ကန်ယီ ကျောင်းတော်
Vol. 002 Ch. 107
ထိုအဖြစ်အပျက်များ ဖြစ်သွားပြီးနောက် တစ်လအကြာ။ ကန်ယီနိုင်ငံ၏ နန်းမြို့တော်။ ကန်ယီ မြို့တော်။
ကန်ယီမြို့တော်တွင်ကား မြို့တံတိုင်းများ မရှိပေ။ အရာအားလုံးက တော်ဝင်နန်းတော်ကို ဗဟိုပြု၍ ဦးတည်ရာ အရပ်အားလုံးကို ကျယ်ပြန့်သွားသည်။ ထို့ကြောင့် မြို့ကား ကြီးမားသည်။ ယခု မြို့၏အစွန်ဘက်တွင် သတ္တဝါဆန်း အများအပြားက ကောင်းကင်တွင် ပျံသန်းလျက် ရှိကြသည်။ တချို့က ဓားပျံများအား စီးနင်းလျက် သွားလာနေကြသော တန်ခိုးရှင်များ ဖြစ်ကြပြီး တချို့မှာ သူတို့၏ကျောပေါ်တွင် အတောင်ပံများ ရှိကြသည်။
ကန်ယီမြို့တော်အပေါ် ကောင်းကင်နေရာကား အံ့ဖွယ်မြင်ကွင်း တစ်နေရာဖြစ်သည်။ မရေမတွက်နိုင်သော ကန်ယီနိုင်ငံ၏ တန်ခိုးရှင်များက မြို့တော်ကို လာရောက်နေကြသည်။
ကောင်းကင် တစ်နေရာတွင် သတ္တဝါဆန်းများ အသုံးပြု၍ ပျံသန်းသော ယာဉ်ပျံတစ်စီးကို တွေ့ရသည်။ ထိုယာဉ်ပျံပေါ်တွင် လူအနည်းငယ် လိုက်ပါလာကြသည်။ ရှေ့ဆုံးမှ လူငယ်နှစ်ယောက်မှာ အသက်ဆယ့်ခုနစ်နှစ်ခန့် ရှိပေသည်။ တစ်ယောက်မှာ အလွန်အမင်း ချောမောခန့်ညားပြီး နောက်မိန်းကလေးမှာ နတ်မိမယ်တစ်ပါးလို လှပလွန်းလှသည်။
ထိုလူငယ်နှစ်ယောက်မှာ အရှေ့ပင်လယ်မှ ခရီးဆက်လာကြသော ရီဖူရှင်းနှင့် ဟွာဂျီယူတို့ ဖြစ်ကြသည်။ သူတို့နောက်တွင် ယူချင်းနှင့် ယိချိန်ချန်တို့ ရှိသည်။ ယာဉ်ပျံ၏ အခန်းငယ်လေးထဲတွင်ကား တန်လန်။ နန်ဒူဝန်ယမ်။ ဟွာဖန်းလူနှင့် တန်လန်၏ တပည့်မလေး တန်ဝမ်တို့ ထိုင်နေကြသည်။ တန်လန်၏ တပည့်အကြီးမဖြစ်သူ နီဘန်မှာ ဒွန်ဟိုင်မြို့တော်တွင် မိသားစုကျန်ရှိနေရာ ထိုနေ့က သူမ၏အိမ်ကို ပြန်သွားခဲ့သည်။
ဒွန်ဟိုင်မြို့မှ အဖြစ်အပျက်များ ပြီးနောက်တွင် ရီဖူရှင်းကား ယခင်ကလို ကံကောင်းသော လူငယ်လေးတစ်ယောက် မဟုတ်တော့ပေ။ သူ့အား ဧကရာဇ်၏အလင်းရောင် လွှမ်းခြုံလာခဲ့သော နေ့ပြီးကတည်းက သူ့ကိုယ်ရောင် ကိုယ်ဝါမှာလည်း ပြောင်းလဲခဲ့ရသည်။
ယခင်ကထက် ကွဲပြားခြားနား သွားသည်ကား သူ့ရုပ်ရည်မှာ ပိုမိုချောမောလာပြီး အလွန်ဆွဲဆောင်မှု ရှိလာခြင်းပင်။
