← Chapters

သိုင်းသူတော်စင်တစ်ယောက်ကိုသတ်ဖြတ်ခြင်း

Vol. 45 Ch. 628

သိုင်းသူတော်စင်တစ်ယောက်ကိုသတ်ဖြတ်ခြင်း

Vol. 45 Ch. 628

အခန်း (၆၂၈) သိုင်းသူတော်စင်တစ်ယောက်ကိုသတ်ဖြတ်ခြင်း

ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကျဆင်းလာသည်နှင့် ယန်ကျောက်ကျန်းက သူ့လက်များကို အထက်သို့ ပင့်တင်လိုက်သည်။ သို့သော် ဤသည်က ချက်ချင်းအသက်မသေစေရန် ခဏမျှ တွန်းလှန်ထားနိုင်ရုံသာ။

ရန်ကျောက်ကဲက သူ၏လက်ဝါးရိုက်ချက်ကို ထိန်းချုပ်ပြီး အသာနှေးကွေးလိုက်သည့်အခါ ယန်ကျောက်ကျန်း ခန္ဓာကိုယ်တစ်ခုလုံးမှ အရိုးများ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားပြီး မရေမတွက်နိုင်သော သံမဏိများ ပြိုကျသည့်အလား ဆူညံသံများထွက်ပေါ်လာ၏။

ယန်ကျောက်ကျန်းခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ရာ အပြာရောင်မီးတောက်များ ထွက်ပေါ်လာပြီး သူ၏သွေးကြောဆုံချက်များအားလုံး တုန်လှုပ်လျှက် ရှိသည်။ သို့သော် တောက်ပလာသော အပြာရောင်မီးတောက်များက ချက်ချင်းပင် ငြိမ်းသတ်သွားသည်။

ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက် သူ့ခန္ဓာကိုယ်ထက်သို့ ဖြည်းညင်းစွာကျရောက်လာသည်နှင့် ယန်ကျောက်ကျန်းတစ်ကိုယ်လုံး တုန်ခါလာပြီး ဒူးထောက်ကျလုမတတ် ဖြစ်သွားသည်။

ရန်သူရှေ့ ဒူးမထောက်လိုသဖြင့် ကြုံးဝါးသံတစ်ချက်ပြုလုပ်လိုက်ပြီး ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအားနှင့် သွေးစွမ်းအားများကို လှည့်ပတ်ကာ တောင့်ခံထားလိုက်သည်။ သို့ပေသိ သူ၏ဦးခေါင်းထက်မှဖိအား ပိုမိုပြင်းထန်လာပြီး သူ့ခန္ဓာကိုယ်အရိုးစုတစ်ခုလုံး ကွေးညွှတ်သွားသည်။

ယန်ကျောက်ကျန်း ခန္ဓာကိုယ်ကို တည့်မတ်စွာထားရင်း တောင့်ခံထားလိုသော်လည်း ခံနိုင်ရည်မရှိတော့ပေ။ ထိုသို့သာ တင်းခံထားပါက သူ့အရိုးစုတစ်ခုလုံး မြူမှုံများပမာ ကြေမွသွားပေမည်။

ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ဖိအားအောက်တွင် ယန်ကျောက်ကျန်း၏ သွေးကြောများ ဖောင်းပွလာပြီး မျက်နှာသည်လည်းနီရဲလာသည်။

မြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲက ပြုံးလိုက်ပြီး ကျန်လက်တစ်ဖက်ကိုပါ ပင့်မြှောက်လိုက်သည်။

ယန်ကျောက်ကျန်း စိတ်ပျက်လက်ပျက်ဖြစ်နေချိန် ရန်ကျောက်ကဲက စက်ဝန်းသံသရာစည်းတံဆိပ်ကို လက်နှစ်ဖက်လွန်းဖြင့် တစ်ပြိုင်တည်းထုတ်ဖော်ပြီး ရိုက်ချလိုက်သည်။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ယန်ကျောက်ကျန်း၏ ခန္ဓာကိုယ်တစ်ခုလုံး ပွင့်ထွက်သွားသည်။ ကြွက်သားနှင့် အရိုးများ အဆက်မပြတ်အက်ကွဲသောအသံများ မရပ်မနား ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

