နာလေး၏ဝှက်ဖဲများ
Vol. 50 Ch. 694
နတ်ဘုရားမရဲ့ အခြွေအရံ.....
ဒီကောင်က ခရမ်းရောင် သမ်းနေတဲ့ အသားအရေနဲ့ သွေးနီရောင် မျက်ဝန်းတွေအပြင် ဂျိုနှစ်ချောင်းကလည်း ပါသေးတယ်....ဒါကြီးက သောက်ကျိုးနည်း စစ်မှန်မိစ္ဆာ မဟုတ်လား.....
လင်းနို့တောင်ပံနဲ့ ခန္ဓာကိုယ်ကို အုပ်ထားတာတောင် စစ်မှန်မိစ္ဆာဆိုတာ သိသာနေတဲ့ဟာကို.....
ရှောင်ချိုး ကြောင်အမ်းအမ်းဖြစ်ကာ ခေါင်းကုတ်လိုက်မိသည်။ ထိုစစ်မှန်မိစ္ဆာသည် မည်သည့်နေရာမှ ပေါ်ထွက်လာမှန်း မသိရပေ။
သူသရုပ်ဆောင်သင့်၊ မဆောင်သင့် သိရရန် အန်လင်းအား လှမ်းကြည့်လိုက်မိသည်။
အန်လင်း အချက်ပြကာ ခေါင်းညိတ်ပြလာသည်။
"အင်း....သိပ်ပြီးယဉ်ကျေးနေစရာ မလိုပါဘူး။"
ရှောင်ချိုးမှာ ကြီးကျယ်ခမ်းနားလှသော အမူအရာဖြင့် ဝေ့ကျိအား ပြုံးပြလိုက်သည်။
ဝေ့ကျိမှာ ထိုအပြုံးကိုကြည့်ကာ ကြက်သီးထသွားရသည်။ နှုတ်ခမ်းအလယ်နားတွင် ကွဲနေသောကြောင့် သွေးဆာနေသော သွားချွန်ချွန်များ မြင်နေရကာ မျက်နှာပေါ်ရှိ ဝက်ခြံတစ်သိန်းမှာလည်း သူ၏ ထရိုင်ပိုဖိုဘီးယားအား ထကြွလာစေသည်။ ကျယ်ဝန်းလှသည့် ထိုနှာပေါက်များသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကိုပင် ဝါးမြိုပစ်နိုင်သည်ဟု ထင်မှတ်ရပြီး နေမင်းအလား တောက်ပနေသော မျက်ဝန်းအစုံမှာ သူ၏ရင်ဘတ်ကိုပင် ထိုးဖောက်ပစ်တော့မလိုပင်။
ဝေ့ကျိမှာ ခန္ဓာကိုယ် တစ်ခုလုံး သိသိသာသာ တုန်ယင်နေသည်။
နတ်ဘုရားမရဲ့ အခြွေအရံမို့လား မသိဘူး.....ရုပ်ရည်က တော်တော်ထူးခြားတာပဲ.....
သူအားယူကာပြုံးရင်း ခက်ခက်ခဲခဲ မတ်တပ်ထရပ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုတော် ရှောင်ချိုး...."
ထို့နောက် အန်လင်း ပုခုံးထက်မှ နတ်သမီးငယ်လေးကိုတွေ့ကာ ဒူးထောက်လိုက်ရပြန်သည်။
"မထင်မရှား မိ....မိစ္ဆာငယ်လေးက အရှင်မကို ဂါရဝပြုပါတယ်။"
နတ်ဘုရားမလည်း ဒီကိုရောက်နေတယ်ဟ....
ဝေ့ကျိမှာ စိတ်လှုပ်ရှားလွန်းသောကြောင့် စကားပင် ထစ်ကုန်သည်။
"ထလို့ရပါပြီ။"
တီနာ ချိုသာစွာ တုံ့ပြန်လိုက်သည်။
"ဒါက ဒီကမ္ဘာမှာရှိတဲ့ ငါ့ရဲ့ကိုယ်ပွားပဲ။ တီနာလို့ခေါ်တယ်။"
"နားလည်ပါပြီ နတ်ဘုရားမတီနာ..."