“နောက်ဆုံးတော့ ငါတို့ ရောက်လာပြီ.....” ရီဖူရှင်းက ရေရွတ်လိုက်သည်။ ကန်ယီနိုင်ငံ၏ နန်းမြို့တော်မှာ ဒွန်ဟိုင်မြို့တော်နှင့် ယှဉ်လျှင် ကြီးမားကျယ်ပြန့်လှသည်။ သည်ရှေးဟောင်းမြို့တော်မှာ သမိုင်း အစဉ်အလာအားဖြင့် ကြီးကျယ်ခမ်းနားလှပြီး အဆောက်အဦများက ထည်ဝါလှသည်။ အဆောက်အဦ၏ အပြင်ဘက်ပုံစံများကို ကြည့်ရုံမျှဖြင့် ထိုအဆောက်အဦများမှာ နှစ်ပေါင်းမည်မျှ ကြာမြင့်ပြီ ဖြစ်သည်ကို မပြောနိုင်ပေ။ သူတို့မှာ ရှေးဟောင်း အဆောက်အဦများ ဖြစ်ကြသော်လည်း အရှိန်အဝါအားဖြင့် ကြီးမားလှပြီး မြို့အား ကြီးကျယ် ခမ်းနားစေသည်။
“အင်း...” ဟွာဂျီယူက ခေါင်းညိတ်သည်။
“တစ်ချိန်တုန်းက ဆရာ။ ယူချင်းနဲ့ ငါ ဒွန်ဟိုင်မြို့တော်ကို ပထမဆုံး ရောက်တုန်းက သိမ်းငှက်နက်ကြီးပေါ်က ရပ်ကြည့်ပြီးတော့ မြို့ကို ငါတစ်နေ့ လွှမ်းမိုးနိုင်ရမယ်လို့ ငါတွေးခဲ့ဖူးတယ်... ဒါပေမဲ့ အဲဒီမြို့က ငါ့ကို တစ်သက်စာ မမေ့တဲ့ အမှတ်တရတွေ ပေးခဲ့တယ်...” ရီဖူရှင်းက အသာအယာပြုံးရင်း ရှေ့မှ ကျယ်ပြန့်လှသော နန်းမြို့တော်ကြီးအား မျှော်ကြည့်ရင်း မိမိကိုယ်ကို သရော်သလို ပြောသည်။
သူတို့အဖွဲ့ ကန်ယီမြို့တော်ကို ရောက်ရှိသော အချိန်တွင်ပင် ဟွာဂျီယူ၏ ဒဏ်ရာများမှာ လုံးဝသက်သာသွားပြီ ဖြစ်သည်။ သို့သော် သူ့တို့၏ရင်ထဲမှ ဒဏ်ရာ အနာတရများမှာကား ကုသရန် မလွယ်ကူပေ။ အထူးသဖြင့် ရီဖူရှင်းအတွက် ဧကရာဇ်လျို၏အမိန့်တော်။ ဝန်ကြီးချုပ်ဟွာနှင့် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်တို့က လိုက်လံဖမ်းဆီးခြင်း။ နန်ဒူမိသားစု၏ ရွေးချယ်မှု။ သူ့ဆရာဘိုးဘိုး စသည်တို့က သူမေ့ရန် ကြိုးစား၍ပင် မရလောက်အောင် သူ့မှတ်ဉာဏ်ထဲတွင် စူးနစ်စွာ စွဲမြဲနေစေသည်။
ရီဖူရှင်း၏စကားများအား ကြားပြီးလျှင် ဟွာဂျီယူက သူမ၏ လက်သွယ်လေးများဖြင့် ရီဖူရှင်း၏လက်အား ဆုပ်ကိုင်လိုက်သည်။ သူမ၏မျက်လုံးများက ရှေ့ကို မျှော်ကြည့်နေဆဲဖြစ်ကာ သူမ၏မျက်လုံးများတွင် ခိုင်မာသော ဆုံးဖြတ်ချက်ကို တွေ့ရသည်။ သူမသည်လည်း ဒွန်ဟိုင်မြို့တော်တွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများအား မေ့နိုင်တော့မည် မဟုတ်ပေ။ သူတို့သည်နေရာအထိ လွတ်မြောက်လာခဲ့သည်မှာ သူမ၏ဆရာဘိုးဘိုး၏စတေးမှုများကြောင့်ပင်။