ယန်ကျောက်ကျန်း ပါးစပ်ဟလိုက်သော်လည်း သွေးများသာအန်ထွက်လာပြီး မည်သည့်စကားမှ ပြောဆိုနိုင်ခြင်း မရှိတော့ပေ။

သူ့ခန္ဓာကိုယ်တစ်ခုလုံးမှသွေးများညှစ်ထုတ်ခံလိုက်ရသည့်အလား မွေးညင်းပေါက်များမှ သွေးများစိမ့်ထွက်လာလေရာ တစ်ကိုယ်လုံး သွေးများရွှဲရွှဲစိုလျှက် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတော့သည်။ သူ့ခန္ဓာကိုယ် အရိုးစုတစ်ခုလုံး အက်ကွဲသွားပြီး ကိုယ်တွင်းအင်္ဂါများက သွေးအိုင်အဖြစ် အရည်ပျော်ကျသွား၏။

မည်သည့်အရာကိုမှ ထိန်းချုပ်မရတော့ဘဲ ယန်ကျောက်ကျန်းကိုယ်တွင်းမှ အပြာရောင်မီးတောက်များ တောက်လောင်လာသည်။

အသင်္ချေနဂါးနန်းတော်ထဲတွင် ရန်ကျောက်ကဲက သူ၏လက်ဖဝါးကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး အပြာရောင်မီးတောက်များအလယ် တစ်စစီပြိုကွဲသွားသော ယန်ကျောက်ကျန်း၏ ခန္ဓာကိုယ်အား စိုက်ကြည့်နေသည်။

နန်းတော်တစ်နေရာမှာတော့ ရေခဲနဂါးသူတော်စင်၏ ရေခဲချပ်ဝတ်က ရွှေရောင်ငှက်မွှေးလှံရှည်နှင့် တိုက်ခိုက်နေဆဲပင်။

ရန်ကျောက်ကဲက ထိုပစ္စည်းများကို အရေးမစိုက်တော့ဘဲ သူတို့စိတ်ကြိုက်တိုက်ခိုက်ခွင့် ပြုလိုက်သည်။ ရွှေရောင်ငှက်မွှေးလှံရှည်က အသင်္ချေနဂါးနန်းတော်ထဲတွင် ရှိနေမည်ဖြစ်ပြီး မည်မျှ ဝိညာဉ်စွမ်းအားမြင့်မားပါစေ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်တံခါးကို တွန်းဖွင့်ပြီး ကောင်းကင်ထက်မှဆင်းသက်လာကာ လောင်ဖုန်းမြို့မှလူများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

မြို့တွင်းမှလူများအားလုံး နဂါးနန်းတော်ရှိရာသို့ တုန်လှုပ်စွာပင်လှမ်းကြည့်လိုက်ကြပြီး တိုက်ပွဲရလဒ်ကို သိချင်နေကြသည်။ ယန်ကျောက်ကျန်းက အစောပိုင်းတွင် ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း သိုင်းသူတော်စင်တစ်ယောက်ဖြစ်သဖြင့် ရန်ကျောက်ကဲ ရှုံးနိမ့်သွားလေမည်လားဟု တွေးနေမိကြ၏။

ယခု နဂါးနန်းတော်တံခါးကိုတွန်းဖွင့်ပြီး ပေါ့ပေါ့ပါးပါး ထွက်လာသော ရန်ကျောက်ကဲအား တွေ့ရသည့်အခါ တိုက်ပွဲရလဒ်ကို လူတိုင်း ရှင်းရှင်းလင်းလင်း နားလည်သွားကြသည်။

သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်သော ‘ရန်ကျောက်ကဲ’ က တာ့ရွှမ်တိုင်းပြည်မှ ‘မီးဂဠုန်’ ဟု ကျော်ကြားသော သိုင်းသူတော်စင် စစ်သူကြီး’ယန်ကျောက်ကျန်း’ ကို သတ်ဖြတ်ပစ်ခဲ့လေပြီ။

အသက်ငယ်ငယ်ဖြင့် သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်ဖြစ်နေသည်ကပင် တုန်လှုပ်ဖွယ်ရာ ကောင်းနေပြီဖြစ်ရာ ယခု သိုင်းသူ‌တော်စင်တစ်ယောက်ကိုပါ သတ်ဖြတ်ပစ်လိုက်ပြီဆိုတော့ ဤလူငယ်၏တန်ခိုးစွမ်းအားက မိုးမြေတစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိနေသည်။

