← Chapters

ခွေးပု

Vol. 107 Ch. 1492

ခွေးပု

Vol. 107 Ch. 1492

အာကာပြင်ကျယ်ဂြိုလ်၏ တတိယမြေထုသည် တခြားမြေထုများနှင့် မတူပေ။ ၎င်းတွင် ဆောင်းရာသီဟူ၍ မရှိ၊ ထိုနေရာတွင် တစ်နှစ်ပတ်လုံး နွေရာသီသာ မင်းမူနေသည်။ သို့ပင်ငြား ဤတစ်နှစ်တွင် နှင်းကျလေသည်။

ထိုနှင်းသည် မြေထုတစ်ခုလုံးအပေါ် ကျခြင်းမဟုတ်၊ သဲကန္တာရတစ်ခုတည်းအပေါ်သို့သာ ကွက်ကျ၏။ တဖွဲဖွဲကျနေသော နှင်းများနှင့်အတူ ကလေးငယ်တစ်ယောက် လူ့လောကထဲ ရောက်ရှိလာခဲ့လေသည်။

ဤသည်မှာ မန်ဟို့ကိုယ်ပွား၏ သတ္တမဘ၀ဖြစ်ပြီး သူသည် ကုလားအုတ်တစ်ကောင်၊ ခွေးပုတစ်ကောင်ထက်ပို၍ မည်သည့်အရာကိုမှ မပိုင်ဆိုင်သော နွမ်းပါးပါး မိသားစုတစ်စုတွင် မွေးဖွားလာ၏။ သူ့အဖေက ကန္တာရလမ်းပြတစ်ဦးဖြစ်လေသည်။

ကလေးလေးမွေးသောနေ့တွင် အအေးဒဏ်ကြောင့် ခွေးသေဆုံးသွားသည့်အတွက် ဖခင်ဖြစ်သူက သူ့သားကို ခွေးပုဟု နာမည်ပေး၏။ ‌

ခွေးပုသည် မွေးကတည်းက ကံမကောင်း။ အသက်သုံးနှစ်ရောက်သောအခါ ဖခင်ဖြစ်သူသည် ကန္တာရခရီးသည်တစ်ဦးကို လမ်းပြနေစဉ် မြွေပွေးတစ်ကောင် ကိုက်ခံခဲ့ရ၏။ အိမ်တော့ ပြန်လာနိုင်ခဲ့သော်လည်း ရှေးမနှောင်းမှာပင် သေဆုံးသွားခဲ့သည်။

သူ့အမေက ယောက်ျားဖြစ်သူ၏သေဆုံးမှုကို ဂရုစိုက်ပုံမရ။ သူ့ကို မြုပ်ပြီးနောက် သူမသည် ခွေးပုကို နောက်ငါးနှစ်တိုင် ပြုစုစောင့်ရှောက်ခဲ့၏။ သူ အသက်ရှစ်နှစ်ပြည့်သောအခါ သူမက ခရီးသွားကုန်သည်တစ်ဦးနှင့် လိုက်ပြေးသွားလေသည်။

တံခါးအပြင်သို့ မထွက်ခင် သူမက ခွေးပုအား သူ့အဖေသည် တစ်ချိန်တုန်းက ဓားပြတစ်ဦး ဖြစ်ခဲ့ကြောင်း ပြောပြ၏။ လမ်းပြအယောင်ဆောင်ရင်း သူက သူမမိသားစုကို သဲကန္တာရထဲ မျှားခေါ်လာခဲ့ပြီး သူမမှလွဲ၍ အကုန်လုံးကို သတ်ခဲ့သည်။ ထို့နောက် သူမအား သူ့ကို လက်ထပ်ခိုင်းဖို့ အတင်းအဓမ္မကျင့်ခဲ့လေသည်။

