← Chapters

သား ကြီးပြင်းလာတဲ့အထိပဲ စောင့်....

Vol. 107 Ch. 1493

သား ကြီးပြင်းလာတဲ့အထိပဲ စောင့်....

Vol. 107 Ch. 1493

မန်ဟို့ကိုယ်ပွားသည် ရှစ်ဘ၀မြောက်ကို ဒုတိယမြေထုအပေါ်တွင် စတင်၏။

ကြည့်ရသရွေ့ သူကား နှင်းများနှင့် ထူးခြားသော ဆက်သွယ်မှု ရှိနေသယောင်ပင်။ သူ၏ဘ၀ ပြန်လည်စတင်တိုင်း နှင်းကျပြီး ဤဘ၀ကလည်း ခြွင်းချက်မဟုတ်ပေ။

ဒုတိယမြေထု၏ဆောင်းတွင်း

နောက်ဆုံးနှင်းကျချိန်တွင် ကလေးတစ်ယောက်သည် တောင်ပေါ်စခန်းတစ်ခု၌ မွေးဖွားလာခဲ့၏။ မွေးမွေးချင်း သူ၏ငိုသံက ကျယ်လောင်၍ ပြတ်သားလေသည်။

သူ့အဖေသည် တောင်ပေါ်ဓားပြတစ်ဦးဖြစ်ပြီး စခန်း၏ဒုတိယအကြီးအကဲဖြစ်၏။ ဓားပြများ၏ခေါင်းဆောင်ကတော့ .... သူ့အမေပင်။

ခုနစ်နှစ်အရွယ်ရောက်သည့်အခါ လီဟို သူ့မိဘများအား ပထမဦးဆုံးအကြိမ် အော်ပြောသည့် စကားကတော့ “သားလည်း ဓားပြဖြစ်ချင်တယ်” ဟူ၍ဖြစ်သည်။

ထိုစကား‌ကြောင့် သူ့အမေက သူ့ကို သုံးရက်တိုင်တိုင် ဆော်ပလော်တီးလေသည်။

သူ့တွင် ထူးချွန်သော ဓားပြတစ်ဦးလည်း ဖြစ်၊ စခန်းတွင်လည်း ထင်ရှားကျော်ကြားသော အစ်ကိုကြီးတစ်ဦး ရှိသည်။ နောက်ဆုံးတော့ သူ့အစ်ကိုက သူ့မိဘနှစ်ပါး၏ အသိအမှတ်ပြုမှုကို ရရှိကာ စခန်း၏သခင်လေးဟု နာမည်ရလာခဲ့သည်။

လီဟို အရွယ်ရောက်လာသည့်အခါ သူ့မိဘနှစ်ပါးသည် သူ့ကို အဖော်ပြုပေးဖို့ အစေခံမိန်းကလေးများအား အဆက်မပြတ် လွှတ်၏။ တဖြည်းဖြည်း လီဟိုမှာ သူဘ၀၏တာ၀န်ကို နားလည်လာတော့သည်။ သူ့အနေဖြင့် သူ့မိဘများအတွက် မြေးများ မွေးပေးရလိမ့်မည်။ လီမျိုးဆက် မိုးနှင့်မြေအောက်တွင် ထာ၀ရတည်ရှိနေအောင် လုပ်ပေးရလိမ့်မည်။

၎င်းက ခမ်းနားကြီးကျယ်သော တာ၀န်တစ်ရပ်ဖြစ်သော်လည်း ဖိအားလည်း များ၏။ သို့သော် ယင်းက သူ့မိဘနှစ်ပါး သူ့ကို ပျိုးထောင်ပေးသည့် ပုံစံပင်။ သူ၏တာ၀န်တစ်ခု ပြီးမြောက်တိုင်း သူ့အစ်ကိုကြီး မည်မျှမနာလိုဖြစ်နေကြောင်း လီဟို ပြောနိုင်သည်။

သူ့တာ၀န်နှင့် သူ့အစ်ကိုကြီး သူ့ကို ကြည့်သည့်အကြည့်များက လီဟို့အား အတော်လေး ကျေနပ်အားရစေသည်။ နောက်ဆုံးတော့ သူ၏ဘ၀ပန်းတိုင်သည် အသက်ခုနစ်နှစ်တုန်းက ပြောခဲ့သည့်စကားနှင့် မတူတော့ပေ။

