လာဖို့လွယ်ပေမယ့် ပြန်ဖို့ခက်တယ်
Vol. 45 Ch. 627
အခန်း (၆၂၇) လာဖို့လွယ်ပေမယ့် ပြန်ဖို့ခက်တယ်
ယန်ကျောက်ကျန်းစိတ်ထဲ အရှက်တရားနှင့် ဒေါသ အထွတ်ထိပ်သို့ရောက်ရှိနေသည့်တိုင် သူ့စိတ်ကတော့ တည်ငြိမ်နေသည်။ အရှက်ကွဲပြီး အခြေအနေကို လက်မခံနိုင်သော်လည်း အမှန်တရားကိုတော့ ရှင်းရှင်းလင်းလင်း အတည်ပြုနိုင်ခဲ့သည်။
သူက ရန်ကျောက်ကဲ၏ ပြိုင်ဘက် မဟုတ်ပေ။
သူ့တွင် ရွှေရောင်ငှက်မွှေးလှံရှည်ရှိသည့်တိုင် သူနှင့်ရင်ဆိုင်နေရသောလူငယ်တွင်လည်း အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ရှိနေသည်။
သူသာ ထိုကောင်လေးနှင့် အဆုံးထိတိုက်ခိုက်နေမည်ဆိုလျှင် ရန်ကျောက်ကဲလက်တွင် အသက်ပျောက်ရုံကလွဲပြီး အခြားဖြစ်နိုင်ခြေ မရှိပေ။
သူနှင့်အတူ ထိုလူငယ်ကို သေလမ်းခေါ်သွားနိုင်မည်ဆိုပါက ယန်ကျောက်ကျန်းအနေဖြင့် မေးခွန်းမထုတ်ဘဲ အသက်အသေခံမည် ဖြစ်သည်။ သို့သော် ထိုသို့ပြုလုပ်နိုင်မည်မဟုတ်ကြောင်း နားလည်နေသဖြင့် စိတ်ကိုတည်ငြိမ်အောင်ထားရင်း နောက်ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။
ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်ကြောင့် လွင့်ထွက်သွားသော ယန်ကျောက်ကျန်းသည် ပြန်လည်တိုက်ခိုက်ခြင်းမပြုတော့ဘဲ တစ်ခါတည်း အဝေးသို့ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။ အပြာရောင်မီးလျှံများက အတောင်ပံများအဖြစ်ပြောင်းလဲသွားပြီး အဖြူရောင်အလင်းတန်းများ ဝန်းရံလျှက် ယန်ကျောက်ကျန်းအဝေးတစ်နေရာသို့ ပျံသန်းသွားလေ၏။
ရန်ကျောက်ကဲက ရယ်မောရင်း...
“လာဖို့လွယ်ပေမယ့် ပြန်ဖို့ခက်တယ်ဆိုတာ သိသင့်တယ်”
ထို့နောက် ကောင်းကင်ထက်တွင် အဆုံးမရှိသော နဂါးဟိန်းသံများ ပဲ့တင်ထပ်ထွက်ပေါ်လာြပီး အားလုံး၏မျက်စိရှေ့တွင် ကြီးမားသောနန်းတော်ကြီးတစ်ခု ပေါ်လာသည်။
နဂါးဟိန်းသံများနှင့်အတူ ကောင်းကင်တစ်ခွင် အလင်းနဂါးများစွာ ထွက်ပေါ်လာြပီး ကြီးကျယ်ခမ်းနားသော တန်ခိုးစွမ်းအားကြီးက ပတ်ဝန်းကျင်တစ်ခုလုံးအား တုန်လှုပ်ချောက်ချားသွားစေသည်။
