← Chapters

ကြောက်မက်ဖွယ်ကမ္ဘာ

Vol. 50 Ch. 695

ကြောက်မက်ဖွယ်ကမ္ဘာ

Vol. 50 Ch. 695

တီနာသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူများကိုကြည့်ကာ လက်ခုပ်တစ်ချက် တီးလိုက်သည်။ လက်ခုပ်သံသည် ကြယ်ပင်လယ် တစ်ခုလုံးကို ပျက်သုန်းသွားစေသည်။

ရှောင်ဇယ်မှာ အထိတ်တလန့်ဖြင့် မြေပြင်မှ ထလာသည်။

"ငါအိပ်ပျော်သွားအောင် ဘယ်သူလုပ်ရဲတာလဲ။"

"ငါပဲ။"

တီနာ စကားဆိုလိုက်သည်။

ရှောင်ဇယ် ကြောက်ရွံ့စွာ တီနာအား ကြည့်ရှုလိုက်သည်။

"မင်းက အဲ့လောက်တောင် အစွမ်းထက်နေပြီလား။"

သူသည် ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ်အဆင့် ဖြစ်ပါသော်လည်း ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်သာရှိသော တီနာကြောင့် အိပ်ပျော်သွားရသည်ကို မယုံကြည်နိုင် ဖြစ်နေမိသည်။ သူမ၏ ကျင့်စဉ်သည် မည်မျှပင် အစွမ်းထက်ပါသနည်း။

လန်လေးမှာလည်း တီနာအားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေသည်။ ၎င်းတို့သည် ဘာမှပင် မသိလိုက်ပဲ အိပ်မောကျသွားခဲ့ရသည်။ သူမသာ ရန်သူဖြစ်နေပါက ၎င်းတို့အားလုံး ဘဝကူးသွားနိုင်သည်။

"နင်တို့တွေက သတိမထားနေလို့လေ။ တကယ့် ရန်သူဆိုရင်တော့ ဒီလောက်ဘယ်လွယ်ပါ့မလဲ။"

တီနာသည် ရိုးရိုးသားသား ရှင်းပြနေပါသော်လည်း သူမ၏ လုပ်ရပ်အား အလွန်စိတ်ကျေနပ်ကာ ချီးကျူးခံချင်နေပုံ ရသည်။

အန်လင်း မျက်ခုံးနှိပ်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"နာလေး....မင်းကျင့်စဉ်က အသိစိတ်ကို တိုက်ရိုက်တိုက်ခိုက်တာလား။ ငါ့ရဲ့ စစ်နတ်ဘုရား ခန္ဓာနဲ့တောင် ခံနိုင်ရည် မရှိဘူး။ တကယ်အထင်ကြီးစရာပဲ။"

သူသည် ထိုစကားနှင့်အတူ တီနာ၏ ခေါင်းလေးအား ပုတ်ပေးလိုက်သည်။

တီနာမှာ အန်လင်း၏ ချီးကျူးမှုကြောင့် ပျော်ရွှင်ကာ ချိုမြိန်စွာ ရယ်မောလာသည်။

သို့သော် ဝေ့ကျိမှာ အထိတ်တလန့်နှင့် ဖြူဖပ်ဖြူရော် ဖြစ်သွားရသည်။

"တ.....တမာန်တော် အန်လင်း.....နတ်ဘုရားမကို ဘယ်လိုတွေ ဆက်ဆံနေတာလဲ။"

သူ၏အမြင်တွင် ဖန်ဆင်းရှင် နတ်ဘုရားမအား ခေါင်းပွတ်ပေးလိုက်ခြင်းမှာ ရိုင်းစိုင်းလွန်းလှသော အပြုအမူပင်။

အန်လင်းရော၊ တီနာပါ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ ၎င်းတို့သည် စစ်မှန်မိစ္ဆာ ရှိနေသည်ကို မေ့လျော့နေခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ မြင့်မြတ်ခမ်းနားသော ပုံရိပ်အား ထိန်းသိမ်းရန်အတွက် သရုပ်ဆောင်ခြင်း စတင်တော့သည်။

