← Chapters

လူသားဝက်စုဗူးရောက်လာပြီ

Vol. 50 Ch. 696

လူသားဝက်စုဗူးရောက်လာပြီ

Vol. 50 Ch. 696

အန်လင်းသည် ဝေ့ကျိအား ကောင်းကင်ဘုံခုံရုံးတခွင် အနည်းငယ်သာ လှည့်ပတ်ပြသခဲ့ပါသော်လည်း ထိုအတွေ့အကြုံ၏ ရိုက်ခတ်မှုမှာ ကြီးမားလှသည်။

အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာသို့ အပြန်ခရီးတွင် အန်လင်းမှာ ဝေ့ကျိအား ကိုးပြည်ထောင်မှ စာစောင်အချို့နှင့် ထိုက်ချူကုန်းမြေ မဂ္ဂဇင်းအချို့ ထည့်ပေးလိုက်သည်။

"လိုအပ်တာတွေလုပ်ပြီး နတ်ဘုရားမရဲ့ ဖိတ်ခေါ်မှုကို စောင့်နေပါ။"

အန်လင်း ဖြည်းညင်းစွာ ပြောလိုက်သည်။

ဝေ့ကျိ ရိုရိုကျိုးကျိုး ခေါင်းညိတ်ပြသည်။

"ဖန်ဆင်းရှင် နတ်ဘုရားမနဲ့ တမာန်တော်ကြီးတို့ စိတ်မပျက်စေရပါဘူး။"

ထို့နောက် အဖြူရောင် အလင်းတန်းနှင့်အတူ ဝေ့ကျိနှင့် တီနာတို့ ပျောက်ကွယ်သွားတော့သည်။

.........

စစ်မှန်မိစ္ဆာ၏ အဓိကမြို့တော်ရှိ ယစ်ပူဇော်ခြင်း စင်မြင့်ထက်၌

ပုံရိပ်တစ်ခုမှာ ကောင်းကင်ထက်မှ ဖြည်းညင်းစွာ ဆင်းသက်လာသည်။

ထိုအချိန်တွင် စစ်မှန်မိစ္ဆာ မျိုးနွယ်စုသည် မျက်မြင်ကိုယ်တွေ့ ကြုံကြိုက်ခဲ့ရသော မြင်ကွင်းအတွက် အောင်ပွဲခံရန် ပျော်ပွဲရွှင်ပွဲကြီး ကျင်းပနေကြချိန် ဖြစ်သည်။

သို့သော် ကောင်းကင်ထက်မှ ဆင်းသက်လာသော ပုံရိပ်အားကြည့်ကာ ၎င်းတို့အားလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြရသည်။

ချက်ချင်းဆိုသလို မျက်စိမျက်နှာပျက်ကာ ဒေါသများလည်း ဖြစ်ပေါ်လာသည်။

မင်းကိုခုနကပဲ နတ်ဘုရားမက ဖိတ်ခေါ်သွားတာမလား....

ယီးဖြစ်လို့ အစောကြီး ပြန်လာရတာလား....ကမ္ဘာသစ်ကို တစ်ရက်ပဲ ခရီးထွက်ခဲ့တာလား....

၎င်းတို့သည် ကသိကအောက်ဖြစ်စေသော အခြေအနေအား ဖယ်ရှားနိုင်ခဲ့ပါသော်လည်း ၎င်းတို့၏ အိမ်မက်ဆိုးဖြစ်သော စစ်မှန်မိစ္ဆာ ဝေ့ကျိမှာ ထပ်မံပေါ်ထွက်လာပြန်သည်။

ဆူဆူညံညံ ပျော်ရွှင်နေခဲ့သော ပတ်ဝန်းကျင်မှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားလေသည်။ သိန်းနှင့်ချီသော ကျင့်ကြံသူများမှာ ဝေ့ကျိကိုသာ ကြောင်အမ်းအမ်း ကြည့်ရှုနေကြသည်။

