← Chapters

ဖန်းဟွာ ပွဲတော်

Vol. 002 Ch. 110

ဖန်းဟွာ ပွဲတော်

Vol. 002 Ch. 110

သုံးရက်ကြာပြီးနောက် နံနက်ခင်း အချိန်အခါ

တည်းခိုခန်း ခြံဝင်းထဲရှိ တစ်နေရာတွင် ရီဖူရှင်းက လက်ဝါးတိုက်ကွက်ပုံစံ တစ်ခုကို လေ့ကျင့်နေသည်။ သူ၏လှုပ်ရှားမှုများက သိမ်မွေ့ညင်သာသည်။ နှေးကွေးသည်။ လက်ဝါးရိုက်ချက်တိုင်းက သိမ်မွေ့သော အားလှိုင်းများစွာကို ဖြစ်ပေါ်စေသည်။ သူ့သွေးများက တစ်ကိုယ်လုံးတွင် လျင်မြန်စွာ လှည့်ပတ်နေသည်။ သူ့သွေးများထဲတွင် ဧကရာဇ်၏ အရှိန်အဝါများ စီးဆင်းလာနေသည်။ ထိုအရာက ဧကရာဇ်၏ လေလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ့လှုပ်ရှားမှုတိုင်းက ဧကရာဇ်၏အားမာန်အဖြစ် ပြောင်းလဲသွားသည်။

လောလောဆယ်တွင် သူကား နည်းစနစ်တစ်မျိုးကို လေ့ကျင့်နေသည်။ သည်နည်းစနစ်မှာ သူ့အား အလွန်ဆိုးရွားသော အခြေအနေကို ဖြစ်စေခဲ့သော ထိုနေ့က ဧကရာဇ်၏ ဆန္ဒက သူ့အား ပေးအပ်ခဲ့ခြင်းဟု ဆိုနိုင်သည်။ ရီဖူရှင်းက သည်နည်းစနစ်အား မည်သူ ဖန်တီးခဲ့သည်။ မည်သို့ ခေါ်သည်ကို မသိပေ။ ထို့ကြောင့် သူက သည်နည်းစနစ်အား တော်ဝင်လက်သိုင်းဟု မိမိကိုယ်ကို နာမည်ပေးထားသည်။

နာမည်ကား ရိုးရှင်းသလိုဖြင့် မြင့်မြတ်သည်။ ထို့အပြင် အလွန်ဆီလျော်သည်။ သူက သည်နည်းစနစ်အား သုံးလိုက်သောအခါ သူ့သွေးများတွင် ဧကရာဇ်အရှိန်အဝါများ ပျံ့နှံ့သွားပြီး သူ့ကိုယ်ရောင်ကိုယ်ဝါများလည်း ပြောင်းလဲသွားသည်။ သူကိုယ်တိုင် ဧကရာဇ်ဖြစ်သွားသကဲ့သို့ ခံစားရ၏။

ထို့အပြင် သူက သည်နည်းစနစ်အား လေ့ကျင့်သည့်အချိန်တိုင်း သူတစ်စုံတစ်ခု ပြီးမြောက် အောင်မြင်သည်ဟု ခံစားရသည်။ ဧကရာဇ်ရီချင်၏ စွမ်းအင်တိုးတက်ခြင်း နည်းစနစ်ဖြင့် ပူးပေါင်း လေ့ကျင့်ခြင်းဖြင့် သူ့ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်း ပိုမို သန်မာလာသည်။ သူက မှော်သိုင်းကွက်မသုံးလျှင်ပင် သူကား အလွန်သန်မာသော တိုက်ခိုက်ရေးသမား ဖြစ်ပေသည်။

အတန်ကြာ လေ့ကျင့်ပြီးနောက် ရီဖူရှင်းက ရပ်တန့်လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။

“မင်းတို့ ဘယ်တော့ ထွက်မလဲ....” တန်လန်က လျှောက်လာပြီး သူ့ကို မေးသည်။

“ကျွန်တော်တို့ အခုသွားတော့မယ်... တန်အဒေါ်... ကျွန်တော်တို့ အားလုံး  အတူသွားကြမလား...” ရီဖူရှင်းက မေးလိုက်သည်။

