← Chapters

မျက်ရည်ကျသည်အထိအနိုင်ကျင့်ခံရခြင်း

Vol. 50 Ch. 697

မျက်ရည်ကျသည်အထိအနိုင်ကျင့်ခံရခြင်း

Vol. 50 Ch. 697

လင်းသည် ထိုကိစ္စနှင့်ပက်သတ်၍ မည်သည့်စကားမှ ဆက်မပြောလိုတော့ပေ။

"ကျွန်တော့်ဆီလာတာ ဘာကိစ္စ ရှိလို့လဲ။"

လင်ကျွင်းကျွင်း ပေါ့ပါးစွာ ရယ်မောလိုက်သည်။

"ကောင်းကင်ဘုံခုံရုံးရဲ့ စစ်နတ်ဘုရားငယ်ကို တွေ့ချင်လို့ပါဆို။"

အန်လင်း: "....."

ကောင်းကင်ဘုံခုံရုံးရဲ့ စစ်နတ်ဘုရားငယ်.... ဒီနာမည်ကြီးက ကာတွန်းထဲက သူရဲကောင်းလိုပဲ....

"အခုတွေ့လို့ဝပြီလား။"

အန်လင်း ခပ်ဆတ်ဆတ် တုံ့ပြန်လိုက်သည်။

"ဟင့်အင်း..... ဘယ်လောက်ကြည့်ကြည့် ကျေနပ်မှာ မဟုတ်ဘူး။"

လင်ကျွင်းကျွင်း၏ မျက်ဝန်းများမှာ ရေပြင်အလား တည်ငြိမ်နေပါသော်လည်း သူမသည် အန်လင်း စိတ်ဒုက္ခရောက်နေသည်ကို ပျော်ရွှင်နေကြောင်း သိသာလှသည်။

အန်လင်း ကြက်သီးမွှေးညှင်းများပင် ထလာရလေသည်။

လင်ကျွင်းကျွင်း၏ စကားကိုသာ စုရှောင်လန် ကြားသွားခဲ့ပါက သူအမှန်တကယ် ကိုယ်ကျိုးနည်းရပေလိမ့်မည်။

"ကောင်းပါပြီ။ ခင်ဗျားနိုင်ပါတယ်။ ကျွန်တော် အရှုံးပေးတယ်....ရပြီလား။ ဒီကိုလာရင်းကိစ္စလေး ပြောပါတော့။"

အန်လင်း သက်ပြင်းချလိုက်သည်။

"ကောင်းပြီလေ။ ခရမ်းကြယ်စင် အပျက်အစီးပုံရဲ့ သတင်းအချက်အလက်တွေအတွက် လာခဲ့တာ။"

လင်ကျွင်းကျွင်း ယုံကြည်မှုရှိစွာ မေးကိုချီထားသည်။

"အဲ့အချက်အလက်တွေ အကုန်လုံးကို အခုတစ်ခါတည်း ဝယ်သွားမှာ။"

"တော်တော်လေး ယုံကြည်ချက် ရှိနေပုံပဲ။ ဝယ်နိုင်မှာ သေချာရဲ့လား။"

အန်လင်း တည်ငြိမ်စွာ ပြုံးလိုက်သည်။

လင်ကျွင်းကျွင်း ခပ်ဖွဖွ ရယ်မောလာသည်။

"ဒါပေါ့။ နင်စိတ်တောင်မကူးဖူးတဲ့ ကြွယ်ဝချမ်းသာမှုတွေနဲ့ ဖို့သတ်ပစ်မယ်။"

"စိတ်တောင်မကူးဖူးတဲ့ ကြွယ်ဝချမ်းသာမှုလား။"

ထိုစကားကြောင့် အန်လင်း၏ စိတ်ဝင်စားမှုများ မြင့်တက်လာသည်။

သူသည် ကျင့်ကြံရေးလောက တစ်ခုလုံးတွင်ပင် သူဋ္ဌေးကြီးစာရင်းထဲ ပါဝင်ပေသည်။

သူ့ထက် ချမ်းသာသူများ ရှိနေလိမ့်မည်လော။ သူသည် တာအိုပေါင်းစည်းခြင်း အဆင့်များအား ထည့်မတွက်ရဲပါသော်လည်း ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများတွင် ချန်အယ်မှလွဲ၍ သူ့ထက်ပိုကြွယ်ဝသူ မရှိလောက်ပေ။