ယန်ကျောက်ကျန်း ထိတ်လန့်တုန်လှုပ်စွာ လှမ်းကြည့်လိုက်တော့ မဟူရာသွေးပမာနက်မှာင်နေသော နန်းတော်ကြီးတစ်ခုကို တွေ့ရသည်။ နန်းတော်ကြီးအပြင်ဘက်တွင် ဝိညာဉ်သင်္ကေတများထင်ရှားစွာရှိနေပြီး ရွှေရောင်အလင်းတန်းများ တောက်ပနေသည်။
ရွှေရောင်တိမ်တိုက်များစွာသည် လေထုတစ်ခုလုံးအားလွှမ်းခြုံထားပြီး မိုးကုတ်စက်ဝိုင်းထိတိုင် ပျံ့လွင့်လျှက် တိမ်ပင်လယ်ကြီးတစ်ခုပမာ လောင်ဖုန်းမြို့တစ်ခုလုံးကို ဖုံးကွယ်ထားသည်။
ယန်ကျောက်ကျန်းက အတွေ့အကြုံမရှိသူ မဟုတ်ပေ။ ထို့ကြောင့် သူ့အရှေ့တွင်ပေါ်လာသောနန်းတော်ကြီးကိုတွေ့ရသည့်အခါ တိုက်ပွဲကိုကြည့်နေသူများထက်ပင် တုန်လှုပ်ခံစားလိုက်ရ၏။
ထို အနက်ရောင်နန်းတော်ကြီးတည်ဆောက်ထားသော အုတ်ကြွပ်များ ၊ ကြွေပြားများအားလုံးသည် သာမန်ပစ္စည်းများမဟုတ်ဘဲ နဂါးအရိုးများ ၊ နဂါးအကြေးခွံများမှ ပြောင်းလဲတည်ဆောက်ထားသည့်ပမာပင်။
နန်းတော်တစ်ခုလုံး၏ အစိတ်အပိုင်းတိုင်းသည် မြို့တစ်မြို့ပမာ တန်ဖိုးကြီးမားလှပြီး မယုံကြည်နိုင်လောက်အောင် စွမ်းအားမြင့်မားလှသည်။
ထိုသို့ စွမ်းအားမြင့်မားသော အစိတ်အပိုင်းများစွာ ပေါင်းစပ်မိသည့်အခါ သိုင်းသူတော်စင်တစ်ယောက်ဖြစ်သော ယန်ကျောက်ကျန်းမှလွဲပြီး မိုင်ပေါင်း (၂၅၀၀) ပတ်ဝန်းကျင်တွင်ရှိသော သက်ရှိများအားလုံးမှာ ဝေဟင်ထက်မှ နဂါးနန်းတော်ကြီးကို အလိုလိုနေရင်း ဒူးထောက်ခစားမိမတတ် ဖိအားများ ခံစားကြရသည်။
များပြားလှသောတိမ်တိုက်များနှင့်ပြင်းထန်သောတန်ခိုးစွမ်းအားများကြား ထိုနန်းတော်ကြီးထဲတွင် နဂါးအစစ်များရှိနေပုံရပြီး တစ်လောကလုံး၏ အုပ်စိုးရှင်အဖြစ် မိုးအောက်မြေပြင်တစ်ခွင်လုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်သော အရိပ်အယောင်ကို ပိုင်ဆိုင်ထားသည်။
နန်းတော်တံခါး ဖြည်းညင်းစွာပွင့်လာသည့်အခါ အတွင်းထဲမှ စုပ်ယူစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းပင် ကြမ်းတမ်းသောလျှပ်စီကြောင်းများ ထွက်ပေါ်လာပြီး အလင်းရောင်များဖြာလင်းကာ ယန်ကျောက်ကျန်းအား နန်းတော်အတွင်းစုပ်ယူသွားသည်။