“ငါက သိပ်စိတ်ဝင်စားတာ မဟုတ်ဘူး... ဒါပေမဲ့ မင်းရဲ့ ဆရာက သွားချင်နေတယ်... ငါလည်း အားရင် သွားဖြစ်မယ်...” တန်လန်က ထူးမခြားနားစွာ ပြောသည်။ ရီဖူရှင်းက မည်သို့မှ မပြောဘဲ ပြုံးလိုက်သည်။ တန်လန်ကား သည်ကဲ့သို့ပင်။

“ဒါဆို ကျွန်တော်က ဆရာနဲ့ ဆရာကတော်ကို လိုက်ဖို့ သွားခေါ်လိုက်မယ်...” ရီဖူရှင်းက ပြောသည်။ အတန်ကြာလျှင် သူတို့အုပ်စု တည်းခိုခန်းမှ ထွက်လာကြသည်။ သူတို့က သိမ်းငှက်နက်ကြီးပေါ်သို့ တက်ကာ ကောင်းကင်သို့ ပျံသန်းလိုက်ကြ၏။ သူတို့ကဲ့သို့ပင် လူအများအပြားက ကောင်းကင်တွင် ပျံသန်းနေကြသည်။ သူတို့အားလုံးက နန်းတော်သို့ သွားနေကြခြင်း ဖြစ်သည်။ စွမ်းအားမြင့် တန်ခိုးရှင်များအားလုံး ကောင်းကင်တွင် ရှိနေသည့်အလားပင်။ သည်မြင်ကွင်းကား ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။

ရီဖူရှင်းတို့ အုပ်စု ရှေ့ကို ဆက်သွားလိုက်ကြလျှင် ကြီးကျယ် ခမ်းနားလှသော အဆောက်အဦ ကြီးများအား မြင်လာရသည်။ ထိုနေရာကား ကန်ယီနိုင်ငံ၏ နန်းတော်ဖြစ်သည်။ သူတို့က ဆက်သွားလိုက်လျှင် နန်းတော်နှင့် တဖြည်းဖြည်း နီးကပ်လာသည်။ လူအများအပြားက ထိုနေရာတွင် ရှိနေကြပြီ သူတို့မှာ စိတ်လှုပ်ရှား ပျော်ရွှင်နေသော ပုံဟန်များ ဖြစ်ကြသည်။

“ဒါက ဖန်းဟွာ ပွဲတော်လား... နိုင်ငံရဲ့ ပါရမီရှင်တွေ စုစည်းရာ ပွဲတော်.....”

“ငါစွမ်းရည်တွေကို ဖန်းဟွာပွဲတော်မှာ ပြသပြီး ဧကရာဇ်က ငါ့ကို သတိထားစေရမယ်.....”

“နန်းမြို့တော်ရဲ့ ပါရမီရှင်တွေက ဘယ်လိုလဲဆိုတာ ငါသိချင်တယ်...”

အရပ်မျက်နှာများစွာက အသံပေါင်းစုံ  ထွက်ပေါ်လာနေသည်။ မရေမတွက်နိုင်သော လူများက နန်းတော်သို့ ရောက်ရှိလာကြသည်။ တချို့က နန်းမြို့တော်က ဖြစ်သည်။ နောက်လူများမှာ ကန်ယီနိုင်ငံမှ မြို့ပေါင်းများစွာမှ ဖြစ်ကြသည်။ သူတို့အားလုံးမှာ အကောင်းဆုံးများထဲမှ အကောင်းဆုံးများဟု သတ်မှတ်နိုင်သည်။ မဟုတ်လျှင် သူတို့က ဖန်းဟွာပွဲတော်သို့ မိုင်ပေါင်းများစွာ အဝေးမှ လာရောက်ကြမည် မဟုတ်ပေ။

ရီဖူရှင်းက ရှေ့မှ သွားနေသော လူအုပ်ကြီးနောက်ကို လိုက်သွားသည်။ နန်းတော်အပြင်မှ ဖန်းဟွာပွဲတော် ရင်ပြင်ကား မြင်ကွင်းထဲကို ရောက်ရှိလာပြီဖြစ်သည်။ ထိုနေရာကား ဖန်းဟွာ ပွဲတော် ပြုလုပ်မည့်နေရာဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင်တွင် လူငယ်တစ်စု ရောက်ရှိလာသည်။ သူတို့မှာ ချောမောသော လူငယ်များ ဖြစ်ကြသည်။

