အပိုင်း (၃၃၈) – လီမျိုးနွယ်၏ အပြစ်ပေးခြင်း
Vol. 004 Ch. 338
သို့သော် သူတို့ ဒေါသထွက်ချိန် အများကြီးမရခင်ပင် ကြောက်စိတ်သို့ ပြောင်းသွားလေသည်။ ဟာစွန်၏ အကြည့်သည် လွန်စွာ ကြောက်ရွံ့နေသော လီဖေအပေါ်ကျရောက်လေသည်။
သူတစ်ချက်လှုပ်လိုက်သည်နှင့် အထွတ်အထိပ်သားရဲသည် လီမျိုးနွယ်ဝင်တစ်ခုလုံးကို ဖိအား ပေးလေ သည်။ သားရဲပျံများသည် မပျံနိုင်တော့ပဲ အောက်သို့ ကျလေသည်။
“မင်းတို့ ဘာလုပ်ချင်လို့လဲ” လီဖေ အော်လိုက်သည်။
“မင်းတို့ ငါတို့ကို လုပ်ကြံတဲ့အကြောင်း ပြောချင်လို့လာတာပဲလေ” ရှီမာယူယူသည် ပြောရင်းနှင့် ငှက်လေးကို ပုတ်လိုက်သည်။ လူတစ်စုလုံးသည် မြေပေါ်သို့ ဆင်းလိုက်ကြသည်။
လီမျိုးနွယ်ဝင်များသည် ကောင်းကင်မှ ကျသွားလေသည်။ သူတို့သည် ပျံသန်းနိုင်ကြသော်လည်း ဟာစွန်၏ ဖိအားအောက်တွင် သူတို့၏ အတွင်းစွမ်းအားများသည် အကျိုးသက်ရောက်မှုမရှိပေ။ သူတို့သည် လေ ထဲတွင် မနေနိုင်ကြတော့ပေ။
သို့သော် သားရဲပျံတစ်ချို့မှာ အကျတော်၍ သေဆုံးခြင်းမရှိသည်မှာ ကံကောင်းသည်။
လီမျိုးနွယ်ခေါင်းဆောင်သည် ရှီမာယူယူ သူတို့ဆီသို့ လျှောက်လာသည်ကို ကြည့်ရင်းနှင့် စိတ်ထဲမှ ကြောက်ရွံ့မှုကို ချိုးနှိမ်ကာ ပြောလိုက်သည် “ရှီမာယူယူ မင်းဘာလိုချင်လို့လဲ”
“လီမျိုးနွယ် ခေါင်းဆောင် မစိုးရိမ်ပါနဲ့၊ ကျွန်တော်က ကျေးဇူးတရားနဲ့ ရန်ငြိုးကို ကောင်းကောင်း ခွဲတတ် ပါတယ်၊ လီမျိုးနွယ်ဝင်တွေက ကျွန်တော့်ကို သတ်ဖို့ကြိုးစားတာနဲ့ ကျွန်တော် မျိုးနွယ်တစ်ခုလုံးကို မဖျက်ဆီး ပါဘူး၊ အဲလိုလုပ်မယ့်သူတွေက ကိုယ့်ကျင့်တရား ပျက်ပြားတဲ့သူတွေပဲ လုပ်ကြတာ” ရှီမာယူယူ ဖြေးညင်းစွာ ပြော လိုက်သည်။ “ဒါကြောင့် ခင်ဗျားတို့အားလုံးကို ဘာမှ မလုပ်ပါဘူး”
“သဘောထားကြီးတဲ့အတွက် ကျေးဇူးပဲ သူငယ်ချင်းလေး ယူယူ” လီမျိုးနွယ်ခေါင်းဆောင်သည် အထွတ် အထိပ်သားရဲရှေ့တွင် သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါ သူ လုပ်နိုင်သည်မှာ ဘာမှမရှိတော့ပေ။
ရှီမာယူယူသည် သူတို့အသက်အား အန္တရာယ်မပြုဟု ကြားလိုက်သည်နှင့် သူငယ်ချင်းလေးဟု အမည် တပ်တော့သည်။
