်လာကာ ထန်ယုံဟောင်၏ ဓားဝိညာဉ်ဖြင့် ပေါင်းစပ်သွားသည်။
ခဏချင်းပင် အလင်းရောင်များက နေရာအနှံ့ပျံ့နှံ့သွားပြီး နံခက်ခင်းနေရောင်ခြည်ထွက်ပေါ်လာသည့်အလား ထင်မှတ်ရသည်။
မိုးမြေအကြားတွင် နေ (၂)စင်းထွန်းလင်းနေသည့်အလား ဖြစ်သည်။ တစ်စင်းက ကောင်းကင်ထက်တွင်တောက်ပနေသည့် နေမင်းဖြစ်ပြီး တစ်ခုကတော့ သူတို့ရှေ့မှ ဓားဝိညာဉ် ဖြစ်သည်။
ဓားအလင်းရောင်က အရုဏ်ဦးနေရောင်ခြည်ပမာ တောက်ပနေပြီး အားနည်းခြင်း အလျဉ်းမရှိပေ။
ထိုနေရောင်ခြည်က စုန့်ချောင်၏ ကြယ်တာရာချီစွမ်းအားဖြင့် ဖန်ဆင်းထားသည့် ကြီးမားသောပင်လယ်ပြင်နှင့် ထိပ်တိုက်တွေ့သည့်အခါ ချက်ချင်းပင် အလင်းတန်းများအဖြစ် အပြင်ဘက်သို့ လင်းဖြာကွဲထွက်သွားသည်။ အလင်းတန်းက ရွှေအပ်ငယ်များပမာ ခွဲဖြာသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ရွှေအပ်တစ်ခုစီတိုင်းက ပင်လယ်ရေပြင်အတွင်း ထိုးစိုက်ဝင်ရောက်သွားပြီး ပြင်းထန်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
ပေါက်ကွဲသံများက အဆက်မပြတ် ၊ ပေါက်ကွဲသံများက အဆုံးမရှိ ။
ရွှေအပ်ငယ်များက ပင်လယ်ရေပြင်ထဲ ထိုးစိုက်ဝင်ရောက်သွားသည်နှင့် မရေမတွက်နိုင်သည့် ရွှေအပ်ငယ်များထပ်မံထွက်ပေါ်လာသည်။
ရွှေအပ်များ ချဉ်းနင်းဝင်ရောက်တိုက်ခိုက်လာသည်နှင့် ပင်လယ်ရေပြင်ထက်တွင် ချက်ချင်း တိမ်ညိုများအုံ့မှိုင်းလာပြီး အဆုံးမရှိသော မိုးရေစက်များ ကျဆင်းလာကာ ပြင်းထန်သည့်မုန်တိုင်းတစ်ခု ဖြစ်တည်လာသည်။
ထို့နောက် မိုးရေစက်တစ်စက် ၊ ရွှေအပ်တစ်ချောင်း ထိုးစိုက်မိသွားပြီး ရွှေအပ်များရော မိုးရေစက်များပါ သဲလွန်စမကျန် လုံးဝပျောက်ကွယ်သွားကြသည်။
မုန်တိုင်းပျောက်ကွယ်သွားသည်နှင့် နေရောင်ခြည်အလင်းတန်းများ ကြည်လင်စွာထွက်ပေါ်လာပြီး ပင်လယ်ရေပြင်က ငြိမ်သက်သွားသည်။
ထန်ယုံဟောင်က သူ၏ကိုယ်နေဟန်ကိုပြောင်းလဲလိုက်ပြီး စုန့်ချောင်ကို ရိုးရိုးသားသားပင် ကြည့်လိုက်သည်။
“အစ်ကို’စုန့်’ အလျှော့ပေးတာ ကျေးဇူးတင်ပါတယ်”
စုန့်ချောင်က အမှန်တကယ်ပင် သူ့အပေါ် အခွင့်အရေး မယူခဲ့ပေ။ နှစ်ယောက်လုံး၏ ကြယ်တာရာချီစွမ်းအားများ လျော့ကျသွားသည်အထိ သိုင်းကွက်ကိုပြောင်းလဲနိုင်သလို သိုင်းတာအိုအယူအဆကို ပြောင်းလဲနိုင်သည့်တိုင် စုန့်ချောင်က ထိုသို့ မပြုလုပ်ခဲ့ပေ။
ယခုတိုက်ပွဲက သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခု ဆိုလျှင်တော့ သိုင်းကွက်တစ်ကွက်တည်းဖြင့် ဆုံးဖြတ်ချက်ချနိုင်မည်မဟုတ်ဘဲ အများကြီးတာသွားမည် ဖြစ်သည်။
စုန့်ချောင်က လက်ဝါးရိုက်ချက်ကို ပြန်လည်ရုတ်သိမ်းလိုက်ရင်း သက်ပြင်းချသည်။
“သိုင်းကွက်တစ်ကွက်တည်းနဲ့လည်း ငါ မင်းကို ရှုံးနေသေးတာပါပဲ...”
