← Chapters

နည်းပညာခေတ်

Vol. 50 Ch. 691

နည်းပညာခေတ်

Vol. 50 Ch. 691

ဗဟိုအဖွဲ့ဝင်များနှင့်အတူ စုကျိုးအင်မော်တယ်ဂိုဏ်းအား တည်ထောင်နိုင်ခဲ့သည်။

အန်လင်းသည် ဂိုဏ်းချုပ်ဖြစ်ပြီး မီးလျှံနန်းဆောင်သခင်မ စုရှောင်လန်၊ ဓားနန်းဆောင်သခင်မ လျှိုချင်းဟွမ်၊ စိတ်ဝိဉာဉ်နန်းဆောင်သခင် ရွှမ်းယွမ်ချန်၊ လစန္ဒာနန်းဆောင်သခင်မ စုချန်းရန်၊ နဂါးနန်းဆောင်သခင် ရှောင်ဇယ်၊ သားရဲနန်းဆောင်သခင် တပိုင်၊ လူသားနန်းဆောင်သခင် လန်လေး၊ နယ်မြေနန်းဆောင်သခင်မ တီနာ၊ သွေးနန်းဆောင်သခင် ဘရိုင့်စ် အစရှိသဖြင့် နန်းဆောင်သခင်ပေါင်းကိုးဦး ရှိသည်။

ထို့အပြင် ထန်းရှီမန်၊ ရှောင်ဟုန်၊ ရှောင်ချိုးနှင့် ထျန်းလေးတို့သည် ထိုနန်းဆောင်သခင်များနှင့် အဆင့်အတန်း တူညီသော အကြီးအကဲများ ဖြစ်သည်။

နန်းဆောင်တစ်ခုချင်းစီတွင် ကိုယ်ပိုင်အကြီးအကဲများ ထားရှိထားသည်။ ဥပမာအားဖြင့် ယောင်မင်ရှီ၊ ယောင်ရှိုးနှင့် ရှင်းကျူတို့သည် ဓားနန်းဆောင်၏ အကြီးအကဲများဖြစ်ပြီး ကျောက်ဟွိုက်ရင်သည် သားရဲနန်းဆောင်၏ အကြီးအကဲနေရာအား ရယူထားလေသည်။ ဟုကွမ်းနှင့် လျှိုတပေါင်တို့မှာမူ နဂါးနန်းဆောင်၏ အကြီးအကဲများဖြစ်ကာ အခြားသော နန်းဆောင်များအတွက် လတ်တလောတွင် အကြီးအကဲများ မရှိသေးပေ။

ရှိရှိသမျှ ဗဟိုအဖွဲ့ဝင်များအား ရာထူနေရာများ အသီးသီး ပေးအပ်လိုက်ပြီ ဖြစ်သောကြောင့် ဂိုဏ်းသားလက်ခံရန်သာ ကျန်တော့သည်။

"ကျောင်းပိတ်ရက်ကြရင် ဂိုဏ်းအတွက် တည်နေရာ ရွေးကြမယ်။"

အန်လင်း ကြေညာလိုက်သည်။

ထိုနေ့တွင် အားလုံးမှာ စိတ်ဓာတ်တက်ကြွစွာဖြင့် အဆောင်များထံ ပြန်သွားခဲ့ကြသည်။ စုကျိုးအင်မော်တယ်ဂိုဏ်းနှင့် ပက်သတ်၍ ၎င်းတို့အားလုံး မျှော်လင့်မိနေကြသည်။

အန်လင်းသည်လည်း ခြွင်းချက်တစ်ခု မဟုတ်ပေ။ သူ၏စိတ်ကူးယဉ် အိမ်မက်တစ်ခုအား သူငယ်ချင်းများမှ အားတက်သရော ထောက်ခံအားပေးလာမည်ဟု တစ်ကြိမ်တစ်ခါမှ တွေးမထားခဲ့ဖူးပေ။

စုကျိုးအင်မော်တယ်ဂိုဏ်းအကြောင်းအား စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော် တစ်ခုလုံးထံ သတင်းဖြန့်ပစ်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏လွှမ်းမိုးမှုကြောင့် သူ၏ပရိသတ်များစွာ ဂိုဏ်းထဲဝင်ရောက်လာမည်မှာ သေချာပေသည်။

