← Chapters

အဆုံးမဲ့သော အေးစိမ့်မှုမှတစ်ပါး မသိလေတော့

Vol. 38 Ch. 520

အဆုံးမဲ့သော အေးစိမ့်မှုမှတစ်ပါး မသိလေတော့

Vol. 38 Ch. 520

နှစ်လေးဆယ်သည် လျှပ်တပြက် ကုန်ဆုံးသွား၏။ မန်ဟို့ကို မှတ်မိနေသေးသူများ ရှိပါသော်လည်း တော်တော်များများမှာ လူတစ်ယောက် မဟူရာဂိတ်တံတိုင်းကြီးကို ဖြတ်ကာ ကမ္ဘာသစ်မိစ္ဆာ ရှစ်သိန်းအား ခေါ်လာခဲ့သည့် မြင်ကွင်းကိုသာ မှတ်မိလေတော့သည်။

မန်ဟို မည်သို့မည်ပုံ ရှိသည်ကိုမူ မမှတ်မိသလောက် ဖြစ်နေကြလေပြီ။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ မန်ဟိုမှာ တဖြည်းဖြည်း မေ့‌ဖျောက်ခံလာရတော့သည်။

အမှန်မှာ သူလည်း ထိုနည်းတူပင်။ သူ၏ အရိပ်ပင်လျှင် အနောက်ပိုင်းသဲကန္တာရ ခရမ်းရောင် ပင်လယ်ကြီးပေါ်၌ မမြင်ရတော့ပေ။ သူသည် နှစ်ပေါင်းများစွာကြာသည်အထိ ပင်လယ်ကြီး၏ အောက်ခြေ‌တွင် နစ်မြုပ်နေခဲ့ပြီ ဖြစ်သည်။

သူက တစ်ခါက အနောက်ပိုင်းသဲကန္တာရ ဖြစ်ခဲ့သော မြေပြင်ကြီးပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေ၏။ ဤတစ်ခေါက်သည် အလွန့်အလွန် ကြာခဲ့လေပြီ။

သူကား လှုပ်ရှားခြင်း မရှိသလို ၊ အသက်လည်းမရှူ။ သူ့ထံမှ အသက်ရှိနေသည့် လက္ခဏာ တစ်စုံတစ်ရာကိုလည်း မမြင်ရ။ သူသည် ပင်လယ်ကြမ်းပြင် အ‌မှောင်ထုအလယ်တွင် တိတ်ဆိတ်ငြိမ်သက်စွာသာ ထိုင်နေလေ၏။

၀န်းရံနေသော သုတ်သင်ခြင်းစိတ်ဆန္ဒမှာလည်း အတိုင်းထက်အလွန် လျော့ကျသွားခဲ့ပြီ ဖြစ်သည်။ သေသေချာချာ ရှာဖွေ့လျှင်တောင်မှ ၎င်း၏ တည်ရှိမှုကို သတိထားမိဖို့ရန် ခက်နေပေလိမ့်မည်။ တစ်ချိန်တည်းမှာပင် မန်ဟို့ခန္ဓာကိုယ်အတွင်းရှိ အသက်စွမ်းအား မျှင်မျှင်လေးမှာလည်း တဖြည်းဖြည်း လျော့နည်းလာ၏။ ထိုအမျှင်ကလေးကသာလျှင် သူ၏ အသက် လုံး၀ချုပ်ငြိမ်းမသွားအောင် ထိန်းသိမ်းပေးထားပုံရလေသည်။