“ကျွန်တော် ဓားပြမဖြစ်ချင်တော့ဘူး။ အင်ပါယာတစ်ခုလုံး ပြည့်သွားအောင် လီမျိုးဆက်တွေ ပြန့်ပွားစေရမယ်။ နှစ်တစ်ရာအတွင်း လီမျိုးဆက်က အင်ပါယာထဲမှာ အကြီးဆုံးမျိုးနွယ်စု ဖြစ်စေရမယ်

“နှစ်တစ်ရာအတွင်း အင်ပါယာထဲက လူတိုင်း အမျိုးတွေလို ခံစားနေစေရမယ်”

သူ၏ကြုံးဝါးမှုက သူ၏မိဘနှစ်ပါးကို ကြက်သေသေသွားစေပြီး သူ့အစ်ကိုကြီးကို တုန်လှုပ်သွားစေသည်။ အမှန်တွင် စခန်းတစ်ခုလုံးရှိ လူတိုင်း လုံးလုံးလျားလျား အံ့အားသင့်သွားကြ၏။

လီဟိုသည် သူတို့၏မျက်နှာအမူအရာများကြောင့် အတော်လေး ကျေနပ်သွားပြီး သူ၏တာ၀န်က အတိုင်းထက်အလွန် အရေးပါသည်ဟု မြင်လာတော့သည်။ ထိုနေ့မှစ၍ သူက ကိုယ်စိတ်နှလုံးသုံးပါးလုံး မြုပ်နှံကာ ကြိုးစားအားထုတ်သည်။ သူက သုတေသနများပင် ပြုလုပ်ပြီး သရုပ်ဖော်စာအုပ်များကိုလည်း ဖတ်ကာ နည်းစနည်းများ သင်ယူလေသည်။

လီဟိုသည် သက်လုံလည်းကောင်း၊ အစေခံမိန်းကလေးများလည်း အားထုတ်ပေးသဖြင့် ကျွမ်းလာ၏။ အသက်နှစ်ဆယ်ရောက်သည့်အခါ သူ့တွင် ကလေး ၅၉ ယောက် ရှိနေလေပြီ။

ထိုအချိန်တွင် သူသည် တောင်ထိပ်၌ ရပ်၍ ဂုဏ်ယူနေသောမျက်ရည်များ စီးကျလျက် မိုးကောင်းကင်အား မော့ကြည့်နေသည်။

သူ့မှာ တောင်ပေါ်စခန်းထဲတွင် အချုပ်ခံထားရသော သိမ်းငှက်တစ်ကောင်လို ခံစားရ၏။ ထို့ကြောင့် သူ ကြွေးကြော်ခဲ့သောစကားကို အကောင်အထည်ဖော်ရန်အလို့ငှာ စခန်းမှထွက်၍ အပြင်လောကကြီးသို့ ခြေဆန့်ရန် ဆုံးဖြတ်လိုက်လေသည်။

သူ့မိဘများက ရူးရူးနှမ်းနှမ်းအကြံဟု ထင်ပြီး သူ့အစ်ကိုမှာတော့ သူ့အား ကြောက်လန့်စွာ ကြည့်နေသည်။ သို့သော် သူက ဂရုမစိုက်။ သူ့စိတ်ထဲတွင် သူ့မိသားစုက သူ့ဘဝ၏တာ၀န်ကို နားမလည်ဟုသာ မြင်သည်။

“ခင်ဗျားတို့တွေ နားမလည်ပါဘူးဗျာ။ လူတစ်ယောက်တည်းက  ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ်။ ဟုတ်တာပေါ့ ယောက်ျားလည်းဖြစ်ဦးမှကိုး။ ကြံ့ခိုင်သန်စွမ်းတဲ့ ယောက်ျားတစ်ယောက် ဖြစ်ရမှာလေ။ ပြီးတော့ အဲ့ဒီယောက်ျားက ကျုပ် လီဟိုအပြင် တခြားမဟုတ်ဘူး”