ဖန်းယွင်ရှန်းနှင့် အားဟူတို့က အဆင်ပြေနေသော်လည်း အခြားသူများကတော့ မှင်တက်လျှက် ရှိကြသည်။ ယိုးမင်ဂိုဏ်းမှ ကျန်ချန်စုန့်က စကားတစ်လုံးပင်မဆိုနိုင်ဘဲ ကောင်းကင်ထက်မှရန်ကျောက်ကဲကို အံ့အားသင့်စွာ မော့ကြည့်နေလေ၏။

ကွမ်းမင်ဂိုဏ်းမှ သိုင်းသူ‌တော်စင်များကို သတ်ဖြတ်ပစ်ခဲ့ကြောင်း ရန်ကျောက်ကဲ ပြောပြစဉ်က ကျန်းချန်စုန့် ထိတ်လန့်တုန်လှုပ်ခဲ့သော်လည်း အကြောင်းအရာများကို အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

ထို့ပြင် အဆိုပါ သိုင်းသူတော်စင်များကို သတ်ဖြတ်သူမှာ ရန်ကျောက်ကဲတို့ဂိုဏ်းမှ အကြီးအကဲများဖြစ်မည်ဟု တွေးထင်ထားခဲ့သည်။

ရန်ကျောက်ကဲက အသက်ငယ်ငယ်ရွယ်ရွယ်နှင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်နေလေရာ အလွန်တရာထူးခြားသော ပါရမီရှင်ဖြစ်ကြောင်း လက်ခံသော်လည်း သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်ဖြစ်နေမည်ဟု ထင်မှတ်မထားခဲ့ပေ။

သို့ဖြစ်ရာ ရန်ကျောက်ကဲက သိုင်းသူတော်စင် တစ်ယောက်ဖြစ်သော ယန်ကျောက်ကျန်းကို သတ်ဖြတ်ပစ်နိုင်မည်ဟု ပို၍ပင် ထင်မထားမိပေ။

ဖြစ်စဉ်က ရှုတ်ထွေးလှခြင်းမရှိသော်လည်း ကျန်းချန်စုန့်မှာ မျက်လုံးအပြူးသားဖြင့်မှင်တက်လျှက် စကားပင် မဆိုနိုင်တော့ပေ။

ဤမျှငယ်ရွယ်သောအသက်ဖြင့် ဤမျှမြင့်မားသောကျင့်ကြံခြင်းအဆင့် ၊ တန်ခိုးစွမ်းအားများ....

ထိုသို့သောလူမျိုး ကျူတောပင်လယ်ဒေသတွင် နှစ်ယောက်မရှိနိုင်ပေ။

ယိုးမင်ဂိုဏ်း ၊ ကွမ်းမင်ဂိုဏ်းနှင့် တာ့ရွှမ်တိုင်းပြည်မှ ထိပ်တန်းအဆင့်တပည့်များသည်ပင် အသက် (၃၀) မပြည့်သေးဘဲ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် မဖြစ်နိုင်ကြပေ။

လက်ရှိအချိန်တွင် မည်သည့်အရာမှ မစဉ်းစားနိုင်သေးသော်လည်း သိုင်းဂိုဏ်းများစွာ၏ သမိုင်းကြောင်းကို ပြန်ပြောင်းစဉ်းစားကြည့်မည်ဆိုလျှင် ထိုကဲ့သို့ပါရမီရှင်မျိုးကို ကျန်းချန်စုန့် တစ်ခါမှမတွေ့ဖူးပေ။

ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်ကို သိမ်းဆည်းလိုက်ပြီး မြေပြင်ထက်သို့ဆင်းသက်လာကာ ကျန်းချန်စုန့်ကို ပြုံးပြလိုက်၏။

“ယန်ကျောက်ကျန်းကိုတော့ ငါ သတ်လိုက်ပြီ ၊ ဒါနဲ့ပတ်သက်လို့ မင်းတို့ ယိုးမင်ဂိုဏ်းအတွက် ပြဿနာမရှိဘူး မဟုတ်လား ၊ ဘာလို့လဲဆိုတော့ မင်းတို့ဂိုဏ်းက ဇာမဏီနယ်မြေမှာလှုပ်ရှားဖို့ ဘာအစီအစဉ်တွေရှိလဲ ငါ မသိဘူးလေ”

ထိုအခါမှ သတိဝင်လာသော ကျန်းချန်စုန့်က လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး...

