← Chapters

ကမ္ဘာသစ်သို့အလည်တခေါက်

Vol. 50 Ch. 693

ကမ္ဘာသစ်သို့အလည်တခေါက်

Vol. 50 Ch. 693

အန်လင်းသည် ရိုသေလေးစားစွာ နှုတ်ခွန်းဆက်သခံရသောကြောင့် ကျေနပ်ပီတိ ဂွမ်းဆီထိနေပါသော်လည်း ထိုသည်ကို ထုတ်ဖော်ပြသ၍ မဖြစ်ပေ။

သူ၏ကြီးကျယ်မြင့်မြတ်မှုကို ထိန်းသိမ်းရန်အတွက် တည်တည်ငြိမ်ငြိမ်သာ ရှိနေရလိမ့်မည်။

"ဝေ့ကျိ....နတ်ဘုရားမက မင်းကို တခြားကမ္ဘာဆီ ခေါ်ဆောင်သွားချင်နေတယ်။ မင်းလိုက်ချင်ရဲ့လား။"

အန်လင်း၏ စကားသံသည် ကောင်းကင်နှင့်မြေပြင်တခွင် ပဲ့တင်ထပ်ကာ အားလုံး၏ နားထဲသို့ ဝင်ရောက်သွားသည်။

ဝေ့ကျိမှာ ပျော်ရွှင်မှုကြောင့် မျက်ရည်များ ဝဲတက်လာပြီး ဦးခေါင်းထက်ရှိ ဂျိုနှစ်ချောင်းသည်ပင် ယမ်းခါနေတော့သည်။

"ကျွန်... ကျွန်တော် ဆန္ဒရှိပါတယ်။ နတ်ဘုရားမ အတွက်ဆိုရင် အဆိုးရွားဆုံး သေခြင်းတရားနဲ့ ရင်ဆိုင်ရမယ် ဆိုရင်တောင် ဘာမဆို လုပ်ပေးချင်ပါတယ်။"

"အရမ်းကောင်းတယ်။"

အန်လင်း ခေါင်းညိတ်ပြကာ မြင့်မြတ်သောဟန်ပန်ဖြင့် ဝေ့ကျိအား လက်ကမ်းလိုက်သည်။

"အဲ့ဒါဆို ကမ္ဘာသစ်ဆီသွားဖို့ ငါနဲ့အတူ လိုက်လာခဲ့ပါ။"

ဝုန်း...

ခမ်းနားသော စွမ်းအင်များ ပါဝင်နေသည့် ရွှေရောင်အလင်းသည် ဝေ့ကျိ၏ ခန္ဓာကိုယ်အား ရစ်ပတ်ထားသော သံကြိုးများကို ဖျက်စီးကာ ၎င်းအား ကောင်းကင်ထက်သို့ ဖြည်းညင်းစွာ ခေါ်ဆောင်သွားသည်။

ဝေ့ကျိသည် နတ်ဘုရားမအား အလွန်ရိုသေလေးစားသော သူတစ်ဦးသဖွယ် လက်နှစ်ဖက်အား ဖြန့်ကားထားလေသည်။

ကွင်းပြင်တစ်ခုလုံးရှိ လူများမှာလည်း မြင်တွေ့နေရသော မြင်ကွင်းကြောင့် မျက်လုံးအပြူးသား ဖြစ်ကုန်သည်။ ထို့အပြင် ကမ္ဘာသစ်ဟူသော စကားသည် ၎င်းတို့၏ ဦးနှောက်တစ်ခုလုံးကို လွှမ်းမိုးထားသောကြောင့် အားလုံးမှာ စိတ်လှုပ်ရှားကာ တုန်ရီလာရသည်။

၎င်းတို့သည် နတ်ဘုရားမ၏ တမာန်တော်ထံသွားကာ ကမ္ဘာသစ်အကြောင်း မေးမြန်းချင်စိတ်များ ဖြစ်ပေါ်နေသည်။ သို့သော် တမာန်တော်ကြီးသည် ဤကမ္ဘာ၏ ဖန်ဆင်းရှင် နတ်ဘုရားမအား ကိုယ်စားပြုသူ ဖြစ်သောကြောင့် မလေးမစား မဆက်ဆံရဲပေ။