ထိုညတွင် စခန်းမှ သူ ထွက်လာသည်။ မြင့်မားသောရည်မှန်းချက်များဖြင့် သူသည် တောင်အောက်ဆင်းကာ ကမ္ဘာလောကထဲသို့ ခြေဆန့်၏။ ကျယ်ပြန့်ကြီးမားသော ကမ္ဘာကြီးက သူ၏မျက်လုံးများကို ဖွင့်ပေးခဲ့ပြီး သူ၏တာ၀န်က ပို၍ပင်အရေးပါလာသည်ဟု ခံစားလာရတော့သည်။ အမှန်တွင် သူ့မှာ နေ့တစ်နေ့ကုန်သွားတိုင်း အခွင့်အရေးတစ်ခု လွတ်သွားပြီဟုပင် ခံစားလာရ၏။

လီဟိုသည် တောင်ခြေနားရှိ ရွာတစ်ရွာတွင် အခြေချသည်။ ကံကောင်းထောက်မစွာနှင့် ရုပ်ကလေးကလည်း ချော၊ မျက်၀န်းလေးများကလည်း ဆွဲဆောင်မှုရှိသည့်အတွက် ရွာထဲ၌ သူ၏တာ၀န်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့လေသည်။ သို့သော် တာ၀န်ကို အကောင်အထည်ဖော်ဖို့က ဤမျှခက်ခဲလိမ့်မည်ဟု သူ မည်သို့ထင်ခဲ့မည်နည်း။

နှစ် ၂၀ ကြာသွား၏။ ယခုတွင် သူသည် အသက် ၄၀ ရှိပြီဖြစ်ပြီး မရေမတွက်နိုင်သော အခက်အခဲများကို ရင်ဆိုင်ခဲ့ရ၏။ လူတချို့က သူ့ကို သတ်ဖို့ပင် ကြိုးစားခဲ့လေသည်။ အင်မတန် ကြိုးစားအားထုတ်ခြင်းဖြင့် သူ့တွင် ကလေး ၁၀၇ ယောက် ရှိလာခဲ့၏။

ဤသို့ဖြင့် လီဟိုကား တက်ကြွမြဲတက်ကြွစွာဖြင့် ရွာမှထွက်ကာ နောက်တစ်ရွာသို့ ချီတက်သွားလေသည်။

သူက သူ့ကိုယ်သူ ပြောသည်။ “ရွာတွေက သေးတယ်။ ငါ့အိပ်မက်က အကြီးကြီးပဲ” ဒုတိယရွာရောက်သည့်အခါ လီဟိုကား လွန်ခဲ့သည့် နှစ် ၂၀ အတွင်း စုဆောင်းခဲ့သမျှ စည်းစိမ်ဥစ္စာအကုန်လုံးကို သုံး၍ ရှိသမျှ နည်းလမ်းအကုန်ထုတ်သည်။ နောက်ဆုံးတော့ ဒုတိယရွာ၌ သူ၏ ၁၇၈ ယောက်မြောက်ကလေးကို မွေးဖွားနိုင်ခဲ့၏။

သူ့မှာ မျက်ရည်ကျသည့်တိုင်အောင် စိတ်နှလုံးလှုပ်ခတ်သွားသော်လည်း အသက် ၆၀ ပင်ရှိလင့်ကစား အံတင်းတင်းကြိတ်၍ အရွယ်ရောက်ပြီးသား သားသမီးအားလုံးနှင့် မြေးများကိုပင် ခေါ်ကာ အဝေးရှိနယ်များသို့ ‌ခြေဆန့်ပြန်သည်။

သူတို့၏ပထမဆုံးပန်းတိုင်က ဤတောင်တန်းထဲရှိ တစ်ဆယ်ကီလိုမီတာအကွာက တတိယမြောက်ရွာဖြစ်သည်။

လီဟိုသည် ဤအကြိမ်တွင် သူ့ကိုယ်သူ အင်မတန် ကျေနပ်အားရနေ၏။ သူ့ကလေးများကိုလည်း သူ၏အယူဝါဒများအား ရိုက်သွင်းပေးသည်။ သူတစ်ယောက်တည်း သူ့တာ၀န်ကို အကောင်အထည်မဖော်နိုင်မှန်း သဘောပေါက်ခဲ့ပြီးပြီ မဟုတ်ပါလော။ သို့သော် သူတို့၏အကူအညီဖြင့် အမြင့်ဆုံးအထိရောက်အောင် တက်လှမ်းပေမည်။