ဤသို့ဖြင့် နောက်ထပ် အနှစ်နှစ်ဆယ် ကြာသွားပြန်သည်။

မန်ဟို ခရမ်းပင်လယ်ကြီးကို နားလည်ရန် ကြိုးစားခဲ့သည့် အချိန်မှစ၍ ယခုထက်ထိ နှစ်ခြောက်ဆယ်စက်၀န်းတစ်ခု ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ အပြင်ရှိ လူများမှာ တစတစ သူ့ကို မေ့ပျောက်ကုန်ကြသည်။ ရွှေကျီးကန်းနဂါးနက်မျိုးနွယ်စုကို ၀င်ရောက်ခဲ့သူများသော်လည်းကောင်း၊ ထိုအချိန်အတောအတွင်းက မွေးဖွားလာခဲ့သည့် သူများသော်လည်းကောင်း မန်ဟို့အကြောင်းဇာတ်လမ်းများကို ချဲ့ကားထားသော ဒဏ္ဍာရီများဟုသာ သတ်မှတ်လာကြလေသည်။ သို့သော် လွန်ခဲ့သောနှစ်ပေါင်းများစွာက မန်ဟိုနှင့် အတူရှိခဲ့သူများတော့ မပါ၀င်။

တစနှင့်တစ နဂါးနက်မျိုးနွယ်စုနှင့် ရွှေကျီးကန်းမျိုးနွယ်စုအကြားတွင် ကတောက်ကဆများ ဖြစ်လာခဲ့သည်။ သို့သော် ရှုပိုင်က ထိုကိစ္စများကို ဖြေရှင်းပြီး ရန်ပြေငြိမ်းစေခဲ့လေသည်။

မျိုးနွယ်စုနှစ်စုမှာ ဇာတိမတူသည်ကို မဟုတ်ပါလော။ သူတို့သည် အပြင်လောက၏ ဖိအားကြောင့်သာ အတူတကွ ယှဉ်တွဲနေထိုင်ရခြင်း ဖြစ်၏။ ရွှေကျီးကန်းမျိုးနွယ်စုသည် နဂါးနက်မျိုးနွယ်စု၏အထက် ခေါင်းဆောင်နေရာကို သိမ်းပိုက်ထားသည်။ လေငြိမ်နေသော ပင်လယ်‌ရေပြင်ပမာ ငြိမ်သက်နေသယောင် ထင်ရသော်လည်း တကယ်တော့ နဂါးနက်မျိုးနွယ်စု၏ မကျေနပ်သော နှလုံးသားများက နိုးထလာနေပြီ ဖြစ်သည်။

နှစ်များ ထပ်မံ ကုန်ဆုံးသွားပြန်သည်။ တစ်နေ့ မန်ဟို ပင်လယ်ရေထဲတွင် လှုပ်ရှားခြင်းမရှိ၊ ‌တင်ပျဉ်ခွေထိုင်နေစဉ် သူ၏ မျက်လုံးများ ဖျတ်ခနဲ ပွင့်လာ၏။

ပွင့်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် စူးရှတောက်ပသွား၏။ အချိန်အကြာကြီးကြာပြီးနောက် သူကား တဖြည်းဖြည်း အားနည်းလာခဲ့လေပြီ။

" နှစ်တွေ အများကြီး ကြာခဲ့ပြီ " သူသည် ‌ပိတ်ပိတ်ပိန်း မှောင်မည်းနေသော ပင်လယ်ကြမ်းပြင်ကမ္ဘာကို ကြည့်ပြီး တစ်ယောက်တည်း တီးတိုး‌ရေရွတ်လိုက်၏။

" ကံ‌ဆိုးစွာနဲ့ ငါ အခုချိန်ထိ ခရမ်းပင်လယ်ရဲ့ သေခြင်းစိတ်ဆန္ဒရဲ့ အဓိပ္ပာယ်ကို သေသေချာချာ နားမလည်နိုင်သေးဘူး။ သုတ်သင်ခြင်းစိတ်ဆန္ဒက အားနည်းနေပြီဆိုပေမယ့်လို့ ရှိနေသေးတယ်။ သူ လုံး၀ပျောက်ကွယ်မသွားမချင်း ငါ ခရမ်းပင်လယ်နဲ့ တစ်သားတည်း ဖြစ်ဦးမှာ မဟုတ်သေးဘူး