ထို့နောက်တွင် သူမသည် ဘ၀တစ်လျှောက်လုံး သူ သေပါစေဟုသာ အမြဲဆုတောင်းနေခဲ့၏။

ခွေးပုမှာ သူ့အမေ အဝေးထွက်သွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ ထို့နောက်မှစ၍ သူတစ်ယောက်တည်း နေရသည်။ တစ်ရက်တွင် အဘိုးအိုတစ်ဦးက စားစရာရှိသည့်နေရာသို့ သူ့ကို ခေါ်သွားပေးမည်ဟု လာပြော၏။ ခွေးပုလည်း နှစ်ခါစဉ်းစားမနေ။ အဘိုးအိုနှင့်အတူ ချက်ချင်း လိုက်သွား၏။

ကန္တာရမှ ထွက်သွားရမည်ဟု ခွေးပုထင်ထားခဲ့သော်လည်း အဘိုးအိုက သူ့ကို ဤ‌ကန္တာရအတွင်းရှိ နောက်တစ်နေရာသို့ ခေါ်သွားခဲ့ခြင်းသာ ဖြစ်သည်။ ထိုနေရာတွင် သူ ငရဲကျလေသည်။

သူသည် ရွယ်တူကလေးအုပ်စုတစ်စုထဲမှ တစ်ယောက်ဖြစ်ပြီး အကုန်လုံး နေ့စဉ်ရက်ဆက် ငရဲလို လေ့ကျင့်ရ၏။ သူတို့မှာ လူသတ်သမားများအဖြစ် ပုံသွင်းခံနေရခြင်းဖြစ်သည်။

ထို့နောက်ပိုင်းနှစ်များတွင် လူပေါင်းများစွာ သေဆုံးသည်ကို ခွေးပု မြင်တွေ့ရ၏။ တချို့က အခြားသူများ၏ အသတ်ခံရခြင်းဖြစ်သည်။ တချို့ကိုတော့ သူကိုယ်တိုင် သတ်ခဲ့သည်။ တချို့ကမူ လေ့ကျင့်ရေးအတွင်း သေဆုံးသွားခဲ့ကြ၏။

အသက်ရှင်ချင်ရင် ရက်စက်ရမယ်။ အသက်ရှင်ချင်ရင် သတ်ရမယ် 

ခွေးပုသည် အသတ်ရှင်လိုသည့်အတွက် ရက်စက်လာပြီး လူသတ်၏။ မည်သူ့ကိုမှ သူ မယုံသည့်အတွက် မိတ်ဆွေအပေါင်းအသင်းလည်း မရှိ။ သူ့ကို အဖော်ပြုနေသည့် တစ်ခုတည်းသောအရာမှာ ရက်စက်ကြမ်းကြုတ်မှုသာ ဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း ကလေးအသစ်တစ်အုပ် အခေါ်ခံလာရသည်ကို တွေ့ရလိမ့်မည်။ နှစ်စဉ်နှစ်တိုင်း အလောင်းပေါင်းများစွာ မြုပ်နှံရလိမ့်မည်။

ခွေးပုအတွက် မထူးဆန်းတော့ပေ။ တစ်ချိန်ရောက်သော် ကျန်ကလေးများက သူ့ကို‌ ကြောက်လာကြပြီး လူကြီးများပင်လျှင် သူ့ကို လန့်လာကြ၏။

“ငါက ရုပ်ဆိုးလို့လည်း နေမှာပေါ့” တစ်ရက်တွင် သူသည် သူ့မျက်နှာကို လက်ချောင်းများဖြင့် ပွတ်သပ်ရင်း တွေး၏။ ခွေးပုမှာ ဆယ့်ခြောက်နှစ်သာ ရှိသေးသော်လည်း သူ့မျက်နှာတွင် အမာရွတ်များက ဟိုဟိုသည်သည် ကြက်ခြေခတ်လျက် ရွတ်တွနေရာ သူ့ပုံစံအား အလွန်ရက်စက်ခက်ထန်နေစေသည်။ ဤနေရာသို့ရောက်သည့် နှစ်နှစ်မြောက်တွင် အဘိုးအိုတစ်ဦးက သူ့အား ရွံစရာအလုပ်တစ်လုပ်, လုပ်ဖို့ အတင်းအဓမ္မခိုင်းစေခဲ့ပြီး သူ ငြင်းဆန်သောအခါ သူ့မျက်နှာကို ဓားဖြင့် မွှမ်းခဲ့သည်။