မြင့်မြတ်သော ရွှေရောင်အလင်းများ၊ သာယာနာပျော်ဖွယ် သံစဉ်များပါ အလိုအလျောက် ထွက်ပေါ်နေသော အရေးကြီးပုံရသည့် အခမ်းအနားကို မည်သူကမှ ဝင်မရှုပ်ရဲကြပေ။

တစ်ကမ္ဘာလုံး၏ ပြစ်တင်ဝေဖန်ခြင်းကို ခံခဲ့ရသော စစ်မှန်မိစ္ဆာ ဝေ့ကျိသည် ကောင်းကင်ထက်သို့ ဖြည်းညင်းစွာ ပျံဝဲသွားနေပြီး မြန်ဆန်လှသော အပြောင်းအလဲများအောက်တွင် အားလုံး၏ အားကျမနာလိုခြင်းကို ခံယူရသူ ဖြစ်လာသည်။

ထိုသည်မှာ ဖန်ဆင်းရှင် နတ်ဘုရားမ၏ တရားဝင် ဖိတ်ခေါ်မှု ဖြစ်သည်။ ဒဏ္ဍာရီ သမိုင်းတလျှောက် ယခုကဲ့သို့ ဂုဏ်ယူဖွယ် ဖိတ်ခေါ်မှုမျိုးကို လက်ခံရဖူးသူ မရှိခဲ့ပေ။

ဝေ့ကျိသည် နတ်ဘုရား၏ ပထမဆုံး ကောင်းချီးပေးခံရသူဟု ဆိုနိုင်သည်။

ကွင်းပြင်တစ်ခုလုံးသည် ဖုံးဖိမရနိုင်သော ခံစားချက်ပေါင်းစုံဖြင့် ကောင်းကင်အား ကြည့်ရှုနေကြသည်။ အဖြစ်အပျက်များမှာ မြန်ဆန်လွန်းလှသောကြောင့် မည်သို့ခံစားနေရသည်ကိုပင် မသိတော့ပေ။ ယခင်က မိုးကြိုးကပ်ဘေး ကျရှုံးခြင်းသည် အထက်ကမ္ဘာသို့ တက်ရောက်သွားခြင်းဖြစ်ကြောင်း ပထမဆုံး ကြားသိခဲ့ရသလိုပင်။

ဝေ့ကျိသည် အမုန်းတရားများ ပြည့်နှက်နေသော မျက်ဝန်းများကို တစ်ချက်ကလေးမျှပင် ငုံ့မကြည့်ပေ။

သူ၏အကြည့်များအား ကောင်းကင်ထက်သို့သာ ပို့ဆောင်ထားသည်။

အန်လင်းသည်လည်း ဝေ့ကျိနှင့်အတူ ကောင်းကင်ထက်သို့ ဖြည်းညင်းစွာ ပျံဝဲတက်သွားသည်။ သူသည်လည်း မြေပြင်အား မကြည့်ပဲ ကြီးကျယ်ခမ်းနားသော လူတစ်ဦးအသွင် ဟိတ်ဟန်ထုတ်ထားလေသည်။

ထိုသို့ဖြင့် အန်လင်းနှင့် ဝေ့ကျိတို့မှာ တိမ်စိုင်များကြား တိုးဝင်ပျောက်ကွယ်သွားတော့သည်။

ကွင်းပြင်တစ်ခုလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြသောကြောင့် တိတ်ဆိတ်နေသော ပတ်ဝန်းကျင် တစ်ခုသာ ကျန်ရစ်ခဲ့သည်။

ဗိုလ်ချုပ်ဟုန်းကန်သည် အသိစိတ် ပြန်ဝင်လာပြီးနောက် ယစ်ပူဇော်ခြင်း စင်မြင့်ထက်တွင် ဆက်လက်လောင်ကျွမ်းနေသော မီးတောက်မီးလျှံများအား တိတ်တဆိတ် ရုတ်သိမ်းလိုက်သည်။

တကယ်ပဲ ထူးဆန်းလိုက်တာ.....