" ငါ့ဆီမှာ အသက်စွမ်းအား မျှင်မျှင်လေးပဲ ရှိ‌တော့ပေမယ့်လို့ ရှိနေသေးတာပဲ။ ဒါကြောင့် သုတ်သင်ခြင်းစွမ်းအားက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး

" ဒါဆို ငါ တကယ်ပဲ သေရမှာလား " သူသည် ပတ်ပတ်လည်ရှိ ‌အမှောင်ထုကို ကြည့်ရင်း‌ ခေါင်းခါရမ်းလိုက်သည်။ ရံဖန်ရံခါ တ‌စ္ဆေများ ပေါ်လာတတ်သည်။ ကုန်ဆုံးသွားခဲ့သည် နှစ်ခြောက်ဆယ် အတောအတွင်း တစ္ဆေများသည် တဖြည်းဖြည်း နိုးထလာပြီး ပင်လယ်ကြမ်းပြင်တစ်လျှောက် ခြေဦးတည့်ရာ လျှောက်သွားနေတတ်ကြလေသည်။

၎င်းတို့က မန်ဟို့ကို တိုက်ခိုက်လိုသည့် အရိပ်အယောင်ပင် မရှိဘဲ ကျော်ဖြတ်သွားကြသည်။ မန်ဟို့ကို မြင်လည်း မမြင်ကြသလို ၎င်းတို့၏ အမြင်တွင် မန်ဟိုမှာ ၎င်းတို့နည်းတူ အသက်စွမ်းအား မရှိသည့် အလားပင်။

မန်ဟို မှောင်မိုက်နေသော ပင်လယ်ကြမ်းပြင်ကို ကြည့်နေစဉ် ပုံရိပ်တစ်ခုသည် သူ့ခေါင်းထဲတွင် ဖြစ်တည်လာ၏။ ၎င်းသည် ကလေးဘ၀တုန်းက သူ့‌အဖေနှင့် အမေ၏ ဝိုးတိုးဝါးတား ပုံရိပ်တစ်ခု ဖြစ်လေသည်။ သူသည် သူ့ကိုယ်သူ ပြတင်းပေါက်၏ ဘေးတွင် စာအုပ် ထိုင်ဖတ်နေသော ကောင်ကလေးတစ်ယောက်အဖြစ် မြင်လိုက်ရ၏။ သူကား အရာရှိစာမေးပွဲ ခဏခဏကျသဖြင့် စိတ်ပျက်လက်ပျက် ဖြစ်နေကြောင်း ခံစားလိုက်ရသည်။

ထို့နောက် သူ့တစ်ဘ၀လုံး ပြောင်းလဲစေခဲ့သော တာ့ချင်းတောင်ပေါ်က နေရာတစ်နေရာ၊ မှီခိုရာဂိုဏ်း၊ သွေးအင်မိုတယ် အမွေအနှစ်၊ ဇီယွင်ဂိုဏ်း… အနက်ရောင်နယ်မြေနှင့် အနောက်ပိုင်းသဲကန္တာရအထိ။ ဤနေရာအားလုံးသည် မန်ဟို့စိတ်ထဲတွင် တရိပ်ရိပ် ဖြတ်ပြေးသွား၏။ ၎င်းကား အဆုံးမရှိပေ။ အဆုံးမရှိသော မေ့မရသည့် အမှတ်တရများ။ ယခုတွင် သူ ရှုချင်ကို ‌တာ့ချင်းတောင်ပေါ်တွင် မြင်တွေ့ခဲ့ရသည့် အခိုက်အတန့်မှစ၍ နှစ်တစ်ရာနီးပါး ပြည့်သွားလေပြီ။

နှစ်တစ်ရာ ကုန်ဆုံးသွားခဲ့ပြီ….. အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသဖြင့် မန်ဟိုမှာ အတိတ်မှ အမှတ်တရများကို စဉ်းစားရန် အချိန်မရှိခဲ့ပေ။ သေမျိုးတစ်ယောက်၏ ဘ၀တစ်ဘ၀လုံး ကုန်ဆုံးသွားသည့် အလားပင်။