"ဒီနေ့အတွက် စိတ်ဝိဉာဉ်ကျောက်တုံး ဒီလောက်ယူလာခဲ့တယ်။"

လင်ကျွင်းကျွင်းသည် ဝံ့ကြွားနေသော အမူအရာဖြင့် အန်လင်းရှေ့တွင် လက်လေးချောင်း ထောင်ပြလိုက်သည်။

"စိတ်ဝိဉာဉ်ကျောက်တုံး သန်းလေးရာလား။"

အန်လင်း ပါးစပ်အဟောင်းသားဖြစ်ကာ ပျော်ရွှင်သွားသည်။

လင်ကျွင်းကျွင်းမှာ မူးနောက်နောက်ပင် ဖြစ်သွားကာ အန်လင်းအား စူးစိုက်ကြည့်ရှုလိုက်သည်။

"နင်က နေ့ခင်းကြောင်တောင် ဓားပြတိုက်တော့မလို့လား။ နင့်ရဲ့ ဘာမဟုတ်တဲ့ သတင်းအချက်အလက်တွေက သန်းလေးရာ တန်ပါ့မလား။"

"ခင်ဗျားပြောတော့ စိတ်တောင်မကူးဖူးတဲ့ ချမ်းသာကြွယ်ဝမှုတွေဆို။ သန်းလေးရာတောင် မရှိဘူးဆိုရင် ဘာတွေလာကြွားပြနေတာလဲ။"

အန်လင်း မထီမဲ့မြင် ပြောလိုက်သည်။

လင်ကျွင်းကျွင်း: "......"

အန်လင်းသည် လေးသန်းဟု ခန့်မှန်းလာလိမ့်မည်ဟု သူမ တွေးထင်ထားခဲ့သည်။ ထိုအချိန်ကြလျှင် သူမ ယူဆောင်လာသည်မှာ သန်းလေးဆယ်ဖြစ်ကြောင်း ဂုဏ်ယူစွာ ကြွားဝါလိုက်မည်ဟု စဉ်းစားထားပါသော်လည်း ကိုယ်တော်ချောမှာ သန်းလေးရာဟု ခန့်မှန်းလာသောကြောင့် သူမ သောက်ကျိုးနည်းနေလေပြီ။

"အဲ့တော့ စိတ်ဝိဉာဉ်ကျောက်တုံး သန်းလေးဆယ်ပေါ့ ဟုတ်လား။ ဟမ့်....အဲ့လောက်ကတော့ သိုလှောင်လက်စွပ်ထဲမှာတောင် ရှိတယ်။"

သူဋ္ဌေးကြီး အန်လင်းမှာ လင်ကျွင်းကျွင်းအား အထင်သေးစွာ ကြည့်ရှုလိုက်သည်။

"ခင်ဗျားရဲ့ပိုင်ဆိုင်မှုက ခင်ဗျားရဲ့အမြင်တွေကို ကန့်သတ်ထားတာပဲ။ ဒီပမာဏလောက်ကို စိတ်ကူးတောင် ယဉ်ဖူးမှာ မဟုတ်လောက်ဘူး ထင်နေပေမယ့် တကယ်တော့ ဆွဲဆောင်နိုင်တဲ့ ပမာဏတောင် ရှိမနေဘူး။"

လင်ကျွင်းကျွင်းမှာ ရင်ဝအား ဓားဖြင့်ထိုးခံရသလို ခံစားလိုက်ရသည်။

"ပြီးတော့ ရှေးဟောင်ထိုက်ချူကုန်းမြေက အကြောင်းတွေ မကြားမိဘူးလား။ ကျွန်တော် အဲ့ကနေ ပြန်လာတုန်းက ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ကိုးဆယ့်ကိုးခုကို ထုတ်ပြခဲ့သေးတယ်။ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် တစ်ခုက ဘယ်လောက်တန်ကြေး ရှိလဲဆိုတာတော့ ခင်ဗျား သိလည်းလောက်မှာပါ။"

အန်လင်းမှာ စကားတစ်ခွန်းဖြင့်ပင် အခြေအနေအား ပြောင်းလဲပစ်လိုက်သည်။

"စိတ်ဝိဉာဉ်ကျောက်တုံး တစ်သန်း...."