ရီဖူရှင်းက ဟွာဂျီယူ၏လက်မှ စိမ့်ဝင်လာသော နွေးထွေးမှုများအား ခံစားရကာ သူကလည်း တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူက မူလက နန်ဒူနိုင်ငံ၏နန်းမြို့တော်ကို သွားရောက်ရန် စီစဉ်ထားသော်လည်း ထိုအစား ယခု ကန်ယီနိုင်ငံ၏နန်းမြို့တော်ကို ရောက်ရှိလာသည်။ သည်နေရာတွင်လည်း သမိုင်းတစ်ကျော့ပြန်ခွင့်ပြုရန် ရီဖူရှင်း ခွင့်မပြုနိုင်တော့ပေ။ ဟွာဂျီယူ၏ နှလုံးသားနေရာအား ထွင်းဖောက်ဝင်သွားသော သစ်သားချွန်။ ဆရာဘိုးဘိုး၏ စတေးမှု။ ထိုအရာများက သူ့အား အတိုင်းအဆမဲ့စွာ နာကျင်မှုကို ခံစားရစေသည်။
ထိုစဉ် တန်လန်က ထိုင်နေရာမှထလာပြီး မြေပြင်မှ ခန့်ညားထည်ဝါလှသော မြို့တော်ကြီးအား ကြည့်လိုက်သည်။ ကောင်းကင်ကား ခရီးသွားများဖြင့် ပြည့်ကျပ်နေသည်။ သူမက မေးသည်...“ ဖူရှင်း... မင်း ဘယ်ကို သွားမလဲ...”
“ကန်ယီကျောင်းတော်.....” ရီဖူရှင်းက တွန့်ဆုတ်ခြင်းမရှိဘဲ ဖြေသည်။ သူ့စိတ်ထဲတွင် အစီအစဉ်ရှိပြီးသား ဖြစ်သည်မှာ ထင်ရှားသည်။
ကန်ယီကျောင်းတော်မှာ နန်ဒူနိုင်ငံမှ ကျောင်းတော်များကဲ့သို့ပင်။ ကန်ယီကျောင်းတော်၏ အဆင့်အတန်းမှာ နန်ဒူနိုင်ငံ၏နန်းမြို့တော်မှ ကျောင်းတော်နှင့် အတူတူဖြစ်သည်။ ကန်ယီကျောင်းတော်အား တော်ဝင်မိသားစုမှ အထောက်အပံ့ပြုထားသည်။ ပါရမီရှင်ပေါင်းများစွာ ထိုကျောင်းတော်တွင် တက်ရောက်ကြသည်။ တော်ဝင်မိသားစုမှ လူငယ်မျိုးဆက်များပင်လျှင် ကန်ယီကျောင်းတော်တွင် တက်ရောက်ကြသည်။ သို့သော်လည်း ရီဖူရှင်းက ထိုကျောင်းတော်တွင် တက်ရောက်ရန် ရည်ရွယ်ချက်ဖြင့် သွားခြင်းမဟုတ်ဘဲ နန်းမြို့တော်တွင် ပြုလုပ်မည့် ပွဲတော်တစ်ခုအတွက် သွားခြင်းဖြစ်သည်။ ထိုပွဲတော်ကား ဖန်းဟွာ ပွဲတော်ဖြစ်သည်။