တဖြည်းဖြည်း မန်ဟို၏ဘ၀သည် သူ့အရှေ့တွင် ဖြစ်တည်လာ၏။ သူ့အရှေ့တွင် ပုံရိပ်များကို မြင်နေရ၏။ ရန်သူဖြစ်စေ၊ မိတ်ဆွေများဖြစ်စေ ယခင်က မမြင်ရခဲ့သော သူနှင့်သူတို့အကြားရှိ ကံကြွေးမျှင်များမှာ တစတစ ထင်ရှားလာလေသည်။

တခဏကြာသော် မန်ဟိုက ပြုံးလိုက်သည်။ ထိုအပြုံးတွင် ခိုင်မာပြတ်သားသော စိတ်ဆန္ဒသည် ရုတ်တရက် တောက်ပလာ၏။

သူသည် ဤလမ်းကို ရွေးချယ်ခဲ့ပြီး ဖြစ်၍ အဆုံးထိ မဆုတ်မနစ် လျှောက်လှမ်းပေမည်။ စွန့်စားရသောအခါတွင် ရလဒ်များသည် သေခြင်း သို့မဟုတ် မယုံကြည်နိုင်ဖွယ် ဆုလာဘ်များ ဖြစ်နိုင်၏။

မန်ဟို မျက်လုံးများ ပိတ်လိုက်သည် ။ ထိုအခိုက်အတန့်တွင် သူသည် နောက်ဆုံးလက်ကျန် အသက်စွမ်းအား‌မျှင်မျှင်လေးကို တုံ့ဆိုင်းခြင်းမရှိ ဖြတ်တောက်လိုက်၏။

ပျက်စီးခြင်းမရှိဘဲ မတိုးတက်နိုင်။ မသေလျှင် ဘဝအသစ်တစ်ခု မည်သို့ရှိတော့မည်နည်း။

အသက်စွမ်းအားမျှင်လေး ပျောက်ကွယ်သွားသောအခါ မန်ဟို၏ခန္ဓာကိုယ်တွင် အသံမဲ့သောဟိန်းသံတစ်ခုဖြင့် ပြည့်နှက်သွားသယောင်ပင်။ သူ၏အသက်စွမ်းအားသည် ပျောက်ကွယ်သွားခဲ့လေပြီ။ တစမကျန် ကုန်ခမ်းသွားပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ အသက်မီးတောက်လည်း ငြိမ်းသေသွားခဲ့သည်။ ယခုတော့ သူကား.... သေဆုံးသွားလေပြီ။

ဤသည်မှာ မည်သည့်အသက်စွမ်းအားမှ မရှိ၊ မည်သည့်အသိစိတ်မှ မရှိ၊ မည်သည့်အရှိန်အဝါမှလည်းမရှိသလို၊ မည်သည့်တွေးတောနိုင်စွမ်းမှ မရှိတော့လေသော အစစ်အမှန် သေဆုံးခြင်းဖြစ်သည်။ သူ့မှာ ခရမ်းပင်လယ်၏ကြမ်းပြင်တွင် မြှုပ်နှံခံလိုက်ရသည့်အလားပင်။

သေဆုံးသွားသောအခိုက်အတန့်တွင် သူ့ကို ခရမ်းပင်လယ်ကြီးနှင့် တစ်သားတည်းမဖြစ်လေအောင် တားဆီးနေခဲ့သော သုတ်သင်ခြင်းစိတ်ဆန္ဒသည်လည်း ရုတ်တရက် ပျောက်ကွယ်‌သွားတော့သည်။ ၎င်းမှာ အစအနပင် မကျန်တော့ပေ။

ဤအတားအဆီးကင်းမဲ့သွားခြင်းက သူသည် အသိအမှတ်ပြုခံလိုက်ရပြီဖြစ်ကြောင်း ညွှန်ပြလိုက်သယောင်ပင်။ သူကား.... ခရမ်းပင်လယ်၊ သေခြင်းစိတ်ဆန္ဒ ဖြစ်သွားလေပြီ။