“အဲဒါ ချင်ကလန်ပဲ... ဘေချူလည်းပါတယ်...” လူအများအပြားက ချင်ကလန်ရှိနေရာကို ကြည့်နေကြသည်။ နန်းမြို့တော်တွင် ပြုလုပ်သော ဖန်းဟွာပွဲတော်တွင် အလွန် ကျော်ကြားသော ဘေချူကို သူတို့ မြင်တွေ့လိုကြသည်။

“ဒီမွန်ကလန်ရဲ့ စွမ်းအားမြင့် တန်ခိုးရှင်တွေလည်း ရောက်လာပြီ.....” လူအများအပြားက နောက်ဘက်ကို လှည့်ကြည့်လိုက်ကြသည်။ ထိုနေရာတွင် များစွာသော သားရဲများ တောကောင်များ ပျံသန်းလာသည်ကို တွေ့ရ၏။ ထိုအုပ်စုအလယ်တွင်ကား လူငယ်တစ်ယောက် ရှိသည်။ သူကာ အသက် ဆယ့်ခုနစ်နှစ်ပင် ပြည့်သေးပုံမရပေ။ သို့သော် သူ့မျက်လုံးများတွင် ရန်လိုသော မောက်မာသော ဟန်ပန် အပြည့်အဝ ပါဝင်နေသည်။ သူကား ဒီမွန်ကလန်၏ အထူးချွန်ဆုံး လူငယ် ယွန်ဒီ ဖြစ်သည်။

“လင်းယွီယို.....” ထိုအချိန်တွင် ပန်းရွှေရောင် နတ်ငှက်တစ်ကောင်အား စီးနင်း၍ လှပသော မိန်းမပျိုတစ်ဦး ရောက်ရှိလာသည်။ သူမရောက်ရှိလာလျှင် လူအများအပြားက စိတ်ဝင်တစား ကြည့်ကြသည်။ သူမကား အလွန်ထူးချွန်ပြီး ကန်ယီနိုင်ငံ၏ နံပါတ်တစ် မိန်းမလှအဖြစ် သတ်မှတ်ထားကြ၏။ သူမကဲ့သို့ ဆွဲဆောင်မှုရှိသူ သည်ပွဲတော်တွင် ရှိလိမ့်မည် မဟုတ်ပေ။ ချင်ကလန်မှ ဘေချူနှင့် ဒီမွန်ကလန်မှ ယွန်ဒီတို့ပင်လျှင် စိတ်မထိန်းနိုင်ဘဲ လင်းယွီယိုအား ကြည့်ကြရသည်။

ဟွာဖန်းလူနှင့် တခြားလူများက တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။ ထိုအခိုက်တွင် ရီဖူရှင်း။ ဟွာဂျီယူနှင့် ယူချင်းတို့အား စိတ်ဝင်စားသူ မရှိလှပေ။ သို့သော် သည်ပွဲတော်အပြီးတွင် သူတို့မှာ သည်ပွဲတော်အတွင်း အတောက်ပဆုံးသောသူများဖြစ်လာမည်ကို ဟွာဖန်းလူ သံသယမရှိပေ။ သူတို့က ကန်ယီနိုင်ငံ၏ ပါရမီရှင်များအား ဖုံးလွှမ်းသွားမည်ဖြစ်သည်။

နောက်ဆုံးတွင် သူတို့က ဖန်းဟွာရင်ပြင်ကို ရောက်ရှိလာကြသည်။ အစောင့်အများအပြားက တန်းစီလျက် ရင်ပြင်ကို စောင့်ကြပ်နေကြသည်။

သည်တိုက်ပွဲရင်ပြင်ကား သမိုင်းကြောင်းရှိသည်။ သည်နေရာကား ဧကရာဇ်က သူ့စစ်သူကြီးများအား အမိန့်တော်ပေးအပ်ရာ နေရာဖြစ်သည်။ သည်နေရာတွင်ပင် ဧကရာဇ်က မင်းသားများ။ မင်းသမီးများနှင့် အရာရှိများကို စမ်းသပ်ရာနေရာလည်း ဖြစ်သည်။