"ဟားဟား....ဘာလို့လဲဆိုတော့ နတ်ဘုရားမရဲ့ ကိုယ်ပွားတီနာက ဒီကမ္ဘာမှာ အရမ်းမသန်မာဘူးလေ။ အဲ့ဒါကြောင့် ငါကပဲ သူမရဲ့ ကာကွယ်စောင့်ရှောက်သူ လုပ်ပေးနေရတာ။ သူမက ငါနဲ့အရမ်း ရင်းနှီးကျွမ်းဝင်နေပြီလေ။ ဘာဖြစ်လို့လဲ။ ပြဿနာတစ်ခုခု ရှိလို့လား။"

အန်လင်းသည် နတ်ဘုရားတစ်ပါးမှ သေးနုပ်သော သတ္တဝါများကို ကြည့်ရှုနေသည့်အလား မျက်ဝန်းများမှာ အေးစက်ခက်ထန်နေသည်။

ဝေ့ကျိမှာ ကြောက်ရွံ့တုန်လှုပ်သွားရပြီး အန်လင်းအား မည်သည့်စကားမှ မပြောရဲတော့ပေ။

အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

"သွားရအောင်။ ဒီကမ္ဘာကို မင်းကိုလိုက်ပြပေးမယ်။"

ထိုစကားကြောင့် ဝေ့ကျိ စိတ်လှုပ်ရှားလာကာ အန်လင်းနှင့်အတူ အဆောင်အပြင်ဘက် ထွက်လာခဲ့သည်။ စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်သည် အလွန်လှပသော နေရာတစ်ခုဖြစ်ပြီး အဝေးရှိ တောင်တန်းများမှာလည်း ငေးမောချင်စဖွယ်ပင်။

ဝေ့ကျိသည် ကြောက်မက်ဖွယ် အရှိန်အဝါများ ပိုင်ဆိုင်ထားသော အင်မော်တယ်များစွာကို တွေ့ခဲ့ရသည်။ လွင့်မျောနေသော ကုန်းမြေတစ်ခုပေါ်တွင် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ ရာနှင့်ချီကာ ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ထိုသည်မှာ ထိတ်လန့်စရာ ပမာဏတစ်ခု ဖြစ်သည်။

၎င်းတို့နှစ်ဦး ပျံသန်းနေစဉ် အနက်ရောင် ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။

ထို့နောက် မျက်ခုံးထူထူနှင့် အမျိုးသားတစ်ဦး ထွက်ပေါ်လာကာ ဝေ့ကျိအား ကြည့်ရှုလာသည်။ သူ၏အရှိန်အဝါသည် သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းကာ ဖန်ဆင်းရှင် နတ်ဘုရားမပြီးလျှင် အင်အားအကြီးဆုံးပင်။

ဝေ့ကျိမှာ လေဟာနယ်ကိုပင် စုတ်ဖြဲရောက်ရှိလာသော အမျိုးသားကိုကြည့်ကာ အံ့အားသင့်နေမိသည်။

မျက်ခုံးထူထူနှင့် အမျိုးသားမှာ ဝေ့ကျိအား ကြည့်ရှုလိုက်ပြီးနောက် အန်လင်းအား ကြိမ်းဝါးလိုက်သည်။

"ဒေါင်းဇားလေး....မင်းနည်းနည်းပါးပါး အငြိမ်မနေနိုင်ဘူးလား။ ဘာကိစ္စနဲ့ စစ်မှန်မိစ္ဆာကို ကျောင်းတော် ခေါ်လာရတာလဲကွ။"

ထိုအမျိုးသားသည် စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်၏ ဒုကျောင်းအုပ် ယွီဟွား ဖြစ်သည်။ သူသည် စစ်မှန်မိစ္ဆာ၏ တည်ရှိမှုအား အာရုံခံမိသောကြောင့် အရာအားလုံး ပစ်ထားကာ အပြေးလာခဲ့ရခြင်းပင်။ လူသားမျိုးနွယ်နှင့် စစ်မှန်မိစ္ဆာ မျိုးနွယ်စုသည် အလွန်ဆိုးရွားသော ဆက်ဆံရေး ရှိနေကြသည် မဟုတ်လော။

မည်သို့ပင်ဆိုစေကာမူ ထိုစစ်မှန်မိစ္ဆာအား ခေါ်ဆောင်လာသူသည် အန်လင်းပင် ဖြစ်နေကြောင်း သိရှိလိုက်ရသည်။