သုတ်သင်ခြင်းက မတားဆီးတော့သဖြင့် မန်ဟို၏ခန္ဓာကိုယ်မှာ အနောက်ပိုင်းသဲကန္တာရခရမ်းပင်လယ်ကြီး၏ သိပ်သည်း‌လှ‌သော သေခြင်းအရှိန်အဝါများ၏ လွှမ်းခြုံခြင်းခံလိုက်ရတော့သည်။ ၎င်းသည် သူ၏ပတ်ပတ်လည်တွင် တဝဲဝဲလည်ရင်း ခန္ဓာကိုယ်ထဲ စိမ့်ဝင်ထိုးဖောက်နေတော့သည်။ ၎င်းကား စက်ဝိုင်းသဖွယ် ချာချာလည်နေချေသည်။

မန်ဟို့တွင် အသိစိတ်မရှိတော့။ သူ့မှာ လောကကြီးနှင့် မသက်ဆိုင်တော့အလား အဆက်အသွယ်ဖြတ်ခံလိုက်ရပုံရသည်။ သူ ၎င်းကို မေ့သွားခဲ့ပြီ။ ၎င်းလည်း သူ့ကို မေ့သွားခဲ့လေပြီ။

မန်ဟို မှတ်မိသည့် တစ်ခုတည်းသောအရာမှာ ခရမ်းပင်လယ်ကြီး၏ သိပ်သည်းထူထပ်သော သေခြင်းစိတ်ဆန္ဒဖြစ်သည်။ ၎င်းသည် သူ၏ပတ်ပတ်လည်တွင် ဖြစ်တည်ရင်း ခန္ဓာကိုယ်ထဲသို့ စီးဝင်နေ၏။ နောက်ဆုံးတော့ တစ်ရက်‌တွင် သူ၏ဖြူဖပ်နေသောအသားအရေမှာ မီးခိုးရောင်အတိသမ်းပြီး သေခြင်းအရှိန်အဝါများဖြင့် ပြည့်နှက်သွားတော့သည်။ သူကား ... ယခုတွင် ခရမ်းပင်လယ်ကြီးနှင့် တစ်သားတည်းဖြစ်သွားခဲ့လေပြီ။

သူ၏အတွင်းအင်္ဂါများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ အရာရာအားလုံး ခရမ်းပင်လယ်ကြီးနှင့် တစ်သားတည်းဖြစ်နေသည်။

သူကား ခရမ်းပင်လယ်ကြီး ဖြစ်လာခဲ့လေပြီ။

သို့ရာတွင် ခရမ်းပင်လယ်ကြီးကား သူ ဖြစ်မလာသေး။

အချိန်များ ကုန်ဆုံးသွားသည်။

တစ်နှစ် ၊ ငါးနှစ် ၊ ဆယ်နှစ်... နောက်ဆုံးတော့ နှစ်သုံးဆယ် ကုန်သွားခဲ့ပြန်သည်။ ယခုတွင် မန်ဟို ခရမ်းမိုး၏ဉာဏ်အလင်းကို ရှာဖွေနေခဲ့သည်မှာ နှစ်ပေါင်းကိုးဆယ်တိုင်ခဲ့ပြီ ဖြစ်လေ၏။

မကြာသေးမီက အနောက်ပိုင်းသဲကန္တာရအပေါ်ရှိ ကောင်းကင်ကြီးထံမှ နှစ်ပေါင်းတစ်ရာတိုင်တိုင် မရပ်မနားရွာသွန်းနေခဲ့သော ခရမ်းမိုးသည် ယခုတွင် တိတ်တော့မည့်ပုံရသည်။ ထိုလက္ခဏာများမှာ တစတစ သိသာလာ၏။ တစ်‌နှစ်ကြာပြီးနောက်တွင်တော့ ခရမ်းမိုးကား .... တိတ်သွားလေပြီ။