ဖန်းဟွာပွဲတော်မှာ တော်ဝင်ပွဲတော်တစ်ခု ဖြစ်သည်။ ထိုပွဲတော်တွင် ကန်ယီနိုင်ငံ၏ ဧကရာဇ်က လူငယ်မျိုးဆက်များ၏ စွမ်းရည်များအား ကိုယ်တိုင်လာရောက် ကြည့်ရှု သုံးသပ်လေ့ရှိသည်။ ဧကရာဇ်လျို၏ အမိန့်တော်ကြောင့် မဟုတ်လျှင် ရီဖူရှင်းက နန်ဒူနိုင်ငံ၏ တန်ဖန်းပွဲတော်ကို တက်ရောက်မည်မှာ သေချာလှသည်။ သို့သော် ဘဝကား မရေရာမှုများဖြင့် ပြည့်နှက်နေသည်။ ယခု သူက နန်ဒူနိုင်ငံ၏ ပြိုင်ဘက်နိုင်ငံဖြစ်သော ကန်ယီနိုင်ငံ၏ တော်ဝင်ပွဲတော်ကို တက်ရောက် ရတော့မည် ဖြစ်သည်။
ကန်ယီကျောင်းတော်မှာ ဖန်းဟွာပွဲတော်ကို တက်ရောက်ရန် စာရင်းပေးသွင်းရမည့် နေရာဖြစ်သည်။ ကောင်းကင်တွင် ခရီးသွားနေကြသော တန်ခိုးရှင်များ အားလုံးတွင် သူတို့၏ လူငယ်မျိုးဆက်များအား အတူ ခေါ်ဆောင်လာကြသည်။ တချို့က ကိုယ်တိုင် လာရောက်ကြသည်။ သူတို့က ရီဖူရှင်းကဲ့သို့ ရည်ရွယ်ချက်ဖြင့် ရောက်လာကြခြင်း ဖြစ်သည်။
ရီဖူရှင်းက ကန်ယီကျောင်းတော်ကို သွားမည့်အကြောင်းကို ကြားလျှင် တန်လန်က သူ့ရည်ရွယ်ချက်ကို နားလည်လိုက်သည်... “မင်းတို့တွေက ဝင်ပြိုင်မလို့လား... ဖန်းဟွာပွဲတော်က အသက် သတ်မှတ်ထားတာ ရှိတယ်... ဝင်ပြိုင်တဲ့သူတွေက အသက် နှစ်ဆယ်အောက် ဖြစ်ရမယ်... ဆိုလိုတာက ဓမ္မအဆင့် တန်ခိုးရှင်တွေ ပါဝင်လာနိုင်တာပဲ...”
ဒွန်ဟိုင်မြို့တော်မှ ကန်ယီနိုင်ငံ၏ နန်းမြို့တော်အထိ ခရီးလမ်းတစ်လျှောက်တွင် သူတို့က ကန်ယီနိုင်ငံနှင့် ပတ်သက်၍ အများအပြား သိနားလည်ခဲ့ကြသည်။
“ကျွန်တော်သိတယ်...” ရီဖူရှင်းက ပြန်ဖြေသည်။ သူက ဆက်ပြောသည်... “ပွဲတော်မှာ ဧကရာဇ်ရဲ့ ရွေးချယ်မှုကို ခံရတဲ့လူတွေက ဖန်းဟွာ အဆင့်ရပ်တည်မှုမှာ ပါဝင်ခွင့်ရလိမ့်မယ်... ထိပ်ဆုံး ဆယ်ယောက်က ဆုချီးမြှင့်တာကို ခံရပြီးတော့ ထိပ်ဆုံးသုံးယောက်က ဧကရာဇ်ဆီက ဆုတစ်ခုစီ တောင်းလို့ရတယ်... တောင်းဆိုမှုက အရမ်းကြီး မလွန်ကဲနေရင် သူက ပြည့်မြောက်အောင် လုပ်ပေးလေ့ရှိတယ်...”
“မင်းက ဘာဆုကို တောင်းမလို့လို့လဲ....” တန်လန်က မေးသည်။
ရီဖူရှင်းက အခန်းငယ်ထဲမှ ဟွာဖန်းလူအား ကြည့်လိုက်ကာ ပြောသည်...“ ကျွန်တော်က သူ့ကို ဆရာ့ကို ကုသပေးဖို့ တောင်းဆိုမယ်...”
