အပိုင်း (၃၄၁) – အာကာသပုတီးလုံးနှင့် ဖြတ်လမ်းတည်ဆောက်မှု
Vol. 004 Ch. 341
ဖန်ဒုံသည် ပါးနပ်သူဖြစ်သည်။ သူသည် ရှီမာယူယူ၏ စောဒကတက်မှုကို ကြားသောအခါ သွေးအေး များ ပြန်လာသည်။ ဒုတိယ တောင်ကြားသခင်သည် အကြီးဆုံး တောင်ကြားသခင်ထက် ပို၍ ကြောက်ဖို့ ကောင်း သည်။ သို့သော် ဒီတောင်ကြားသခင်လေးသည် သူ့ကို ဒီလိုအပြုအမူမျိုးဖြင့် ပြောရဲသည်။
သို့သော် ဒုတိယတောင်ကြားသခင်သည် သူ၏ တပည့်ကို အလိုလိုက်သည်ဟု သူ ကြားခဲ့ရသည်။ သူ ပြန်ရောက်ချိန်မှစ၍ သူ့တပည့်အတွက် ကိစ္စတစ်ခုလုံ ပြင်ဆင်နေသည်ကို တစ်ချက်တည်းနှင့် ပြောနိုင်သည်။
“ဦးလေးဖန် ဆရာက တခြားဘာမှ မပြောလိုက်ဘူးလား” ရှီမာယူယူ မေးလိုက်သည်။
ဖန်ဒုံသည် သူ့အား ဦးလေးဖန်ဟု ခေါ်လိုက်သဖြင့် မှင်တက်သွားသည်။ သူသည် နှစ်တစ်ရာကျော် လောက်သာရှိသေးသော လူကြီးဖြစ်သော်လည်း သူ့အား ဦးလေးဟု နာမည်တပ်နေသသည်။
“ဒုတိယ တောင်ကြားသခင်ရဲ့ ညွှန်ကြားချက်ကတော့ မင်းကို ဦးလေးက လောကအသေး ပေါ်လာတာ နဲ့ ပို့ပေးဖို့ပါပဲ”
“ကျွန်တော် တစ်ယောက်တည်းသွားရမှာလား” ရှီမာယူယူ မေးလိုက်သည်။
“ဒုတိယ တောင်ကြားသခင်က ဘာမှမပြောလိုက်ပါဘူး၊ ဒါပေမဲ့ ဦးလေး ထွက်မလာခင်ကို အခု ပွင့်တဲ့ လောကရဲ့ အရွယ်အစားက မကြီးဘူး တည်ငြိမ်မှုလည်းမရှိဘူးလို့ အကြီးဆုံး တောင်ကြားသခင်က ပြော လိုက်ပါတယ်၊ မင်းတစ်ယောက်တည်း ဝင်မယ်ဆို ခက်နိုင်ပါတယ်၊ တခြားသူ သွားမယ်ဆိုလည်း အဲလူက ရပ်တည် နိုင်မှာ မဟုတ်ပါဘူး” ဖန်ဒုံ ပြောလိုက်သည်။
“ဟုတ်လား အဲဒါဆိုရင် ကျွန်တော် တစ်ယောက်တည်း ဝင်လို့ရမယ်လို့ ပြောနေတာပေါ့” ရှီမာယူယူ မေး လိုက်သည်။
ဖန်ဒုံခေါင်းညိတ်သည်။
“ကျွန်တော်တို့် ဘယ်အချိန်သွားကြမလဲ” ရှီမာယူယူ မေးလိုက်သည်။
“အခုအချိန်က အကောင်းဆုံးပဲ” ဖန်ဒုံ ပြောလိုက်သည် “လောက အသေး ဝမ်ဟိုင်းက ဒီနှစ်ရက် အတွင်း ပေါ်မယ်လို့ အကြီးဆုံးတောင်ကြားသခင်က ပြောလိုက်ပါတယ်၊ ဒါကို မလွတ်ချင်ရင်တော့ စောစော သွားလေ ကောင်းလေပဲ”