စစ်မှန်မိစ္ဆာ မျိုးနွယ်စု၏ ဗိုလ်ချုပ်ဟုန်းကန်မှာ အဝေးသို့ ငေးမောကြည့်လိုက်မိသည်။

တောင်ပံနက်မျိုးနွယ်စု ကိုယ်စားလှယ်များမှာမူ မကျေမနပ် ဖြစ်နေကြသည်။ ၎င်းတို့သည် ကောင်းကင်ဘုံနှင့် အနီးစပ်ဆုံး ဖြစ်သည်ဟု ခံယူထားကြပါသော်လည်း ဖန်ဆင်းရှင် နတ်ဘုရားမသည် စစ်မှန်မိစ္ဆာ မျိုးနွယ်စုမှ ရာဇဝတ်သား ဝေ့ကျိကိုသာ တရားဝင် ဖိတ်ခေါ်ခဲ့သည်။

အခြားသော မျိုးနွယ်စုများသည်လည်း အတွေးအမျိုးမျိုး ဖြစ်နေကြသောကြောင့် ကွင်းပြင်တစ်ခုလုံးမှာ ကသိကအောက် နိုင်ရလောက်အောင် တိတ်ဆိတ်နေလေသည်။

အားလုံး၏ စိတ်ထဲတွင် တူညီသော အတွေးတစ်ခုလည်း ရှိသည်။

ငါတို့ဒီမှာ ဘာလုပ်နေတာလဲ......

၎င်းတို့သည် ရာဇဝတ်သား ဝေ့ကျိအား သုတ်သင်သတ်ဖြတ်ခြင်းကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုရန် လာခဲ့ကြပါသော်လည်း သောက်ကျိုးနည်း အထက်ကမ္ဘာသို့ တက်သွားသည်ကိုသာ တွေ့မြင်ခဲ့ရသည်။

လက်ခုပ်တွေဘာတွေ တီးပေးသင့်လား.....

"နတ်ဘုရားမက ကျုပ်တို့အပေါ် ဂရုတစိုက်ရှိတယ်ဆိုတာ မင်္ဂလာတစ်ပါးပဲ။"

ဗိုလ်ချုပ်ဟုန်းကန် ခံတွင်းရှင်းကာ စကားဆိုလိုက်သည်။

"ဒီလိုထူးခြားတဲ့ အဖြစ်အပျက်နဲ့အတူ ကမ္ဘာသစ်တစ်ခု ရှိနေသေးတယ်ဆိုတာ သိခွင့်ရလိုက်တဲ့အတွက် ကျုပ်တို့အားလုံး ကံကောင်းကြတယ်။ အကြီးအကျယ် အောင်ပွဲခံသင့်တဲ့ အခမ်းအနားမျိုး ဖြစ်တဲ့အတွက် အဝေးက ရောက်လာတဲ့ စစ်မှန်မိစ္ဆာ မျိုးနွယ်စုက ဧည့်ခံပါရစေ။ ဒီည ကျုပ်တို့အားလုံး မူးတဲ့ထိ သောက်ကြတာပေါ့။

ဖြောင်း....ဖြောင်း....ဖြောင်း....

လက်ခုပ်သံများ သောသောညံသွားသည်။ ယခုအချိန်တွင် ဗိုလ်ချုပ်ဟုန်းကန် မည်သည့်စကားကို ပြောနေပါစေ ကသိကအောက် ဖြစ်နေသော လေထုအခြေအနေအား လျှော့ချရန်အတွက် လက်ခုပ်တီးကာ ထောက်ခံကြမည်ပင် ဖြစ်သည်။

..........

ကောင်းကင်ထက်၌

ဝေ့ကျိသည် အကန့်အသတ်မဲ့သော အဖြူရောင် လေဟာနယ် တစ်ခုထဲ ရောက်ရှိလာသည်။

လေဟာနယ်၏ ဗဟိုဒေသတွင် အဖြူရောင် အလင်းလုံးတစ်ခု ရှိနေလေသည်။

ထို့အပြင် တမာန်တော် အန်လင်း၏ဘေးတွင်လည်း အမျိုးသမီးတစ်ဦး ရှိနေသည်။ သူမသည် တော်ဝင်ဆန်လောက်အောင် လှပလွန်းပြီး မြင့်မြတ်ခမ်းနားကာ ဝေ့ကျိ၏ စိတ်နှလုံးသားထဲမှ ရိုသေလေးစားမှုများ အလိုလို ဖြစ်ပေါ်လာရသည်။

ထို့အပြင် သူမ၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော အဆုံးမဲ့ သြဇာအာဏာများကို ဝေ့ကျိ ခံစားနေရသည်။