လီဟိုကား သူ့သားမြေးများနှင့်အတူ တတိယရွာ၌ သုံးနှစ်သာ နေရသေးသည်။ တစ်ရွာလုံးကို သိမ်းပိုက်ထားနိုင်ခဲ့လေပြီ။ ထိုအချိန်တွင် လီဟိုသည် အားရ၀မ်းသာစွာ ရယ်ပြီး သူကိုယ်တိုင် ခရီးထွက်မည့်အစား သူ့သားမြေးများကို နိုင်ငံထဲရှိ ကျန်ဒေသများသို့ လွှတ်၏။

သူ၏သားမြေးတစ်ယောက်ပြီးတစ်ယောက် တစ်ရွာပြီးတစ်ရွာ၊ တစ်နေရာပြီးတစ်နေရာ လှည့်လည်ကာ သူ၏ရည်မှန်းချက်များကို အကောင်အထည်ဖော်ကာ သူ၏အယူဝါဒအား ဆက်ဖြန့်ကြ‌လေသည်။ ဆယ်နှစ်ကြာသွား၏။ နှစ်စဉ်နှစ်တိုင်း သူ၏မျိုးဆက်တစ်ယောက် အရွယ်ရောက်လာမည်။ တစ်နေရာသို့ မျိုးဆက်ဖြန့်ပွားဖို့ အလွှတ်ခံရလိမ့်မည်။

နောက်ဆယ်နှစ်ကြာသော် လီဟိုမှာ အသက်ရှစ်ဆယ်မကတော့ပေ။ သူ၏မျိုးဆက်များအား အင်ပါယာတစ်ခွင်ရှိ မည်သည့်စီးပွားရေး၊ မည်သည့်အလုပ်အကိုင်တွင်မဆို တွေ့ရလိမ့်မည်။ မျိုးဆက်မည်မျှရှိမှန်း သူကိုယ်တိုင်ပင် မသိတော့ပေ။ သို့သော် သူ၏စိတ်အထင်အရ သောင်းဂဏန်းတော့ ကောင်းကောင်းရှိမည်။

လီဟိုသည် စိတ်ချမ်းသာစွာဖြင့် နောက်ထပ်ဆယ်ငါးနှစ်အထိ နေထိုင်နိုင်ခဲ့၏။ သူ အသက်တစ်ရာပြည့်သောအခါ လီဟို တည်ထောင်ခဲ့သော မျိုးနွယ်စု၏ အရွယ်အစားမှာ ကြောက်စရာကောင်းနေလေပြီ။ အဖွဲ့ဝင်ပေါင်းထောင်သောင်းချီရှိပြီး အကုန်လုံးပေါင်းစုလိုက်လျှင် နိုင်ငံအသေးလေးတစ်နိုင်ငံပင် ထူထောင်နိုင်လိမ့်မည်။

လောလောဆယ်တွင် သူတို့အားလုံးက ဟိုဟိုသည်သည် ပြန့်ကြဲနေသော်လည်း ထိုအခြင်းအရာက ပို၍ပင်ကြောက်စရာကောင်းသေးသည်။

လီဟိုမှာ အသက်အရွယ်အိုမင်းလာသည့်အခါ အတန်ငယ်အထီးကျန်နေသော်လည်း နှင်းကျသောဆောင်းတစ်တွင်း၌ ကွယ်လွန်သွားသည့်အချိန်တွင် သူ့ကိုယ်သူ အားရဂုဏ်ယူနေခဲ့၏။

“ငါဟာ သူများနဲ့မတူတဲ့ ဘဝကို နေထိုင်ခဲ့ပြီးပြီ။ အင်ပါယာတစ်ခုလုံးရဲ့ အနာဂတ်ကိုတောင် ငါ ပြောင်းလဲနိုင်ခဲ့တယ်။ ငါတစ်ယောက်တည်းက ...အရာအားလုံးကို ပြောင်းလဲနိုင်ခဲ့တာပဲ” လီဟိုက သုံးကြိမ်တိုင်တိုင် ရယ်မောပြီးနောက် မျက်လုံးများပိတ်ကာ ကွယ်လွန်သွားလေသည်။