“သြော် ဦးလေး ဖန်ဒုံ ဒီမှာ အသီးစားပြီး ကျွန်တော့်ကို ခဏစောင့်ပေးပါ၊ ကျွန်တော် မြန်မြန် သွားပြီး ပြန် ခဲ့ပါမယ်” ရှီမာယူယူသည် ဝိညာဉ်အသီးခြင်းအား ထုတ်ကာ သူ့အား ပေးပြီး ပြေးထွက်ခဲ့သည်။
ရှီမာယူယူ မည်သည့်ကိစ္စရှိသည်ကို ဖန်ဒုံမသိသဖြင့် အိမ်ထဲမှာနေကာ သူမအား စောင့်နေခဲ့သည်။ စားပွဲ ပေါ်တွင် တင်ထားသော အသီးများကို မြင်သောအခါ သူ့မျက်လုံးများ ပဟေဋ္ဌိဆန်စွာ ရှုပ်ထွေးသွားသည်။
ယိလင်းလို တိုင်းပြည်မှာ ဒီလိုအရည်အသွေးကောင်းတဲ့ အသီးတွေ ရှိနေတာလား။
“ဒီတောင်ကြားသခင်လေးက ဘဝင်မမြင့်ဘူး တခြား သခင်လေး သခင်မလေးတွေထက် ကောင်းတယ်၊ သူ့ အကျင့်စရိုက်ကလည်း မဆိုးဘူး၊ ဒါကြောင့်ပဲ ဒုတိယတောင်ကြားသခင်နဲ့ ဝူလင်းယူတို့က သူ့ကို ချစ်ကြတာ”
သူသည် ဝိညာဉ်အသီးတစ်လုံးယူကာ စမ်းသက်ကြည့်သည်။ အသီးတွင် ရေများစိုနေကာ အခုလေး တင် ဆေးပြီးသားသကဲ့သို့ ဖြစ်နေသည်။ သူ့စိတ်ထဲတွင် ရှီမာယူယူ၏ ကြင်နာမှုကို ကျေးဇူးတင်မိသည်။
ရှီမာယူယူသည် နေ့တစ်ဝက်လောက် ထွက်သွားပြီးနောက် ပြန်လာသည်။ ထို့နောက်တွင် သူမ ဖန်ဒုံကို ပြောလိုက်သည် “ဦးလေးဖန် ကျွန်တော် အဆင်သင့်ဖြစ်ပြီ သွားရအောင်”
ဖန်ဒုံ ခေါင်းညိတ်ကာ ပြောလိုက်သည် “ကောင်းပြီ”
ပြောပြီးနောက်တွင် သူသည် ပုတီးသေးတစ်လုံးကို ထုတ်လိုက်သည်။ ထိုပုတီးစေ့မှ အဖြူရောင် အလင်း တန်း ထွက်လာပြီးနောက် အလင်းထွက်လာသည့်နေရာတွင် ဝင်ပေါက်ပေါ်လာသည်။ ထို့နောက်တွင် ပုတီးစေ့ သည် အမှုန်အဖြစ် ကြေမွသွားလေသည်။
“တောင်ကြားသခင်လေး ခွင့်ပြုပါ ကျွန်တော်တို့ သွားရမယ်” ပြောပြီးနောက်တွင် သူသည် ရှီမာယူယူ၏ လက်ကို ဆွဲကာ သူမအား ဝင်ပေါ်သို့ ခေါ်သွားလေသည်။
ဝင်ပေါ်အထဲတွင် အနည်းငယ်အေးကာ လေသည် သန်မာစွာ တိုက်လိုက်သဖြင့် သူမ မျက်နှာမှာ ထုံကျင် သွားလေသည်။ သူမသည် စိတ်မပါစွာ မျက်စိမှိတ်ထားလိုက်ရတော့သည်။
သူမ မျက်စိပြန်ဖွင့်ချိန်တွင် သူတို့သည် ခြောက်သွေ့သော နေရာသို့ ရောက်နေပြီဖြစ်သည်။