နောက်နှစ်နှစ်ကြာသည့်အခါ ခွေးပုက ထိုလူ၏ခေါင်းကို ဖြတ်ပစ်ခဲ့သည်။

ခွေးပုသည် နား, ရှိသင့်သည့်နေရာအား ပွတ်သပ်လိုက်၏။ တစ်ယောက်တည်းသာ အသက်ရှင်နိုင်မည့်လေ့ကျင့်ရေးအတွင်း သူ့ညာဘက်နားတစ်ဖက် ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ သူ့ရန်သူက သူ့နားကို ဖြတ်ခဲ့သော်လည်း သူက ရန်သူ၏လည်မြိုကို ပိုင်းဖြတ်ခဲ့၏။

ခွေးပုက မှန်ထဲရှိ သူ့လည်မျိုကို အေးစက်စွာ ကြည့်နေ၏။ ၎င်းတွင်လည်း ကြောက်စရာအမာရွတ်ကြီးတစ်ခု ရှိနေ၏။

တကယ်တော့ သူ့တစ်ကိုယ်လုံး အမာရွတ်များ ဖုံးနေချေပြီ။ သို့သော် သူ ဂရုမစိုက်။

အသက် ၁၇ နှစ်ပြည့်သောအခါ သူ့ကို ဤနေရာသို့ ခေါ်လာခဲ့သည့် အဘိုးကြီးက ကောင်လေးနှစ်ယောက်၊ ကောင်မလေးတစ်ယောက်နှင့်အတူ သူ့ကို ခေါ်သွားသည်။ ကျန်သုံးယောက်လုံးသည် ‌ခွေးပုကဲ့သို့ လေ့ကျင့်ရေးတစ်လျှောက်လုံး မရေမတွက်နိုင်သောရန်သူများကို သတ်ဖြတ်ခဲ့သူများဖြစ်၏။

လေးယောက်သား သူတို့နှင့်ရွယ်တူ လူငယ်များရှိသည့် နောက်လေ့ကျင့်ရေးစခန်းသို့ ခေါ်ဆောင်သွားခံရသည်။ ဤသို့ဖြင့် ခွေးပု အသက် ၂၀ ပြည့်သည့်အခါ စမ်းသပ်မှုတစ်ခုကို ကျော်ဖြတ်ရ၏။ သူသည် ရန်သူ ၁၀၀ ကို ခေါင်းဖြတ်ခဲ့ရာ လူတိုင်းလူတိုင်း သူ့အား ကြောက်လန့်သွားကြတော့သည်။ သူ့ကို ခေါ်လာခဲ့သည့် အဘိုးကြီးပင်လျှင် ကြောက်နေ၏။

ခွေးပုက ဂရုမစိုက်။ တိတ်ဆိတ်စွာသာ ရပ်နေသည်။

နောက်လများကား သူ ကျော်ဖြတ်ခဲ့ရသမျှထဲ အပျော်ရွှင်ရဆုံးလများ ဖြစ်သည်။ အရေးအဖတ်သင်ယူရန် အပို့ခံရသလို၊ သမားတော်တစ်ယောက်နှင့်လည်း ကုသခံရသည်။ ထိုသမားတော်က ထူးထူးဆန်းဆန်းဆေးပင်များကို သုံးလျက် သူ့ခန္ဓာကိုယ်ပေါ်ရှိ အမာရွတ်များကို ဖယ်ရှားပေးခဲ့လေသည်။

နားကိုတော့ အစားထိုးမရသော်လည်း အံ့ဖွယ်ဆေးများက ခွေးပုအား ခပ်ချောချာလူငယ်လေးတစ်ယောက်နှင့် တူလာသည့်တိုင်အောင် ပြောင်းလဲပေးခဲ့သည်။