မန်ဟို၏ကိုယ်အစစ်မှာ ဤအဖြစ်အပျက်အားလုံးကို သိရှိပြီး ပန်းပွင့်ကိစ္စကြောင့်သာမဟုတ်လျှင် အာကာပြင်ကျယ်ဂြိုဟ်သို့ သေချာပေါက် ပြန်သွားခဲ့မိလိမ့်မည်။

သာမန်ဘဝခုနစ်ဘဝပြီးနောက် ကိုယ်ပွား၏ရှစ်ဘဝမြောက်မှာ ထိုကဲ့သို့မထော်မနန်းဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ကံကောင်းထောက်မစွာနှင့် ဘဝပြန်ဝင်စားပြီးနောက် သူ့ကိုယ်ပွားချန်ခဲ့သော ခန္ဓာကိုယ်များသည် မန်ဟိုနှင့်ပတ်သက်မှု မရှိပေ။

ခန္ဓာကိုယ်များက ဘဝပြန်ဝင်စားခြင်းမဟုတ်၊ ဝိညာဉ်များသာ ပြန်ဝင်စားခြင်းဖြစ်သည်။

မထော်မနန်းအဋ္ဌမဘဝ နိဂုံးချုပ်ပြီးနောက် မှတ်ဉာဏ်များ ချိတ်ပိတ်ခံလိုက်ရပြီး ကိုယ်ပွားသည် ပထမမြေထုအပေါ်၌ နဝမဘဝကို စတင်၏။ ဤနောက်ဆုံးဘဝနှင့်ပတ်သက်ပြီး မန်ဟိုမှာ အတန်ငယ်စိုးရိမ်မိလေသည်။

အတန်ကြာဆင်ခြင်သုံးသပ်ပြီးနောက် သူသည် ဝင်မနှောင့်ယှက်ရန် ဆုံးဖြတ်လိုက်၏။ ကိုယ်ပွား၏နောက်ဆုံးဘဝက ယခုမှ စတင်ရုံလေးသာ ရှိကြောင်း သူ ခံစားရသော်လည်း ထိုအခိုက်အတန့်မှာပင် သူ့မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူက ငေါက်ခနဲ ထရပ်လိုက်သည်။

နဝမဘဝက ဒုတိယဘဝမှ အဋ္ဌမဘဝအထိ တစ်ဘဝနှင့်မှ မတူညီပေ။ ထိုဘဝများသည် ဘဝပြန်ဝင်စားခြင်းသံသရာကို ဝိညာဉ် ဖြတ်သန်းလိုက်မှုတစ်ဆင့် ဖြစ်တည်လာခဲ့ခြင်း ဖြစ်၏။ ခန္ဓာကိုယ်များက မန်ဟို၏ခန္ဓာကိုယ်မဟုတ်ခဲ့၊ ဝိညာဉ်များသာ မန်ဟို၏ဝိညာဉ်များဖြစ်ခဲ့သည်။

သို့သော် နဝမဘဝ စတင်နေစဉ် ဤနဝမဘဝသည် ကိုယ်ပွား၏ပထမဘဝနှင့် တစ်ထပ်တည်းဖြစ်ကြောင်း မန်ဟို ခံစားလိုက်ရ၏။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် .... ဤဘဝက တစ်နည်းနည်းဖြင့် မန်ဟို့သွေးမှ ဖန်တီးခံထားရလေသည်။ ကိုယ်ပွား၏ နဝမမြောက်ဘဝဟု ဆိုမည့်အစား.... မန်ဟို၏ ကိုယ်ပွားအစစ်ဟု ဆိုလျှင် ပိုမှန်လိမ့်မည်။