ယန်ကျောက်ကျန်း အလွန်တုန်လှုပ်သွားပြီး သူ၏ ရွှေရောင်ငှက်မွှေးလှံရှည်ကို ဝှေ့ယမ်းကာ နဂါးနန်းတော်၏ ကြောက်မက်ဖွယ်ရာ စုပ်ယူစွမ်းအားများကို တွန်းလှန်ရန် အစွမ်းကုန်ကြိုးစားသည်။
သို့သော် သူ့မျက်လုံးထောင့်တွင် ရန်ကျောက်ကဲ ကောင်းကင်ထက်သို့ ပျံတက်လာပြီး သူ့ထံဝင်ရောက်လာသည်ကို တွေ့ရသည်။ ယန်ကျောက်ကျန်းမျက်နှာ နီရဲသွားပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အပြာရောင်မီးတောက်များ မိုးကုတ်စက်ဝိုင်းတစ်ခွင် လွင့်ပျံလျှက် ရန်ကျောက်ကဲထံ ဝင်ရောက်သွား၏။
မီးတောက်များက လေထဲတွင် ပေါက်ကွဲတော့မည့်အလားဖြစ်သော်လည်း ပတ်ဝန်ကျင်တစ်ခုလုံး ရုတ်တရက် မှောင်အတိကျသွားသည်။
သူ၏ဦးခေါင်းထက်မှ ကောင်းကင်တစ်ခုလုံး အမှောင်ကျသွားပြီး အသံမရှိ ၊ အလင်းမရှိ ၊ တောက်ပမှုမရှိတော့ဘဲ အပြာရောင်မီးတောက်များက အမှောင်ထု၏ ဝါးမြိုခြင်း ခံလိုက်ရသည့်အခါ ယန်ကျောက်ကျန်းမျက်လုံးများ ဆောက်တည်ရာမရ ဖြစ်သွားသည်။
ထို့နောက်မှာတော့ အမှောင်ထုအတွင်းမှ မိုးခြိမ်းသံတစ်သံထွက်ပေါ်လာပြီး ငွေဖြူရောင်လျှပ်စီးလင်းလက်လာသည်။ ထိုငွေဖြူရောင်လျှပ်စီးက ထာဝရအမှောင်ထုထဲတွင် ပထမဆုံးမွေးဖွားလာသော အလင်းတန်းပမာ ဖြစ်၏။
မိုးကြိုးစွမ်းအားများ ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ်ရာ ငွေဖြူရောင်လျှပ်စီးက ယန်ကျောက်ကျန်းဦးခေါင်းထက်သို့ တဟုန်ထိုး ဆင်းသက်လာသည်။ ကူရာကယ်ရာမဲ့နေသော ယန်ကျောက်ကျန်းသည် သူ၏ ရွှေရောင်ငှက်မွှေးလှံရှည်ကို ကိုင်မြှောက်ကာ ရန်ကျောက်ကဲ၏ ထာဝရညမိုးကြိုးကို ခုခံရန် အစွမ်းကုန်ကြိုးစားလိုက်သည်။
သို့သော် ရန်ကျောက်ကဲက ယန်ကျောက်ကျန်းရှေ့သို့ ချက်ချင်းရောက်ရှိလာပြီး တစ်ချက်ရယ်မောကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ယန်ကျောက်ကျန်းမျက်လုံးများ ပေါက်ထွက်လုမတတ်တုန်လှုပ်ချောက်ချားနေပြီး ရန်ကျောက်ကဲလက်ဝါးရိုက်ချက်ကို မရှောင်တိမ်းနိုင်ဘဲ နောက်တစ်ကြိမ်လွင့်ထွက်သွားကာ အသင်္ချေနဂါးနန်းတော်၏ စုပ်ယူခြင်းကို ခံလိုက်ရတော့၏။
နဂါးနန်းတော်တံခါးက အရှိန်အဟုန်ပြင်းစွာပြန်ပိတ်သွားပြီး အတွင်းမှ ပြင်းထန်စွာ တုန်ခါလာသည်။
