ယစ်ပူဇော်ခြင်းစင်မြင့်ထက်မှရာဇဝတ်သား
Vol. 50 Ch. 692
၎င်းတို့၏ မဟာအကြံအစည်အတွက် အရေးကြီးသည်မှာ အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာမှ သက်ရှိများအား ပြင်ပကမ္ဘာထံ ရွှေ့ပြောင်းပေးနိုင်ရန် ဖြစ်သည်။
အန်လင်းမှာ စိတ်လှုပ်ရှားနေသည်။
"စလိုက်ရအောင်။ ဘယ်သူ့ကို အရင်ပြောင်းရမလဲ။"
"အင်း....နည်းနည်းပါးပါး စွန့်စားရနိုင်ခြေရှိတော့ သေချာတွေးပါရစေဦး။"
တီနာ မျက်လုံးပိတ်ကာ လေးလေးနက်နက် စဉ်းစားနေသည်။
"ပြင်ပကမ္ဘာက အကြောင်းအရာတွေကို ဒီကမ္ဘာက လူတွေဆီ လုံးဝယုံအောင် ပြန်ပြောပေးနိုင်တဲ့သူ ဖြစ်ဖို့လိုတယ်။ ဒီကမ္ဘာမှာ အဆင့်အတန်းတစ်ခု ရှိထားပြီးတော့ လွှမ်းမိုးမှုလည်း ရှိရမယ်။ အဲ့ဒါမှ ကျန်တဲ့သူတွေကို လွယ်လွယ်ကူကူ ဦးနှောက်ဆေးနိုင်မှာ။"
"အဲ့လူလိုကမှ ငါတို့ကမ္ဘာကနေ ဒီကမ္ဘာကို ပြန်ပို့လိုက်တဲ့အချိန် တကယ်အသုံးဝင်မှာ။"
အန်လင်း ဖြည်းညင်းစွာ ပြောလိုက်သည်။
တီနာ ခေါင်းညိတ်ကာ ရုတ်ချည်းဆိုသလို အန်လင်းလက်အား ဆွဲလိုက်သည်။
ထို့နောက် ကျောက်စိမ်းဖြူများ ခင်းကျင်းထားသော ကွင်းပြင်တစ်ခုထံ ချက်ချင်းရောက်ရှိသွားလေသည်။
"ဒါက...."
အန်လင်း အောက်ငုံ့ကြည့်ကာ အံ့အားသင့်သွားသည်။
"စစ်မှန်မိစ္ဆာမျိုးနွယ်စုရဲ့ အဓိကမြို့တော်ပဲ။"
တီနာ တောက်ပစွာ ပြုံးလိုက်သည်။
"ငါတို့ရောက်လာတာ အချိန်မှီလေးပဲ။"
အန်လင်း ကြည့်ရှုလိုက်သောအခါ ကွင်းပြင်ထဲတွင် လူဦးရေ တစ်သိန်းခန့် စုဝေးနေသည်ကို တွေ့လိုက်ရသည်။ စစ်မှန်မိစ္ဆာမျိုးနွယ်စုသာမက အခြားမျိုးနွယ်စုများပါ ရောက်ရှိနေကြခြင်း ဖြစ်သည်။
အားလုံးသည် မတူညီသော အမူအရာများဖြင့် ကွင်းပြင်အလယ်အား ကြည့်ရှုနေကြသည်။ အချို့သည် ဒေါသထွက်ကာ အချို့မှာ ပေါက်ကွဲနေပြီး အချို့မှာမူ ကံဆိုးသူ မောင်ရှင်အတွက် ကျေနပ်ပီတိ ဖြစ်နေကြသည်။
အန်လင်းလည်း ကွင်းပြင်အလယ်သို့ လှမ်းကြည့်လိုက်သောအခါ ယစ်ပူဇော်ခြင်း စင်မြင့်ထက်တွင် ရှိနေသော စစ်မှန်မိစ္ဆာအား တွေ့လိုက်ရသည်။ ထိုစစ်မှန်မိစ္ဆာသည် အနက်ရောင် သံကြိုးများဖြင့် ချိတ်ဆွဲခံထားရပြီး အောက်ဘက်တွင် အလျှံညီးညီး မီးတောက်များ တောက်လောင်နေသည်။
အန်လင်းမှာ ထိုစစ်မှန်မိစ္ဆာအားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ရင်းနှီးနေတဲ့ စစ်မှန်မိစ္ဆာပဲ.....