ဧကရာဇ်အတွက် ထိုင်ရန်နေရာကား ဖန်းဟွာရင်ပြင်၏ အမြင့်ဆုံးနေရာတွင် ရှိနေသည်။ ထိုနေရာကား အလွန် ကြီးကျယ်မြင့်မြတ်သော ပုံဟန်ရှိနေသည်။ သည်နေရာကို လာသူ မည်သူမဆို ထိုဘုရင်မင်းမြတ် ထိုင်တော်မူသော နေရာထက် မြင့်မားစွာ ပျံသန်းခွင့်မရှိပေ။ ထိုနေရာကား ဧကရာဇ်၏ထိုင်ခုံနေရာ ဖြစ်သည်။

အထက်တန်းလွှာများနှင့် မင်းသား။ မင်းသမီးများသာလျှင် ဧကရာဇ်၏ ပလ္လင်ဘေးမှ ထိုင်ခုံနေရာများတွင် ထိုင်ပိုင်ခွင့်ရှိသည်။ သို့တိုင်အောင် ထိုသို့ထိုင်ခွင့်ရရန် ဧကရာဇ်ကိုယ်တိုင်က ခွင့်ပြုချက်ပေးရန် လိုအပ်ပေသေးသည်။

ဧကရာဇ်ပလ္လင်၏ဘေးတွင်ကား ယခု လူအများအပြား ထိုင်နေကြသည်။ ထိုအထဲတွင်ကား လူငယ်တစ်ယောက်လည်း ပါဝင်သည်။ သူ့အကြည့်က ဖန်းဟွာ ရင်ပြင်မှ လူများထံကို ရောက်ရှိနေသည်။ သူ့အေးစက်သော အကြည့်တွင် အနည်းငယ်သော မာနအား တွေ့နိုင်သည်။ လူအများအပြားကလည်း သူ့ကို သတိထားမိကြသည်။

“အဲဒါ သခင်လေး ရီဝူချင်း မဟုတ်ဘူးလား...” လူအများအပြားက သူ့ကို သိကြသည်။

ရီဝူချင်းကား သည်နှစ် ဖန်းဟွာပွဲတော်အတွင်း အထင်ရှားဆုံး လူငယ်တစ်ယောက် မဟုတ်ပါလား။ သူကား ဓမ္မ ဒုတိယအဆင့်ကို ရောက်ရှိနေပြီး ဖြစ်သည်။ အသက်နှစ်ဆယ် အောက်တွင် သူ့ပြိုင်ဘက်အား ရှာဖွေရန် ခက်ခဲလှ၏။

“ဝူချင်း... မင်းက ငါ့သားပဲ... ဒါပေမဲ့ ဒီနေ့ မင်းရဲ့ စွမ်းရည်တွေအကုန် ပြသဖို့လိုလိမ့်မယ်... ဘုရင်မင်းမြတ်က မင်းကို ငါ့သားဆိုပြီးတော့ အလေးပေးမှာ မဟုတ်ဘူး....” သူ့ဖခင် အရှင်ရီက ပြောသည်။

“ကျွန်တော် နိုင်ရမယ်...” ရီဝူချင်းက ပြောသည်။

“စိတ်ဓာတ်ခိုင်မာတယ်...” အရှင်ရီက ပြုံးလျက် ခေါင်းညိတ်သည်။

လူများ ပိုမို၍ ရောက်ရှိလာသည်နှင့် အမျှ ကောင်းကင်နှင့် မြေပြင်တွင်ကား လူများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ ဖန်းဟွာပွဲတော်ကား ကန်ယီနိုင်ငံအတွင်း အရေးအကြီးဆုံးသော ပွဲတော်တစ်ခုဖြစ်သည်။ တစ်နိုင်ငံလုံးက အာရုံစိုက်ကြရသည်။ နန်းတော်အပြင်မှ ကောင်းကင်မှာ အကန့်အသတ်မရှိရာ လူအများအပြားက ပွဲတော်ကို ကြည့်ရှုနိုင်ပေသည်။