ယန်ကျောက်ကျန်း အသင်္ချေနဂါးနန်းတော်အတွင်းရောက်ရှိသွားသည်နှင့် ရန်ကျောက်ကဲ အလျင်စလို လိုက်လံတိုက်ခိုက်ခြင်း မရှိဘဲ အခြားသော တာ့ရွှမ်စစ်သည်တော်များကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
အစပိုင်းတွင် အံ့သြမှင်တက်နေကြသော တာ့ရွှမ်စစ်သည်တော်များသည် ယခုမှ သတိဝင်လာပြီး ရန်ကျောက်ကဲကိုတိုက်ခိုက်ရန် ကမူးရှူးတိုး ပြေးဝင်လာကြ၏။ ထို တာ့ရွှမ်စစ်သည်တော်များအားလုံးမှာ သိုင်းဆရာသခင်များဖြစ်ကြပြီး သွားလေရာရာတွင် ရက်စက်ကြမ်းတမ်းစွာ လူအများကို သတ်ဖြတ်လေ့ရှိကြသည်။
ယခုတော့ ရန်ကျောက်ကဲ၏အကြည့်တစ်ချက် ရင်ဆိုင်ရသည်နှင့် ကျောရိုးထဲအထိ အေးစိမ့်စွာခံစားလိုက်ကြရပြီး ခန္ဓာကိုယ်နှင့် ခြေလက်များပင် ထုံကြည်သွားရသည်။ ဇာမဏီနယ်မြေကို အုပ်စိုးသော သိုင်းသူတော်စင် ယန်ကျောက်ကျန်းပင်လျှင် ရန်ကျောက်ကဲ၏ ပြိုင်ဘက်မဟုတ်လေရာ သူတို့အားလုံးက ရန်ကျောက်ကဲနှင့် မည်သို့ ယှဉ်နိုင်ပါမည်နည်း။
ရန်ကျောက်ကဲက အင်္ကျီလက်တစ်ဖက် ဝှေ့ယမ်းလိုက်ရာ စိမ်းပြာရောင်နဂါးထောင်သောင်းမက ဟိန်းဟောက်သံများနှင့်အတူ မိုးမြေတစ်ခွင် ပျံသန်းလာသည်။ ထိုစိမ်းပြာရောင်နဂါးများက တာ့ရွှမ်စစ်သည်တော်အုပ်စုကို လွှမ်းခြုံသွားပြီး မှုံမှိုင်းသောဓားဝိညာဉ်အလင်းတန်းက လောင်ဖုန်းတစ်မြို့လုံးအား အေးစိမ့်သွားစေသည်။
တာ့ရွှမ်တိုင်းပြည်မှ စစ်သည်တော်များသာမက ဝေယွင်စန်းနှင့်အတူ လိုက်ပါလာသော ‘ဝေ’ အိမ်တော်မှ အကြီးအကဲများအားလုံးကိုပါ ရန်ကျောက်ကဲက သတ်ဖြတ်ပစ်လိုက်၏။
ထို့နောက် ရန်ကျောက်ကဲက အင်္ကျီလက်တစ်ဖက် ဝှေ့ယမ်းလျှက် ဓားဝိညာဉ်ကို ပြန်လည်ရုတ်သိမ်းပြီး အသင်္ချေနဂါးနန်းတော်အတွင်းသို့ အေးဆေးစွာ ဝင်ရောက်သွားသည်။
နန်းတော်ထဲသို့ရောက်သည်နှင့် လောင်ကျွမ်းနေသော အပြာရောင်မီးတောက်များကို တွေ့မြင်ရသည်။ မီးတောက်ပင်လယ်ကြားတွင် ယန်ကျောက်ကျန်းရှိနေပြီး မခံရပ်နိုင်သော ၊ ခွင့်မလွှတ်နိုင်သောအကြည့်များဖြင့် ရန်ကျောက်ကဲကို ကြည့်နေသည်။
လက်ရှိအချိန်က သူ့အတွက် သေရေးရှင်ရေး အရေးကြီးသော အခိုက်အတန့်ဖြစ်သည်။ သို့သော် ယန်ကျောက်ကျန်းအနေဖြင့် ရန်ကျောက်ကဲကို အစွမ်းကုန်တိုက်ခိုက်ပြီး ထွက်ပြေးရန်မှာ မဖြစ်နိုင်တော့ပေ။