ဝိညာဉ်ကလည်း မန်ဟို၏ဝိညာဉ်၊ သွေးကလည်း မန်ဟို၏ဝိညာဉ်ဖြစ်နေခြင်းက ... အရှေ့ဘဝများနှင့် မတူပေ။ ကိုယ်ပွား၏ခန္ဓာကိုယ် တန်ခိုးရှင်လမ်းပေါ်၌ တရားထိုင်လျက် ဆုံးပါးပြီး သူ့ဝိညာဉ် ဘဝများစွာကို ဖြတ်သန်းပြီးနောက်တွင် တစ်နည်းနည်းဖြင့် မူလကိုယ်မှာ ဤနဝမဘဝ၌ ပြန်တည်ဆောက်ခံလိုက်ရသယောင်ပင်။ ထပ်မံရှင်းပြရလျှင် ... မန်ဟိုကိုယ်တိုင်မှ ကွဲထွက်သွားပြီး မန်ဟိုနှင့်တစ်ယောက်တည်း ဖြစ်သော ဖန်မု ပြန်လည်မွေးဖွားလာသကဲ့သို့ ဖြစ်သည်။

မန်ဟိုမှာ ဤအဖြစ်အပျက်ကြောင့် အံ့လည်း အံ့ဩ၊ စိုးလည်း စိုးရိမ်လာသည်။

သို့သော် ထိုအချက်လေးတစ်ခုတည်းက သူ့ကို တုန်လှုပ်သွားစေခြင်းမဟုတ်။ ဤနဝမဘဝမှာ ယခင်တုန်းက ဖြစ်ပျက်ခဲ့ဖူးသမျှ ဘဝတစ်ဘဝနှင့်မှ မတူပေ။ သူတို့နှစ်ယောက်အကြားရှိ ဆက်သွယ်မှုမှာ အတိုင်းထက်အလွန် မှေးမှိန်နေသည့်အလား ၎င်း၏တည်ရှိမှုကို မန်ဟို ခံစားရသည်ဆိုရုံလေးသာ ခံစားနေရသည်။ မန်ဟိုမှာ နဝမဘဝတွင် ဖြစ်ပျက်နေသောအရာများကို မမြင်နိုင်တော့ပေ။

“နဝမဘဝက အရေးကြီးဆုံး၊ အမှားမခံနိုင်ဆုံးပဲ။ ဒီလိုထူးဆန်းတာကလည်း အဲ့ဒီလိုအရေးပါတာကြောင့်ပဲ ဖြစ်ရမယ်.... “ ဤသို့နားလည်သွားသောအခါ မန်ဟိုမှာ စိတ်မအေးတော့ပေ။ အာကာပြင်ကျယ်ဂြိုဟ်သို့ လှည့်ပြန်ဖို့ ပြင်လိုက်စဉ်မှာပဲ ဧရာမပန်းကြီးက ပွင့်စပြုလာ၏။

နောက်ဆုံးမှန်ကွဲစ၏ အရှိန်အဝါလည်း စတင်ဖြာထွက်လာရာ မန်ဟိုမှာ အသက်ပြင်းပြင်းရှူလိုက်တော့သည်။

“ကိုယ်ပွားရဲ့ ဘဝကို ငါ မစွက်ဖက်တော့ဘူး။ ဒီတိုင်းဖြစ်ခွင့်ပြုထားလိုက်မယ်။ ဝင်စွက်ဖက်လိုက်ရင်လည်း မလိုလားတဲ့အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်။ ဒါ့အပြင် ဒီမှန်ကွဲစကို အခုချက်ချင်း ငါ မယူလိုက်ရင် ဘယ်လောက်ကြာကြာ စောင့်ရဦးမလဲ ဘယ်သူမှမသိနိုင်ဘူး” ထို့နောက် သူ၏မျက်လုံးများသည် နိမိတ်အလင်းဖြင့် တောက်ပလာ၏။ သူကား ထပ်မံတွန့်ဆုတ်မနေတော့ဘဲ ပန်းပွင့်ထံ ဦးတည်သွားလေပြီ။

ကိုယ်ပွား၏ဘဝများတွင် မန်ဟို တစ်ခါမှ ဝင်မစွက်ဖက်ခဲ့ဖူး၍ နောက်ဆုံးဘဝအတွက်လည်း ထိုအတိုင်း လွှတ်ပေးထားလိမ့်မည်။

ထိုစဉ် ပထမမြေထု၊ မြို့တော်တွင်...