သူမ၏ အရှိန်အဝါသည် ကောင်းကင်နှင့်မြေပြင်တို့၏ စွမ်းအင်များနှင့် ပေါင်းစပ်နေသလိုပင်။

ထိုအမျိုးသမီးကသာ သတ်သေရန် ပြောလာပါက တွေဝေခြင်းပင် မရှိပဲ ဘဝအား အဆုံးသတ်လိုက်နိုင်သည်ဟုပင် တွေးတောနေမိသည်။

"ငါက ဖန်ဆင်းရှင် နတ်ဘုရားမပဲ။ နတ်ဘုရားနယ်မြေကနေ ကြိုဆိုပါတယ်။"

တီနာ ပြုံးကာပြောလိုက်သည်။

ဒုန်း....

ဝေ့ကျိ စိတ်လှုပ်ရှားကာ ဒူးထောက်ကျသွားရသည်။

"ဝေ့ကျိက ဖန်ဆင်းရှင် နတ်ဘုရားမကို နှုတ်ခွန်းဆက်သပါတယ်။"

တီနာ မျက်နှာပျက်သွားရသည်။

ဒီလူက အဲ့လောက်တောင် အယုံလွယ်တာလား....ဒါမှမဟုတ် ငါ့အရှိန်အဝါတွေက အရမ်းအားကောင်းနေလို့များလား....ငါ့အရှိန်အဝါတွေကို သေသေချာချာ ဖုံးဖိထားပါတယ်....

"ကောင်းပါပြီ။ တမာန်တော် အန်လင်းက မင်းလုပ်ရမယ့် အရာတွေကို ဆက်ပြောပြလိမ့်မယ်။"

တီနာ ညင်သာစွာ စကားဆိုလိုက်ပြီးနောက် အလင်းအစက်အပြောက်များအဖြစ် ပြောင်းလဲပျောက်ကွယ်သွားလေသည်။

ဝေ့ကျိသည် ဖန်ဆင်းရှင် နတ်ဘုရားမအား အလွန်အမင်း သက်ဝင်ယုံကြည်သူ ဖြစ်သည်။ တီနာ ပျောက်ကွယ်သွားသည့်တိုင် ရိုသေလေးစားစွာ ဂါရဝပြုပြီးနောက်တွင်မှ မတ်တပ်ထရပ်ကာ အန်လင်းအား ကြည့်ရှုလာသည်။

"ကြီးမြတ်တဲ့ တမာန်တော်ကြီး....ကျွန်တော် ဘာလုပ်ရမလဲဆိုတာ လမ်းညွှန်ပြသပေးပါ။"

အန်လင်း ပေါ့ပါးစွာ ပြုံးလိုက်သည်။

"အရင်ဆုံး နတ်ဘုရားနယ်မြေအကြောင်း ပြောပြမယ်။"

"နတ်ဘုရားနယ်မြေက ဒီကမ္ဘာနဲ့ ကမ္ဘာသစ်ကြားကို အကူးအပြောင်း လုပ်ပေးမယ့်နေရာပဲ။ အလယ်ဗဟိုမှာ ရှိနေတဲ့ အဖြူရောင် အလင်းလုံးက ရတနာဗဟိုချက်ပေါ့။ ကမ္ဘာသစ်က တာဝန်တွေ ပြီးမြောက်သွားရင် အောင်မြင်မှုရမှတ်တွေကို ရလာလိမ့်မယ်။"

"အောင်မြင်မှုရမှတ်တွေကို အဆင့်မြင့် ကျင့်စဉ်တွေ၊ ရတနာတွေနဲ့ လဲလှယ်နိုင်တယ်။ အရေးကြီးတဲ့ တာဝန်တွေကိုသာ အောင်မြင်ခဲ့ရင် နတ်ဘုရားမရဲ့ ကောင်းချီးပေးမှုကိုတောင် လက်ခံရနိုင်တယ်။ အဲ့လိုကောင်းချီးကိုသာ ရခဲ့ရင်တော့ စိတ်တောင်မကူးနိုင်တဲ့ ကောင်းကျိုးတွေ ရလာလိမ့်မယ်။"