“တာ့ရွှမ်က ခွေးတွေအကုန်လုံးက သေသင့်ပါတယ် ၊ ‘ရန်’ သခင်လေး သူ့ကိုသတ်လိုက်လို့ ငါတို့ဂိုဏ်းကလည်း ကန့်ကွက်မှာ မဟုတ်ပါဘူး”

ပြန်သတိဝင်လာပြီးနောက် ကျန်းချန်စုန့်က ရန်ကျောက်ကဲကို စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်သည်။

ယခု သူတို့ ယိုးမင်ဂိုဏ်းအနေဖြင့် ရန်ကျောက်ကဲနှင့် သူ့နောက်ကွယ်မှသိုင်းဂိုဏ်းကို အရေးတကြီးပူးပေါင်းရန်လိုအပ်ကြောင်း ကျန်းချန်စုန့် ခံစားလိုက်ရသည်။

‘ဝေ’ အိမ်တော်ကတော့ ဖရိုဖရဲ ဖြစ်လျှက်ရှိ၏။

ရန်ကျောက်ကဲ ၊ ကျန်းချန်စုန့်နှင့် အခြားသူများအပေါ် မကောင်းကြံခဲ့ကြသော ‘ဝေ’ အိမ်တော်မှလူများမှာ စိတ်မငြိမ်မသက်ဖြစ်နေကြသလို ရန်ကျောက်ကဲအနားသို့လည်း တိုးကပ်ဝံ့ခြင်း မရှိကြ‌ပေ။

အိမ်‌တော်သခင်’ဝေယွင်ချန်း’ မှာ တိတ်ဆိတ်ငြိမ်သက်နေပြီး သူ့မျက်ဝန်းများတွင်လည်း အရောင်တောက်ပမှု ကင်းမဲ့နေသည်။ အကျဉ်းချခံထားရာမှ ထွက်လာသော ဝေလန်ကတော့ ကြက်သေသေလျှက် အခြေအနေကို ငေးကြောင်ကြည့်နေသည်။

“’ရန်’ သခင်လေး... မင်း သိတဲ့အတိုင်း...”

ရန်ကျောက်ကဲက ကျန်းချန်စုန့်၏မျက်နှာအမူအရာကို သတိပြုမိပြီးနောက် ခပ်ပေါ့ပေါ့ပင် ပခုံးတစ်ချက်တွန့်ရင်း...

“ဒီကိစ္စလည်း မင်းတို့ဂိုဏ်းပဲ ဖြေရှင်းလိုက်လေ ၊ ငါက အရင်စပြီး တိုက်ခိုက်တာမှမဟုတ်တာ ၊ တစ်ချို့လူတွေက ကိုယ့်သေလမ်းကိုယ်ရှာကြတာ မဟုတ်လား”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက သူနေထိုင်ရာနေရာသို့ အေးအေးဆေးဆေးပင် ပြန်သွားသည်။

ဝေယွင်ချန်းနှင့် ဝေလန်ကိုကြည့်ပြီး ကျန်းချန်စုန့် သက်ပြင်းချလိုက်သည်။

ရန်ကျောက်ကဲကတော့ ယိုးမင်ဂိုဏ်းနှင့် ‘ဝေ’ အိမ်တော် မည်သို့မည်ပုံဖြေရှင်းမည်ကို စိတ်မဝင်စားပေ။

‘ဝေ’ အိမ်ထက်ဆာလျှင် ယန်ကျောက်ကျန်းက ပို၍ပင် အရေးကြီးသေးသည်။ သို့တိုင် ရန်ကျောက်ကဲက တစ်ချက်လေးမှ မသက်ညှာဘဲ ထိုသူကို သတ်ဖြတ်ပစ်ခဲ့သည်။