တစ်ချိန်တည်းမှာပင် တီနာ၏ ရည်ရွယ်ချက်ကိုလည်း နားလည်သွားမိသည်။
အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာ၏ ပထမဆုံး စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်သည့် ဗိုလ်ချုပ်ဟုန်းကန်မှ လေးလေးနက်နက် ကြေညာလိုက်သည်။
"စစ်မှန်မိစ္ဆာမျိုးနွယ်စုက ဝေ့ကျိ။ ပြစ်မှုကတော့ တစ်ကမ္ဘာလုံးကို လိမ်လည်ခဲ့တာပဲ။"
"လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက မိုးကြိုးကပ်ဘေး ကျရှုံးတာကို အထက်ကမ္ဘာ တက်သွားတယ်ဆိုပြီး မဟုတ်တမ်းတရားတွေ ပြောခဲ့တယ်။ အဲ့ဒါကြောင့် မျိုးနွယ်စုတွေအားလုံးကလည်း အင်အားကြီး ကျင့်ကြံသူတွေ သေဆုံးမှုကို မှားယွင်းအောင်ပွဲခံပြီး ဘိုးဘေးတွေကို မလေးမစား လုပ်မိခဲ့ကြတယ်။"
"ဒါက ကောင်းကင်နဲ့မြေပြင်ကတောင် ခွင့်လွှတ်ပေးလို့ မရတဲ့ ပြစ်မှုပဲ။ အဲ့အချိန်တည်းက သူ့ကို အကျဉ်းချထားခဲ့တယ်။ ဒီနေ့ကတော့ သေဆုံးသွားတဲ့ ဝိဉာဉ်တွေ ငြိမ်းချမ်းစေဖို့ သူ့ကိုသုတ်သင်ရမယ့် အချိန်ပဲ။"
ဗိုလ်ချုပ်ဟုန်းကန်၏ စကားအား တခဲနက် ထောက်ခံလိုက်ကြသည်။
"သတ်....သတ်... သတ်...."
ထိုအော်ဟစ်သံများမှာ ကောင်းကင်ထိတိုင် ပဲ့တင်ထပ်နေလေသည်။
ယစ်ပူဇော်ခြင်း စင်မြင့်ထက်တွင် ရှိနေသော စစ်မှန်မိစ္ဆာသည် မိုးကြိုးကပ်ဘေး ကျရှုံးခြင်းအား အထက်ကမ္ဘာသို့တက်ခြင်းဟု အထင်မှားခဲ့သူပင်။
သူ၏စကားသည် တစ်ကမ္ဘာလုံးကို လွှမ်းမိုးနိုင်ခဲ့ပြီး ရည်ရွယ်ထားခြင်း မဟုတ်သော အလိမ်အညာများအား မျိုးနွယ်စုများအားလုံး ယုံကြည်ကာ ဘိုးဘေးများ၏ သေဆုံးမှုကို အားပါးတရ အောင်ပွဲခံခဲ့ကြသည်။ ထိုအဖြစ်အပျက်များသည် နှစ်ပေါင်းများစွာ ကြာမြင့်သွားသည့်တိုင် အားလုံးမှာ အပြစ်ရှိသလို ခံစားရပြီး ပြန်တွေးတိုင်း ရှက်ရွံ့မိကြရသည်။ ထိုသည်မှာ သောက်ကျိုးနည်း ဟာသတစ်ခုလိုပင်။
ထိုသို့ရှက်ဖွယ်အတိ ကိစ္စများအလုံးစုံ၏ တရားခံမှာ စစ်မှန်မိစ္ဆာ ဝေ့ကျိ ဖြစ်သည်။
စင်စစ်သည်လည်း ဝေ့ကျိသည် ဖန်ဆင်းရှင် နတ်ဘုရားမ တီနာကြောင့် အထင်လွဲခဲ့မိခြင်း ဖြစ်သောကြောင့် သူသည်လည်း နစ်နာသူတစ်ဦးဟု ဆိုနိုင်သည်။
ဝိဉာဉ်ဝါးမြိုသားရဲများကိုသာ တီနာ မဖျက်စီးပစ်ခဲ့ပါက သူသည်လည်း အတွေးချော်ကာ မဟုတ်ကဟုတ်ကများ တွေးမိမည် မဟုတ်ပေ။
ဝေ့ကျိအား သတ်ဖြတ်ရန် အားပေးသံများမှာ ပတ်ဝန်းကျင် တခွင်လုံးကို ဖုံးလွှမ်းထားသည်။
၎င်းတို့အတွက် အပြစ်ပုံချနိုင်မည့်သူအား လိုအပ်ပေသည်။ ထိုသို့မဟုတ်ပါက မျိုးဆက်များစွာတိုင် ၎င်းတို့မှာ ယီးလိုလို၊ မှိုလိုလိုကောင်များအဖြစ် လှောင်ရယ်ခံနေရလိမ့်မည်။
မိုးကြိုးကပ်ဘေး ကျရှုံးခြင်းအား ဝိုင်းဝန်းဂုဏ်ပြုကာ ပျော်ပွဲရွှင်ပွဲများ ကျင်းပခဲ့ကြသည်ကို နောင်မျိုးဆက်များသာ သိသွားခဲ့ပါက ၎င်းတို့အတွက် မျက်နှာထားစရာပင် ရှိမည်မဟုတ်ပေ။
ထို့ကြောင့် ဝေ့ကျိသည် အားလုံး၏ အပြစ်ပုံချစရာ ဖြစ်လာသည်။