၎င်းတို့သည် မကြာသေးခင် အချိန်ကပင် ထိုစစ်မှန်မိစ္ဆာအား မီးရှို့သတ်ဖြတ်ရန် အော်ဟစ်နေခဲ့သည် မဟုတ်လော။ သို့သော် ထိုစစ်မှန်မိစ္ဆာသည် နတ်ဘုရား၏ ကောင်းချီးနှင့်အတူ အခြားကမ္ဘာထံ သွားခွင့်ရခဲ့သည်။ ထိုသည်မှာ မျက်နှာတည့်တည့် ပါးရိုက်ခံရသလို ဖြစ်သောကြောင့် ၎င်းတို့အားလုံး မည်သို့တုံ့ပြန်ရမည်မသိ ဖြစ်ခဲ့ရသည်။

ယစ်ပူဇော်ခြင်း စင်မြင့်ထက်တွင် ရှိနေသော ဝေ့ကျိပေါ် လရောင်များ ဖြာကျနေသည်မှာ မြင့်မြတ်ခမ်းနားသော ပုဂ္ဂိုလ်တစ်ဦးလိုပင်။

သူ၏မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ ရှိမနေပေ။

သူသည် ဖန်ဆင်းရှင် နတ်ဘုရားမအား သက်ဝင်ယုံကြည်သူဖြစ်ပြီး သူ၏သစ္စာတရားမှာ စစ်မှန်လွန်းလှသည်။

ဝေ့ကျိ၏ ရင်ဘတ်တွင် ခပ်မှိန်မှိန် တောက်ပနေသော အဖြူရောင် ကျောက်စိမ်းဆွဲသီးတစ်ခု ရှိနေသည်။ ထိုဆွဲသီးသည် နတ်ဘုရားမကိုယ်တိုင် ပေးအပ်ထားခြင်းဖြစ်ပြီး ဤကမ္ဘာတွင် သူ၏အသက်အား ကာကွယ်ပေးနိုင်မည့် ရတနာလည်း ဖြစ်သည်။

တစ်နည်းဆိုသော် ထိုကျောက်စိမ်းဆွဲသီး ရှိနေသမျှ မည်သူကမှ သူ့အားသတ်နိုင်မည် မဟုတ်ပေ။

ဖန်ဆင်းရှင် နတ်ဘုရားမသည် သေခြင်းတရားအား ဟန့်တားပေးထားသောကြောင့် ဘယ်သောအခါမှ မသေနိုင်တော့ပေ။

ဝေ့ကျိသည် တောက်ပနေသော မျက်ဝန်းများဖြင့် အားလုံးကိုကြည့်ကာ တည်တည်ငြိမ်ငြိမ် စကားဆိုလိုက်သည်။

"ကမ္ဘာသစ်အကြောင်း မင်းတို့ကို ပြောပြရသေးတာပေါ့။"

...........

အဆောင်ခန်းထဲ၌

အန်လင်းမှာ သမ်းဝေရင်း တရားထိုင်ရန် ပြင်ဆင်လိုက်သည်။

မည်သည့်တာဝန်မှ မရှိတော့သည့်အတွက် ကျောင်းသားများအားလုံးသည် ကျောင်းမှထွက်ခွာသွားကြပြီ ဖြစ်သည်။ အချို့သည် သက်ဆိုင်ရာဂိုဏ်းများထံ ပြန်သွားပြီး အချို့မှာမူ သီးသန့်ကျင့်ကြံကာ အချို့မှာလည်း တကိုယ်ရေ တိုးတက်ရေးအတွက် စမ်းသပ်ချက်များကို ကျော်ဖြတ်နေကြသည်။

မြင့်မြတ်ဗာမီလီယမ်မီးတောက်၏ အစွမ်းအား လေ့လာရန်အတွက် စုရှောင်လန်သည်လည်း သူမဂိုဏ်းသို့ ပြန်သွားခဲ့ရသည်။ ဗာမီလီယမ်ငှက်သွေးဆက်အား ရရှိခဲ့ပြီးနောက် မြင့်မြတ်ဗာမီလီယမ်မီးတောက်နှင့်သူမ၏ ဆက်နွယ်မှုသည်လည်း ပိုမိုလေးနက်လာခဲ့သည်။ သူမသည် ထိုအခွင့်အရေးအား အမိအရယူကာ မြင့်မြတ်ဗာမီလီယမ်မီးတောက်၏ ကောင်းချီးအား ရယူနိုင်ရန် ကြိုးစားရမည်ပင်။