မကြာမီ ကျန်းချန်စုန့်ကို ခေါ်ယူရန်အတွက် ယိုးမင်ဂိုဏ်းမှလူများ ရောက်လာကြသည်။

ကျန်းချန်စုန့်က ရန်ကျောက်ကဲ၏အခြေအနေကို ချက်ချင်းရှင်းပြလိုက်သည့်အခါ ယိုးမင်ဂိုဏ်းမှတပည့်များမှာ မျက်လုံးများပြူးကျယ် ၊ ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်လျှက် ရှိကြ၏။

ထို့နောက်မှာတော့ သူတို့အုပ်စုက အဖြစ်အပျက်များကို အကြီးအကဲ’ဝမ်’ ထံ အကြောင်းကြားကြသည်။

အကြီးအကဲ’ဝမ်’ ဆိုသည်က  ဇာမဏီနယ်မြေတွင် ယိုးမင်ဂိုဏ်း၏ထိပ်တန်းအဆင့်အကြီးအကဲဖြစ်သည်။ သူက သိုင်းသူတော်စင် ဒုတိယအဆင့်ဖြစ်သော “ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့်” ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူ၏နာမည်က ‘ဝမ်ဝမ်းမင်’ ဖြစ်သည်။

ဝမ်ဝမ်းမင်က နဂိုကပင် ယန်ကျောက်ကျန်းကို အပြုတ်တိုက်ရန် ကြံစည်နေသူ ဖြစ်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ယန်ကျောက်ကျန်း ရုတ်တရက်ပျောက်ကွယ်သွားသဖြင့် ပဟေဠိဖြစ်ခဲ့ရသည်။

သို့ပေသိ ယခု သတင်းကြားသိရသည်မှာ ယန်ကျောက်ကျန်း ‘သေပြီ’ ဟူ၍ ဖြစ်၏။

သူ့ကိုပိုပြီးတုန်လှုပ်စေသည်မှာ ယန်ကျောက်ကျန်းကို သတ်ဖြတ်လိုက်သူက သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက် ဖြစ်နေခြင်းပင်။

ထိုသတင်းက ဝမ်ဝမ်းမင်ကို အတော်လေး ထိတ်လန့်စေသည်။

သူက ယန်ကျောက်ကျန်းနှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ဖူးပြီး ထိုသူတွင် အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘ရွှေရောင်ငှက်မွှေးလှံရှည်’  ပိုင်ဆိုင်ထားကြောင်း သိရှိထား၏။

ထို့ကြောင့် ယန်ကျောက်ကျန်းနှင့် ရွှေရောင်ငှက်မွှေးလှံရှည် တန်ခိုးစွမ်းအားပေါင်းစပ်လိုက်လျှင် သိုင်းသူတော်စင် ဒုတိယအဆင့်ရှိသော ဝမ်ဝမ်းမင်သည်ပင် သူ့ကို အနိုင်မယူနိုင်ခဲ့ပေ။

ယခုတော့ ယန်ကျောက်ကျန်းကို သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်က သတ်ဖြတ်လိုက်သည်တဲ့လား။

ဝမ်ဝမ်းမင် မည်သည့်နည်းနှင့်မှ မယုံကြည်နိုင်ဘဲ သံသယဝင်နေမိသည်။

ထို့နောက်မှာတော့ အဆိုပါသိုင်းဆရာသခင်တွင်လည်း အထွတ်ထိပ်မှော်ဝင်ပစ္စည်းတ်စခုရှိကြောင်းသိရသဖြင့် စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။

သူက ခေါင်းအနည်းငယ်ညိတ်ရင်း...

“အင်း... ဒါဆိုရင်တော့ မထူးဆန်းပါဘူး... နေဦး... အဲဒါလည်း မဟုတ်သေးဘူးဟ”

ထိုသိုင်းဆရာသခင်က အထွတ်ထိပ်မှော်ဝင်ပစ္စည်းပိုင်ဆိုင်ထားလျှင်တောင်မှ ထိုပစ္စည်းက ယန်ကျောက်ကျန်း၏ ရွှေရောင်ငှက်မွှေးလှံရှည်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

သို့ဆိုလျှင် ယန်ကျောက်ကျန်းက တကယ်ပဲ သိုင်းဆရာသခင်တစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်တဲ့လား။

အတွေ့အကြုံအလွန်များပြားသော ဝမ်ဝမ်းမင်သည်ပင် စိတ်ထဲ တုန်လှုပ်သွားသလို ခံစားလိုက်ရလေ၏။

All Chapters