“နှင်းတောင်လား၊ ဒါဘယ်နေရာလဲ” ရှီမာယူယူသည် နှင်းတောအားမြင်သည်နှင့် မေးလိုက်သည်။
“ငါလည်း မသိဘူး” ဖန်ဒုံသည် ခေါင်းရမ်းကာ ပြောလေသည် “ငါတို့ အဲဒီ ပုတီးစေ့ကို အသက်သွင်း လိုက်ရင် အဲဒီကို ခေါ်သွားလိမ့်မယ်လို့ ဒုတိယ တောင်ကြားသခင်က ပြောလိုက်တာ”
“ဒါဆိုရင် ဒီနေရာက လောကအသေး ဖြစ်လောက်တယ်၊ ဝမ်ဟိုင်းက ပေါ်လာပြီလား”
“ဖြစ်လောက်တယ်” ဖန်ဒုံ ပြောလိုက်သည် “လောကအသေးက ပွင့်တော့မယ်၊ ဒီမှာပဲ စောင့်ရအောင်”
“ကောင်းပါပြီ” ရှီမာယူယူနှင့် ဖန်ဒုံတို့သည် ခိုင်ခံ့သော နေရာအားရွေးချယ်ကာ နှင်းများမှ ကာကွယ်နိုင် ရန် တဲထိုးလိုက်သည်။ ထို့နောက်တွင် သူတို့နှစ်ယောက်သည် အသားကင်စားကာ ဝိုင်သောက်ကြသည်။
“ဦးလေးဖန် ခုနကသုံးလိုက်တဲ့ အဖြူရောင်ပုတီးစေ့က ဘာလဲ၊ အဲဒါကို ခွဲလိုက်တာနဲ့ ဝင်ပေါက် လုပ်လို့ ရတာလား” ရှီမာယူယူ မေးလိုက်သည်။
ဖန်ဒုံသည် ဝိုင်သောက်နေဆဲဖြစ်သည်။ သူမ စပ်စုသည်ကို မြင်သောအခါ ပြုံးကာ ပြန်ဖြေသည် “အဲဒါ အထက်လောကက အာကာသ ပုတီးစေ့ပဲ၊ ပုတီးစေ့ကို အသက်မသွင်းခင်ကို အရင်ဆုံး နယ်နိမိတ် ဖန်တီးရတယ်၊ ပြီးရင် ဝင်ပေါက်ဖန်တီးပြီးရင် အဲနယ်နိမိတ်ကို အသက်သွင်းရတယ်”
“ဒါဆိုရင် ဖြတ်လမ်းတည်ဆောက်မှုနဲ့ တူတယ် မဟုတ်ဘူးလား” ရှီမာယူယူသည် ခေတ္တမျှ စဉ်းစား ပြီးနောက် ပြောလေသည်။
“အသုံးဝင်တာကတော့ အတူတူပါပဲ ဒါပေမဲ့ ဒီလိုမျိုး အာကာသပုတီးစေ့ကတော့ သုံးရတာ ပို လွယ်တယ်၊ ဖြတ်လမ်းတည်ဆောက်မှုလို မရှုပ်ထွေးဘူး” ဖန်ဒုံ ပြန်ဖြေသည် “ဖြတ်လမ်းတည်ဆောက်မှု အများစု က တည်ဆောက်မှုသခင်တွေ လုပ်ကြတယ်၊ ဒါပေမဲ့ တည်ဆောက်မှုအကြောင်းကို မသိတဲ့သူတွေတောင်မှ ဒီလို အာကာသ ပုတီးစေ့ကို သုံးလို့ရတယ်၊ ဒါပေမဲ့ ဝင်ပေါက်ကို မလုပ်တတ်တဲ့ ငါတို့လိုလူတွေကျ ဒီလိုမျိုး သုံးရတယ်၊ ငါတို့ တောင်ကြားသခင်တွေလို လူတွေကျ သူတို့ဘာကာ ဝင်ပေါက်ဖန်တီးနိုင်ကြတယ်လေ”