လင်ကျွမ်းကျွမ်းသည် ထိုအဖြစ်အပျက်အား အမှတ်ရသွားမိသည်။ ထိုအကြောင်းအရာသည် ကောင်းကင်ဘုံခုံရုံးတခွင် ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပါသော်လည်း သူမသည် ငွေရေးကြေးရေး အမြင်ဘက်မှ တွေးမကြည့်ခဲ့ပေ။

"အဲ့ဒါကြောင့် ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုက စိတ်ဝိဉာဉ်ကျောက်တုံး သန်းတစ်ရာ ရှိခဲ့တယ်လို့ ပြောလို့ရတယ်။ စိတ်ဝိဉာဉ်ကျောက်တုံး သန်းလေးရာ ဆိုရင်တောင် စိတ်မကူးနိုင်တဲ့ ကြွယ်ဝချမ်းသာမှု မဟုတ်သေးဘူး။"

အန်လင်းမှာ မောက်မာသော အမူအရာဖြင့် စကားဆိုလိုက်သည်။

"ကောင်းကင်နတ်မိမယ် ထျန်းယွီ.... ကျွန်တော့်ရှေ့မှာ ကြွားဝါဖို့ မစဉ်းစားပါနဲ့တော့။ သူဋ္ဌေးကြီးအန်လင်းကို ကြွားရတာ ထင်သလောက် မလွယ်ဘူး။"

ဝုန်း.....

လင်ကျွင်းကျွင်းမှာ မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရသည်။

သူမသည် ရူးလောက်အောင် ဒေါသထွက်နေပါသော်လည်း အန်လင်းအား မည်သို့တုံ့ပြန်ရမည်ကို မသိတော့ပေ။ သူမ ယူဆောင်လာသော စိတ်ဝိဉာဉ်ကျောက်တုံး သန်းလေးဆယ်သည် အန်လင်း၏ အမြင်တွင် တန်ဖိုးပင် ရှိမနေပေ။

လင်ကျွင်းကျွင်း အနည်းငယ် ဖြူရော်သွားကာ အံကြိတ်ပြောလိုက်သည်။

"ငါ...ငါက ဒီကိုလာကြွားတာမှ မဟုတ်တာ။ စိတ်ဝိဉာဉ်ကျောက်တုံး သန်းလေးဆယ် ယူလာတယ်။ ငါ့ကို ခရမ်းကြယ်စင် သတင်းအချက်အလက်တွေပေးတော့။"

"အော်....အဲ့ဒါတွေ မရောင်းတော့ဘူး။"

အန်လင်း လက်ခါပြလိုက်သည်။

"ပိုက်ဆံလည်း လိုမနေဘူးလေ။ ပြောရရင် သိုလှောင်လက်စွပ်ထဲက သန်းနဲ့ချီတဲ့ စိတ်ဝိဉာဉ်ကျောက်တုံးတွေကိုတောင် ဘယ်လိုသုံးရမလဲ မသိသေးဘူး။"

ထိုစကားနှင့်အတူ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

ထိုသည်မှာ အမှန်တရားပင် ဖြစ်သည်။ သူသည် အလွယ်တကူ တင်းတိမ်ရောင့်ရဲနိုင်သူပင်။

ထို့ကြောင့်ပင် အလွန်ကြွယ်ဝချမ်းသာနေပါသော်လည်း သာမန်လူတစ်ဦးလိုသာ နေထိုင်နေခဲ့သည်။

စိတ်ဝိဉာဉ်ကျောက်တုံးများအား သုံးဖြုန်းရန် ခက်ခဲလွန်းလှသည်။

လင်ကျွင်းကျွင်းမှာ အန်လင်းကို ကြည့်နေရင်း ဒေါသကြောင့် သွေးအန်တော့မလို ဖြစ်လာသည်။

သူမသည် အန်လင်း၏ မျက်နှာအား ပိုက်ဆံဖြင့်ပေါက်ကာ သတင်းအချက်အလက်များကို ဝယ်ယူနိုင်ရန် စိတ်ဝိဉာဉ်ကျောက်တုံး သန်းလေးဆယ်အား ကြိုးကြိုးစားစား တွက်ချက်စုဆောင်းခဲ့ရသည်။

သို့သော် အန်လင်းသည် ပိုက်ဆံလိုမနေသောကြောင့် သတင်းအချက်အလက်များ မရောင်းတော့ဟု ဆိုလာလေသည်။

"နင်ကငါ့ကို ပစ်မှတ်ထားနေတာပဲ။"