ပြောပြီးသည်နှင့် ခေါင်းတစ်ချက်ခါယမ်းကာ လှည့်ထွက်သွားသည်။ ထို့နောက် မိုးပျံကျွန်းကြီး၏ အစွန်းတစ်နေရာသို့ ထွက်ခွာသွားပြီး တင်ပျဉ်ခွေ ထိုင်နေတော့သည်။ ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင် မည်သည့်တိုက်ပွဲတွင်မှ ဝင်မပါတော့ဆိုသည့် အဓိပ္ပါယ်ပင်။
ထန်ယုံဟောင်က စုန့်ချောင်ကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်ပြီးနောက် ရွှီဖေးကို လှည့်ကြည့်လာသည်။
“အစ်ကို’ရွှီ’ အကြာကြီး စောင့်နေခဲ့ရပြီ ၊ အစ်ကို’စုန့်’ရဲ့ခွင့်ပြုချက်နဲ့ မင်းနဲ့ငါရဲ့ တိုက်ပွဲကတော့ ရည်ရွယ်ထားတဲ့အတိုင်း တိုက်ပွဲရှည်တစ်ခု ဖြစ်မယ်ထင်တယ် ၊ ငါလည်း စောစောကတိုက်ခိုက်တာ ဘာမှမပင်ပန်းဘူးဆိုတော့ အနားယူဖို့ မလိုပါဘူး ၊ အခုပဲ တိုက်ခိုက်ကြတာပေါ့”
ရွှီဖေးလက်ထဲတွင် သားရေအိတ်ငယ်တစ်လုံးရှိနေပြီး မွှေးပျံ့သည့်သေရည်ရနံ့များ ထွက်ပေါ်နေသည်။ ထန်ယုံဟောင်နှင့် စုန့်ချန်တို့ တိုက်ခိုက်နေကြစဉ် သူက ဝမ်းသာအားရဖြင့် သေရည်သောက်နေခဲ့ခြင်းပင်။
ယခုလည်း ခေါင်းကိုမော့ကာ သေရည်တစ်ငုံကို သောက်လိုက်ပြီးမှ သားရေအိတ်ငယ်ကို ခါးတွင် ပြန်ချိတ်ထားလိုက်သည်။ ထို့နောက် သေရည်များပေကျံနေသည့် နှုတ်ခမ်းကို လက်ဖြင့်သုတ်ရင်း ပြုံးလိုက်၏။
“မင်းနဲ့ အစ်ကို’စုန့်’ တိုက်ခိုက်တာ သိုင်းကွက်တစ်ကွက်တည်းဆိုပေမယ့် ငါတော့ ပညာတွေ အများကြီးရလိုက်ပါတယ်ကွာ ၊ အထူးသဖြင့် မင်းရဲ့ ကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့ အရာအတော်များများကို နားလည်သွားခဲ့တယ်”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ မင်းက ဖြောင့်မတ်မှန်ကန်တဲ့သူတစ်ယောက်ဖြစ်လို့ မင်းအပေါ်မှာ ငါက အခွင့်အရေးယူမှာ မဟုတ်ပါဘူး”
ပြောပြီးသည်နှင့် ရွှီဖေးက သူ့လက်ဖဝါးနှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်သည်။
ရွှီဖေး၏ လက်ဝါးရိုက်ချက်ထွက်ပေါ်လာသည်နှင့် သူ၏သိုင်းစွမ်းအားက အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးကို သယ်ဆောင်ထားသည့်ပမာ ပြင်းထန်လှပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
သူ၏လက်ဝါးသိုင်းက ရိုးရှင်းပြီး အနည်းငယ်မသေမသပ်ဖြစ်သည့်တိုင် ခမ်းနားသည့်စွမ်းအားနှင့်နက်နဲမှုများစွာကို တွေ့မြင်ရသည်။
ရွှီဖေးက လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သည်နှင့် နေရာတွင်ရှိနေသည့် ရှန်ထျန်းအဆင့် သိုင်းပညာရှင်များအားလုံး မျက်ဝန်းများ တောက်ပသွားကြသည်။