“ဒါဆိုရင် တခြား ပုတီးစေ့အမျိုးအစားတွေလည်း ရှိသေးတာလား” ရှီမာယူယူသည် သူ့အား မေးခွန်း ထုတ်လေသည်။
ဖန်ဒုံသည် သူမ အကြည့်အောက်တွင် စိတ်လှုပ်ရှားသွားသည်။ သူ ခေါင်းရမ်းကာ ပြောလိုက်သည် “မရှိပါဘူး၊ ဒီ အာကာသပုတီးစေ့တောင်မှ ဒုတိယတောင်ကြားသခင်ကို ငါ့ကို ပေးပြီး ထွက်သွားခဲ့တာ”
“သြော်” ရှီမာယူယူသည် အနည်းငယ် စိတ်ပျက်သွားသည်။ သို့သော် သူမသည် ထပ်မမေးတော့ပဲ ဝိုင်ခွက်ယူကာ ပြောလိုက်သည် “ဦးလေးဖန် သောက်ရအောင်”
“ဟား ဟား ကောင်းတယ်” ဖန်ဒုံသည် နှေးကွေးသော်လည်း သူ့အကျင့်စရိုက်မှာ ရဲတင်းပြီး နိုင့်ထက် စီးနင်းလိုခြင်း မရှိပေ။ သူသည် ဝိုင်သောက်ပြီးနောက်တွင် လုံးဝ နောက်တစ်ယောက် ဖြစ်သွားလေသည်။
သူတို့အားလုံး ဗိုက်ပြည့်သွားချိန်တွင် ရှီမာယူယူသည် ပစ္စည်းအားလုံးကို ဝိညာဉ်စေတီထဲသို့ ထည့်ထား လိုက်သည်။ ထို့နောက်တွင် သူမသည် ဖန်ဒုံနှင့် ထွေရာလေးပါးပြောပြီး အထက်လောကအခြေအနေကို နားထောင်လေသည်။
သူပြောသော အံ့ဖွယ်နတ်ဆိုးတောင်ကြား အကြောင်းကြားသောအခါ အထက်လောကရှိ အံ့ဖွယ် နတ်ဆိုးတောင်ကြား အကြောင်းကို သူမ ပိုနားလည်လာခဲ့သည်။ ထို့ကြောင့်ပင် သူမ မရောက်ဖူးသော အံ့ဖွယ် နတ်ဆိုးတောင်ကြား အကြောင်းကို ပိုသိချင်လာခဲ့သည်။
သူတို့ နှင်းတောင်တွင် စောင့်ပြီး သုံးရက်မြောက်နေ့တွင် ကောင်းကင်သည် တဖြည်းဖြည်း ပြောင်းလဲ လာခဲ့သည်။ ကျောက်တုံးပေါ်တွင် ထိုင်နေသော ဖန်ဒုံသည် မျက်လုံးပွင့်လာပြီး မတ်တတ်ရပ်ကာ ပြော လိုက်သည် “အချိန်ကျလာပြီ”
ရှီမာယူယူသည် ပြောင်းလဲခြင်းကို မခံစားရသေးပေ။ သို့သော် ဖန်ဒုံမတ်တတ်ရပ်သည်ကို တွေ့သည်နှင့် သူမသည်လည်း အလိုလို သိလိုက်သည်။
“တောင်ကြားသခင်လေး ငါ လောကအသေး ဝမ်ဟိုင်းပွင့်တာနဲ့ အိမ်မြှောင်သုံးမယ်၊ အဲချိန်ကျရင် တစ်ယောက်တည်း သွားလိုက်တော့” ဖန်ဒုံ ပြောလိုက်သည်။
“နားလည်ပါပြီ ဦးလေးဖန်” ရှီမာယူယူ ခေါင်းညိတ်သည်။