ကောင်းကင်မှာ အုံ့မှိုင်းနေသေးသော်လည်း မိုးပေါက်‌တို့တော့ မရွာကျတော့ပေ။ ၎င်းမှာ အပြီးတိုင် တိတ်သွား၏။ ရံဖန်ရံခါ နေရာကွက်ကြား မိုးရွာတတ်သည်။ သို့သော် ခရမ်း‌မိုးရာသီ ကျော်သွားခဲ့ပြီဟု ဆိုနိုင်ချေသည်။

ခရမ်းမိုး တိတ်သွားသောအခါ အနောက်ပိုင်းသဲကန္တာရ၏ ခရမ်းပင်လယ်ကြီးနှင့်ပတ်သက်ပြီး တစ်ခုခုထူးခြားသွား၏။ ထိုအခိုက်အတန့်တွင် ပင်လယ်ထက်တွင်သော်လည်းကောင်း ၊ ပင်လယ်အောက်တွင်လည်းကောင်း မျောလွင့်နေခဲ့သော တစ္ဆေအားလုံး တုံ့ခနဲ ရပ်သွားလေသည်။ ၎င်းတို့၏မျက်နှာများသည် ပို၍ပင် ငေးငေးကြောင်ကြောင်ဖြစ်လာပြီး တစ်စုံတခုကို လေးလေးစားစား နားထောင်နေသည့်အလားပင်။

ထိုနားထောင်သောကာလကား သုံးလကြာသွား၏။

သုံးလကြာသော် အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သို့သော် ... ဤပင်လယ်ကြီးနှင့်ပတ်သက်ပြီး... ဘယ်သူမှ အာရုံမခံနိုင်သော တစ်စုံတစ်ခုက ခြားနားနေလေသည်။

ပင်လယ်အတွင်း မို့မောက်အုံကြွလာသော လှိုင်းတစ်လုံးစီတွင် စိတ်ဆန္ဒတစ်ခု ပါရှိနေ၏။

ထိုစိတ်ဆန္ဒကား မန်ဟို့အပိုင်ဖြစ်သည်။

သို့သော် မန်ဟိုမှာတော့ ၎င်းကို မသိပေ။ သူ့မှာ သူဘယ်အချိန်နိုးလာမည်လဲ မသေချာ။ သူ ဘယ်သူလဲ မမှတ်မိသလို ၊ မည်သည့်မှတ်ဉာဏ်ကိုမှ ပိုင်ဆိုင်မနေ။ သူသိသိသမျှမှာ သူ နိုးထလာခဲ့ပြီး ခရမ်း‌ပင်လယ်ကြီးဖြစ်လာသည်ကိုပင်။

သူက ခရမ်းပင်လယ်

ခရမ်းပင်လယ်ကလည်း ....သူ

သူ့မှာ တွေတွေဝေဝေနှင့် ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ အချိန်တွေ ဘယ်လောက်ကြာသွားပြီလဲ သူမသိ။ မိုးပေါက်တစ်ပေါက်မှ မမြင်ရတော့သည့်တိုင်အောင် မိုးတိတ်သွားသည်ကို သူ‌ တွေ့လိုက်ရသည်။ ပင်လယ်ထဲတွင် တင်ပျဉ်ခွေထိုင်နေသော အနက်ရောင်ဝတ်ရုံနှင့် လူငယ်ကိုလည်း သူ မြင်နေရ၏။

သူ လူငယ်ကို မြင်လိုက်သည့်အခိုက်အတန့်တွင် လူငယ်ကလည်း မန်ဟို့ကို အာရုံရလိုက်ပြီး အံ့ဩမယုံကြည်နိုင်သော အရိပ်အယောင်များ သူ၏မျက်နှာကို ဖုံးလွှမ်းသွား၏။ သူ့မှာ တခိုက်ခိုက် တုန်လာချေသည်။ မန်ဟိုကတော့ ဘာကြောင့်မှန်း မသိသော်လည်း လူငယ်မှာ အနက်ရောင်လင်းနို့ကြီးတစ်ကောင်အသွင်ပြောင်းကာ ကြောက်လန့်တကြား ထွက်ပြေးသွားလေပြီ။