တန်လန်၏မျက်လုံးများ အရောင်လက်သွားသည်။ အကယ်၍ ရီဖူရှင်းက သည်တောင်းဆိုမှုကိုသာ ပြုလုပ်ခဲ့ပါက ကန်ယီဧကရာဇ်က သူ့အဆင့်အတန်း သူ့စွမ်းအားနှင့်ဆိုလျှင် ဖြစ်နိုင်သော တောင်းဆိုမှုပင်။
“ရွေးချယ်ခံရတဲ့လူတွေက ဧကရာဇ်ရဲ့ ဆုံးဖြတ်ချက်နဲ့ သွားတာဆိုပေမယ့် ဒါက တန်ခိုးအဆင့် ဘယ်လောက်မြင့်တယ် ဆိုတာနဲ့ မဆိုင်ဘူး... မင်းက ထူးခြားထက်မြက်တဲ့ စွမ်းရည်မရှိဘဲ လူအုပ်ထဲက ထွက်ပြီး ပြိုင်ပွဲထဲကို ရောက်ဖို့ မလွယ်ဘူး... မင်းရဲ့ စွမ်းရည်အားလုံးကို ထုတ်မပြဘဲနဲ့တော့ ထိပ်ဆုံး သုံးနေရာထဲကို ဝင်ဖို့ လွယ်မယ် မထင်ဘူး...” တန်လန်က ပြောသည်။
“ကျွန်တော်က ထိပ်ဆုံး သုံးနေရာကို ဝင်ရမယ်...” ရီဖူရှင်းက ခိုင်မာစွာ ပြောသည်။ နန်ဒူနိုင်ငံ၏ဧကရာဇ်က သူ့အား အကြောင်းပြချက်မရှိဘဲ သတ်ရန် ကြံစည်ခဲ့သော်လည်း ယခု ကန်ယီနိုင်ငံတွင်ကား ကန်ယီဧကရာဇ်က သူ့စွမ်းရည်များကို ချီးမြှောက်မည်သာ ဖြစ်သည်။ ထို့အပြင် ဖန်းဟွာပွဲတော်မှာ လူငယ်မျိုးဆက်များ၏ စွမ်းရည်ကို စမ်းသပ်ရန် ပြုလုပ်သော ပွဲတော်ဖြစ်သည်။ အကြီးအကဲချင်မှာ ကွယ်လွန်သွားပြီဖြစ်ပြီး ဟွာဖန်းလူ၏စွမ်းရည်များမှာ ပျက်စီးနေခဲ့သည်။ သည်အခွင့်အရေးအား သူလက်မလွှတ်နိုင်ပေ။
“ကောင်းပြီ...” တန်လန်က ခေါင်းညိတ်သည်။ ရီဖူရှင်းထံမှ ခိုင်မာသော ဆုံးဖြတ်ချက်က သူအောင်မြင်ရန် လုံလောက်သော အကြောင်းပြချက် ဖြစ်သည်။
“ ငါလည်းနင်နဲ့အတူ ဝင်ပြိုင်မယ်...” ဟွာဂျီယူက ညင်သာစွာ ပြောသည်။
“မြေခွေးမ... နင်က အရမ်းလှတယ်... ဒါက အရမ်း ကြွားဝါရာ မဖြစ်ဘူးလား.....” ရီဖူရှင်းက ဟွာဂျီယူ၏ အလှအပများအား လေ့လာကာ ပြောသည်။ အသက်ဆယ့်ခုနစ်နှစ်မျှသာ ရှိသော်လည်း သူမကား အလှဆုံးသော အချိန်ကို ရောက်နေပြီဖြစ်သည်။
“သွားစမ်းပါ...” ဟွာဂျီယူက ဒေါသတကြီး ပြောသည်။ သည်မတိုင်မီက သူတို့ဆွေးနွေးမှုမှာ အလွန်အလေးအနက် ရှိလှသော်လည်း သည်ကောင်လေးက စက္ကန့်ပိုင်းအတွင်း ဟာသတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည်။
သို့သော်လည်း စိတ်ထဲတွင်မူ သူမ အမှန်တကယ် ပျော်ရွှင်ရသည်။ ခရီးလမ်းတစ်လျှောက်လုံး ရီဖူရှင်းကား သုန်မှုန်နေခဲ့သည်။ ယခင်ကကဲ့သို့ စနောက်ခြင်းများ မရှိခဲ့ပေ။ ဒွန်ဟိုင်မြို့မှ အဖြစ်အပျက်များက သူ့အား အလွန်အမင်း ထိခိုက်စေခဲ့သည်မှာ သေချာသည်။ သူမက ယခင်ကကဲ့သို့ သူ့အား နေစေချင်သည်။ သူက မျက်နှာပြောင်တတ် သော်လည်း သူ့အား ထိုသို့သော ပုံစံဖြင့် သူမ သဘောကျသည်။
“ငါလည်း ဝင်ပြိုင်ချင်တယ်...” နောက်တွင် ထိုင်နေသော ယူချင်းက တစ်ချိန်လုံး တိတ်ဆိတ်နေရာမှ ဝင်ပြောသည်။