“မင်း လောကအသေး ဝမ်ဟိုင်းမှာ အများဆုံး ၁နှစ်နေရမယ်၊ ၁နှစ်ကြာရင် အဲဒီ လောကအသေးက ပျောက်သွားမှာ၊ အဲအချိန်ကို ပြန်မထွက်လာနိုင်ရင် အဲမှာပဲ တစ်သက်လုံး နေသွားရ လိမ့်မယ်” ဖန်ဒုံ ပြောလိုက်သည် “အဲတော့ တောင်ကြားသခင်လေး အချိန်ကို ကောင်းကောင်း တွက်ချက်ဖို့ လိုမယ်”
“အင်း”
“ပြီးတော့ တခြားတိုင်းပြည်က လူတွေလည်း ဝင်ကြမှာပဲ၊ အထက်လောက ကလူငယ်တွေက အဲမှာ သွား ဆုံကြမှာပဲ၊ တချို့လူတွေက ပြဿနာရှာကြတယ်၊ အရင်ကဆို လုယက်တာတွေတောင် ဖြစ်ခဲ့ဖူးတယ်၊ သူတို့နဲ့ တွေ့ရင် တတ်နိုင်သလောက် ရှောင်ပါ၊ အဲလိုလူတွေနဲ့ မပတ်သတ်တာကောင်းတယ်”
ရှီမာယူယူသည် သူမ၏ အထက်လူကြီးကဲ့သို့ ပွစိပွစိ လုပ်နေသော ထိုလူကြီးအား ကြည့်ပြီး ပြုံးကာ သူမ စိတ်ထဲတွင် မှတ်သားထားလိုက်တော့သည်။
“ဦးလေး ဖန် စိတ်ချပါ၊ ဘာမှမဖြစ်စေရပါဘူး၊ အင်း အချိန်ကျော်သွားလိမ့်မယ်” သူမသည် သူ့အား ဖျောင်းဖျလိုက်သည်။
“မင်း ဝင်သွားတာနဲ့ ငါက ကမ္ဘာဦးနယ်မြေကို သွားတော့မှာ၊ မြန်မြန်လာနိုင်ပါစေလို့ ဆုတောင်းပါတယ်” ဖန်ဒုံသည် ပြောလိုက်သည်။ ထို့နောက်တွင် သူမ လက်ရှိအရည်အချင်းအား တွေးမိပြီး ပြောလိုက်သည် “မင်း ဒီနှစ်အတွင်းကို ဝင်နိုင်မယ်လို့ ထင်ပါတယ်၊ ငါ မင်းကို အဲဒီမှာ စောင့်နေမယ်”
“ကောင်းပါပြီ ကျွန်တော် ရောက်လာရင် ဦးလေးဖန်ကို အသားနဲ့ ဝိုင်နဲ့ ဧည့်ခံပါမယ်” ရှီမာယူယူသည် အပြုံးဖြင့် ပြောလိုက်လေသည်။
ဦးလေး ဖန် ပြုံးလိုက်သည်။ သူ ဒီတောင်ကြားသခင်လေးကို တကယ် နှစ်သက်မိပြီ။
ထိပ်တွင် အတက်အကျဖြစ်နေသည်များ ငြိမ်သွားသောအခါ ဖန်ဒုံသည် ရှီမာယူယူအား အိမ်မြှောင် ပေးကာ ပြောလိုက်သည် “ငါ မင်းကို အခု ဝင်ပေါက်ဖွင့်ပေးလိုက်မယ်၊ အဲဒီကို ဝင်သွားတာနဲ့ သန်မာ မှရမယ်၊ ဖွင့်ဖို့အတွက် ဒါလိုမယ်၊ အဲဒီကနေ ပြန်ထွက်လာရင်လည်း ဒီအိမ်မြှောင်ကို သုံးပြီးထွက်လာရုံပဲ”
သူ ပြောရင်းနှင့် အိမ်မြှောင်ထဲသို့ ဝိညာဉ်စွမ်းအင်ထည့်လိုက်ရာ ချက်ချင်းပင် အလင်းထွက်လာလေ သည်။ ထိုအလင်းသည် ကောင်းကင်သို့ ပျံသန်းကာ အလယ်တွင်ရောက်သွားပြီး ဝင်ပေါက်ပေါ်လာတော့သည်..