ရှီမာယူယူသည် လီမျိုးနွယ်ကို ဆန့်ကျင်မည်မဟုတ်ဟု ရှီမာမျိုးနွယ်ဝင်များသည် သိထားကြသည်။ အစပိုင်းတွင် သူတို့ သူမ ဆုံးဖြတ်ချက်ကို နားမလည်သေးသော်လည်း ရှီမာယူလင်း၏ ရှင်းပြချက်ကို ကြားသော အခါ နားလည်သွားကြသည်။
ရှီမာယူယူသည် အားရပါးရပြုံးကာ လီမူနှင့် လီဖေကို ညွှန်ပြပြီး ပြောလေသည် “သူတို့ ကျွန်တော့်ကို ဇာတ်လမ်းဆင်ပြီး လုပ်ကြံခဲ့တယ်၊ အဲဒါကြောင့် သူတို့ဆီက ပြန်ပေးဆပ်တာကို ယူဖို့လာခဲ့တာ၊ လီမျိုးနွယ် ငြင်း စရာရှိသေးလား”
“မရှိ..မရှိပါဘူး” လီမျိုးနွယ်ခေါင်းဆောင်သည် အလွန်ကြောက်ရွံ့နေခဲ့သည်။
သူတို့နှစ်ယောက်တွင် တစ်ယောက်သည် တည်ဆောက်မှုတော်သည့် သခင်၊ နောက် တစ်ယောက်မှာ သူတို့ မျိုးနွယ်၏ ပါရမီရှင်။ အခုတော့ တစ်စုံတစ်ယောက်သည် သူတို့နှစ်ယောက်လုံး ကို သတ်မည်လုပ်နေ သော်လည်း သူတို့ ငြင်းဆန်၍ မရပေ။ သူ့တွင် ပြောစရာမရှိဟုသာ ပြောနိုင်တော့သည်။ ဒီလို အခြေအနေမျိုး ကြုံလာလျှင် သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာပင်။
“အဲဒါဆိုလည်း ကောင်းပါပြီ” ရှီမာယူယူသည် လီမူနှင့် လီဖေကို အရိုးသားဆုံးကြည့်ကာ ပြောလိုက် သည် “ခင်ဗျားတို့ မျိုးနွယ်ခေါင်းဆောင်က မငြင်းဘူးဆိုတော့ ခင်ဗျားတို့ ထင်မြင်ချက်ကို မေးစရာမလိုတော့ ဘူးမလား”
“ဘာ..ဘာ လုပ်ချင်လို့လဲ” လီမူ မေးလိုက်သည်။
“ကျွန်တော်က သွားဆိုသွား၊ မျက်လုံးဆို မျက်လုံး ပြန်ရ ရမှ ကြိုက်တာ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်တို့ သူတော်စင်မြို့တော်ကနေ ထွက်ခဲ့ပေမယ့်၊ ကျွန်တော့်လို ဖြူစင်တဲ့သူက အနိုင်ကျင့်တာမျိုး လူသတ်တာမျိုးကို မကြိုက်လို့ ခင်းဗျားတို့ကို တိုက်ရိုက် မသတ်ဘူး”
ရှီမာမျိုးနွယ်ဝင်များသည် သူမ ပြောသည်ကို ကြားသောအခါ တိတ်တဆိတ်ပင် မျက်ဖြူလှန်မိကြသည်။
သူမက ဖြူစင်တယ်ဟုတ်လား။ အနိုင်ကျင့်တာရော လူသတ်တာရော မကြိုက်ဘူးဟုတ်လား။ သူမ အရေခွံကတော့ ပြောမရအောင် ထူတာပါလား။
“သွားအတွက် သွားဟုတ်လား” လီဖေသည် အလွန် တုန်လှုပ်သွားသည်။ “ မင်း… မင်း အဲဒါ စဉ်းစား…”
“တော်တယ်”
“မင်းနည်းလမ်းအတိုင်း မဖြစ်စေရဘူး၊ ငါ အဲဒီဖြတ်လမ်း တည်ဆောက်မှုကို မလုပ်နိုင်ဘူး၊ ငါ့ကို တိုက်ရိုက် သာသတ်လိုက်တော့” လီဖေ ပြောလိုက်သည်။