“သေချာတာပေါ့...” ရီဖူရှင်းက ပြောသည်။
ယာဉ်ပျံရှေ့ကို ဆက်လက်၍ ပျံသန်းသွားသည်။ ရီဖူရှင်းက လမ်းမေးနေစရာ မလိုပေ။ ရှေ့မှ လူအုပ်ကြီး ဦးတည်ရာသို့ပင် လိုက်သွားသည်။ လူအများစု ဦးတည်လျက် သွားနေသော နေရာမှာ ကန်ယီကျောင်းတော်ရှိနေရာ နေရာဖြစ်ရပေမည်။ မေးခွန်း မေးနေစရာ မလိုပေ။
ကန်ယီကျောင်းတော်ကား တော်ဝင်နန်းတော်အနီးရှိ မြို့တော်၏ အလယ်တည့်တည့်တွင် တည်ရှိသည်။ အဆင့်အတန်း မြင့်သူတို့သာ တက်ရောက်သော တကယ့်တော်ဝင် ကျောင်းတော် ဖြစ်သည်။ ထိုကျောင်းတော်အား တက်ခွင့်ရရန် အလွန်ခက်ခဲပြီး သင်က အဆင့်အတန်း မြင့်နေသော်လည်း ထူးခြားထက်မြက်သော ပါရမီများ မရှိလျှင် တက်ခွင့်ရမည် မဟုတ်ပေ။ ထိုကျောင်းတော်တွင် မင်းသားများနှင့် မင်းသမီးများပင်လျှင် တက်ရောက်ကြသည်။ ကျောင်းတော်က တော်ဝင်မိသားစုအား နောက်ခံပြုထားခြင်း ဖြစ်ရာ မည်သူ့ကိုမှ ဂရုစိုက်နေစရာ မလိုပေ။
ကန်ယီကျောင်းတော်၏ ကျောင်းဝင်းအပြင်ဘက်တွင် သတ္တဝါဆန်းများ။ ဓားများအား စီးနင်းထားသော တန်ခိုးရှင်များ။ အတောင်ပံများဖြင့် ပျံသန်းနေသာ တန်ခိုးရှင်များ စသော ထိုသူများအားလုံး က အလျှိုလျှို စုစည်းနေကြသည်။ လူများကား အများအပြားပင်။ ဖန်းဟွာပွဲတော်မှာ ကျင်းပရန် သုံးရက်မျှ လိုသေးသော်လည်း လူများက ကန်ယီကျောင်းတော်တွင် အဆက်မပြတ် စာရင်းများ ပေးသွင်းနေကြပြီ ဖြစ်သည်။
နောက်ဆုံးတွင် ရီဖူရှင်းတို့အဖွဲ့ ရောက်ရှိလာကြသည်။ သည်နေရာကား သူမျှော်လင့်ထား သကဲ့သို့ပင်။ တန်ခိုးရှင်အမျိုးအစား အများအပြား ရောက်ရှိနေကြသည်။ ကောင်းကင်တွင် ပျံသန်းနေသော သတ္တဝါဆန်းများမှာလည်း သူမမြင်ဖူးသော အကောင်များ အများအပြား ပါဝင်သည်။ တချို့မှာ ကြောက်မက်ဖွယ် သွင်ပြင်များ ရှိသည်။ တချို့ သတ္တဝါဆန်းများမှာ အကာနာအဆင့် ရှိနေကြသည်။ ရီဖူရှင်းကလည်း သူ့တွင် တန်ခိုးမြင့်သော သတ္တဝါဆန်းများအား ပိုင်ဆိုင်လိုသော်လည်း သူ့တန်ခိုးအဆင့်မြင့်သော အချိန်အထိ စောင့်ဆိုင်းရန် လိုအပ်ပေသည်။
ရီဖူရှင်းနှင့် တခြားလူများအားလုံး မြေပြင်ကို ဆင်းသက်လိုက်ကြသည်။ ဟွာဂျီယူက ပဝါတစ်ထည်ဖြင့် သူမ၏မျက်နှာကို ဖုံးကွယ်လိုက်သည်ကို ရီဖူရှင်း သတိထားမိလိုက်သည်။
“ကြည့်ရတာတော့ မင်းက မင်းရဲ့အလှက ဘယ်လောက် လှုပ်ခတ်စေနိုင်တယ် ဆိုတာ သိနားလည်ပုံပဲ...” ရီဖူရှင်းက ရယ်မောလိုက်သည်။
ဟွာဂျီယူက သူ့အား လျစ်လျူရှုထားသည်။
ရီဖူရှင်းက နောက်မှ တန်ဝမ်နှင့် ယိချိန်ချန်တို့အား လှည့်ကာ မေးလိုက်သည်... “ရှိန်ချန်... တန်ဝမ်... မင်းတို့တွေရော... ပြိုင်ပွဲမှာ ပါမလား...”