အန်လင်းသည် လျှိုချင်းဟွမ်နှင့်အတူ စုကျိုးအင်မော်တယ်ဂိုဏ်းအတွက် တည်နေရာရှာရန် ဆုံးဖြတ်ထားသည်။ စုရှောင်လန်သာမက ရွှမ်းယွမ်ချန်နှင့် အခြားသူများသည်လည်း မဖြစ်မနေ ဂိုဏ်းသို့ပြန်ကြရမည် ဖြစ်သည်။

ယခုတွင်မူ သူ့အနေဖြင့် အကောင်းဆုံး အခြေအနေသို့ ရောက်ရှိရန် အနားယူရပေဦးမည်။ သူသည် ဂိုဏ်းချုပ်ဖြစ်သောကြောင့် ပင်ပန်းနွမ်းနယ်နေ၍ မဖြစ်ပေ။

အန်လင်းမှာ အနာဂတ် အစီအစဉ်များကိုတွေးကာ ပြုံးပြုံးကြီး ဖြစ်နေသည်။

လစန္ဒာအား သူရိန်နေမင်းမှ အစားထိုးကာ နေ့သစ်တစ်ခုကို အစပြုလိုက်လေပြီ။

မနက်ခင်းတွင်ပင် အန်လင်း၏ တံခါးအား စည်းချက်ကျကျခေါက်သံ ကြားလိုက်ရသည်။

ဒေါက်....ဒေါက်....ဒေါက်....

တပိုင် စိတ်လှုပ်ရှားစွာ တံခါးဖွင့်လိုက်ပြီးနောက် အလွန်ချောမောလှပသော မိန်းမငယ်လေးတစ်ဦးကို တွေ့လိုက်ရလေသည်။

ထိုမိန်းမငယ်လေးသည် ရိုးရှင်းသော တာအိုဝတ်စုံကို ဆင်မြန်းထားပြီး သေးသွယ်သောခါးတွင် ပန်းရောင်ဖဲကြိုးတစ်ခုကို ချည်နှောင်ထားသည်။ သူမသည် ကျက်သရေရှိသော မျက်ခုံး၊ ရေပြင်အလား တည်ငြိမ်နေသော မျက်ဝန်းများကြောင့် နူးညံ့သော အလှတရားကို ပေးစွမ်းကာ ဆွဲဆောင်မှုတစ်မျိုး ဖြစ်နေသည်။

"လူသားဝက်စုဗူးပဲ....ဝုတ်....အစ်ကိုကြီးအန်ကို လာရှာတာလား။"

တပိုင်မှာ မိန်းမငယ်လေးကို တွေ့လိုက်သည်နှင့် တရင်းတနှီး နှုတ်ဆက်လာသည်။

မိန်းမငယ်လေး၏ နွေးထွေးသော အပြုံးမှာ ချက်ချင်းဆိုသလို ပျက်စီးသွားရသည်။

ဟွန့်....သခင်နဲ့တူတဲ့ သားရဲပဲ....ရောက်လာတာနဲ့ ရင်ဝကို ဆောက်နဲ့ထွင်းနေတယ်....

"ငါက လူသားဝက်စုဗူး မဟုတ်ဘူး။ ငါ့မှာနာမည်ရှိတယ်။"

လင်ကျွင်းကျွင်း လေးလေးနက်နက် ပြောလိုက်သည်။

တပိုင်မှာ စကားမှားပြောမိသည်ကို သတိထားလိုက်မိသောကြောင့် မျက်နှာပျက်သွားသည်။ အန်လင်းသည် သူမအား လူသားဝက်စုဗူးအဖြစ်သာ တစ်ချိန်လုံး ရည်ညွှန်းပြောဆိုနေသောကြောင့် သူသည်လည်း ထိုသို့အကျင့်ပါသွားခဲ့သည်။ ထိုသည်မှာ အစ်ကိုကြီးအန်၏ အပြစ်များသာ။

လင်ကျွင်းကျွင်းသည် ကောင်းကင်အရှင်သခင်၏ သမီးတော် ဖြစ်သောကြောင့် လူသားဝက်စုဗူးဟူသော အမည်မှာ မသင့်တော်လှပေ။

"တောင်းပန်ပါတယ် ကောင်းကင်နတ်မိမယ် ထျန်းယွီ...ကျွန်တော့်ကို ခွင့်လွှတ်ပေးပါဗျ...ဝုတ်..."