မြို့တော်သည် ကြီးမားပြီး လူဦးရေထူထပ်သော်လည်း အတော်လေးချောင်ကျသော နေရာတွင် တည်ရှိ၏။ နှင်းကျ၍ လေတိုက်နေစဉ် လင်မယားနှစ်ယောက်သည် ကလေးဆုပန်ပြီးနောက် ဝတ်ပြုကျောင်းထဲမှ ထွက်လာကြလေသည်။

သူတို့နှစ်ယောက် လက်ထပ်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ကလေးတစ်ယောက်မှ မထွန်းကားခဲ့ပေ။ ကလေးဆုပန်ဖို့ ဝတ်ပြုကျောင်းသို့ လာရသည်မှာလည်း ချောင်းပေါက်နေပြီဖြစ်၏။ နှစ်ယောက်လုံး အသက်ကြီးစပြုနေပြီဖြစ်၍ ကလေးကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်လာကြသည်။ သမားတော်များနှင့်လည်း တိုင်ပင်ကြည့်သည့်တိုင် မည်သည့်ဆေးမှ ရှာမတွေ့ခဲ့ပေ။

ဝတ်ပြုကျောင်းမှ ထွက်လာပြီးနောက် သူတို့သည် စိုးရိမ်ပူပန်မှုများဖြင့် အိမ်ပြန်လာခဲ့၏။ သို့သော် လမ်းလျှောက်နေစဉ် ကလေးငိုသံကို ကြားလိုက်ရသည်။ လှမ်းကြည့်လိုက်သောအခါ တံတိုင်းတစ်ခု၏အောက်ရှိ မြေကြီးပေါ်တွင် မွေးကင်းစကလေးတစ်ယောက်ကို တွေ့လိုက်ရလေသည်။

သူတို့က ကလေးကို ကပျာကယာပွေ့ပြီး ဘေးဘီဝဲယာကြည့်လိုက်သော်လည်း မည်သူ့ကိုမှ မတွေ့ရပေ။ ကလေးမှာ ချစ်စရာကောင်းသော်လည်း သေသေချာချာကြည့်ရှုပြီးနောက် သူတို့သဘောပေါက်သွားကြသည်။ ကလေးမှာ မွေးရာပါအမြင်ကွယ်နေသည့်အတွက် တစ်စုံတစ်ယောက်က ရှက်ရွံ့စွာ စွန့်ပစ်သွားခဲ့ခြင်းပင်။

လင်မယားနှစ်ယောက်တိုင်ပင်ပြီးနောက် ကလေးကို ခေါ်သွားဖို့ ဆုံးဖြတ်လိုက်ကြသည်။ သူတို့အတွက် ဤကလေးမှာ မိုးနတ်မင်းမ,စလိုက်သော လက်ဆောင်လေးနှင့် တူလေသည်။

ကောင်လေးသည် နေ့၏အလင်းရောင်ကို ဘယ်တော့မှ မြင်ရမည်မဟုတ်။ အမှောင်ကမ္ဘာထဲတွင်သာ နေထိုင်ရလိမ့်မည်။ သို့သော် သူတို့က သူ၏မိဘများဖြစ်လာဖို့ ရွေးချယ်လိုက်ကြ၏။ ထိုလင်မယားသည် ကလေးကို ‘ရတနာလေး’ ဟု နာမည်ပေးပြီး ချစ်ခြင်းမေတ္တာတို့ နွေးထွေးနေသော ပတ်ဝန်းကျင်တွင် ပြုစုပျိုးထောင်ပေးလေသည်။

ရတနာလေးသည် သူက သူများနှင့်မတူသည်ကို နားမလည်။ .... ကမ္ဘာကြီးက အမည်းရောင်ကြီးဟုသာ ထင်သည်။

လူတိုင်း သူ့လိုပဲဟု သူ တွေးသည်။ မျက်လုံးဆိုသည်က ဘာမှန်းပင် သူ မသိပေ။

မိုးကောင်းကင်သည် သူ၏အမြင်အာရုံကို ယူသွားပြီး ကမ္ဘာလောကကြီးအား သူ မကြည့်နိုင်အောင် ပိတ်ပင်ခဲ့၏။ သို့သော် သူကား သွက်လက်ကျွမ်းကျင်သော လက်များ၊ ထက်မြက်သောဦးနှောက်ဖြင့် ကောင်းချီးပေးခံခဲ့ရလေသည်။

သူ့မိဘများသည် သူ့အား တုန်နေအောင် ချစ်၏။ သူ အသက်လေး၊ ငါးနှစ်ရောက်သည့်အထိပင် သူ့အား ပွေ့ချီကြဆဲပင်။