“ဟင့်အင်း...” ယိချိန်ချန်က ခေါင်းယမ်းသည်။
“ငါလည်း မပါဘူး...” တန်ဝမ်က ပြုံးလျက် ပြောသည်။
မိန်းကလေး နှစ်ယောက်လုံးက သူတို့မှာ လိုအပ်ချက်များ ရှိနေသေးပြီး တန်ဖန်းပွဲတော်တွင် ဝင်ပြိုင်ရန် မစွမ်းသည်ကို သိကြသည်။
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရီဖူရှင်းက နန်ဒူဝန်ယမ်ကို ပြောသည်... “ဆရာကတော်တို့ ဒီအနားမှာ နားမယ့်နေရာ တစ်နေရာရှာပြီး နားလိုက်ကြလေ... ကျွန်တော်က သိမ်းငှက်နက်ကို ဆရာကတော်တို့နဲ့ အတူလွှတ်လိုက်မယ်...”
“ကောင်းပြီ... သတိထားနော်... ဖူရှင်း...” နန်ဒူဝန်ယမ်က စိုးရိမ်တကြီး ပြောသည်။
“ကျွန်တော်တို့ အဆင်ပြေမှာပါ... ဆရာကတော်...” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ ထို့နောက် ဟွာဂျီယူ။ ယူချင်းနှင့် ရီဖူရှင်းတို့က ကန်ယီကျောင်းတော်ထံသို့ လျှောက်သွားလိုက်ကြသည်။ သူတို့က ကျောင်းဝင်းထဲသို့ ခြေချလိုက်မိသည်နှင့် လူအများပြားက နေရာတစ်ခုထံသို့ ဦးတည်လျက် သွားလာနေကြသည်ကို သတိထားမိကြသည်။ ထိုအရပ်တွင် အကြီးအကဲ အများအပြားက စာရင်းများ မှတ်နေကြသည်။ သူတို့သုံးယောက်ရှေ့မှ စာရင်းများ ပေးနေကြသော လူအများအပြားကို တွေ့နိုင်သည်။ သူတို့ကလည်း အကြီးအကဲ တစ်ယောက်ထံတွင် သွားရောက် တန်းစီလိုက်ကြသည်။ မကြာခင်ပင် သူတို့အလှည့် ရောက်လာသည်။ သူတို့က ထိုအကြီးအကဲ၏ စားပွဲအနီးကို လှမ်းသွားလိုက်ကြသည်။
ထိုင်ခုံတွင် ထိုင်နေသော အကြီးအကဲက တစ်စုံတစ်ခုအား ရေးခြစ်နေဆဲပင်။ သူက ခေါင်းမော့လျက် ပြောသည်... “နာမည်... အသက်... တန်ခိုးအဆင့်... လေ့လာတဲ့ ပညာအမျိုးအစား...”
“ရီဖူရှင်း... ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့်... မှော်ဂီတပညာရှင်.....” ရီဖူရှင်းက ပြောသည်။ တိုက်ပွဲနေ့က သူ့တန်ခိုးအဆင့် တစ်ဆင့်မြင့် သွားခဲ့သည်။
“ဟွာဂျီယူ... ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့်... စိတ်စွမ်းအင်ပညာရှင်...” ဟွာဂျီယူက ပြောသည်။
“ယူချင်း... ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့်... သိုင်းပညာရှင်...”