အားလုံးသိကြသည့်အတိုင်း ရွှီဖေးက ဆရာဖြစ်သူ ရှီတိနှင့် မတူညီပေ။ ရှီတိက ဖြောင့်မတ်ပြီး စာပေသမားဆန်သော်လည်း ရွှီဖေးကတော့ သူရဲကောင်းဆန်သူတစ်ယောက် ဖြစ်သည်။
သို့ပေသိ ဆရာတပည့်နှစ်ယောက်က သိုင်းကျင့်ကြံသည့်လမ်းစဉ်တွင် လျှောက်လှမ်းပုံခြင်း တူညီကြသည်။ သူတို့ (၂)ယောက်လုံး သိုင်းပညာတစ်ခုတည်းကိုသာ စွဲစွဲလန်းလန်း လေ့ကျင့်ပြီး ထိုသိုင်းပညာထဲမှ အနှစ်သာရအားလုံးကို ရယူနိုင်ရန် ကြိုးစားကြသူများ ဖြစ်သည်။
ရှီတိက ရွှေခန္ဓာသိုင်းပညာတစ်မျိုးတည်းကိုသာ ကျင့်ကြံခဲ့ပြီး ရွှီဖေးကတော့ အစွန်းရောက်ရှစ်ပါးသိုင်းပညာ (၈)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သော မိုးမြေဓားသိုင်းကို လေ့ကျင့်ခဲ့သည်။
နှစ်ပေါင်းများစွာကိုပင် တစ်ရက်တည်းပမာ တစ်စိုက်မတ်မတ် ကျင့်ကြံလေ့ရှိသော ရွှီဖေးသည် အခြားသောထိပ်တန်းသိုင်းပညာများကို မလေ့ကျင့်ဘဲ မိုးမြေဓားသိုင်းတွင်သာ ဘဝတစ်ခုလုံး မြှုပ်နှံထားခဲ့သည်။ သူ၏ အောင်မြင်မှုကလည်း နိမ့်ပါးခဲ့ခြင်း မရှိပေ။ ဝါဒတောင်တစ်ခုလုံးရှိ သိုင်းပညာရှင်များအလယ် နံပါတ် (၁) ဖြစ်ခဲ့သည်သာမက သူ့ကို အနိုင်မယူနိုင်သည့် သိုင်းဆရာသခင်များပင် ရှိခဲ့ကြသည်။
ယခု ရွှီဖေးထုတ်ဖော်အသုံးပြုလိုက်သည်က မိုးမြေဓားသိုင်း မဟုတ်ပေ။ သို့သော် လက်ဝါးရိုက်ချက်နောက်ကွယ်မှ သဘောတရားများကတော့ မိုးမြေဓားသိုင်းနှင့် အတူတူပင်ဖြစ်၏။
သို့ရာတွင် ဓားသိုင်းမှ လက်ဝါးသိုင်းအဖြစ် ရိုးရှင်းစွာ ပြောင်းလဲသွားခြင်းတော့ မဟုတ်ပေ။ ဓားသိုင်းကို လက်ဝါးသိုင်း ၊ သို့မဟုတ် လက်သီးသိုင်းအဖြစ် ပြောင်းလဲအသုံးပြုရန်မှာ ဖြစ်နိုင်ခဲသည့်ကိစ္စတစ်ခုပင်။
ရန်ကျောက်ကဲက သူ၏ပိုင်းခြားသိမြင်နိုင်စွမ်းသည့် မျက်လုံးများဖြင့် ရွှီဖေး၏ လက်ဝါးသိုင်းကို အကဲခတ်လိုက်သည်။ ထိုလက်ဝါးသိုင်းက သဘာဝကျသည့်သိုင်းပညာတစ်ခုဖြစ်သော်လည်း မိုးမြေဓားသိုင်းအနှစ်သာရကို အခြေခံပြီး အညစ်အကြေးများကိုသန့်စင်ကာ ဓားသိုင်းမှ လက်ဝါးသိုင်းအဖြစ် ပြောင်းလဲထားခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။
ထိုသိုင်းပညာမှာ ရွှီဖေးကိုယ်တိုင် တီထွင်ထားသည့် သိုင်းပညာအသစ်တစ်ခု ဖြစ်၏။
ပြီးပြည့်စုံခြင်းမရှိသေးသည့်တိုင် အလားအလာကောင်းများရှိနေပြီး အလွန်အံ့အားသင့်ဖွယ်ကောင်းလှသည်။
အားဟူက...