သူ့ဘဝသည် ပျော်စရာကောင်းလွန်း၍ ကမ္ဘာပေါ်တွင် အပျော်ဆုံးလူက သူပင် ဖြစ်မည်ဟုပင် တွေးမိ၏။

ရတနာလေးက နေ၏အနွေးဓာတ်ကို သူ့မျက်နှာပေါ်တွင် ခံစားရသောအခါ မေးသည်။ “ဖေကြီး၊ မေကြီး။ ဘာက ဒီလောက်နွေးနေတာလဲဟင်”

“အဲဒါ နေက အလင်းရောင်လေ သားလေးရဲ့”

“နေတဲ့လား”

“နေဆိုက ဟိုးကောင်းကင်ထက်က မီးလုံးအကြီးကြီးပေါ့...”

“သား ထိလို့ရလား ၊ ဖေကြီးက ဘယ်လိုလုပ် သိတာတုန်း”

“.... ရတနာလေးရယ်.. မိုးကောင်းကင်က မျက်လုံးပိတ်ထားလို့ သားလေး မမြင်ရသေးဘူးကွယ့်။ သားလေး ကြီးပြင်းလာတဲ့အချိန်အထိပဲ စောင့်နော်။ အဲ့ကျ မြင်ရလိမ့်မယ်”

ရတနာလေးသည် ငှက်‌တေးသီသံများကို ကြားလျှင် မေး၏။ “အဲဒါ ဘာအသံလဲ မေကြီး”

“ငှက်သံလို့ခေါ်တယ် သား”

“မေကြီး ငှက်က ဘာနဲ့တူလဲဟင်”

“သူတို့မှာ တောင်ပံတွေရှိတယ်။ အဲဒီတောင်ပံတွေနဲ့ လေပေါ်မှ ပျံကြတယ်ကွယ့်...”

“ဟုတ်လား။ သား ကြီးလာရင် မြင်နိုင်ပြီပေါ့နော်။ ဖေကြီး၊ မေကြီးတို့ ငယ်ငယ်တုန်းကလည်း ဘာကိုမှ မမြင်ရဘူးမလား။ သား နားလည်ပြီ”

ရတနာလေး၏ ပါးစပ်သေးသေးလေးမှ ထိုကဲ့သို့စကားလုံးများကို ကြားရခြင်းက သူ့မိဘနှစ်ပါးအား ရင်နာစေလေသည်။ သူတို့သည် သူ့ကို ဖက်၍ အသံတိတ်ငိုကြွေးတတ်ကြ၏။

ကလေးငယ်မှာ မိဘနှစ်ပါး၏နာကျင်မှုကို မသိရှိပေ။ သူသည် ပျော်မြဲပျော်နေဆဲပင်။ ထိုမျှသာမက အသက်ကြီးလာဖို့ကိုလည်း အမြဲမျှော်လင့်နေသည်။

တစ်ရက်တွင် အိမ်နီးနားချင်းကလေးများက သူ့ကို ‘မျက်ကန်း’ ဟု စနောက်ကြသည်။ ထိုစကားလုံး၏အဓိပ္ပါယ်ကို သူ နားမလည်။

ထိုည၌ သူ့အမေ သူ့ကို ချော့သိပ်နေစဉ် ရတနာလေးသည် မေးလိုက်၏။ “မေကြီး မျက်ကန်းဆိုတာက ဘာလဲဟင်”

ရုတ်တရက် သူ့အမေ တုန်ရီသွားပြီး ငိုနေသည်ကို သူ ခံစားလိုက်ရသည်။ သူက လက်သေးသေးလေးများဖြင့် သူ့အမေပါးကို ကိုင်ကာ မျက်ရည်များအား သုတ်ပေးလိုက်သည်။

“မေကြီးရယ် မငိုပါနဲ့နော်....” သူက နူးညံ့ကြင်နာစွာ ပြော၏။ “သား အဲဒီမေးခွန်းကို ထပ်မမေးတော့ပါဘူး” သူ့ဘဝတစ်လျှောက်လုံး ဘယ်တော့မှ ထပ်မမေးတော့ပေ။

All Chapters