ထိုအချိန်မှစ၍ ခွေးပုသည် လုပ်ကြံဖို့ တတိယမြေထုတစ်လျှောက် နီးနီးဝေးဝေး အလွှတ်ခံရ၏။ အဘိုးကြီး၏ညွှန်ကြားမှုအတိုင်း သူက ယောက်ျားမိန်းမ၊ ကလေးလူကြီးများအပါအဝင် ပစ်မှတ်ပေါင်းများစွာကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။

မည်သည့်လူစားမျိုးဖြစ်ဖြစ် အကုန်သတ်သလို၊ သူတို့နှင့်ပတ်သက်၍ အထက်ကို မေးခွန်းမေးခြင်းလည်း မရှိ။ ခွေးပု၏လုပ်ကြံသတ်ဖြတ်မှုများက သွက်လက်သည်၊ သေသပ်သည်။ သို့သော် သူ့တွင် အကျင့်တစ်ခုတော့ ရှိသည်။ ပစ်မှတ်တွင် ညာဘက်နားရှိနေလျှင် သူ သဘောမကျပေ။ ထို့ကြောင့် တာဝန်ပြီးမြောက်တိုင်း သူက ပစ်မှတ်၏ညာဘက်နားကို ဖြတ်တတ်သည်။

အချိန်တွေ ကုန်လွန်သွားသည်။ ဆယ်နှစ်ကြာသော် ခွေးပုမှာ လူမည်မျှသတ်ခဲ့ပြီးမှန်း မသိတော့ပေ။ သို့သော် သတင်းများစပြန့်လာပြီး ‘ခွေးပု’ဆိုသည့် နာမည်အပြင် သူ့တွင် နာမည်အသစ်ရလာသည်။

‘နားဖြတ်သမား’

၎င်းက ကြားလိုက်ရုံနှင့် နားကျိန်းသွားစေမည့် နာမည်ပင်။

သူ့ဘဝကြီး ဤတိုင်းမျောနေလိမ့်မည်ဟု ခွေးပု အမြဲထင်ခဲ့သည်။ သို့သော် နှစ်နှစ်ကြာသော် တာဝန်နောက်တစ်ခု ဆောင်ရွက်ပြီးမြောက်၍ မြို့ထဲ၌ လမ်းလျှောက်နေစဉ် သူတောင်းစားအဘွားကြီးတစ်ဦးကို သူ မြင်လိုက်သည်။ သူမမှာ မျက်လုံးနှစ်လုံးစလုံး ဖောက်ထုတ်ခံထားရပြီး လျှာလည်း အဖြတ်ခံထားရသည်သာမက ခြေနှစ်ချောင်းလုံးလည်း ရိုက်ချိုးခံထားရသည်။

သူမ အရှေ့၌ ရပ်လိုက်သည့်အခါ အောက်သိုးသိုးအနံ့ကို ခွေးပု ရလိုက်၍ ငုံ့ကြည့်လိုက်ရာတွင် ...သူမခြေနှစ်ချောင်းလုံး ပုပ်နေသည်သာမက အရိုးများ ဘယ်တော့မှ ပြန်မဆက်နိုင်တော့သည့်တိုင်အောင် အရိုက်ချိုးခံထားသည်ကို တွေ့လိုက်သည်။

နှစ်ပေါင်းများစွာတစ်လျှောက်လုံး ခွေးပု၏မျက်နှာထက်တွင် မည်သည့်ခံစားချက်မှ ပေါ်မလာခဲ့ဖူးပေ။ သို့သော် ယခုတော့ သူ့အမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။ သူသည် အဘွားအိုကို ငေးကြည့်နေရင်း တုန်ရီလာ၏။