သူသည် ထိုနေရာ၏ ကြောက်မက်ဖွယ်ကောင်းပုံကို လီမူဆီမှ ကြားပြီဖြစ်ကာ သူသည် ထိုနေရာတွင် အသက် အသေမခံနိုင်ပေ။
ရှီမာယူယူ မျက်ဖြူလှန်ကာ ပြောလိုက်သည် “ခင်ဗျားကို ဘယ်သူက ဖြတ်လမ်းတည်ဆောက်မှု လုပ်ခိုင်း နေလို့လဲ၊ ယူလင်း အဲဒီဖြတ်လမ်းတည်ဆောက်မှုကို မှတ်မိသေးလား”
ရှီမာယူလင်း ခေါင်းညိတ်ကာ ပြောလိုက်သည် “ပြဿနာမရှိပါဘူး”
“ဒါဆို စမယ်လေ၊ ဟာစွန် သူတို့ကို အနီးကပ် စောင့်ကြည့်ထား၊ ကိုယ့်ကိုယ်ကို သတ်သေခွင့် မပြုနဲ့”
ပြောပြီးနောက်တွင် သူမနှင့် ရှီမာယူလင်းတို့သည် တည်ဆောက်မှုကို အတူတကွ ဖန်တီးကြတော့ သည်။ လီဖေသည် ထိုတည်ဆောက်မှုကို ဖန်ဆီးရန် တစ်နေ့လုံးအချိန်ကုန်ခဲ့သော်လည်း သူတို့နှစ်ယောက် သည် နေ့တစ်ဝက်ပင် အချိန်မယူလိုက်ရပေ။
တည်ဆောက်ခြင်း ပြီးစီးသည့် မိနစ်တိုင်းတွင် လီမျိုးနွယ်ဝင်များသည် နောက်မိနစ်တိုင်း အတွက် ကြောက်ရွံ့ကြသည်။ ထိုသည်မှာ အစဉ်လိုက်သေရမည်နှင့် တူသည်။
“ပြီးပြီ” ရှီမာယူယူသည် လက်နှစ်ဖက်အား ခါပြီး ပြောလိုက်သည် “ဒီတည်ဆောက်မှုကို လုပ်တာ ငါတို့ အတွက် ပထမဆုံးအကြိမ်ပဲ၊ ဒီလောက်အချိန်ကြမယ်လို့ ထင်မထားဘူး၊ ငါတို့် အရည်အချင်းတွေ လိုသေးတယ် ထင်တယ်၊ ဒီထက်ပိုပြီး တိုးတက်အောင် လေ့ကျင့်ရမယ်”
“အင်း” ရှီမာယူလင်း ခေါင်းညိတ်သည်။
သူတို့ အပြန်အလှန်ပြောနေသည်ကို ကြားသောအခါ လီမျိုးနွယ်ဝင်များသည် စိတ်ထဲမှ ကျိန်ဆဲမိကြ သည်။ ထိုသည်မှာ သူတို့အတွက် တည်ဆောက်ခြင်းလုပ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်ကာ လျင်မြန်စွာ လုပ်နိုင် ခဲ့ကြသည်။ ထိုသည်ကို အချိန်ကြာသည်ဟု စောဒကတက်နေကြ သေးသည်။ ထို့အပြင် သူတို့သည် အသက် ၂၀ ကျော်သာ ရှိသေးသည်ကို မမေ့သင့်ပေ။
ထို့အပြင် သူမသည် အဂ္ဂိရတ်ပညာရှင်ဖြစ်သည်ကို လီမျိုးနွယ်များ သိကြသေးသည်။ အခု သူမသည် တည်ဆောက်ခြင်း သခင်ဖြစ်နေသည်။
“ဟာစွန် သူတို့ကို ဒီမှာထားလိုက်” ရှီမာယူယူသည် ဟာစွန်အား ကြည့်ပြီး ပြောလိုက်သည်။
ဟာစွန်သည် သူတို့နှစ်ယောက်အား ဆွဲပြီးနောက် တည်ဆောက်မှုထဲသို့ ကန်လိုက်သည်။
“အဲနေရာက တကယ်ပျော်စရာပဲ ခင်ဗျားတို့ နှစ်ယောက် ပျော်စရာအချိန်တွေ ဖြစ်ပါစေ” ရှီမာယူယူ သည် တည်ဆောက်ခြင်းကို အသက်သွင်းကာ ပြောလေသည်။ သူမသည် တည်ဆောက်မှုမှ အလင်းထွက်ပေါ် လာကာ သူတို့နှစ်ယောက်လုံး ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေလေသည်။