သို့သော် ထိုအတွေးအား ခပ်မြန်မြန်ပင် စွန့်ပစ်လိုက်ရသည်။ ပထမဦးစွာ ထိုကျောင်းသားများ၏ အနာဂတ်အား ဖျက်စီးသလို ဖြစ်သွားမည်ကို သူအမှန်တကယ် စိုးရိမ်မိသည်။ ဒုတိယတစ်ချက်အနေဖြင့် ကောင်းကင်ဘုံခုံရုံး၏ အကြီးအကဲများ လက်ချက်ကြောင့် သူဒုက္ခရောက်သွားနိုင်သည်။

ထိုကျောင်းသားများအား ကောင်းကင်ဘုံခုံရုံးမှ ဂရုတစိုက် ပြုစုပျိုးထောင်လာရခြင်း ဖြစ်သောကြောင့် သူကသာ အလွယ်တကူ ခေါ်ယူသွားပါက စုကျိုးအင်မော်တယ်ဂိုဏ်းမှာ ပျက်စီးခြင်းငါးပါး ဆိုက်ရောက်သွားရလိမ့်မည်။

ညဉ့်ယံသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် မည်သူမှ မရှိတော့ပါသော်လည်း စုရှောင်လန်မှာ အန်လင်း အဆောင်တွင်ပင် ရှိနေသေးသည်။

တီနာသည် အန်လင်းအပြင် အခြားသော သက်ရှိသတ္တဝါ တစ်ဦးကိုပါ အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာသို့ ခေါ်ဆောင်သွားရန် စီစဉ်ထားလေသည်။

ထိုသည်မှာ အန်လင်း၏ အနာဂတ် တာအိုလက်တွဲဖော် စုရှောင်လန်ပင် ဖြစ်သည်။

သူမသည် အန်လင်းနှင့် အစေခံစာချုပ် ချုပ်ဆိုထားသောကြောင့် အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာသို့ ခေါ်ဆောင်သွားရသည်မှာ အဆင်ပြေ လွယ်ကူပါသော်လည်း စုရှောင်လန်နှင့် သူမကြားတွင် မည်သည့်ဆက်နွယ်မှုမှ မရှိသောကြောင့် အတော်အတန် ခက်ခဲပေလိမ့်မည်။

"အဆင်သင့် ဖြစ်ပြီလား။ အဆင်သင့်ဖြစ်ရင် စလိုက်ရအောင်။"

တီနာ ပြုံးကာပြောလိုက်သည်။

အန်လင်းနှင့် စုရှောင်လန်တို့သည် လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

တီနာမှာ ၎င်းတို့နှစ်ဦး၏ ပတ်ပတ်လည်တွင် ပျံဝဲလိုက်သည်နှင့် အဖြူရောင် အလင်းများ လွှမ်းခြုံသွားလေသည်။

အားကောင်းလှသော ဆွဲငင်အား တစ်ခုမှာ ၎င်းတို့အား ဆွဲခေါ်သွားတော့သည်။

ဝှစ်....

အန်လင်းသည် မူးနောက်နောက် ခံစားချက်နှင့်အတူ ချီလော့မြို့၏ ကောင်းကင်ထက်သို့ ရောက်ရှိလာသည်။

ဘေးပတ်ပတ်လည်သို့ ကြည့်ရှုလိုက်သောအခါ ရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည်ဖြင့် အသက်ပြင်းပြင်း ရှူနေသော တီနာအား တွေ့လိုက်ရပြီး အခြားမည်သူမှ ရှိမနေပေ။

အန်လင်း: "....."

"ငါ့အစွမ်းက လူနှစ်ယောက်ကို တစ်ခါထဲ ကမ္ဘာထဲခေါ်ဖို့ မလုံလောက်သေးဘူး။"

တီနာသည် ခွင့်လွှတ်မှုကို တောင်းခံနေသည့်အလား မျက်နှာငယ်လေးဖြင့် စကားဆိုလာသည်။

အန်လင်း သက်ပြင်းချလိုက်သည်။

"ကိစ္စမရှိပါဘူး။ မင်းပိုပြီးအစွမ်းထက်လာမှ ထပ်စမ်းကြည့်ကြတာပေါ့။"

"ရောက်တုန်းလေး ဒီကမ္ဘာကြီး ဘယ်လောက်တိုးတက်နေပြီလဲ သွားကြည့်ရအောင်။"

..........

အန်လင်း၏ အဆောင်၌

စုရှောင်လန်းသည် တိတ်ဆိတ်နေသော အခန်းထဲတွင် ကြောင်တောင်တောင် ဖြစ်နေမိသည်။

"အဲ့တော့မအောင်မြင်တာလား။"

သူမ စိတ်ပျက်စွာ ရေရွတ်လိုက်သည်။

.........

အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာ၌

အန်လင်းနှင့် တီနာတို့သည် ဝိဉာဉ်ဝါးမြိုသားရဲများ၏ တိုးတက်မှုအား သွားကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။

ဝိဉာဉ်ဝါးမြိုသားရဲများ၏ ဆင့်ကဲပြောင်းလဲမှုသည် ဤကမ္ဘာအတွက် အိမ်မက်ဆိုးတစ်ခုလိုပင်။

၎င်းတို့၏ တစ္ဆေဆန်ဆန် လှုပ်ရှားမှုများ၊ ထိတ်လန့်ဖွယ်ရာ နည်းဗျူဟာများ၊ လျင်မြန်လှသော တိုက်ခိုက်မှုများ၊ ကြောက်မက်ဖွယ် ဝိဉာဉ်ဝါးမြိုမှုများနှင့် အသိစိတ်အား ဦးတည်တိုက်ခိုက်ခြင်းမှလွဲ၍ အခြားသော တိုက်ခိုက်မှုများအားလုံးကို ခံနိုင်ရည်ရှိနေသော ခန္ဓာကိုယ်တို့သည် အိမ်မက်ဆိုး မကောင်းဆိုးဝါးများဟု ခေါင်းစဉ်တပ်မည်ဆိုလျှင်ပင် မမှားလောက်ပေ။

အရေးအကြီးဆုံးမှာ ဝိဉာဉ်ဝါးမြိုသားရဲများသည် တုံးတုံးအအများ မဟုတ်ကြတော့ပေ။ ထိုသည်မှာ ကြောက်မက်ဖွယ် အကောင်းဆုံး ပြောင်းလဲမှု ဖြစ်သည်။

ဝိဉာဉ်ဝါးမြိုသားရဲများ ဉာဏ်ထက်လာခြင်းသည် မည်မျှထိတ်လန့်ဖွယ် ကောင်းပါသနည်း။

ဤကမ္ဘာ၏ အမြင့်ဆုံး ကျင့်ကြံရေးအဆင့်ဖြစ်သော စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိသည့် မြွေဝိဉာဉ်ကလန်မှ ကျင့်ကြံသူတစ်ဦးသည် ဝိဉာဉ်ဝါးမြိုသားရဲကိုးကောင်၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

နတ်ဘုရားအဖြစ် သတ်မှတ်ခံထားရသော စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများသည်ပင် လုံခြုံမှု မရှိတော့သည့်အတွက် အားလုံး၏ အမြင်များလည်း ပြောင်းလဲလာရသည်။

အာဒမ်နှင့်ဧဝတို့နှစ်ဦး စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိလာပြီးနောက် လူသားမျိုးနွယ်သည်လည်း များစွာအဆင့်အတန်းမြင့်လာပြီး မျိုးနွယ်စု ကိုးခုနှင့်ပင် ယှဉ်ပြိုင်နိုင်လေပြီ။

လူသားမျိုးနွယ်သည် အခြားသော မျိုးနွယ်စု ကိုးခုထက် မည်သည့်နေရာတွင်မှ နိမ့်ကျမနေတော့ပေ။

ထို့အပြင် လူသားများသည် ကြောက်မက်ဖွယ် လက်နက်များကို တီထွင်ဖန်တီးနိုင်သောကြောင့် ထိတ်လန့်စရာပင် ကောင်းနေသေးသည်။

တာအိုခန္ဓာ အဆင့်နှင့် လက်နက်ကိုင်ဆောင်ထားသော လူသားများသာဆိုပါက မည်သူက ပိုမိုအင်အားကြီးမည်နည်း။

အမြှောက်ကြီးများသည် ပေါက်ကွဲသံ ကျယ်လောင်ကာ ထိခိုက်မှုအားလည်း မသေးသောကြောင့် သားရဲကြီးများအား ခြောက်ထုတ်ရာတွင် အတော်အကျိုးရှိပြီး လူသားများမှာ ၎င်းတို့၏ ပိုင်နက်အား အေးအေးဆေးဆေးပင် ဆက်လက်ချဲ့ထွင်နိုင်ခဲ့သည်။

မြို့နံရံကြီးများနှင့်အတူ မြင့်မားသော အဆောက်အဦးများကို တွေ့မြင်နိုင်ပြီး လျှပ်စစ်မီးများ၊ ဖုန်းများ၊ ရေနွေးငွေ့သုံး တီထွင်မှုများနှင့်အတူ အရာအားလုံးမှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ပြောင်းလဲသွားခဲ့သည်။