ဤနေ့သည် သူ့အတွက် တာဝန်ပြီးပြီးချင်း ဌာနချုပ်သို့ မပြန်သည့် ပထမဆုံးနေ့လည်း ဖြစ်သလို၊ ပစ်မှတ်မဟုတ်သူများကို ပထမဆုံးသတ်သည့် နေ့လည်း ဖြစ်သည်။

ထို့မြို့ထဲရှိ လူပေါင်းများစွာကို သူ သတ်ပစ်ခဲ့သည်။ သူတောင်းစားအဘွားအိုကို ခြိမ်းခြောက်ခဲ့သူများသော်လည်းကောင်း၊ ရန်ပြုခဲ့သူများသော်လည်းကောင်း ခွေးပု၏ဓားချက်အောက်ဝယ် ခေါင်းပြတ်ကုန်ကြသလို၊ နားရွက်များလည်း လှီးခံခဲ့ကြရသည်။

တစ်ချိန်တုန်းက ခရီးသွားကုန်သည်မိသားစုတစ်စု ဖြစ်ခဲ့သော လူကုံံထံအိမ်တစ်အိမ် ထိုမြို့တွင် ရှိသည်။‌ ခွေးပုသည်  ထိုတစ်မိသားစုလုံးကို သတ်ပြီးနောက် အဘွားအိုကို သူနှင့်အတူ ခေါ်သွား၏။

ထိုအခင်းဖြစ်ရပ်က တစ်နိုင်ငံလုံးကို အုတ်အုတ်ကျက်ကျက် ဖြစ်စေခဲ့သည်။ စုံစမ်းစစ်ဆေးရေးအရာရှိများက တစ်မြို့လုံးကို ပိုက်စေ့တိုက် စစ်ဆေးပြီး ကြေးစားလူသတ်သမားအစည်းအရုံးကလည်း ခွေးပုအား နှုတ်ပိတ်ဖို့ လူများလွှတ်လိုက်သည်။

နောက်နှစ်များမှာ ပြေးရင်းလွှားရင်းသာ ကုန်ဆုံးသွားသည်။ သူသည် လူပေါင်းများစွာကို သတ်ခဲ့သလို၊ သေအံ့ဆဲဆဲလည်း အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ဖြစ်ခဲ့၏။

နောက်ဆုံးတော့ အဘွားအို ဆုံးသွားသည်။ အသတ်ခံခဲ့ရခြင်းမဟုတ်၊ ဒဏ်ရာများမှ ဝေဒနာကို အံ့မတုနိုင်တော့၍သာ ဖြစ်သည်။

ခွေးပုနှင့်အတူ ရှိခဲ့သည့်အချိန်မှစ၍ သေဆုံးသည်အထိ အဘွားအိုမှာ သူမကို ပြုစုစောင့်ရှောက်ပေးနေသော လူက မည်သူမည်ဝါမှန်း မသိခဲ့ပေ။ သူမသေသွားသည့်အခါ ခွေးပုသည် သူမ၏မြေပုံပေါ်တွင် စကားတစ်လုံးစနှစ်လုံးစ ရေး၏။

ငါ့အမေ

_ခွေးပု

အမေဖြစ်သူ၏ မြေပုံရှေ့တွင် ခွေးပု အကြာကြီး တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ သူ ထိုသို့ထိုင်နေစဉ် လူများ တစတစနီးကပ်လာ၏။ သူတို့က အဖွဲ့အစည်းမှ ကြေးစားလူသတ်သမားများ ဖြစ်ကြလေသည်။

တစ်ယောက်မှ စကားမပြောပေ။ အတန်ကြာသော် သူတို့၏သတ်ဖြတ်လိုစိတ်များ ဝုန်းခနဲ ပေါက်ကွဲထွက်လာပြီး ခွေးပုအပေါ် စဆုံလာကြသည်။ ခွေးပုက ခေါင်းမော့ပြီး ခွေးရူးတစ်ကောင်လို စတင်တိုက်ခိုက်တော့သည်။