လီမူနှင့် လီဖေတို့ ပျောက်ကွယ်သွားသည်ကို လီမျိုးနွယ်ဝင်များ မြင်သောအခါ ကြောက်ရွံ့လွန်း သဖြင့် မျက်နှာအရောင်များ ပြောင်းသွားလေသည်။ သူတို့သည် ရှီမာယူယူ သူတို့ဘက်လှည့်ကာ လက်စားချေမည်ကို ကြောက်နေကြသည်။
သို့သော် ရှီမာယူယူသည် သူတို့အား အနည်းငယ်ပင် ဂရုမစိုက်ပဲ ဟာစွန်ဘက်လှည့်ကာ ပြောလိုက် သည် “သူတို့ကို ဘာလုပ်လိုက်တာလဲ”
“အများကြီးတော့မဟုတ်ပါဘူး သူတို့ သေလား မသေဘူးလားဆိုတာ သိအောင် ခြေရာလက်ရာ လေး ချန် ပေးထားလိုက်တာ”ဟာစွန်သည် ပေါ့ပါးစွာ ပြောလေသည်။
“ဟာစွန်” ရှီမာယူယူသည် သူ့အား ဂုဏ်ယူစွာ လက်မထောင်ပြလေသည်။
ထိုအရာကြောင့်ပင် သူတို့သေဆုံးသွားသည်နှင့် သူမ အေးဆေးစွာ နေနိုင်မည်ဖြစ်သည်။
“ယူယူ သူတို့ကို ဘာလုပ်လိုက်ရမလဲ” ရှီမာယူယန်သည် လျှောက်လာကာ မေးလိုက်သည်။
သူ့မေးခွန်းကြောင့် လီမျိုးနွယ်ဝင်များသည် နောက်ဆုံး တရားစီရင်ချက်ကို စောင့်နေကြသကဲ့သို့ တောင့် သွားကြသည်။
“ကျွန်တော် ပြောပြီးပြီလေ၊ ကျွန်တော် လီမူနဲ့ လီဖေရဲ့ အသက်ကိုပဲ လိုချင်တာ၊ အဲတော့ တခြားသူတွေ ရဲ့ အသက်တွေ မလိုချင်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ သူတို့ သေရာကနေ လွတ်နိုင်ပေမယ့် အပြစ် ဒဏ်ကတော့ မလွတ်နိုင်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က လီမျိုးနွယ်ပဲလေ”
လီမျိုးနွယ်ဝင်များသည် သူတို့ အသက်ကိုမယူဘူးဆို၍ စိုးရိမ်နေသော စိတ်များသည် တည်ငြိမ်သွား သည်။ သို့သော် ရှိမာယူယူ၏ နောက်ဆုံး ပြောလိုက်သော စကားကြောင့် စိတ်လှုပ်ရှားသွားရပြန်သည်။
“သူငယ်ချင်းလေး ယူယူ ဘာလုပ်ချင်လို့လဲ” လီမျိုးနွယ်ဝင်များသည် စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ကာ တည်ငြိမ်သော အသံဖြင့် ပြောလေသည်။
“ကျွန်တော်တို့ အဲဒီ ကြောက်စရာကောင်းတဲ့ နေရာကို သွားခဲ့ရတယ်၊ ကျွန်တော်တို့ အသက်လည်း သေမလိုတွေ ဖြစ်ခဲ့ရတယ်၊ ဒဏ်ရာတွေ ကြောက်စရာကောင်းတာတွေနဲ့ တွေ့ပြီးနောက် အကြောက်တရားကို ရင်ဆိုင်ခဲ့ရတယ်” ရှီမာယူယူ ပြောလိုက်သည် “လီမျိုးနွယ်က အဂ္ဂိရတ်ပညာရှင် မျိုးနွယ်လို့ ကြားတယ်၊ ကျွန်တော်တို့ အကြောက်တရားတွေကို ကူညီပေးနိုင်မည့် တစ်ခုခုကို ပေးတာက ပြဿနာမဖြစ်လောက်ပါ ဘူးနော်”