ဝေ့ကျိသည် အန်လင်း၏ စကားမှန်သမျှကို လေးလေးနက်နက် လိုက်လံနားထောင်နေသည်။

မကြာမီတွင် မိတ်ဆက်စရာရှိသော အကြောင်းအရာများအားလုံးကို အကြမ်းဖျဉ်း ရှင်းပြလိုက်နိုင်သည်။

"နတ်ဘုရားမက မင်းကို ကမ္ဘာသစ်ဆီ ပို့ပေးလိမ့်မယ်။ အဲ့ကမ္ဘာရဲ့ နာမည်က ထိုက်ချူကုန်းမြေတဲ့။ ငါတို့ရဲ့ ပထမဆုံး တာဝန်က အဲ့ကမ္ဘာဆီ အရောက်သွားနိုင်ဖို့ပဲ။ မင်းအဆင်သင့် ဖြစ်ပြီလား။"

အန်လင်း ပြုံးကာပြောလိုက်သည်။

"ကျွန်တော် အဆင်သင့် ဖြစ်ပါပြီ။"

ဝေ့ကျိသည် တိုက်ပွဲစိတ်ဆန္ဒများ လောင်ကျွမ်းနေသော မျက်ဝန်းများဖြင့် ခေါင်းမော့ရင်ကော့လိုက်သည်။

"ကောင်းပြီ။ သွားရအောင်။"

အန်လင်း လက်ဖြောက်တီးလိုက်သည်နှင့် အဖြူရောင် အလင်းတန်းတစ်ခုမှာ ၎င်းတို့အား လွှမ်းခြုံသွားသည်။

ဝေ့ကျိ မူးဝေဝေဖြစ်ကာ မရင်းနှီးသော ပတ်ဝန်းကျင် တစ်ခုအား မြင်တွေ့လိုက်ရသည်။

ထိုသည်မှာ သစ်သားအခန်းတစ်ခုဖြစ်ပြီး အားကောင်းသော သက်ရှိစွမ်းအင်များကြောင့် သူ၏ခန္ဓာကိုယ်မှာ သက်တောင့်သက်သာ ဖြစ်သွားသည်။

"ဒါ...ဒါက ကမ္ဘာသစ်လား။"

ဝေ့ကျိမှာ စိတ်လှုပ်ရှားလွန်းသောကြောင့် ခရမ်းရောင် အသားအရေပေါ်တွင်ပင် ရှက်သွေးဖြာလာရသည်။

စိတ်လှုပ်ရှားစရာကြီးပဲ....

ထို့နောက် အနက်ရောင်ဝတ်စုံနှင့် ရုပ်ဆိုးလွန်းသော မျောက်တစ်ကောင်အား တွေ့လိုက်ရသည်။

ဝေ့ကျိမှာ ကြောက်ရွံ့လွန်းသောကြောင့် ဖြူဖပ်ဖြူရော် ဖြစ်သွားရသည်။ သို့သော် ဖန်ဆင်းရှင် နတ်ဘုရားမအား တွေ့ခွင့်ရဖူးသော စစ်မှန်မိစ္ဆာတစ်ဦးအနေဖြင့် ထိုမျောက်ရုပ်ဆိုးအား ကြောက်ရွံ့မနေသင့်ပေ။

ဒင်းကိုဆော်ပစ်လိုက်ရုံပဲ...

ဒီကမ္ဘာရဲ့ ပထမဆုံး တိုက်ပွဲပေါ့....

သူသည် စိတ်ခံစားချက်များ ထိန်းချုပ်ကာ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။

"မင်းကိုသတ်ပစ်မယ် ရုပ်ဆိုးလွန်းတဲ့မျောက်...."

ဖြန်း....

အန်လင်းမှာ မဆိုင်းမတွပင် ပါးရိုက်ချလိုက်သည်။

"ယီးကိုသတ်ပါလား။ ဒီမျောက်က နတ်ဘုရားမရဲ့ အခြွေအရံပဲ။ သူ့နာမည်က ရှောင်ချိုး။"

ဝေ့ကျိမှာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီလာကာ ဒူးထောက်ချလိုက်သည်။

"ဒီက မထင်မရှားတဲ့ မိစ္ဆာလေး ဝေကျိ မြင့်မြတ်ခမ်းနားတဲ့ အစ်ကိုတော် ရှောင်ချိုးကို ဂရဝပြုပါတယ်။"

ရှောင်ချိုး: "....."

All Chapters