ရန်သူတစ်ယောက်ပြီး တစ်ယောက် သေကုန်သည်။ နောက်ဆုံးတော့ သူတစ်ယောက်သာ ရပ်ကျန်ခဲ့၏။ သူ့အတွက် ဤပြိုင်ဘက်များက အားနည်းလွန်းလေသည်။ ခွေးပုသည် ခေါင်းခါရင်း သူတို့၏နားများကို ဖြတ်ပြီးနောက် ထွက်သွား၏။ မည်သူမှ သူ့ကို လာမရှာလောက်မည့် နေရာတစ်နေရာသို့ သူ ခရီးနှင်သည်။ ထိုနေရာကား ... သဲကန္တာရပင်။

လူသတ်ရသည်ကို သူ စိတ်ကုန်နေပြီဖြစ်၍ တစ်ယောက်တည်း အေးအေးချမ်းချမ်း နေချင်သည်။ နောက်ဆုံးတော့ သူ့အဖေ၏ခြေရာကို နင်း၍ ကန္တာရလမ်းပြ စလုပ်သည်။

ဆယ်စုနှစ်တစ်စု ကုန်သွားခဲ့ပြီ။ တစ်ရက်တွင် ခွေးပု နိုးလာသည့်အခါ အိမ်ကို အဝိုင်းခံထားရကြောင်း တွေ့လိုက်ရသည်။ တံခါးမှ လမ်းလျှောက်ထွက်လိုက်လျှင် ... ထိုနှစ်တုန်းက အဘိုးကြီး ဦးဆောင်သော လူသတ်သမားအုပ်စုတစ်စုအား မျက်နှာချင်းဆိုင်လိုက်ရသည်။ ထိုအဘိုးကြီးက ဇရာကြောင့် ခြေထောက်များတုန်ရီနေလျက် ခွေးပုကို ရပ်ကြည့်နေသည်။

အတန်ကြာသော် အဘိုးအိုသည် တိုးညင်းစွာ ပြောလိုက်၏။ “သတ်ပစ်လိုက်တော့”

ရင်သပ်ရှုမောဖွယ် သတ်ပွဲတစ်ပွဲ စတင်သည်။ အလောင်းများ အတုံးအရုံး လဲကျပြီး ခွေးပုကိုယ်ပေါ်တွင်လည်း ဒဏ်ရာများပွင့်ထွက်နေသည်။ သို့သော် သူက ဂရုမစိုက်။ ရန်သူအားလုံးကို သတ်ပြီးနောက် ခွေးပုသည် သက်ပြင်းချ၍ အဘိုးအိုထံ လျှောက်သွား၏။ အဘိုးအိုက ကလေးအရွယ်တုန်းက အဖွဲ့အစည်းထံသို့ သူကိုယ်တိုင် ခေါ်လာခဲ့သော လူကို ခါးသီးစွာ ကြည့်ရင်း သူ တစ်ခုခုပြောမည်ကို စောင့်နေသယောင် ထင်ရသည်။

သို့သော် ဓားအလင်းတစ်ချက်သာ လက်သွားလေသည်။

ခွေးပုသည် အလောင်းများကို မျက်မှောင်ကြုတ်လျက် ကြည့်ပြီးနောက် သဲကန္တာရထဲရှိ ပထမလေ့ကျင့်ရေးစခန်းဆီ ထွက်သွား၏။ ထို့နောက် ဒုတိယစခန်း။ နောက်ဆုံး ဌာနချုပ်။

လူမည်မျှသတ်ခဲ့ပြီးပြီလဲ သူ မသိပေ။ ဟိုးအရင်နေ့ရက်များတုန်းကအတိုင်း အသတ်ခံမလား၊ သွားသတ်မလား နှစ်နည်းသာ ရှိသည်။