အရာအားလုံးမှာ ဝေ့ကျိ၏ အပြစ်သာဖြစ်ကြောင်း အတူတကွ ထောက်ခံလိုက်ကြသည်။
လူပေါင်းများစွာ၏ ဆဲဆိုမှုနှင့်အတူ မီးတောက်မီးလျှံများကြား ရောက်ရှိနေပါသော်လည်း ဝေ့ကျိ၏ အမူအရာမှာ မယုံနိုင်စရာ ကောင်းလောက်အောင် ငြိမ်းချမ်းနေသည်။
"အဲ့နေ့က ငါကိုယ်တိုင် ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို နတ်ဘုရားတစ်ပါးပါးရဲ့ ကယ်တင်ဆောင်မမှုလို့ ထင်နေတုန်းပဲ။ အဲ့ဒါက အဖွဲ့ခေါင်းဆောင်ရဲ့ လက်ချက် မဟုတ်ရင် ဘုရားသခင်ရဲ့ ကောင်းချီးပေးမှုပဲ ဖြစ်လိမ့်မယ်။ ငါတို့သေသွားရင် နောက်ထပ်ကမ္ဘာတစ်ခုကို ရောက်သွားမယ်ဆိုတာ သေချာသလောက်ပဲ။"
"ဘုရားသခင်က ဉာဏ်ပညာ ကြီးမြတ်ပြီး ခွင့်လွှတ်နားလည်ပေးတတ်တယ်။ ငါလိမ်ခဲ့မိတဲ့ အလိမ်အညာကလည်း မကောင်းတဲ့ ရည်ရွယ်ချက်တွေ မပါတဲ့အတွက် ဘုရားသခင်က နားလည်ပေးလိမ့်မယ်။ ငါသေသွားရင်လည်း ကောင်းချီးလောကကို တက်နိုင်မှာ ကျိန်းသေတယ်။"
ဝေ့ကျိ၏ စကားများကြောင့် ကွင်းပြင်တစ်ခုလုံးမှ တုံ့ပြန်သံများ ထွက်ပေါ်လာသည်။
"ဟဟ....အဲ့စကားတွေကို ငရဲရောက်မှပဲ ဝိဉာဉ်ဝါးမြိုသားရဲတွေကို ပြောလိုက်တော့။"
ဗိုလ်ချုပ်ဟုန်းကန် အေးစက်စွာ ရယ်မောလိုက်သည်။ ထို့နောက် လက်ဖြောက်တစ်ချက် တီးလိုက်သည်နှင့် စင်မြင့်ထက်တွင် လောင်ကျွမ်းနေသော မီးတောက်များမှာ ပိုမိုအားကောင်းလာလေသည်။
ကြောက်မက်ဖွယ် မီးတောက်မီးလျှံများကြောင့် ထကြွလာသော အပူလှိုင်းများမှာ မီတာပေါင်း ရာနှင့်ချီ ပြန့်ကားနေပြီး ကွင်းပြင်တစ်ခုလုံးသည်ပင် ထိုအပူချိန်ကို ခံစားမိနေကြသည်။
မီးလျှံများမှာ ဝေ့ကျိထံ စတင်ရောက်ရှိလာသည်။
ဝေ့ကျိသည် အဖြူရောင် တိမ်စိုင်များ ပျင်းရိစွာ တွဲလဲခိုနေသော ကြည်လင်သည့် ကောင်းကင်ပြာကို မော့ကြည့်လိုက်သည်။
မီးတောက်မီးလျှံများမှာ သူ၏ခန္ဓာကိုယ်အား ဝါးမြိုနေပြီ ဖြစ်သည်။ သူ၏ သေဒဏ်အား စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ဗိုလ်ချုပ်ဟုန်းကန်ကိုယ်တိုင် တာဝန်ယူထားသောကြောင့် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း အဆင့်သာရှိသော ဝေ့ကျိအနေဖြင့် မည်သို့မှ မလွတ်မြောက်နိုင်ပေ။
"ဘုရားသခင်က ငါ့ကိုပစ်ထားမှာ မဟုတ်ဘူး။ ငါ့မှာအပြစ် မရှိဘူး။ အဆုံးမဲ့ ကောင်းချီးတွေ ရှိနေတဲ့ ကမ္ဘာတစ်ခုဆီကို ငါ့ကိုခေါ်ဆောင်သွားလိမ့်မယ်။"
ကွင်းပြင်တစ်ခုလုံးသည် ဝေ့ကျိအားကြည့်ကာ ပျစ်ပျစ်နှစ်နှစ် ဆဲဆိုပြစ်တင်နေကြသည်။
"မီးတောက်မီးလျှံတွေက သူ့ရဲ့အပြစ်ရှိတဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးသွားပါစေ။"
ဗိုလ်ချုပ်ဟုန်းကန်မှာ မီးလျှံများ၏ လောင်ကျွမ်းနိုင်စွမ်းကို အမြင့်ဆုံး မြှင့်တင်ပစ်လိုက်သည်။
အားလုံးသည် ဆိုးရွားလှသော ရာဇဝတ်သားတစ်ဦးကို တရားမျှတစွာ အပြစ်ပေးလိုက်သည့်အလား ယစ်ပူဇော်ခြင်း စင်မြင့်ကို ကျေနပ်အားရစွာ ကြည့်ရှုနေကြသည်။
ဝုန်း....