သူ့ ရှေ့တွင် လမ်းနှစ်လမ်းသာ ရှိတော့သည်။
သူ့ကိုယ်သူသတ်သေမလား ၊ သို့မဟုတ် ရန်သူလက်ချက်ဖြင့် အသေခံမလား။
အပြာရောင်မီးတောက်ပင်လယ်အတွင်းမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရန်ကျောက်ကဲထံ ဝင်ရောက်လာသည်။
ရတနာခုနစ်သွယ်လှံသိုင်းပညာမှ မဟာဂဠုန်လှံသိုင်း။
ထိုလှံသိုင်းက ကြိုးကြာဖြူလှံသိုင်းလောက် သွက်လက်ခြင်းမရှိသော်လည်း ပိုမိုပြင်းထန်ပြီး ကြမ်းတမ်း၏။
အပြာရောင်မီးတောက်များကြားမှ ဧရာမဂဠုန်ငှက်ကြီးတစ်ကောင် အတောင်ပံများဖြန့်ကာ ကောင်းကင်ကို လွှမ်းခြုံလျှက် ပျံသန်းလာသည့်အလား ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး လက်ဖဝါးတစ်ဖက်ဆန့်ထုတ်ရင်း စက်ဝန်းသံသရာစည်းတံဆိပ်ကို နောက်တစ်ကြိမ် ထုတ်ဖော်လိုက်သည်။
အပြာရောင်မီးတောက်များ ချက်ချင်းပင် ငြိမ်းသတ်သွားပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ နဂါးနန်းတော်ထဲတွင် ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်သွားကာ မြေပြင်ထက်တွင် ငှက်မွှေးများပျံ့ကျဲသောသဏ္ဌန် အလင်းတန်းများ လွင့်ပျံသွားသည်။
များပြားလှစွာသော ရေခဲနဂါးများ၏ ကြုံးဝါးဟိန်းဟောက်သံများကြားတွင် ရေခဲပင်လယ်က သူ့ကို လွှမ်းခြုံထားပြီး နဂါးနန်းတော်အတွင်းမှ နဂါးချီစွမ်းအားများက ပိုမိုအားကောင်းလာသည်။ ရန်ကျောက်ကဲက ရေခဲချပ်ဝတ်ကို ဆုပ်ကိုင်လျှက် ယန်ကျောက်ကျန်း၏ ရွှေရောင်ငှက်မွှေးလှံရှည်ကို တိုက်ခိုက်လိုက်၏။
လှံရှည်ထိပ်ဖျားသည် ချွန်ထက်သောဓားတစ်လက်အလား ပူလောင်လျှက် ရန်ကျောက်ကဲရှေ့သို့ ရောက်ရှိလာသောလည်း ရေခဲချပ်ဝတ်နှင့် ရင်ဆိုင်ရသည့်အခါ ချက်ချင်းပင် အေးခဲသွားသည်။
လှံရှည်သည် တစ်လက်မပင် မရွေ့လျားနိုင်တော့ပဲ နေရာမှာပင် မြဲမြံစွာထိန်းချုပ်ခံလိုက်ရသည်။
လှံရှည်ကို ဖယ်ရှားပြီးသည်နှင့် ရန်ကျောက်ကဲက သူ့အရှေ့မှ ယန်ကျောက်ကျန်းကို တိတ်ဆိတ်စွာ စူးစိုက်ကြည့်လိုက်သည်။ နှုတ်ခမ်းများက တွန့်ကွေးကာ ပြုံးလျှက်ပင်။