သူတို့ သုံးယောက်လုံးမှာ ယခု တန်ခိုးအဆင့် အတူတူဖြစ်သည်။
အကြီးအကဲက သူတို့သုံးယောက်ကို ထူးဆန်းသလို ကြည့်သည်။ သူတို့မှာ အသက်လည်းတူပြီး တန်ခိုးအဆင့်မှာလည်း တူညီကြသည်။ ထို့နောက် သူက တစ်ယောက်စီကို သစ်သားပြားလေး တစ်ခုစီ ပေးသည်။ သစ်သားပြားပေါ်တွင် သူတို့၏ နာမည်။ အသက်နှင့် တန်ခိုးအဆင့်။ ပညာ အမျိုးအစားကို ရေးမှတ်ပေးထားသည်။
ထိုစဉ် အကြီးအကဲဘေးမှ မိန်းကလေး တစ်ယောက် ထွက်လာသည်။ သူမက ပြုံးလျက် ပြောသည်... “ကျွန်မနဲ့ လိုက်ခဲ့ပါ.....” ထိုမိန်းကလေးမှာ ကျောင်းတော်ဝတ်စုံအား ဝတ်ဆင်ထားသည်။ ဖန်းဟွာပွဲတော်တွင် ကန်ယီကျောင်းတော်မှ ကျောင်းသူ ကျောင်းသားများမှာ ဝေယျာဝိစ္စများအား ကူညီ စီစဉ်ပေးကြရဟန် တူသည်။
“ကျေးဇူးတင်ပါတယ်...” ရီဖူရှင်းက ပြောသည်။ သူတို့သုံးယောက်က မိန်းကလေးနောက်မှ လိုက်လာကြသည်။ သူမက အသက် ဆယ့်ရှစ်နှစ်ခန့် ရှိမည်ဖြစ်ပြီး အတော်လှသည်။
“ငါ့နာမည်... ဆင့်ရှာ...” မိန်းကလေးက ပြောသည်။ သူမက ရီဖူရှင်းအား အကြိမ်ကြိမ် ကြည့်မိသည်။ သူမက ကျောင်းတော်တွင် အလွန်ချောမောသော လူငယ်များစွာအား မြင်ဖူးသော်လည်း ရီဖူရှင်းကဲ့သို့ ထူးခြားစွာ ဆွဲငင်အားကောင်းပြီး ရုပ်ချောသော သူအား မမြင်ဖူးပေ။
မိန်းမတစ်ယောက်၏ဆဋ္ဌမအာရုံမှာ အလွန် အားကောင်းသည်။ ဟွာဂျီယူက ရီဖူရှင်း၏လက်ကို ကိုင်ဆွဲလိုက်သည်။ ဆင့်ရှာက ချက်ချင်း အကြည့်လွှဲလိုက်ပြီး ဟွာဂျီယူကို ပြုံးကြည့်လိုက်သည်။ သည်မိန်းကလေးက စိတ်ဝင်စားစရာ ကောင်းလှသည်ဟု ဆင့်ရှာ တွေးလိုက်သည်။
ရီဖူရှင်းက ဆွဲဆောင်မှု ကောင်းလွန်းလှသည့်တိုင် ကန်ယီကျောင်းတော်မှ ကျောင်းသူတစ်ယောက် အနေဖြင့် သူမက နောက်ခံခိုင်မာမှုမရှိသော သူအား စဉ်းစားမည် မဟုတ်ပေ။ ထို့အပြင် ရီဖူရှင်း၏တန်ခိုးအဆင့်မှာ ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့်ဖြစ်ရာ သူမက သိပ် အထင်မကြီးပေ။ လတ်တလောက ကန်ယီကျောင်းတော်ကို တက်ရောက်ခဲ့သော ချင်ကလန်၏ ဘေချူမှာ ရီဖူရှင်းနှင့်ယှဉ်လျှင် မိုမို သာလွန်သည်ဟု သူမထင်သည်။
***