သေစမ်း..ဒါက မီးလောင်ရာလေ့ပင့်လုပ်နေတာပဲ။
သူမ ပြောသည်ကို ကြားသည်နှင့် သူမဆိုလိုသည်ကို သူတို့ နားလည်ကြသည်။
လီမျိုးနွယ် ခေါင်းဆောင်သည် အတွေ့အကြုံရှိသည်။ သူမ ဆိုလိုသည်ကို နားမလည်ပါက သူ နေထိုင် လာသမျှသည် သဲထဲရေသွန်ဖြစ်သွားမည်။
“သူငယ်ချင်းလေးယူယူ၊ ငါတို့်မှာ နှစ်တစ်သောင်း ဝိညာဉ်ဆေး နှစ်လုံးရှိတယ်၊ အဲဒါက မင်း အကြောက် တရားအတွက် အကူအညီဖြစ်မလား မသိဘူး” လီမျိုးနွယ်ခေါင်းဆောင်သည် အတင်းလုပ်ယူ ပြုံးကာ ပြန်ဖြေ လေသည်။
“နှစ်တစ်သောင်း ဝိညာဉ်ဆေးဟုတ်လား” ရှီမာယူယူသည် အံ့သြသွားသဖြင့် မျက်လုံးပြူးသွားလေသည်။ လီမျိုးနွယ်ခေါင်းဆောင်သည် ပြဿနာမရှိဟု ထင်ထားချိန်တွင် သူမ စကားလုံးများသည် ထိမှန်သွားလေသည် “လီမျိုးနွယ်ခေါင်းဆောင် ကျွန်တော်တို့ကို မရှိဆင်းရဲသားလို့ ထင်နေတာလား၊ နှစ်တစ်သောင်း ဝိညာဉ်ဆေး နှစ်လုံး လောက်က ကျွန်တော့် အကြောက်တရားကို အကူအညီဖြစ်မယ် ထင်နေလား”
“မ..မဟုတ်ပါဘူး” လီမျိုးနွယ် ခေါင်းဆောင်သည် ချက်ချင်းပင် လက်အုပ်ချီလိုက်သည်။ ရှီမာယူယူ၏ အကျင့်ကိုကြည့်ကာ သူတို့အကြောက်တရား ပြေအောင် လုပ်ရန်မှာ မလွယ်ပေ။ “သူငယ်ချင်းလေး ယူယူ အကြောက် ပြေဖို့ ဘာလုပ်ပေးရမလဲ ပြောပါ”
“သြော် အဲဒါလား လွယ်ပါတယ်” ရှီမာယူယူသည် သူမ မေးစေ့အား ပွတ်ကာ ပြောလိုက်သည်။
တုလေးသည် သူမ ဘေးတွင်ရပ်နေကာ ရှီမာယူယူ အပြုအမူအား မြင်သည်နှင့် သူတို့် လအနောက် တိုင်းပြည် တော်ဝင်နန်းတော်တွင် ရှိစဉ်က လအနောက်တိုင်းပြည် ဘုရင်ဆီမှ တောင်းယူသည့်ပုံကို သွားမြင်မိ သည်။ ထိုအချိန်ကနှင့် အပြုအမူ တစ်ပုံစံတည်းဖြစ်လေသည်။
ထင်ထားသည့်အတိုင်းပင်….
နာရီဝက်ကြာပြီးနောက်တွင် လီမျိုးနွယ်ဝင်များသည် ခရီးဆက်ကြသည်။ သူတို့အဖွဲ့သည် အဝတ်အစား များမှ လွဲ၍ ပြောင်သွားလေသည်။
သူတို့ မှော်ဝင်လက်စွပ်များမှာလည်း ပြောင်ရှင်းကာ ရှီမာယူယူ၏ အကြောက်တရားကို ဖြည့်ဆည်း ပေးရသည်။
“အရှက် မရှိလိုက်တာ” သူမ မျက်နှာမှ ဖြူစင်သော အပြုံးကို မြင်သောအခါ လီမျိုးနွယ်ဝင်များ သာမက ရှီမာမျိုးနွယ်များပင် ကျိန်ဆဲမိတော့သည်။