ဝေ့ကျိမှာ ခုန်ပေါက်နေသော ရင်အစုံနှင့်အတူ မတ်တပ်ထရပ်လိုက်သည်။
သူသည် သက်ရှိသတ္တဝါတိုင်း၏ အိမ်မက်ဖြစ်သော ဖန်ဆင်းရှင် နတ်ဘုရားမနှင့် ပြောဆိုဆက်သွယ်နေရခြင်း ဖြစ်သည်။ ယခုကဲ့သို့ ရှားပါးအခွင့်အရေးအတွက် အကောင်းဆုံးထက် သာလွန်အောင် ကြိုးစားသင့်ပေသည်။
ဝေ့ကျိမှာ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ ဖန်ဆင်းရှင် နတ်ဘုရားမနှင့် မည်သို့ပြောဆိုသင့်ပါသနည်း။ ပြောမပြထားသော စည်းမျဉ်းစည်းကမ်းများ ရှိနေသေးသည်လော။ မည်သည့်စကားကို ဆိုသင့်ပါသနည်း။ သူ၏သစ္စာရှိမှုအား မည်သို့ဖော်ပြရမည်နည်း။ ဘာမှမပြောပဲ ရပ်နေလျှင် ကသိကအောက် ဖြစ်နေမည်လော။ ဖန်ဆင်းရှင် နတ်ဘုရားမသည် သူ့အား စိတ်ပျက်သွားမည်လော။
ဒုက္ခပဲ....ဒုက္ခပဲ....နတ်ဘုရားမ အထင်ကြီးအောင် ငါဘာလုပ်ပြသင့်လဲ... ငါအရမ်း စိတ်လှုပ်ရှားနေပြီ.....
ဝေ့ကျိ၏ ဦးနှောက်တစ်ခုလုံး အငွေ့ပျံခါနီးမှာပင် အခန်းထဲသို့ ခွေးဖြူကြီးတစ်ကောင် ရောက်ရှိလာသည်။
"သောက်ကျိုးနည်း....အစ်ကိုကြီးအန် ဒီစစ်မှန်မိစ္ဆာက ဘယ်ကရောက်လာတာလဲ...ဝုတ်..."
တပိုင်မှာ ဝေ့ကျိအားကြည့်ရင်း ကျောမွှေးများပင် ထောင်ထလာရသည်။
"စိတ်မပူပါနဲ့။ သူ့နာမည်က ဝေ့ကျိတဲ့...တီနာရဲ့ ကမ္ဘာကလာတာ။"
"ဝေ့ကျိ....မင်းကို မိတ်ဆက်ပေးရဦးမယ်။ ဒါက တပိုင်တဲ့။ နတ်ဘုရားမရဲ့ အခြွေအရံထဲက တစ်ယောက်ပဲ။"
ဝေ့ကျိမှာ နောက်ထပ်တဖန် ဒူးထောက်လိုက်ရပြန်သည်။
"ဒီမထင်မရှား မိစ္ဆာလေး ဝေ့ကျိက မြင့်မြတ်တဲ့ အစ်ကိုတော် တပိုင်ကို ဂါရဝပြုပါတယ်။"
တပိုင် : "....."
"ထလို့ရပါပြီ ကျိလေး...ဝုတ်....အစ်ကိုကြီးပိုင်က မင်းကိုစောင့်ရှောက်ပေးမှာပါ။ ဘယ်တော့မှ ခွေးစာမငတ်စေရဘူး....ဝုတ်..."