မန်ဟို သူ့ကို အာရုံရောက်သွားတိုင်း သူ့မှာ ကြောက်ဒူးတုန်သွားပြီး လှစ်ခနဲ ထွက်ပြေးသွားတတ်သည်။

မန်ဟို တကယ် နားမလည်ပေ။ သူသည် အကြည့်လွှဲပြီး သူ့ပတ်ပတ်လည်ရှိ ကမ္ဘာကြီးကို ငိုင်ငိုင်တွေတွေ ကြည့်လိုက်သည်။ မကြာမီ ကျင့်ကြံသူများ ပင်လယ်ထက်တွင် ပေါ်လာပြီး တစ္ဆေဖမ်းကြလေသည်။

မန်ဟို ဤအခြင်းအရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ကျင့်ကြံသူတချို့ ပင်လယ်ထဲ ပြုတ်ကျပြီး အသက်ဆုံးရှုံးလိုက်ရသည်ကိုလည်း သူမြင်ရသည်။

မန်ဟိုသည် အရာအားလုံးကို နားမလည်နိုင်စွာ ကြည့်နေ၏။ ကျင့်ကြံသူများ ပိုပိုရောက်လာသည်။ သူတို့သည် ပင်လယ်ရေကို မထိမိအောင် ဂရုစိုက်နေကြ၏။ နတ်ဘုရားစွမ်းရည်များနှင့် မှော်ပညာရပ်များကို အသုံးပြုရင်း ထိုသူတို့သည် စုန်းစုန်းမမြှုပ်သေးသော တောင်ကျွန်းဆွယ်များကို ရှာတွေ့သွားကြလေသည်။ သူတို့က ပင်လယ်မျက်နှာပြင်ပေါ်တွင် ပေါ်နေသော တောင်ထိပ်များတွင် မြို့များတည်လာကြ၏။

မြို့ဟု အမည်တပ်ကြသော်လည်း တကယ်တမ်း အခြေစိုက်စခန်းများနှင့် ပိုတူသည်။

မကြာမီ ထိုကဲ့သို့ အခြေစိုက်စခန်းမြို့ဆယ်မြို့အား အနောက်ပိုင်းသဲကန္တာရ ခရမ်းပင်လယ်ကြီး‌အပေါ်တွင် တည်ဆောက်ပြီးကြလေသည်။

မန်ဟို သူတို့ကို စောင့်ကြည့်နေမိ၏။ တစ်ခါတွင် စိတ်ဆန္ဒမျှင်တစ်မျှင်ပေါ်လာပြီး မြင့်မားသောလှိုင်းလုံးကြီးများက ပင်လယ်ရေမျက်နှာပြင်တစ်လျှောက် လိပ်တက်လာကာ တည်ဆောက်ထားသော အခြေစိုက်စခန်းတစ်ခုကို ရုတ်တရက် မြှုပ်သွားစေတော့သည်။

အခြေစိုက်စခန်းများက အနောက်ပိုင်းသဲကန္တာရပင်လယ်ကြီးသို့ တစ္ဆေဖမ်းရန် လာရောက်သော ကျင့်ကြံသူအရေအတွက်အား ပို၍ပင် များလာစေသည်။

မန်ဟိုမှာ ကြည့်ရင်း ငြီးငွေ့လာ၏။ သူသည် တိတ်ဆိတ်နေပြီး အချိန်မှာ နောက်တစ်ကြိမ် ကုန်ဆုံးသွားပြန်လေသည်.... သို့ရာတွင် ဘယ်လောက်ကြာပြီလဲ သူမသိ။