ဌာနချုပ်ရှိ လူတိုင်းကို သတ်ပြီးနောက်တော့ ခွေးပု အလွန်ပင်ပန်းလာသည်။ သူသည် သဲကန္တာရသို့ ပြန်ကာ လမ်းပြပြန်လုပ်၏။ နောက်တစ်နှစ်ကြာသွားသည်။ ထို့နောက် တစ်နှစ်ပြီးတစ်နှစ်။ နောက်ဆုံးတော့ မည်မျှကြာပြီ သူ မသိတော့။ တစ်ရက်တွင် သူ အိုမင်းလာပြီး အလွန်အားနည်းနေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ခွေးပုသည် ညာဘက်နား ရှိသင့်သည့်နေရာကို ပွတ်ရင်း သဲကန္တာရအား ငိုင်တွေစွာ ကြည့်နေ၏။ မိုးကောင်းကင်ထက်မှ နှင်းပွင့်များ လှပစွာ ကျဆင်းလာပြီး တစ်ချိန်တည်းမှာပင် အဝေးမှ အလင်းတန်းတစ်တန်း ပေါ်လာသည်။ ထိုအလင်းတန်းထဲတွင် အမျိုးသမီးတစ်ယောက် ရှိ၏။

နှင်းများကျနေစဉ် ခွေးပု၏မျက်လုံးများ ဖြည်းညင်းစွာ ပိတ်သွားသည်။

ဤသို့ဖြင့် သတ္တမဘဝနိဂုံးချုပ်သွားလေပြီ။ ဘဝပြန်ဝင်စားဖို့ သူ့ဝိညာဉ် ထပ်မံပျံထွက်လာစဉ် အမျိုးသမီးသည် သူ့အလောင်းထံ လျင်မြန်စွာ ပျံသန်းလာ၏။

သူမကား လှပချောမောပြီး ခွေးပု၏အလောင်းဆီ လှမ်းလိုက်သောအခါ ဘဝပြန်ဝင်စားခြင်းစွမ်းအားကို ခံစားလိုက်ရသည်။ မျက်ရည်များက သူမပါးပြင်တစ်လျှောက် လိမ့်ဆင်းကျလာတော့သည်။

“ဆရာရယ်...” ယန်အာမှာ ဤနေရာသို့ ရောက်မလာခင် ရင်းနှီးသောအငွေ့အသက်များကို နှစ်ပေါင်းများစွာ ရှာဖွေနေခဲ့ရလေသည်။ သို့သော် ယခုတော့ နောက်ကျသွားပြန်၏။

သူမဆရာ ဘဝပြန်ဝင်စားခြင်းသံသရာထဲ ရောက်သွားပြီဖြစ်ကြောင်း သူမ သိသည်။

အတန်ကြာတိတ်ဆိတ်နေပြီးနောက် ယန်အာသည် ခွေးပု၏အလောင်းကို မြှုပ်၏။ ထို့နောက် ခိုင်မာပြတ်သားသောမျက်ဝန်းများဖြင့် ဘဝပြန်ဝင်စားခြင်းအရှိန်အဝါနောက် စလိုက်သည်။

သူမဆရာကို ရှာဖွေတော့မည်ဖြစ်ကြောင်း ... သူမ ယုံကြည်သည်။

ထိုနှစ်တွင် မန်ဟို့ကိုယ်ပွားသည် သတ္တမချုပ်စည်းအား ပြီးမြောက်သွား၏။ ထို့နောက် သူ၏အဋ္ဌမဘဝက ဒုတိယမြေထုအပေါ်တွင် စတင်သည်။ ဘဝတစ်ခါ ပြန်ဝင်စားတိုင်း အင်မော်တယ်အမြစ်၏ အကိုင်းများသည် ယခင်ပို၍ပင် တောက်ပလာလိမ့်မည်။ သို့သော် သူ၏မှတ်ဉာဏ်များမှာလည်း ပိုမိုနက်ရှိုင်းစွာ မြှုပ်နှံခံထားရလေသည်။ ကိုယ်ပွားအတွက် အကြိမ်တိုင်း ဘဝအသစ်ကို ရရှိနေခြင်းဖြစ်သည်။

All Chapters