တပိုင်သည် အန်လင်း၏ အချက်ပြမှုကိုပင် မလိုအပ်ပဲ အံဝင်ခွင်ကျ သရုပ်ဆောင်လိုက်နိုင်သည်။
ဝေ့ကျိ ခေါင်းညိတ်ပြကာ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက့သည်။ ခွေးစာစားရလျှင်လည်း အရေးမကြီးလှပေ။ မြင့်မြတ်သော အစ်ကိုတော် တပိုင်မှသာ ပေးအပ်လာပါက ထိုခွေးစာများအား မျက်စိတမှိတ်အတွင်း ကုန်အောင်စားပစ်လိုက်မည်ပင်။
ထို့နောက် နတ်ဘုရားမ၏ အခြွေအရံများ အားလုံးကို တွေ့ဆုံခဲ့ရသည်။ ဘရိုင့်စ်ဟု အမည်ရသော သစ်ပင်ငယ်လေး၊ ရှောင်ဟုန်ဟုခေါ်သော ပန်းပွင့်နီလေး၊ ချောမောခန့်ညားသော ရှောင်ဇယ်၊ ရှေးဟောင်းဝံပုလွေတစ်ကောင်ဖြစ်သည့် လန်လေးနှင့် ချစ်စဖွယ် ကောင်းလွန်းသော ရွှယ်ကျန်ထျန်းတို့ ဖြစ်သည်။
နတ်ဘုရားမ၏ အခြွေအရံများသည်ပင် ကြောက်မက်ဖွယ် အရှိန်အဝါများ ပိုင်ဆိုင်ထားကြသည်ကို သူသိရှိလိုက်ရသည်။
အခြွေအရံ အချို့၏ အရှိန်အဝါများသည် သူ၏ကမ္ဘာတွင် ကျင့်ကြံရေး အဆင့်အမြင့်ဆုံးဖြစ်သော ဗိုလ်ချုပ်ဟုန်းကန်ထက်ပင် သာလွန်နေသည်။ ထိုသည်မှာ ထိတ်လန့်ဖွယ်ရာပင်။ နတ်ဘုရားမ၏ အခြွေအရံများသည် ထိုမျှပင် အစွမ်းထက်နေပါသော်လည်း ဤကမ္ဘာအား မအုပ်စိုးနိုင်သေးပေ။
ဤကမ္ဘာသည် မည်မျှပင် ကြောက်စရာ ကောင်းနေသနည်း။
ထိုအတွေးကြောင့် ဝေ့ကျိမှာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်လာရသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် စိန်ခေါ်မှုများကို စိတ်လှုပ်ရှားတတ်သူပင်။
တီနာသည် အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာမှ သက်ရှိအား အောင်မြင်စွာ ပြောင်းရွှေ့နိုင်ခဲ့သောကြောင့် အမှန်တကယ် စိတ်လှုပ်ရှားနေသည်။ သို့သော် သူမ၏ ကျက်သရေရှိသော ပုံရိပ်အား ထိန်းသိမ်းနိုင်ရန် စိတ်အားထိန်းချုပ်ထားရလေသည်။
"နာလေး....အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာက သက်ရှိတွေကို တစ်ကြိမ်မှာ ဘယ်လောက်ရွှေ့ပြောင်းနိုင်မလဲ။"
အန်လင်း အသံပို့လွှတ်ကာ မေးလိုက်သည်။
"ငါ့အစွမ်း လုံလောက်နေရင်ရပြီ။ အကန့်အသတ် မရှိဘူး။"
တီနာ ဝံ့ကြွားစွာ တုံ့ပြန်လာသည်။
အန်လင်း အသက်ရှူသံများ မြန်သွားရသည်။
အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာတွင် အဆင့်မြင့် ကျင့်ကြံသူများ မရှိပါသော်လည်း စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ရာနီးပါးမျှ ရှိသည်။ ထိုပမာဏသည် ထိုက်ချူကုန်းမြေတွင်ပင် ကြီးမားသော အင်အားစုတစ်ခု ဖြစ်လာနိုင်သည်။
"အေးအေးဆေးဆေးပေါ့။ ဝေ့ကျိကို ဒီကမ္ဘာအကြောင်း ပေးခံစားပြီးမှ သတင်းဖြန့်ဖို့အတွက် အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာကို ပြန်ပို့လိုက်မယ်။"
အန်လင်း အသံပို့လိုက်ပြန်သည်။
သူသည် ဂိုဏ်းသစ်အတွက် မဖြစ်မနေ လူလိုအပ်ခြင်း မရှိပေ။ ထို့ကြောင့် အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာမှ ကျင့်ကြံသူများ ပိုမိုတိုးတက်လာစေရန် အချိန်ပေးထားခြင်းကသာ ပိုမိုကောင်းမွန်ပေလိမ့်မည်။ လိုအပ်လာပါက တီနာအား ဆင့်ခေါ်ခိုင်းလိုက်ရုံပင် မဟုတ်လော။
"နတ်ဘုရားနယ်မြေထဲကို ကျင့်စဉ်တွေနဲ့ ရင်းမြစ်တွေ အရင်ပို့ဖို့ လုပ်ကြတာပေါ့။"
“မလိုပါဘူး။ အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာမှာ ကျင့်စဉ်တွေကို ငါကိုယ်တိုင် ဖန်တီးလို့ရတယ်။ အဲ့ဒါတွေကို အဆင့်ငါးဆင့်နဲ့ ခွဲဖို့တောင် တွေးထားပြီးပြီ။ အဝါရောင်အဆင့်၊ အစိမ်းရောင်အဆင့်၊ မြေကမ္ဘာအဆင့်၊ ကောင်းကင်အဆင့်နဲ့ နတ်ဘုရားအဆင့်လို့ နာမည်ပေးထားတယ်။ ရင်းမြစ်တွေကတော့ အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာက ရင်းမြစ်တွေကိုပဲ သုံးလိုက်ကြတာပေါ့။"
တီနာ စကားဆိုလိုက်သည်။
အန်လင်း မျက်လုံးအပြူးသား ဖြစ်သွားရသည်။
"ယီးထဲမှ....မင်းက ကျင့်စဉ်တွေကိုတောင် ဖန်တီးနိုင်တာလား။ နတ်ဘုရားအဆင့်က ဘာကြီးလဲ။ ဘယ်လောက်ထိကြမ်းလဲ။"
"ဟီးဟီး... အရမ်းကြမ်းတာပေါ့။ ဘယ်လောက်ကြမ်းလဲဆိုရင်......ဧကရာဇ်ထျန်းဟောင်ရဲ့ စကြာဝဠာမိုးကြိုးကို ငါမြင်ဖူးတယ်။ တာအိုပေါင်းစည်းခြင်း အဆင့်ဆိုတာကိုဖယ်ပြီး ကျင့်စဉ်သက်သက်ပဲ ကြည့်မယ်ဆိုရင် နတ်ဘုရားအဆင့်က ဧကရာဇ်ထျန်းဟောင်ရဲ့ မိုးကြိုးကျင့်စဉ်တွေထက်တောင် နည်းနည်းပိုကြမ်းလိမ့်မယ်။"
တီနာ ရှင်းပြလိုက်သည်။
ဧကရာဇ်ထျန်းဟောင်ထက်တောင် ကြမ်းတယ်.....
ဘုရားရေ.....ကောင်းကင်ဘုံခုံရုံးရဲ့ ဧကရာဇ်ငါးပါးထဲက တစ်ပါးဖြစ်တဲ့ မိုးကြိုးတောင်အဖေခေါ်ရမယ့် ဧကရာဇ်ထျန်းဟောင် ထက်တောင်မှပေါ့လေ...