ဒုကျောင်းအုပ် ယွီဟွားမှာ မျက်စိမျက်နှာ ပျက်နေသည်။

ယခုတလော ကျောင်းတော်တွင် ထူးထူးဆန်းဆန်း သက်ရှိများအား တစ်ကောင်ပြီးတစ်ကောင် ခေါ်သွင်းလာသူ ရှိနေသည်။ ဥပမာအားဖြင့် ကျောင်းသူများအားလုံးကို ဆွဲဆောင်နိုင်လောက်အောင် ချစ်စရာကောင်းသော မြူနှင်းဝိဉာဉ်သားရဲ၊ ကျောင်းသားများအားလုံး သမင်လည်ပြန် ငေးမောရသည့် လှပတင့်တယ်သော နတ်သမီးငယ်လေးနှင့် ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိသော သွေးမျိုးနွယ်စု ကျင့်ကြံသူတစ်ဦးပင် ပါနေသေးသည်။ ၎င်းတို့အားလုံးကို အန်လင်းကသာ ဒိုင်ခံခေါ်ဆောင်လာခြင်းဖြစ်ပြီး ယခုအခါ စစ်မှန်မိစ္ဆာပင် မကျန်တော့ပေ။

"ရိုင်းစိုင်းလိုက်တာ။ နတ်ဘုရားမရဲ့ တမာန်တော်ကိုတောင် စော်ကားပြောဆိုရဲတယ်ပေါ့။ ခင်ဗျား သေချင်နေပြီလား။"

ဒုကျောင်းအုပ် ယွီဟွားသည် အန်လင်းအား ဒေါင်းဇားလေးဟု ခေါ်ဆိုလိုက်သောကြောင့် ဝေ့ကျိမှာ ဒေါသချောင်းချောင်း ထွက်သွားရသည်။

ဒုကျောင်းအုပ် ယွီဟွား ကြောင်တောင်တောင်ဖြစ်ကာ အန်လင်းအား ကြည့်ရှုလာသည်။

အန်လင်း ချက်ချင်းပင် အသံပို့ဆောင်ကာ ရှင်းပြလိုက်ရသည်။

"ဝေ့ကျိက ကျွန်တော့် အစေခံပါ။ သူက ကျပ်သိပ်မပြည့်ဘူး။ ကျွန်တော့်ကိုလည်း နတ်ဘုရားမရဲ့ တမာန်တော်လို့ထင်ပြီး လာခစားနေတာ။"

ဒုကျောင်းအုပ် ယွီဟွားသည် ဖုံးကွယ်ထားသော ကိစ္စအချို့ ရှိနိုင်ကြောင်း နားလည်လိုက်သည်။ အန်လင်းသည် ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိသော သွေးမျိုးနွယ်စု ကျင့်ကြံသူများကိုပင် အစေခံအဖြစ် သိမ်းသွင်းနိုင်သောကြောင့် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း အဆင့်သာရှိသော စစ်မှန်မိစ္ဆာတစ်ကောင်မှာ အထူးအဆန်း မဟုတ်ပေ။

"အဲ့ထူးထူးဆန်းဆန်း အကောင်တွေနဲ့ နေရာအနှံ့ လျှောက်သွားမနေနဲ့ဦး။ ကျောင်းသူကျောင်းသားတွေ လန့်ကုန်ရင် မကောင်းဘူး။"

ဒုကျောင်းအုပ် ယွီဟွားသည် စကားအနည်းငယ် ပြောဆိုပြီးနောက် လေဟာနယ် ဝဲဂယက်မှတဆင့် ပြန်လည်ထွက်ခွာသွားသည်။

"ဝေ့ကျိ...ဒီကမ္ဘာမှာ စကားအပြောအဆို သတိထားရမယ် ကြားလား။ ငါက ဒီကမ္ဘာမှာ ကျောင်းသားတစ်ယောက်လို နေနေတာ။ နားလည်ပြီလား။"

အန်လင်း ခပ်တင်းတင်း စကားဆိုလိုက်သည်။

ဝေ့ကျိမှာ အထိတ်တလန့် ဖြစ်သွားကာ မဆိုင်းမတွ တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ် တမာန်တော်ကြီး။ နောက်တစ်ခါ ဒီလိုအမှားမျိုး ထပ်မဖြစ်စေရပါဘူး။"

"ခုနကလူကို အင်အားကြီးတယ်လို့ ထင်လား။"