“အစ်ကို’ဖေး’ သာ သူ့ရဲ့လက်ဝါးသိုင်းကို ဆက်ပြီး သန့်စင်အောင်လုပ်မယ်ဆိုရင် ကြီးမားတဲ့ပြီးပြည့်စုံမှု ရှိလာမှာပဲ ၊ အနားဂတ်မှာ အစွန်းရောက်ရှစ်ပါး သိုင်းပညာ (၈)ရပ်မဟုတ်တော့ဘဲ သိုင်းပညာ (၉)ရပ် ဖြစ်လာနိုင်တယ်”
ရွှီဖေးက လက်ဝါးရိုက်ချက်ကို ရုတ်သိမ်းလိုက်ပြီးနောက် ထန်ယုံဟောင်ကိုကြည့်ပြီး ရယ်မောလိုက်သည်။
“အားတဲ့အချိန်မှာ ငါ စဉ်းစားပြီး တီထွင်ထားတာလေးတွေကို လူတိုင်းမြင်အောင် ပြချင်လို့ပါကွာ ၊ မင်းမျက်လုံးထဲတော့ လိုအပ်ချက်တွေ ရှိနေမှာသိပေမယ့်... အစ်ကို’ထန်’ရာ... ဒီလက်ဝါးသိုင်းက မိုးမြေဓားသိုင်းရဲ့ တူညီတဲ့သိုင်းတာအိုကနေ မြစ်ဖျားခံလာတဲ့ လက်ဝါးသိုင်းပါပဲ ၊ လက်ဝါးသိုင်းနဲ့ ဓားသိုင်းကို တစ်ပြိုင်တည်းထုတ်ဖော်အသုံးပြုမယ်ဆိုရင် ဒီလက်ဝါးသိုင်းက အဆင်ပြေတယ်”
ထန်ယုံဟောင်က စိတ်အားထက်သန်စွာပင် ခေါင်းညိတ်လိုက်ပြီး...
“အစ်ကို’ရွှီ’ အခုလိုသင်ပြပေးတာ ကျေးဇူးအများကြီးတင်ပါတယ်”
ထို့နောက် နှစ်ယောက်သား မျက်နှာချင်းဆိုင်ကာ လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်ကြသည်။ ထန်ယုံဟောင်က လက်တစ်ဖက်ဝှေ့ယမ်းလိုက်သည့်အခါ သူ့လက်ထဲတွင် ဓားတစ်လက်ထွက်ပေါ်လာပြီး ဓားအလင်းရောင် တောက်ပလာသည်။ သို့သော် အခြားသူများ မျက်စိကျိန်းစပ်လောက်အောင် တောက်ပခြင်းမျိုးမဟုတ်ဘဲ နံနက်ခင်းနေရောင်ခြည်ပမာ တောက်ပနေခြင်း ဖြစ်၏။
ထန်ယုံဟောင် ဓားဆွဲထုတ်ပြီးတော့မှ ရွှီဖေးကလည်း သူ့ဓားကို ဆွဲထုတ်လိုက်သည်။ နက်မှောင်ရှည်လားသည့်ဓားတစ်လက် သူ့လက်ထဲတွင်ပေါ်လာပြီး အနက်ရောင်အလင်းတန်းများ ရုတ်ချည်းထွက်ပေါ်လာကာ နဂါးဟိန်းသံများ ပဲ့တင်ထပ်သွားသည်။
ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲ၏ အမြင့်ဆုံးအဆင့် သိုင်းပညာဖလှယ်ပွဲ ယခုစတင်ပြီ ဖြစ်သည်။
ရွှီဖေးနှင့် ထန်ယုံဟောင်တို့သည် နဂါးနှင့် ကျားပမာ ဓားသိုင်းဖြင့်အပြန်အလှန်တိုက်ခိုက်သည်ကိုကြည့်ပြီး ရန်ကျောက်ကဲ မည်သို့မှမတတ်နိုင်စွာပင် အထပ်ထပ်အခါခါ ခေါင်းခါယမ်းမိသည်။
“သူတို့က နာမည်ကျော်ထိုက်ပါပေတယ်...”
သူက ခေါင်းကိုလှည့်ကာ တခြားဘက်သို့ကြည့်လိုက်သည်။ ထိုနေရာတွင် နေသူတော်စင်ဂိုဏ်းမှ တပည့်များရှိနေပြီး တိုက်ပွဲကို အာရုံစူးစိုက်ကြည့်နေကြသည်။
သို့သော်...
အေးဆေးတည်ငြိမ်သည့်မျက်နှာအမူအရာဖြင့် လူငယ်တစ်ဘောက်ကတော့ တိုက်ပွဲကို အာရုံစိုက်ခြင်း မရှိပေ။ ထိုလူငယ်က နေရာတွင်ပင်ရှိသည်ဟု မထင်ရလောက်အောင် တိတ်ဆိတ်ငြိမ်သက်လွန်းလှသည်။
ထိုလူငယ်သည်ကား အလင်းမင်းသား “ဟွမ်ကျိ” ပင် ဖြစ်တော့၏။