အန်လင်း အံ့အားသင့်ကာ တီနာအား ကြည့်ရှုလိုက်သည်။
"တီနာ....မင်းက ကောင်းကင်ကိုတောင် ဆန့်ကျင်တော့မလို့လား။"
"ငါကဘာလို့ ဆန့်ကျင်ရမှာလဲ။ ငါကိုယ်တိုင်က ကောင်းကင်ပဲလေ။"
တီနာသည် အန်လင်း၏ ပုခုံးပေါ်တွင်ထိုင်ကာ သူ၏ဆံပင်များကို ဆော့ကစားနေသည်။
အန်လင်းမှာ ထိုစကားကြောင့် ဒူးထောက်ကျမတတ် ဖြစ်သွားရသည်။
"ဘာပဲဖြစ်ဖြစ် နတ်ဘုရားအဆင့် ကျင့်စဉ်တွေက ရှုပ်ထွေးပြီး အားကောင်းလွန်းတယ်။ အခုချိန်သာ အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာက သက်ရှိတွေကို ပေးလိုက်ရင် ကိုယ့်ကိုယ်ကို သတ်သေခိုင်းသလို ဖြစ်သွားလိမ့်မယ်။ အရင်ဆုံး ဟင်းလင်းပြင်သို့အပြန် အဆင့်ထိ ရောက်လာအောင် စောင့်ကြတာပေါ့။"
တီနာ ဆုံးဖြတ်ချက် ချလိုက်သည်။
အန်လင်း စိတ်လှုပ်ရှားစွာဖြင့် တီနာအားကြည့်ကာ အသံပို့လွှတ်လိုက်သည်။
"သြဇာအာဏာ ကြီးမားတဲ့ အရှင်မလေး....ကျွန်တော်မျိုးကိုလည်း သင်ပေးပါ။ ကျွန်တော်ကတော့ ခံနိုင်ရည် ရှိမှာသေချာတယ်။ အဲ့ဒါကြောင့် နတ်ဘုရားအဆင့် ကျင့်စဉ်တွေကို သင်ပေးပါနော်။"
"ငါ့ကျင့်စဉ်တွေက အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာရဲ့ သက်ရှိတွေကိုပဲ သင်ပေးလို့ရမှာ။ အဲ့ဒါက အဲ့ကမ္ဘာမှာရှိတဲ့ ငါ့ရဲ့ သြဇာသက်ရောက်မှုနဲ့ ဆိုင်နေလိမ့်မယ်။ အဲ့ကျင့်စဥ်တွေကို မှတ်တမ်းတင်ပြီး ဒီကမ္ဘာဆီ သယ်လာဖို့ လုပ်ပေမယ့် အချည်းနှီးပဲ ဖြစ်နေတယ်။ အဲ့ဒါတွေကို ငါ့ဘာသာငါ သင်ယူတာနဲ့ အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာက သက်ရှိတွေကို ပေးအပ်တာပဲ လုပ်လို့ရတယ်။"
အန်လင်း စိတ်ပျက်သွားပါသော်လည်း အတွေးတစ်ခု စဉ်းစားမိသွားသည်။
"မင်းလည်း သင်ယူနိုင်တယ်ပေါ့။ အဲ့ကျင့်စဥ်တွေကို ဒီကမ္ဘာမှာရော သုံးနိုင်လား။"
"သုံးနိုင်တာပေါ့။ မဟာနည်းစနစ် ကိုးခုနဲ့ မဟာကျင့်စဉ် နှစ်ခုကိုတောင် ကျွမ်းကျင်ပြီးသွားပြီ။"
တီနာ ရယ်မောကာ ပြောလိုက်သည်။
"ဒီဟာလိုမျိုးပေါ့။"
သူမ လက်တစ်ချက် လှုပ်လိုက်သည်နှင့် ပတ်ဝန်းကျင်မှာ ကြယ်ပင်လယ်တစ်ခုသဖွယ် ပြောင်းလဲသွားသည်။
အဆုံးမဲ့သော ကြယ်စင်များမှလွဲ၍ မည်သည့်အရာမှ မရှိတော့ပေ။
တိတ်ဆိတ်နေသော ကြယ်ပင်လယ်ထဲတွင် သာယာငြိမ့်ညောင်းသော သံစဉ်တစ်ခု စီးဆင်းနေလျက် ရှိသည်။ အားလုံးသည် ခန္ဓာကိုယ်ရော၊ စိတ်ဝိဉာဉ်ပါ လွတ်လပ်ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိသော လန်လေး၊ ရှောင်ဇယ်၊ ဘရိုင့်စ်၊ စစ်နတ်ဘုရား ခန္ဓာအား ပိုင်ဆိုင်ထားသူ အန်လင်းနှင့် အခြားသူများ အားလုံးမှာ ပျော်ရွှင်နေသော အမူအရာနှင့်အတူ အိပ်မောကျသွားကြတော့သည်။