အန်လင်း ရုတ်တရက် မေးမြန်းလိုက်သည်။

"ဟုတ်ကဲ့... ကျွန်တော်တို့ ကမ္ဘာက သက်ရှိတွေထက် အများကြီးသာတယ်။ ပြောရရင် ကျွန်တော်တို့ထက် ပိုအဆင့်မြင့်တဲ့ သက်ရှိလိုပဲ။"

ဝေ့ကျိ တုံ့ပြန်လာသည်။

အန်လင်း စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။

"ဒီကမ္ဘာမှာ သူ့ထက်ပိုပြီး အဆင့်မြင့်တဲ့သူတွေအများကြီး ရှိသေးတယ်။"

ဝေ့ကျိမှာ အလွန်အံ့သြကာ အန်လင်းအား ငေးကြောင်ကြည့်နေမိသည်။

အန်လင်းသည် မည်သည့်စကားမှ ထပ်မဆိုတော့ပဲ ဝေ့ကျိအား ကျောင်းဝန်းအပြင်ဘက်သို့ ခေါ်ဆောင်သွားလေသည်။

အင်မော်တယ်တောင်တန်းများ နေရာအနှံ့ ရှိနေပြီး ကြီးကျယ်ခမ်းနားသော အဆောက်အဦးများလည်း မျက်စိတဆုံးရှိနေကာ ပျံဝဲသွားလာနေသော အင်မော်တယ်များကိုလည်း ဟိုဟိုသည်သည် တွေ့နေရသည်။ မြင့်မြတ်သော အလင်းတန်းများ ကျဆင်းနေသည့် နန်းဆောင်ငါးခုမှာလည်း ကောင်းကင်ဘုံနှင့် တိုက်ရိုက်ဆက်သွယ်ထားသလို ထင်မှတ်ရသည်။

ထိုသည်မှာ ကောင်းကင်ဘုံခုံရုံး၏ ဗဟိုဒေသဖြစ်ပြီး ကိုးပြည်ထောင် တစ်ခုလုံးတွင် အမြင့်မြတ်ဆုံး နေရာလည်း ဖြစ်သည်။

ဝေ့ကျိမှာ အဝေးရှိ မြင်ကွင်းများကို ငေးမောကြည့်ရှုရင်း ပါးစပ်ပင် မပိတ်နိုင်တော့ပေ။

အန်လင်းသည် ဝေ့ကျိအား အနီးကပ် ကြည့်ရှုခွင့် မပေးသေးပေ။

"မင်းကို ဒီကမ္ဘာရဲ့ နေရာသေးသေးလေးပဲ ပြရသေးတယ်။ ဒီကမ္ဘာမှာ အရမ်းကို အင်အားကြီးမားတဲ့သူတွေ အများကြီး ရှိတယ်။ ဒီမှာနေခွင့်ရဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိပြီလား။"

ဝေ့ကျိ ခက်ခဲစွာ ခေါင်းညိတ်ပြလိုက်သည်။ ယခု တွေ့ခဲ့ရသော အင်မော်တယ်များသည်ပင် သူ့အားဖျက်စီးပစ်ရန် လုံလောက်သောကြောင့် ယခုမြင်ကွင်းများအား သူမေ့လျော့နိုင်မည် မဟုတ်ပေ။

သူ၏အတွေးအမြင်များ ကျယ်ပြန့်လာကာ စိတ်ဝိဉာဉ်သည်ပင် ထိတ်လန့်တုန်လှုပ်နေရသည်။

"ဒီကမ္ဘာက ကြောက်စရာကြီးပဲ။"

"ဒါပေမယ့် စိတ်လှုပ်ရှားဖို့လည်းကောင်းတယ်။"

ဝေ့ကျိ၏ မျက်ဝန်းများတွင် အန္တရာယ်ရှိသော အလင်းများ တောက်ပလာသည်။

"သိပ်ကောင်းတယ်။ ဒီကမ္ဘာက သိမ်းပိုက်ကြီးစိုးဖို့ ထိုက်တန်တယ်။"

အန်လင်းမှာ ရက်စက်စွာ ရယ်မောနေသော ဝေ့ကျိအားကြည့်ကာ မျက်နှာပျက်သွားသည်။

ဒီကောင် အလန့်လွန်ပြီး ထူးထူးဆန်းဆန်းစိတ်တွေ နိုးထလာတာလား.....

All Chapters