အာဒမ်နှင့်ဧဝပြီးလျှင် ၎င်းတို့၏ ကိုးယောက်မြောက် သားတော်ဖြစ်သည့် FAဖခင်ကြီးဆဒ်မှာ လူသားမျိုးနွယ်အတွက် လွှမ်းမိုးမှုအရှိဆုံးသူ ဖြစ်လာသည်။

၎င်း၏သုတေသန အဖွဲ့အစည်းကြောင့် နည်းပညာဆိုင်ရာ ပညာရပ်များ လွန်စွာတိုးတက်လာပြီး လူသားများသည်လည်း ထိုအကြောင်းအရာများနှင့် ပက်သတ်၍ ပိုမိုစိတ်ဝင်စားလာကြသည်။

နည်းပညာခေတ်သစ်တစ်ခုမှာ လူသားများထံ ရောက်ရှိလာလေပြီ။

အန်လင်းသည်လည်း နည်းပညာခေတ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိလိုက်သည်။

"လူသားမျိုးနွယ်ရဲ့ အဓိကမြို့တော်က ချီလော့မြို့ပဲ။ အဲ့ဒါအပြင် မြို့တော်ဆယ့်ခုနစ်ခုရှိပြီး စုစုပေါင်း လူဦးရေက ခုနစ်သန်းရှိတယ်။"

"သူတို့တွေက ပထမအဆင့် လူသားယဉ်ကျေးမှုကိုတော့ ကျော်လွန်သွားပြီ။ ဒါပေမယ့် အပူစွမ်းအင် အဆင့်မှာပဲ ရှိနေသေးတယ်။ အမှုန်စွမ်းအင်အဆင့်ကို ဦးတည်နေတယ် ဆိုပေမယ့် အခုမှ လျှပ်စစ်စွမ်းအင်ကို စတွေ့တဲ့ အနေအထားပေါ့။"

"စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ငါးယောက်နဲ့ စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ တစ်ရာနီးပါး ရှိတယ်။ တာအိုခန္ဓာအဆင့် ကျင့်ကြံသူတွေကတော့ သန်းနဲ့ချီပဲ။"

အန်လင်းမှာ တွက်ချက်မှုများ ပြုလုပ်နေရင်း အတော်လေး အံ့အားသင့်မိသွားသည်။

အချိန်စီးဆင်းမှု မြန်ဆန်ခြင်းအား အဆငါးရာမျှသာ ပြုလုပ်နိုင်ပြီး ထိုအခြေအနေသို့ ရောက်ရှိလာပါက တီနာသည်လည်း ပင်ပန်းနွမ်းနယ်ရန် လွယ်ကူလာသည်။

"ဘီလူးအန်လင်း ငါတစ်ခုတွေးမိတယ်။ ဒီကမ္ဘာက အဆင့်အမြင့်ဆုံး ကျင့်ကြံသူတွေကို စုကျိုးအင်မော်တယ်ဂိုဏ်းဆီခေါ်ရင် မကောင်းဘူးလား။"

တီနာ ရုတ်တရက် အကြံရလာသည်။

အန်လင်းလည်း ပါးစပ်အဟောင်းသားဖြစ်ကာ စိတ်လှုပ်ရှားသွားလေသည်။

"အရမ်းကောင်းတဲ့ အကြံပဲ။ အဲ့လိုသာဆို ငါတို့ဂိုဏ်းမှာ လျှို့ဝှက်အင်အားစုတစ်ခု ရှိနေမှာပေါ့။"

ထိုလျှို့ဝှက်အင်အားစုသည် မည်မျှပင် ကြောက်မက်ဖွယ် ကောင်းနိုင်ကြောင်း သူတွေးမိလိုက်သည်။

ထိုစိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်များအား ပျိုးထောင်ရန် မည်မျှကြာမြင့်မည်နည်း။

ဤကမ္ဘာတွင် နှစ်ပေါင်းများစွာ ကြာမြင့်သွားသည့်တိုင် ပြင်ပကမ္ဘာတွင် နှစ်ဝက်ထက် နည်းနေဦးမည်ပင်။

အချိန်ကွာခြားချက်ကြောင့် အန်လင်းတို့အနေဖြင့် ကြီးမားလှသော စစ်တပ်ကြီး တစ်ခုကိုပင် ရရှိလာနိုင်သည်။

"ဒီကမ္ဘာက သက်ရှိတွေကို ပြင်ပကမ္ဘာကို ပို့နိုင်မလား ကြည့်ရသေးတာပေါ့။"

တီနာ စိတ်လှုပ်ရှားစွာ စကားဆိုလိုက်သည်။

All Chapters