သူမ၏ စကားသံထဲတွင် ဝမ်းနည်းဟန်များ စတင်ယှက်သန်းလာသည်။

ရတနာတစ်ခုအား ဝယ်ယူရန် မွဲတေသည်အထိ စုဆောင်းထားခဲ့ပါသော်လည်း ဆိုင်ပိုင်ရှင်သည် ပိုက်ဆံမလိုအပ်သောကြောင့် မရောင်းပေးနိုင်ကြောင်း ပြောလာသလိုပင်။

လင်ကျွင်းကျွင်းမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ခံနိုင်ရည်ပင် မရှိတော့ပေ။

"ခင်ဗျားကို ပစ်မှတ်မထားပါဘူး။ စိတ်ဝိဉာဉ်ကျောက်တုံးတွေကို ကျွန်တော် တကယ်စိတ်မဝင်စားတော့တာ။"

အန်လင်း မျက်ခုံးနှိပ်နေရသည်။

"နင်ကအနိုင်ကျင့်နေတာပဲ။ မရောင်းနိုင်ဘူးလို့ ငြင်းမှတော့ ငါကဘာတက်နိုင်ဦးမှာလဲ။ နင်ငါ့ကို တကယ်အနိုင်ကျင့်တယ်။"

လင်ကျွင်းကျွင်းသည် အန်လင်းအား မျက်စောင်းထိုးနေရင်း မျက်ရည်များ ဝေ့ဝဲလာတော့သည်။

သူမ အလွန်အမင်း ဒေါသထွက်နေသည်။ အန်လင်းသည် ခရမ်းကြယ်စင် သတင်းအချက်အလက်များ၏ ရင်းမြစ်ဖြစ်နေသောကြောင့် ၎င်းအားထုထောင်းရိုက်နှက်၍လည်းမဖြစ်၊ ထထွက်သွားရန်လည်း မဖြစ်သေးပေ။ အန်လင်းကသာ ထိုသတင်းအချက်အလက်များအား မရောင်းပေးပါက သူမသည်လည်း ပေးအပ်ထားသော တာဝန်အား ဘယ်သောအခါမှ ပြီးမြောက်တော့မည် မဟုတ်ပေ။

လင်ကျွင်းကျွင်းမှာ ငိုချတော့မလို ဖြစ်သွားလိမ့်မည်ဟု အန်လင်း ထင်မထားခဲ့ပေ။

သူအနည်းငယ် စဉ်းစားကာ ငိုမဲ့မဲ့ဖြစ်နေသော မိန်းမငယ်လေးအား တောင်းဆိုလိုက်သည်။

"ဒီလိုဆိုရင်ရော...စိတ်ဝိဉာဉ်ကျောက်တုံးတွေကိုတော့ တကယ်စိတ်မဝင်စားဘူး။ ဒါပေမယ့် ခရမ်းကြယ်စင် သတင်းအချက်အလက်တွေကို ရတနာတွေနဲ့ လဲလို့ရတယ်လေ။"

"စိတ်ဝိဉာဉ်ကျောက်တုံးနဲ့ ဝယ်လို့မရတဲ့ ရတနာ ရှိလို့လား။"

လင်ကျွင်းကျွင်း မျက်ရည်အဝဲသားဖြင့် အန်လင်းအား ကြည့်ရှုလိုက်သည်။

"ဗာမီလီယမ်ငှက်ရဲ့ မူလရတနာ ဒါမှမဟုတ် အံ့ဖွယ်ရတနာတွေဆိုရင် တန်ဖိုးဖြတ်မရဘူးလေ။"

အန်လင်း လေးနက်စွာ တုံ့ပြန်လိုက်သည်။

လင်ကျွင်းကျွင်းမှာ အမှန်တကယ် ငိုတော့မလို ဖြစ်နေလေပြီ။

"နင့်တောင်းဆိုချက်က အရမ်းတရားလွန်တာပဲ။ အဲ့ဒါတွေက တန်ဖိုးဖြတ်မရတဲ့ ရတနာတွေပါဆို ငါကဘယ်လိုလုပ် နင့်ကိုရှာပေးနိုင်မှာလဲ။"

"တန်ဖိုးသတ်မှတ်ချက်ရှိတဲ့ဟာတွေက ကိုယ့်ဘာသာလည်း ဝယ်လို့ရနေတာပဲလေ။"

အန်လင်း တည်ငြိမ်စွာ စကားဆိုလိုက်သည်။

လင်ကျွင်းကျွင်း အန်လင်းအား မျက်စောင်းထိုးလိုက်သည်။ အန်လင်းမှာလည်း လင်ကျွင်းကျွင်းအား ခပ်တည်တည် ပြန်ကြည့်လာသည်။

ထိုသည်မှာ ချောင်ပိတ်မိနေသော အခြေအနေ တစ်ခုလိုပင်။

"ဝါး....."