တပိုင်မှာ အမြှီးကို ဝေ့ယမ်းကာ ချစ်စဖွယ် အမူအရာဖြင့် တောင်းပန်လိုက်သည်။

လင်ကျွင်းကျွင်းသည် ခွေးတစ်ကောင်နှင့် ရန်ဖက်မဖြစ်လိုသောကြောင့် လက်ခါပြလိုက်သည်။

"အန်လင်း အိမ်မှာရှိလား။ ဆွေးနွေးစရာရှိလို့။"

"ရှိပါတယ်။ မရှိရင်တောင် ကောင်းကင်နတ်မိမယ် ရောက်လာတာသိရင် ချက်ချင်းပြန်လာမှာပေါ့...ဝုတ်။"

တပိုင်သည် လင်ကျွင်းကျွင်းအား အိမ်ထဲဖိတ်ခေါ်လိုက်ပြီးနောက် အိပ်ခန်းထဲ ပြေးဝင်ကာ အန်လင်းအား ပါးရိုက်နှိုးလိုက်သည်။

ဖြောင်း....ဖြောင်း...ဖြောင်း....

ဗြောင်း.....ဗြောင်း.....ဗြောင်း....

"တပိုင်.....ငါအမြဲစိမ်းနည်းစနစ်နဲ့ နှစ်ရက်လောက် အိပ်မလို့။ အခု ပါးရိုက်ရတဲ့ ကိစ္စကို သေသေချာချာ မရှင်းပြနိုင်ရင် ငါ့ရဲ့တောင်ခွင်းလက်သီးကို စားရပြီလို့သာ မှတ်လိုက်တော့။"

အန်လင်းမှာ ဖူးယောင်နေသော ပါးနှစ်ဖက်နှင့်အတူ နိုးထလာပြီးနောက် အေးစက်စွာ စကားဆိုလိုက်သည်။

"ကောင်းကင်နတ်မိမယ် ထျန်းယွီက ဧည့်ခန်းထဲမှာ အစ်ကိုကြီးအန်ကို စောင့်နေတယ်....ဝုတ်။"

တပိုင် တုံ့ပြန်လာသည်။

"ထျန်းယွီ.....အော်....လူသားဝက်စုဗူးပဲ။"

အန်လင်း မထချင်ထချင်ဖြင့် အိပ်ရာထဲမှ ထွက်လာလိုက်သည်။

ဧည့်ခန်းထဲတွင် ရှိနေသော လင်ကျွင်းကျွင်းသည် မဝေးလှသော အိပ်ခန်းထဲမှ စကားများအား အတိုင်းသား ကြားနေရသောကြောင့် ရင်ဘတ်တစ်ခုလုံး အောင့်နေလေပြီ။

သူမသည် လက်သီးများအား ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပါသော်လည်း အမှန်တကယ် အန်လင်း၏ လူသားဝက်စုဗူးလုပ်ရန် ရောက်ရှိလာခြင်း ဖြစ်သောကြောင့် မည်သို့ပေါက်ကွဲရမည်ကိုပင် မသိတော့ပေ။

အန်လင်း အိပ်ခန်းထဲမှ ထွက်လာကာ နွေးထွေးစွာ ပြုံးပြလိုက်သည်။

"ဟားဟား....ကောင်းကင်နတ်မိမယ် ထျန်းယွီကိုယ်တိုင် လာလည်တာ ဂုဏ်ယူရမယ့် ကိစ္စပါပဲ။ ကျွန်တော် ဘာများလုပ်ပေးရမလဲ။"

လင်ကျွင်းကျွင်းသည် အန်လင်း၏ အပြုံးကိုကြည့်ကာ မကျေမနပ် ဖြစ်နေသည်။

ဟန်ဆောင်ကောင်းတဲ့ကောင်....