နေလုံးက တဖြည်းဖြည်း မြင့်တက်လာရာ နေရောင်က ပလ္လင်ပေါ်ကို ကျရောက်လာလျှင် ရွှေရောင်များ ဝင်းလက် တောက်ပြောင် သွားသည်။ နန်းတော်ထဲမှ လူနှစ်ယောက် လျှောက်လာနေသည်။ သူတို့ ထွက်ပေါ်လာသည်နှင့် လူတိုင်းက တိတ်ဆိတ်သွားကာ အလေးအနက်ထား၍ ကြည့်လိုက်ကြသည်။

ဧကရာဇ်ပလ္လင်ဘေးမှ မင်းညီမင်းသားများနှင့် အထက်တန်းလွှာများ အားလုံး ထရပ်လိုက်ကြသည်။ သတ္တဝါဆန်းများပေါ်တွင် ထိုင်နေသောသူများ အားလုံးကလည်း မတ်တတ်ရပ်လိုက်ကြသည်။ သူတို့အားလုံးက ဘုရင်မင်းမြတ် လျှောက်လာရာ နေရာသို့ ကြည့်လိုက်ကြသည်။

ဘုရင်မင်းမြတ်နှင့် မိဖုရားကြီးတို့က ပလ္လင်ရှေ့တွင် နေရာယူလိုက်ကြသည်။ မင်းသားများနှင့် မင်းသမီးများကလည်း ဘေးမှ ထိုင်ခုံများတွင် အသီးသီး နေရာယူလိုက်ကြ၏။

“ဘုရင်မင်းမြတ်နဲ့ မိဖုရားကြီးတို့ကို နှုတ်ဆက်ပါတယ်...” အထက်တန်းလွှာများ အားလုံးက ဦးညွှတ်ပြီး နှုတ်ဆက်ကြသည်။ သူတို့၏သံပြိုင်အော်သံက ထိုနေရာ ပတ်ဝန်းကျင် တစ်ခုလုံးအား ပျံ့နှံ့သွားပြီး လူအများအပြားက ဘုရင်မင်းမြတ်၏ ကြီးကျယ် မြင့်မြတ်မှုကို ခံစားကြရသည်။

ကန်ယီဧကရာဇ်ကား အသက်သုံးဆယ် ဝန်းကျင်ခန့်ရှိပြီး ချောမော ခန့်ညားခြင်း မရှိသော်လည်း သူ့တွင် ဧကရာဇ် ကိုယ်ရောင်ကိုယ်ဝါ ရှိသည်။ သူပြုံးလိုက်လျှင် ထည်ဝါသော ခံစားချက်ကိုပေး၏။ မိဖုရားကြီးကား အလွန်လှပသည်။ သူမက တောက်ပြောင်သော အဝတ်အထည်များအား ဝတ်ဆင်ထားသော်လည်း တည်ငြိမ်မှုကို ပေးသည်။ သူမအား ကြည့်ရသည်မှာ အသက် နှစ်ဆယ့်ငါးနှစ်ခန့်မျှသာ ရှိမည်ဟု ခန့်မှန်းရသော်လည်း အမှန်ကား သည့်ထက် အများအပြား အသက်ကြီးပေသည်။ သူမ၏အလှမှ နန်ဒူဝန်ယမ်နှင့် နှိုင်းယှဉ်နိုင်သည်။

ဧကရာဇ်က ပြုံးလျက် အားလုံးကို လက်ဝှေ့ယမ်းပြသည်... “ဒီနေ့က ဖန်းဟွာပွဲတော်နေ့ပဲ... ကြယ်ပွင့်တွေက ငါတို့ ကန်ယီနိုင်ငံရဲ့ ပါရမီရှင်တွေပဲ... ထုံးတမ်းစဉ်လာတွေ လိုအပ်ဘူး... အကုန်လုံး လွတ်လွတ်လပ်လပ် နေကြ...”