"မငိုပါနဲ့ဟ...."

လင်ကျွင်းကျွင်းမှာ အော်ကြီးဟစ်ကျယ် ငိုချလိုက်တော့သည်။

"ငိုလိုက်တာနဲ့ ပြဿနာတွေ ပြီးမသွားဘူး။ မိန်းကလေးတစ်ယောက်ရဲ့ မျက်ရည်က ဘာအကျိုးသက်ရောက်မှုမှ ရှိလာမှာ မဟုတ်ဘူး။"

အန်လင်း ခက်ထန်စွာ ပြောလိုက်သည်။

လင်ကျွင်းကျွင်းမှာ မကျေမနပ် ဖြစ်နေဟန်ဖြင့် မျက်ရည်များကို သုတ်လိုက်သည်။

"နင်ကငါ့ကို အနိုင်ကျင့်နေတာပဲ။ ရတယ်လေ..... ငါ့အဖေရှေ့မှာ သွားငိုပြမယ်။"

ထိုစကားကြောင့် အန်လင်း ထိတ်လန့်သွားရသည်။

ကောင်းကင်အရှင်သခင်ဆီမှာသာ သွားငိုရင် ငါတော့ငါးပါးမှောက်ပြီ.....

"အဟမ်း...ကောင်းကင်နတ်မိမယ် ထျန်းယွီ....ဒီကိစ္စကို ကျွန်တော်တို့ ဆွေးနွေးလို့ ရပါတယ်။ မငိုပါနဲ့တော့နော်။ အံ့ဖွယ်ရတနာတွေ ဖြစ်စရာ မလိုပါဘူး။ တခြားပစ္စည်းတွေလည်း ရပါတယ်။"

အန်လင်း၏ အမူအရာအားကြည့်ကာ သူမ ပြုံးလိုက်သည်။

"ဖွီး...."

လင်ကျွင်းကျွင်း ရယ်မောကာ အန်လင်းအား ကြည့်ရှုလိုက်သည်။

"နင့်ကိုခြောက်လိုက်တာပါ။ ငါက ဘာကိစ္စဖြစ်ဖြစ် အဖေကိုပဲ မှီခိုနေမယ် ထင်လို့လား။"

မပြောတတ်ဘူးလေ....ဟုတ်ရင်ဟုတ်မှာပေါ့.....

ကောင်းကင်အရှင်သခင်ကြောင့်သာ မဟုတ်ရင် မင်းလောက်ကတော့ မြေကြီးနဲ့ မျက်ခွက်ရိုက်ပြီးနေပြီ...အဲ့ဒါမှ သူဋ္ဌေးတစ်ယောက်ကို ဘယ်လိုဆက်ဆံရမလဲ နားလည်သွားမှာ....

လင်ကျွင်းကျွင်းသည် အန်လင်းအား စိတ်ပိုင်းဆိုင်ရာ အနိုင်ရလိုက်သောကြောင့် အနည်းငယ် စိတ်ကျေနပ်သွားသည်။

"ဘယ်လိုရတနာမျိုး လိုချင်လဲ ပြောကြည့်လေ။ နင့်မှာရှိတဲ့ သတင်းအချက်အလက်တွေနဲ့ တန်ဖိုးချင်းညီတဲ့ ရတနာမျိုးရအောင် ငါအကောင်းဆုံး ကြိုးစားပေးမယ်။"

(မင်္ဂလာပါ။ အန်လင်းစာစဉ်က စာရေးသူဆီမှာ စာစဉ် ၅၆ ထိရပါပြီရှင့်။ စိတ်ဝင်စားလို့ အားပေးချင်တယ်ဆိုရင် telegramမှာ 'ယွီရှင်း' လို့ရိုက်ရှာပြီး ပေါ်လာတဲ့ channelမှာ လာရောက်အားပေးနိုင်ပါတယ်။)

All Chapters