ထိုအချိန်တွင် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး စတင်တုန်ခါလာသည်။
ကောင်းကင်ထက်မှ ရွှေရောင်အလင်းများ ကျဆင်းလာကာ ဝေ့ကျိ၏ ခန္ဓာကိုယ်အား ဖုံးလွှမ်းနေသော မီးတောက်မီးလျှံများကို ဖယ်ရှားပစ်လိုက်သည်။
ကွင်းပြင်တစ်ခုလုံးလည်း အံ့သြသွားရလေသည်။
ဝေ့ကျိသည်လည်း ဆင်းသက်လာသော ပုံရိပ်အားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။
မြင့်မြတ်သော အလင်းတန်းများနှင့်အတူ သာယာငြိမ့်ညောင်းသော သံစဉ်များကိုပါ ကြားနေရသောကြောင့် အားလုံးမှာ စွဲညှို့ခံလိုက်ရသလိုပင်။
အဖြူရောင်ဝတ်စုံနှင့် ချောမောခန့်ညားသော လူငယ်လေးမှာ ဝေ့ကျိအား ညင်သာစွာ ပြုံးပြလာသည်။
ဝေ့ကျိ၏ နှုတ်ခမ်းများ တုန်ရီလာပြီး မျက်ရည်အဝဲသားဖြစ်ကာ စကားပင် သေသေချာချာ မပြောနိုင်တော့ပေ။
"မြင့်...မြင့်မြတ်တဲ့ တ...တမာန်တော်ကြီး....နောက်ဆုံးတော့ ရောက်လာပြီပေါ့။"
ထိုအဖြူရောင်ဝတ်စုံနှင့် လူငယ်လေးအား သိသူရှိသလို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသူများလည်း ရှိသည်။ မည်သို့ပင်ဆိုစေကာမူ ဝတ္ထုဇာတ်လမ်းဆန်လောက်အောင် ကြီးကျယ်ခမ်းနားစွာ သက်ဆင်းလာခြင်းမှာ အားလုံးကို ထိတ်လန့်သွားစေရန် လုံလောက်ပေသည်။
ဗိုလ်ချုပ်ဟုန်းကန် ဒူးတစ်ဖက်ထောက်ကာ လေးစားစွာ နှုတ်ဆက်လိုက်သည်။
"ဘုရားသခင်ရဲ့ တမာန်တော်ကို နှုတ်ခွန်းဆက်သပါတယ်။"
လူငယ်လေး၏ ရာထူးဂုဏ်ပုဒ်အား ကြားလိုက်ရပြီးနောက် ကွင်းပြင်တစ်ခုလုံးပါ ဒူးထောက်သွားကြသည်။
ဘုရားသခင်၏ တမာန်တော်အကြောင်း မသိသူ မရှိလှပေ။ ၎င်းသည် ကောင်းကင်နှင့်မြေပြင်အား ကိုယ်စားပြုသော မြင့်မြတ်ခမ်းနားသူ ဖြစ်သောကြောင့် မည်သူကမှ မလေးစားပဲ မနေနိုင်ကြပေ။
"ဘုရားသခင်ရဲ့ တမာန်တော်ကို နှုတ်ခွန်းဆက်သပါတယ်။"
"ဘုရားသခင်ရဲ့ တမာန်တော်ကို နှုတ်ခွန်းဆက်သပါတယ်။"
ကွင်းပြင်တစ်ခုလုံး၏ ကြိုဆိုနှုတ်ဆက်သံများမှာ မြို့တော်တစ်ခုလုံးကိုပင် တုန်ဟည်းသွားစေတော့သည်။