“ကျေးဇူးပါ... ဘုရင်မင်းမြတ်...” လူအများက နောက်တစ်ကြိမ် ဦးညွှတ်လိုက်ကြသည်။ ဧကရာဇ်က သူ့နေရာတွင် ပြန်ထိုင်လိုက်လျှင် တခြားလူများကလည်း ထိုင်လိုက်ကြသည်။

“ဖန်းဟွာပွဲတော်ဆိုတာ လူငယ်မျိုးဆက်တွေရဲ့ အထူးချွန်ဆုံး လူငယ်တွေ စုစည်းရာနေရာပဲ... ဒီမှာ အကုန်လုံးက စိုးရိမ် ပူပန်တာမျိုးတွေမရှိဖို့ ငါမျှော်လင့်တယ်... မင်းတို့က ဘယ်သူတွေပဲဖြစ်ဖြစ် မင်းတို့ရဲ့ စွမ်းရည်တွေ အကုန် ပြသပေးဖို့လိုတယ်... ငါက အထူးချွန်ဆုံးသော လူငယ်မျိုးဆက်ကို မြင်ချင်တယ်... သူတို့ရဲ့ စွမ်းဆောင်ရည်ကြောင့် တစ်စုံတစ်ယောက်က ပြဿနာ ဒါမှမဟုတ် အန္တရာယ်ပေးခဲ့ရင် ငါက နောက်ကွယ်ကလူက ဘယ်သူပဲဖြစ်နေနေ... သူ့ကို ရအောင် ရှာဖွေဖော်ထုတ်ပြီး စီရင်မယ်...”

ဧကရာဇ်က အေးစက်စွာ ပြောသည်။ သို့သော် သူ့စကားများက အားအင်တစ်စုံတစ်ရာ ပါဝင်နေသည်။ ဖန်းဟွာပွဲတော်တွင် ထူးခြားထက်မြက်သော စွမ်းရည်များအား ပြသမည့်သူ ရှိကို ရှိမည်ဖြစ်သည်။ သူတို့ကြောင့်ပင်လျှင် ပါရမီရှင်များအကြား မုန်းတီးမှုများ ရှိလာနိုင်ပေသည်။ ရှုံးနိမ့်သူများက အငြိုးအတေးထားကာ သူတို့၏မိသားစုအင်အား ကလန်အင်အားဖြင့် အနိုင်ကျင့်ခြင်းများ ရှိလာနိုင်ပေသည်။ ထို့အတူ အလွန်ထူးချွန်သူများအား ကလန်များက သူတို့ထံ ပါဝင်ပူးပေါင်းရန် ဖိတ်ခေါ်နိုင်ပြီး ထိုလူငယ်များက ငြင်းပယ်ခဲ့ပါက ထိုကလန်များအား ငြိုငြင်မိစေနိုင်ပေသည်။ ဧကရာဇ်က သည်အရာများအား သည်းခံမည်မဟုတ်ပေ။ သည်ပွဲတော်ကား သူကိုယ်တိုင် ပြုလုပ်ကျင်းပသော ပွဲတော်ဖြစ်သည်။ သည်ပွဲတော်နှင့် ပတ်သက်ပြီး ပြဿနာရှာရဲသောသူမှာ ဧကရာဇ်အား မထိမဲ့မြင်ပြုခြင်းဖြစ်ရာ သူက ညှာတာခြင်း မရှိဘဲ အပြစ်ပေးမည် ဖြစ်သည်။

နန်းမြို့တော်ပြင်ပမှ လူများအားလုံးက ထိုစကားများအား ကြားကာ စိတ်လက်ပေါ့ပါး သွားကြသည်။ သည်ပွဲတော်တွင် သူတို့က စိတ်ပူပန်စရာမရှိဘဲ သူတို့၏စွမ်းရည်များအား အားလုံး ထုတ်သုံးနိုင်တော့မည် ဖြစ်သည်။ ဧကရာဇ်က သူတို့အား ထောက်ပံ့ပေးထားသည်။

“ပြီးတော့ ငါက ဖန်းဟွာအဆင့် ဆယ်ယောက်ကို သတ်မှတ်မယ်... အားလုံးက ဆုလာဘ်တွေ ရမယ်... ထိပ်ဆုံးသုံးယောက်က ငါ့ဆီက တစ်ခုခုကို တောင်းဆိုနိုင်တယ်... တောင်းဆိုမှုက အရမ်းမပြင်းထန်ရင် ငါက တောင်းဆိုမှုကို ရအောင် လုပ်ပေးမယ်...” ဧကရာဇ်က ဆက်ပြောသည်... သူက ရယ်မောလျှင် ပြောလိုက်သည်...“တကယ်လို့ မင်းတို့က ငါ့ရဲ့သားတော် သမီးတော်တွေကို သဘောကျတယ် ဆိုရင်လည်း လက်ထပ်ဖို့ တောင်းဆိုနိုင်တယ်... ငါက သဘောတူကောင်း သဘောတူနိုင်တယ်...”