ဘယ်သူမှ သူ့ကို မနှောင့်ယှက်လျှင်၊ မည်သည့်မထင်မှတ်ထားသော အရာမှ မဖြစ်ပျက်လျှင် မန်ဟိုသည် ဤအတိုင်း နှစ်သောင်းကြာ နေနိုင်သည်။ ထို့နောက် ခရမ်းပင်လယ်ကြီးပျောက်ကွယ်သွားပြီး သူ၏အသိစိတ်က ခန္ဓာကိုယ်ထဲ ပြန်ရောက်သွားလိမ့်မည်။ ထိုအခါ သူပြန်မွေးဖွားလာပေမည်။

မန်ဟိုမှာ သူကြုံတွေ့နေရသော အရာကို မသိပေ။ ၎င်းသည် ဉာဏ်အလင်းအသိအမြင်တစ်ခုဟု ထင်ရသော်လည်း တကယ်တမ်း ရှေးရှေးတုန်းက... မိစ္ဆာဝိညာဉ်ကူးပြောင်းခြင်းဆိုသည့်အရာပင်။

‌အသွေးအသားနှင့် တည်ဆောက်ထားသောခန္ဓာကို ပယ်ခွာပြီး ကျင့်ကြံခြင်းအခြေခံကို စွန့်ပစ်ရသည်။ အသိစိတ်သည် ကြေမွကာ အသက်ရှိ‌သောပုံစံအသစ်တစ်မျိုး ပြန်လည်နိုးထလာမည်။ အရာအားလုံး မေ့လျော့သွားပြီး ထိုသူသည် လောက၏ အစွမ်းထက်သော မိစ္ဆာတစ်ကောင် ဖြစ်လာပေမည်။

အတိတ်နှင့်ပတ်သက်သမျှ အရာအားလုံး တစ်ခုမကျန် ဖယ်ရှားခံရလိမ့်မည်။

ပင်လယ်ထဲတွင် အချိန်ကား ‌အမေ့ပျောက်ခံ။ အေးစက်မှုကား အဆုံးမဲ့... နှစ်ပေါင်းမည်မျှကြာပြီလဲ မသိလေတော့ ။

မန်ဟို လူပေါင်းများစွာ ‌မြင်တွေ့ရသည်။ တစ်ယောက်သည် ဝတ်ဖြူစင်ကြယ်နှင့် အဘိုးကြီးဖြစ်၏။ သူ၏ခန္ဓာကိုယ်မှာ ဆေးရနံ့တို့ လှိုင်လှိုင်ထွက်နေပြီး တန်ခိုးရှင်အသွင်ဆောင်သည်။ နှစ်တစ်နှစ် ၏ တစ်ရက်တွင် သူသည် ခရမ်းပင်လယ်ပြင်ထက်တွင် ပေါ်လာလေသည်။

သူက ရေများကို တွေတွေကြီးကြည့်နေပြီး မန်ဟိုကလည်း သူ့ကို ကြောင်တောင်တောင်‌လေး ကြည့်နေမိသည်။ ဤအဘိုးကြီးနှင့်ပတ်သက်ပြီး တစ်ခုခုက ရင်းနှီးသလိုလိုရှိလေသည်....

သူက ပင်လယ်ပြင်ကြီးကို ငုံ့ကြည့်ရင်း လေတွင် တိတ်ဆိတ်စွာ မျောလွင့်နေ၏။ သုံးလကြာသွားသည်။ အဘိုးကြီးက နောက်ဆုံး သက်ပြင်းပြင်းဖွဖွ ချလေသည်။

"တပည့်လေး... မင်းက မိစ္ဆာဝိညာဉ်ကူးပြောင်းနေတာပဲကိုး...." သူသည် ခေါင်းကို ခါရမ်းပြီး ရှုပ်ထွေးနေသော ခံစားချက်များဖြင့် လှည့်ထွက်သွားလေသည်။

မန်ဟို၏အလောင်းမှာ ပင်လယ်ကြမ်းပြင်တွင် တင်ပျဉ်ခွေထိုင်နေ၏။ ထိုအခိုက်အတန့်တွင် သူ အတန်ငယ် တုန်ရီသွားသည်။ သူ့မှာ ယခုတော့ ပို၍ပင် တွေဝေသွားလေပြီ။

***

All Chapters