ရန်ကျောက်ကဲ ခန္ဓာကိုယ်ထက်မှ ရေခဲချပ်ဝတ်က ရေခဲနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ရွှေရောင်ငှက်မွှေးလှံရှည်တဝိုက် လှည့်ပတ်သွားသည်။
လှံရှည်ထက်တွင် ကြီးကျယ်ခမ်းနားသော အလင်းတန်းများ ထွက်ပေါ်လာပြီး အတောင်ပံများဖြန့်ကျက်ထားသော ဂဠုန်ငှက်တစ်ကောင်ပမာ စွမ်းအားလှိုင်းလုံးကြီးများ အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။
သို့သော် ရေခဲနဂါးက လှည့်ပတ်လိုက်သည်နှင့် လှံရှည်မှအလင်းရောင်များ ချက်ချင်းမှိန်ဖျော့သွားပြီး နက်မှောင်သော လှံရှည်ထက်တွင် ရေခဲအလွှာပါးတစ်ခု ဖုံးအုပ်သွားသည်။
ရန်ကျောက်ကဲ လက်တစ်ဖက်ဝှေ့ယမ်းလိုက်သည်နှင့် ယန်ကျောက်ကျန်း၏ ရွှေရောင်ငှက်မွှေးလှံရှည်က ရေခဲချပ်ဝတ်နှင့်အတူ နန်းတော်တစ်နေရာသို့ ပျံသန်းသွားသည်။
အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၂)ခုက ဝိညာဉ်စွမ်းအားမြင့်မားသလို စွမ်းအားလည်း ကြီးမားသည်။ ယခု သူတို့ ထိပ်တိုက်တွေ့သည့်အခါ ပိုင်ရှင်များက ဆွဲကိုင်ထားခြင်းမရှိသည့်တိုင် မိုးမြေတုန်လှုပ်စေသော တိုက်ပွဲတစ်ခု အသင်္ချေနဂါးနန်းတော်ထဲတွင် ဖြစ်ပွားလာ၏။
ယန်ကျောက်ကျန်း မျက်နှာထက်မှာတော့ စိတ်ပျက်အားငယ်မှုများသာ ရှိနေခဲ့သည်။
ရေခဲချပ်ဝတ်သည် ရွှေရောင်ငှက်မွှေးလှံရှည်ကို ထိန်းချုပ်ထားချိန် ရန်ကျောက်ကဲက ယန်ကျောက်ကျန်းအနားသို့ တစ်လှမ်းချင်းလှမ်းလာပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ယန်ကျောက်ကျန်း၏ မျက်လုံးရှေ့တွင် မိုးမြေတစ်ခုလုံး မျဉ်းတစ်ကြောင်းတည်းပမာ ပေါင်းစပ်သွားသည်။
ထို့နောက် ကောင်းကင်နှင့်မြေကြီး အစွန်းဆုံဖြစ်သော မျဉ်းကြောင်းပါးပါးလေးတွင် လက်ဖဝါးတစ်ဖက်က ဖြတ်ကျော်ဝင်ရောက်လာသည်။ ထိုလက်ဖဝါးက တဖြည်းဖြည်းကြီးမားလာပြီး ကမ္ဘာလောကကြီးတစ်ခုလုံး ပျောက်ကွယ်သွားကာ ထိုလက်ဖဝါးတစ်ဖက်သာလျှင် ကျန်ရှိတော့သည်။
နေနှင့်လက တောက်ပသွားပြီး စကြာ၀ဠာမဖြစ်တည်မီအချိန်က ပြိုက်ဘက်ကင်းနတ်ဘုရားဘုရင်တစ်ပါး နတ်တောင်တစ်တောင်ကိုသယ်ဆောင်လာပြီး သူ၏ဦးခေါင်းထက်သို့ စောင့်ချလိုက်သည့်အလား ယန်ကျောက်ကျန်း ခံစားလိုက်ရလေ၏။