ထိုသို့ပြောလိုက်လျှင် လူအားလုံးက ရယ်မောလိုက်သည်။ လူအများအပြားက မင်းသားများနှင့် မင်းသမီးများအား ကြည့်လိုက်ကြသည်။ သူတို့အားလုံးမှာ ထူးခြားသော သွင်ပြင်များ ရှိကြသည်။ အထူးသဖြင့် မင်းသမီးလေး နှစ်ပါးမှာ အလွန်လှပ၏။ လူအများအပြားက စိတ်ကူးယဉ်နေကြပြီ ဖြစ်သည်။ အကယ်၍ သူတို့က မင်းသမီးလေးတစ်ပါးပါးအား လက်ထပ်ခွင့်ရခဲ့ပါက မည်မျှ ကောင်းမွန်မည်နည်း။ သို့သော် ထိုသို့ အခွင့်ရရန် ထိပ်ဆုံးသုံးယောက် စာရင်းဝင်ရမည်ဖြစ်သည်။ လူအများအပြားက စိတ်မသက်မသာဖြင့် ခေါင်းယမ်းမိကြသည်။ မှန်သည် ဖန်းဟွာပွဲတော်တွင် ထိပ်ဆုံးသုံးယောက် စာရင်းဝင်သော သူများမှာ အကောင်းဆုံးထဲမှ အကောင်းဆုံးများ ဖြစ်ကြသည်။ ဧကရာဇ်က သူတို့ထံ သူ့သမီးတော်များအား ပေးခဲ့ရလျှင်ပင် သူ့အတွက် နစ်နာစရာမရှိပေ။

“ငါက မင်းသမီးကို လက်ထပ်ဖို့ ကြိုးစားရမလား.....” ရီဖူရှင်းက မင်းသမီးကို ကြည့်လိုက်သည်။ သူမကား အလွန်လှပသည်။

“ငါက ထိပ်ဆုံး သုံးယောက် စာရင်းမဝင်ခဲ့ရင်တောင် မင်းသားတစ်ပါးကို လက်ထပ်လို့ရတယ်... ဟုတ်တယ်မလား...” ဟွာဂျီယူက အံကြိတ်လျက် ပြောသည်။

“ငါက ဟာသပြောတာ.....” ရီဖူရှင်းက ချက်ချင်း လက်မြှောက် အရှုံးပေးလိုက်သည်။ သူမ၏ပါရမီကို မကြည့်ဘဲနှင့်ပင် ဟွာဂျီယူကား မင်းသမီးထက် အဆမတန် လှပနေပေသေးသည်။ သူမနှင့် ယှဉ်ပြိုင်၍ မရပေ။

“ကောင်းပြီ... ဖန်းဟွာပွဲတော်ကို ယှဉ်ပြိုင်မယ့် လူငယ်တွေက ရှေ့ကို တက်လာခဲ့... တခြားလူတွေက နောက်ကို ဆုတ်ကြ... ပွဲတော်စဖို့ပြင်တော့...” ဧကရာဇ်က ပြောသည်။ ရီဖူရှင်း ဟွာဂျီယူနှင့် ယူချင်းတို့က သိမ်းငှက်နက်ကြီးပေါ်မှ လျင်မြန်စွာ ဆင်းသက်လိုက်ကြကာ ရှေ့ကို တက်သွားလိုက်ကြသည်။ တခြား လူငယ်များ အများအပြားကလည်း ဖန်းဟွာ ရင်ပြင်သို့ ချဉ်းကပ်လာကြ၏။ တခြားပွဲကြည့်ရန် သက်သက်လာသူများက လူငယ်များနှင့် ကွဲပြားသည်အထိ နောက်ဆုတ် လိုက်ကြသည်။

နောက်ဆုံးတွင် ဖန်းဟွာပွဲတော်ကား စတင်လေပြီ။

***

All Chapters