"ကောင်းကင်ဘုံခုံရုံးရဲ့ စစ်နတ်ဘုရားငယ်ကို လာတွေ့တာပါ။"

လင်ကျွင်းကျွင်း မေးဖျားထောက်ကာ ညင်သာစွာ စကားဆိုလိုက်သည်။

"ဟမ့်....တကယ် ကျွန်တော့်ဆီ လာလည်တာဆိုရင် အမွေအနှစ်ပေးဖို့ ဧကရာဇ်ဇီဝေးကို သွားတောင်းဆိုပေးတာ ပိုကောင်းလိမ့်မယ်။"

စစ်နတ်ဘုရားငယ်ဟူသော အမည်အား ကြားလိုက်ရသည်နှင့် အန်လင်း၏ အမူအရာ အနည်းငယ် တင်းမာသွားသည်။

သူ၏အတန်းပိုင်ဆရာသည် အမွေအနှစ်နှင့်ပက်သတ်၍ တစ်ပတ်အတွင်း မရရှိခဲ့ပါက ဧကရာဇ်ဇီဝေးထံ ကိုယ်တိုင်တောင်းဆိုပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။

သို့သော် ထိုကတိအား မတည်ခဲ့ပေ။

အန်လင်း၏ ပုံစံအားကြည့်ကာ လင်ကျွင်းကျွင်းသည် စစ်နတ်ဘုရားငယ်ဟူသော အမည်အားသုံးကား ထပ်ခါထပ်ခါ ရင်ခံအောင်လုပ်ရန် ဆုံးဖြတ်ထားလိုက်သည်။

လင်ကျွင်းကျွင်းမှာ အတွေးနှင့်ပင် ပျော်ရွှင်လာသောကြောင့် သူမ၏ အပြုံးမှာလည်း ပိုမိုတောက်ပလာသည်။

"ဧကရာဇ်ဇီဝေးက အလုပ်များတဲ့သူလေ။ ကျွန်မလို အားနည်းတဲ့ ကောင်းကင်နတ်မိမယ်လေးက အမွေအနှစ် ကိစ္စကို ဘယ်လိုလုပ် တောင်းဆိုရဲပါ့မလဲ။"

လင်ကျွင်းကျွင်းသည် ကြည်လင်သော မျက်ဝန်းများဖြင့် အန်လင်းအား ကြည့်ရှုလိုက်သည်။

"ရှင်က ကောင်းကင်ဘုံခုံရုံးရဲ့ စစ်နတ်ဘုရားငယ်မလား။ အမွေအနှစ် တောင်းဆိုဖို့ကို ဘယ်လိုလုပ် သူများတွေဆီ မှီခိုနေရတာလဲ။"

အန်လင်းမှာ ပို၍ပင် မျက်နှာပျက်သွားသည်။ ဧကရာဇ်ဇီဝေးထံ ကိုယ်တိုင်ကိုယ်ကျ သွားရောက်တောင်းဆိုပါက သေလောက်အောင် သမခံရမည်ကို ထိတ်လန့်နေမိသည်။ ဧကရာဇ်ဇီဝေးကသာ သူ့အားရန်ငြှိုးထားနေပါက အမှန်တကယ် သောက်ကျိုးနည်းပြီပင်။ အစစ်အမှန် နတ်ဘုရားတစ်ပါး၏ အနိုင်ကျင့်တိုက်ခိုက်ခြင်းကို တွေးလိုက်ရုံမျှဖြင့် ကြက်သီးမွှေးညှင်းများ ထလာရသည်။

လင်ကျွင်းကျွင်းသည် အန်လင်း၏ အမူအရာအားကြည့်ကာ ပိုမိုစိတ်လှုပ်ရှားလာသည်။

ဒီကိုလာတာ မှန်သွားပြီ....

All Chapters